Wednesday, October 10, 2012

ဘက်လိုက်တဲ့ဂီတ ( သို့မဟုတ် )
အဓမ္မ၏ တစ်ဖက်ကမ်းက လူ


တစ်ခါတစ်ရံမှာတော့ လူတစ် ယောက်၏အသွင်အပြင်နှင့်ဆင်ယင် ထုံးဖွဲ့မှုက သူဖြတ်သန်းခဲ့သော ခေတ်စနစ်နှင့် အုပ်စိုးဖိနှိပ်မှု အပေါ်တုံ့ပြန်သောတော်လှန်မှု (သို့မဟု တ်) ယုံကြည်ချက်နှင့် ပဋိပက္ခ တို့၏ သင်္ကေတဖြစ်သည်ဟု ဦးရဲ လွင်နှင့် စကားတစ်ဝက် မကျိုးခင် မှာပင်ကျွန်တော်ခံစားလိုက်ရသည်။

လက်ဖျံတစ်ဝက်ထိ ခေါက်လိပ် ထားသော ချည်သားအင်္ကျီဖြူ၊ ပုခုံးပေါ် ကျော်ကျနေသော ဆံပင် ရှည်များ၊ နောက်ငွေရောင်မုတ်ဆိတ် နှင့် နှုတ်ခမ်းမွေး။ ထို့ထက်ပိုလွန် သော အဆောင်အယောင်တစ်ခု မှ ရှိမနေခြင်းကပင် ဦးရဲလွင် ဖြစ်သည် ဟု ကျွန်တော်ထင်သည်။ ဖြည်း ဖြည်းလေးလေးပြောနေသော စကား တွေထဲ သူ့ကို ရိုးရိုးစင်းစင်း၊ ပကတိ အတိုင်းအလွယ်တ ကူမြင်နေရသည်။

”အဲဒီတုန်းက ဦးနေဝင်းလက် ထက်။ ကိုယ်တို့ ဂီတသမားတွေကို လမ်းသရဲတွေ၊ သရုပ်ပျက်ယဉ်ကျေး မှုတွေလို့ ပြောတယ်။ ကိုယ်တို့က အာဏာရှင် စနစ်ကို မကြိုက်ဘူး။ ကွန်မြူနစ်တို့၊ ဆိုရှယ်လစ်တို့လည်း မကြိုက်ဘူး။ မတရားတာကိုပဲ သိ တယ်။ အဲဒီတော့ မတရားတာကို ဆန့်ကျင်တော်လှန်တယ်။ ရွဲ့တာ ပေါ့။ ဆံပင်ရှည်ထားတယ်။ ဟိုးတုန်း ကတည်းက ဒီပုံစံပါပဲ” ရှည်လျား သော မုတ်ဆိတ်ကို လက်ဖြင့်သပ် ရင်းမှ သူက ပြောသည်။

ဆံပင်ရှည်ထားခြင်းမှာ မထူး ဆန်းသော ပုဂ္ဂိုလ်ရေး ကိစ္စဖြစ် သော်လည်း ဦးရဲလွင်၏ ဆံပင်တွေ မှာတော့ ပြန်ပြောပြစရာ စကား တွေ ရှိပါသည်။ သမိုင်း၏ မှန်ကူ ကွက်။ မြန်မာ့နိုင်ငံရေး စာမျက်နှာ များကို လှန်လှောကြည့်ပါက ခေတ် ကာလတိုင်းတွင် တက္ကသိုလ်ကျောင်း သားထု၏ အရွေ့နှင့်မလွတ်။ ၁၉၇၄ ဦးသန့် အရေးအခင်းပြီးနောက် ကျောင်းသားများအား အိမ်ပြန်စေ သည်။ အာဏာပိုင်များက တာဝန် ယူ၍ သင်္ဘောဆိပ်၊ ကားဂိတ်များ သို့ လိုက်ပို့သည်။

”သူတို့က ကျောင်းသားတွေ ကို လိုက်ပို့တယ်။ အဲဒီ သင်္ဘောဆိပ်၊ ကားဂိတ်တွေ မှာ ဆံပင်အရှည် နဲ့ ကျောင်းသားတွေဆို ဆံပင်ကို ဘက်နက်နဲ့ဖြတ်တယ်” ဟု သူက ပြန်ပြောင်းပြောသည်။

ထိုကာလတွင်E-machine အဖွဲ့၌ ဘေ့စ်ဂီတာသမားအဖြစ် သူတီးနေပြီ။ ဦးသန့် အရေးအခင်း ကာလတစ်လျှောက် အင်းစိန်မှ အစ်မဖြစ်သူထံနေရင်း ဘယ်ကိုမှ သွားလာခွင့်မရ။ ကာဖြူးအမိန့်က လည်း သက်ဝင်နေချိန်။ သူ့ဆံပင် တွေ ပိုမိုရှည်လျားလာခဲ့နေသည်။

”သုံးလလောက် ကြာတော့ ပျဉ်းမနားက နှစ်ကျိပ်ရှစ်ဆူလှည့် ပွဲမှာ သွားတီးရတယ်။ သီချင်းတိုက် နေတုန်းမှာလာပြောတယ်။ ဆံပင် ညှပ်ပါ။ တိုက်ပုံနဲ့ ပုဆိုးနဲ့ ဘုရားပွဲ မှာ တီးရမှာဆိုတာမျိုး ပြောတယ်။ ကိုယ်က မြန်မာ့ယဉ်ကျေးမှုအရ ဝတ်ရမှာလား။ ဒါဆို မြန်မာကေပဲ ထားမယ်။ ဘိုကေတော့မထားနိုင် ဘူးဆိုပြီး သျှောင်ထုံး ထုံးလိုက် တယ်။ သူတို့ဘာမှ မပြောနိုင်တော့ ဘူး။ အဲဒီအတိုင်း တီးခဲ့တာပဲ။ ဆံပင်တွေ ပြန်ပြေကြတော့လည်း ပြေတဲ့အတိုင်းပဲထားပြီး တီးခဲ့ တာ” ရယ်ရယ်မောမော ပြောပြနေ သော သူနှင့်အတူ ကျွန်တော်လည်း လွတ်လပ်ပေါ့ပါးမှုတစ်ခုကို ခံစားနေ ရသည်။

ရိုးသားမှုနှင့် အမှန်တရား တွင် ကြောက်စိတ်မရှိ။နာရေး ကူညီမှုအသင်း (ရန်ကုန်) ဝင်းအတွင်းမှ စားသောက်ဆိုင် လေး၏စားပွဲတစ်ခုပေါ်တွင် စကား လုံးများစွာ ရှိနေသည်။ ဖခင်ဖြစ်သူ စက်ရှင်တရားသူကြီး၏ အစိုးရဝန်ထမ်း ဘဝ နယ်ပေါင်းစုံအပြောင်းအ ရွှေ့ခရီးများ။ ၁၉၆၂ အင်းစိန်တွင် နေပြီး အလုံမြို့နယ်၌ ၉ တန်းကို အပြင်ကျောင်းမှ တက်ချိန်။ နယ်ခံ ကျောင်းသားတစ်စုနှင့် ရန်ဖြစ်သည်။

”ကိုယ်က အဲဒီအချိန်ဂစ်တာ တီးတတ်စ ပြုနေပြီ။ အလုံကျောင်း မှာပဲတက်ခဲ့တဲ့ကျော်ဟိန်းနဲ့ စင်ပေါ် မှာတွဲပြီး တီးခဲ့ကြတယ်။ အဲဒါကို နယ်ခံကျောင်းသားတွေက မျက်စိ စပါးမွေးစူးကြတယ်။ အခုမှ နယ်က တက်လာပြီး စတားဖြစ်နေတာကို ပေါ့။ အဲဒါနဲ့ သူတို့တွေဝိုင်းထိုးခဲ့ကြ တယ်။ အဲဒါဖြစ်တော့ ကိုယ့်ကိုအိမ်က ကျောင်းကနေ ထုတ်ခဲ့တယ်”ဟု ဦးရဲလွင်က ငယ်ဘဝကိုခြေရာပြန် ကောက်သည်။

နောက်တော့ရန်ကုန် စက်မှုတက္ကသိုလ် အာရ်အိုင်တီ တွင်ကိုမောင်မောင်၊ ကိုခင်မောင်တိုး တို့နှင့်ဂီတ ထဲဘဝကို နှစ်ပစ်ခဲ့သည်။ခုနှစ်သက္ကရာဇ်တို့က သူ့မှတ် ဥာဏ်ထဲ အစီအစဉ်တကျမရှိတော့ သော်လည်းအဓိကအရာများကိုတော့ သူမမေ့ပါ။

သူတို့အဖွဲ့၏ပထမဆုံး နာမည်ဖြစ်သည့် ‘ပြဿနာအုပ်စု’ က’ကျေးဇူးတင်တယ်ကမ္ဘာကြီး’ စီး ရီးကို ထုတ်ခဲ့သည်။ နောက်တော့ အဖွဲ့နာမည်က ‘လိစ္ဆဝီများ’။ လေ ဆန်သောကောင်းကင်ဝယ် ကိုယ်ပိုင်သံစဉ်ငှက်များ၏ ပျံသန်းမှုက နောက်ဆုံးတော့ ‘မဟာဆန်သူ’ဖြင့် အောင်မြေနင်းခဲ့သည်။

‘မဇ္ဈိမလှိုင်း’ က ကမ်းပေါ် တက်လာနိုင်ခဲ့သည်။၁၉၇၄ သည် ၂၇ နှစ် သား ကိုရဲလွင်အတွက် အမှောင်နှင့် အလင်းတွဲနေသော အချိုးအကွေ့။

”ကိုယ့်အဖေ ကင်ဆာရောဂါနဲ့ အသည်းအသန်ဖြစ်ခဲ့တယ်။ ကိုယ် ဆုတောင်းတယ်။ သူစက်ရှင် တရား သူကြီးဘဝမှာ တရားမျှတခဲ့တယ် လို့ ယုံကြည်တယ်လေ။ အဲဒီ အ တွက် ကိုယ်ဆုတောင်းတွေ အများ ကြီးလုပ်ခဲ့တယ်။ ဒါပေမဲ့ မရခဲ့ဘူး”

အဖြစ်အပျက်တွေက သူ့ကို တစ်စုံတစ်ရာ ခံစားစေနိုင်သေးလား။ ကျွန်တော်မသိပါ။ စားသောက်ဆိုင် လေးထဲ နေ့လယ်စာ စားနေသူတွေ။ ဝင်ထွက်သွားလာနေသူတွေ၊ စကား သံတွေ။ ဆိုင်အတွင်းဘက်ဆီ သူ ငေးနေသော်လည်း ဘာကိုမြင်နေရ သည်ကို ကျွန်တော်မသိ။ သူ့စကား သံတွေထဲ ထိုအချိန်က ဝမ်းနည်း နာကျင်မှု၊ အယုံအကြည်မဲ့မှုနှင့် သံသယများဖြင့် ရှိနေခဲ့သော ကိုရဲ လွင်ကို တွေ့ရသည်။

”အဖေဆုံးပြီး မကြာဘူး။ တစ် နေ့အမေလေဖြတ်ပြီး အိမ်ကိုသတိ မေ့လျက်သားနဲ့ပြန်ရောက်လာတယ်။ အမေနဲ့ ခဏလေး စကားပြောခွင့်ရ ချင်တယ်။ သတိပြန်ရပြီး စကားပြော ခွင့်ပေးဖို့ ကိုယ်ဆုတောင်းတယ်။ဒါပေမဲ့ မရပြန်ဘူး။ အဲဒီကစပြီး ယုံကြည်မှုတွေ ပြောင်းလာခဲ့တယ်”

မိသားစုနှင့် ဆွေမျိုးသားချင်း များ၏ အစဉ်အဆက် ကိုးကွယ်မှုကို စွန့်လွှတ်ခဲ့ပြီးနောက် ယုံကြည်ရပ် တည်ရာအတွက် သူရှာဖွေခဲ့သည်။ သူ၏ ဂီတရဲဘော်ရဲဘက်များက ကူ ညီခဲ့ပါသည်။ သို့သော် နှစ်ကာလ အတန်ကြာကိုယ်တိုင် ထဲထဲဝင်ဝင် လေ့လာမှုဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦး အဖြစ်ကို စူးနစ်ယုံကြည်စွာ သူ ရွေးချယ်ခဲ့သည်။

”ဗုဒ္ဓရဲ့ မေတ္တာတရားနဲ့ သစ္စာ လေးပါးကိုယုံကြည်တယ်။ဆရာကြီး ဦးဂိုအင်ကာရဲ့ တရားစခန်းမှာ ရိပ်သာ ဝင်ခဲ့တုန်းကနာခဲ့ရတဲ့ဗုဒ္ဓတရားတော် နဲ့သာ ဒီမိုကရေစီအစစ်အမှန်ကို ရနိုင် တယ်ဆိုတာကိုလည်းယုံကြည်တယ်” ဟု ဦးရဲလွင်က ဆိုပါသည်။

ဒါသည်ပင် သူယုံကြည်သော နိုင်ငံရေးဟု ကျွန်တော်ခံစားမိသည်။ သူတစ်လျှောက်လုံး မြတ်မြ တ်နိုးနိုး တီးခတ်ခဲ့သည့် ဘေ့စ်ဂစ်တာသံလို ပင် သူ့စကားတွေက ထူထဲခိုင်မာ နေသည်။ သူ့မှာ ပန်းတိုင်ရှိသည်။

”ကိုယ်အလုပ်ချင်ဆုံးက တော ထွက်ပြီး တရားအား ထုတ်ချင်တယ်။ ဒါပေမဲ့ကိုယ်မလုပ်နိုင်သေးဘူး။ ဒါက လည်းအများအတွက် လောကီကိစ္စ တွေမကျေသေးလို့ထင်ပါတယ်”ဟု တည်ငြိမ်သောအသံဖြင့်သူပြောသည်။

တကယ်တော့ ဦးရဲလွင်သည် တိတ်ဆိတ်သော အနုပညာသမား။ သူတီးခတ်သောဂီတ၊သူရေးခဲ့သော သီချင်းများနှင့် သူရွေးချယ်ခဲ့သော ဘေ့စ်ဂစ်တာသမား ဘဝမှ ဒီ့ထက်ရှေ့ မထွက်ခဲ့။ သို့သော်တစ်ချိန်မှာတော့ သူ့နှလုံးသားအတွင်းမှလျှို့ဝှက်သော ဂီတကသူ့ကမ္ဘာကိုဖွင့်ချပြခဲ့သည်။



ကိုရဲလွင်၊ ကိုတွတ်ကီ

၂ဝဝ၇ ခုနှစ် စက်တင်ဘာ။ ထိုနေ့က ရန်ကုန်သ ည် ရွှေဝါရောင် တောက်နေခဲ့သည်။ ဓမ္မသည် တစ် ကိုယ်ရည်လွတ်မြောက်ရန် သက် သက်မဟုတ်သည့် အဓိပ္ပာယ်ဖြင့် လင်းနေခဲ့သည်။ ယုံကြည်ကိုးစား မှုက အားလုံး ကိုခွန်အားပေးခဲ့သည်။ သို့သော် မျက်ရည်များ၊ နာကျင်မှု များနှင့် ယမ်းနံ့ဝေသော အမဲလိုက် ပွဲတွင် ရွှေဝါရောင်က အနီစွန်းခဲ့ သည်။ သူထွက်မပြေးပါ။ တုန်လှုပ် ခြင်း ကင်းသောစိတ်ဖြင့် ထိုနေ့က ဆူးလေလမ်းမကြီး၏ တစ်နေရာ တွင်ထိုင်ကာ သူစွမ်းနိုင်သမျှ ကြိုး စားခဲ့သည်။ ‘မေတ္တာတရား’။

”ကိုယ်မေတ္တာပဲ ပို့နေခဲ့တယ်။ လူတွေ ရုတ်ရုတ်သဲသဲ ပြေးနေကြ တယ်။ ကိုယ့်ကိုဆွဲခေါ်သွားတယ်။ ကိုယ်မကြောက်ပါဘူး။ မေတ္တာပို့ တာအထဲမှာလည်း ပို့လို့ရတာပဲ။ သူတို့ ကိုယ့်ကို မနှိပ်စက်ပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက စစ်တဲ့ပုဂ္ဂိုလ်က ကိုယ်နဲ့ မျက်လုံးချင်းမဆိုင်ရဲဘူး။ မျက်နှာခပ်လွှဲလွှဲထားပြီး မေးတယ်။ ပြောတယ်။ မကြောက်တဲ့ သူကို သူတို့ ဘာမှမလုပ်ရဲဘူးလေ” ယုံ ကြည်လေးနက်မှုဖြင့် ခွန်အားအပြည့် ပါသောစကားဟု ကျွန်တော်ရိုးသား စွာ ခံစားရသည်။

ထိုစဉ်က သူ တီးခတ်ခဲ့သော ဂီတကြောင့်သူ့ကိုအားလုံးသိခဲ့သည်။ ၂၁ရက် တာအချုပ်ကာလ ပြီးနောက် သူ့ဘဝသည် အခြားသောအဓိပ္ပာယ် များထံ ပျံသန်းခဲ့ပါသည်။ သူထိန်း သိမ်းခံရစဉ် မိတ်ဆွေအပေါင်း အသင်းနှင့် ဆွေမျိုးသားချင်းများက စိုးရိမ်ပူပန်နေခဲ့ကြသည်။ ဒါဗုဒ္ဓ ဘာသာကြောင့်လားဟု သူ့ကိုမေး ခဲ့သည် ဆိုပါသည်။

”ဆွေမျိုးတွေက မေးခဲ့တယ်။ ဒါ ဗုဒ္ဓဘာသာကြောင့်မို့ လုပ်ခဲ့တာ လားပေါ့။ကိုယ်က မဟုတ်ဘူး။ ဒါ အမှန်တရားအတွက်လုပ်ခဲ့တာလို့ ပြောခဲ့တယ်” ထိုစကားသည်ပင် ဦးရဲလွင်၏ နှလုံးသားထဲမှ ဂီတ ဖြစ် ပါလိမ့်မည်။

ထိုကံတရားသည်ပင် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီး ကျွမ်းဝင်စေခဲ့သော ခရီးအစ။ နေရောင်က ကျွန်တော်တို့ ထိုင်နေသော ဆိုင်လေး၏ တံစက် မြိတ်အောက်သို့ တိုးဝင်နိုင်ရန် ကြိုး စားနေသည်။ သူ့အင်္ကျီပေါ်က နာ ရေးကူညီမှုအသင်းတံဆိပ် ရင်ထိုး လေးကို ကျွန်တော် ငေးနေမိသည်။ ဒီအလုပ်က သူလုပ်ချင်ခဲ့သော ပရဟိတ။ ထို့အတွက် ကိုကျော်သူ တို့၏ ဖိတ်ခေါ်နေရာပေးမှုက သူ့ ကို နွေးထွေးစေခဲ့ပါသည်။

”ကိုယ်တို့က သူပုန်လိုနေခဲ့ တာလေ။ သူ့လိုအဖွဲ့အစည်းနဲ့ စနစ် တကျ မလုပ်တတ် ဘူး။ မလုပ်နိုင် ဘူး။ ဒါက ကိုယ်လုပ်ချင်တဲ့အလုပ် ပဲ။ ကိုယ့်အသက်အရွယ်နဲ့ ကျန်းမာ ရေးအရ သူတို့လည်း မခိုင်းပါဘူး။ လုပ်နိုင်တဲ့လူငယ်တွေလုပ်ကြ။ ကိုယ် က ဝင်ရ ပ်ပေးရုံပါ”ဟု နာရေးကူညီ မှုအသင်းထဲ အချိန်ပြည့်နီးပါးရှိနေ သော ဦးရဲလွင်က သူ့ရပ်တည်မှုကို ရှင်းပြသည်။

ဘာသာလူမျိုးနှင့်မဆိုင်။ သေမှု နှင့် နေမှုတို့တွင် ငွေနှင့် ဆက်နိုင်မှ ဟင်းချနိုင်သည့် ရန်ကုန်တွင် ဒီ အသင်း၏ကူညီမှုကအားလုံး၏ လေရှူပေါက်။ သို့သော် အများ အတွက်ရည်မှန်းချက်တူသူချင်းလက် တွဲမိသောအခါတွင် ပရဟိတသည် နိုင်ငံရေး၏အရောင်အသွေးအောက် တွင်လိုလို အချို့ကယိုးစွပ်ချင်သည်။ကျွန်တော်က သူရပ်နေသည့် ဘက်ကိုသိချင်ခဲ့သည်။

”တရားမျှတမှုနဲ့ မမျှတမှုမှာ မတရားတဲ့ဘက်ကတော့ မရပ်နိုင် ဘူး။ မှားတာကိုလည်း မထောက် ခံနိုင်ပါဘူး။ ပျက်စီးပါစေလို့လည်း ဆုမတောင်းဘူး။ မေတ္တာပဲပို့ပါတယ်။ အမှန်နဲ့အမှားကြားထဲကေ န ပြေ လည်အောင်လုပ်ပေးဖို့ လိုအပ်ရင် လုပ်မယ်။ ကျွန်တော့်မှာ ပုဂ္ဂိုလ် စွဲ၊ ပါတီစွဲမရှိပါဘူး”ဟု ဦးရဲလွင်က သူ့ခံယူချက်နှင့်သူ ရပ်နေသည့် ဘက်ကို အဓိပ္ပာယ်ဖွင့်ခဲ့ သည်။

ထိုယုံကြည်မှုဖြင့်ပင် သူလျှောက် နေခြင်းဖြစ်သည်။ လမ်းတူသူချင်း မို့ ဒေါ်အောင်ဆန်းစုကြည်၏ လူမှု ရေးနှင့် ပရဟိတ၊နောက် နိုင်ငံရေး လှုပ်ရှားမှုထဲတွင် သူလက်တွဲပါဝင် ခြင်းဖြစ်သည်။ သူ ပါတီဝင်မဟုတ် ဟု ဦးရဲလွင်က ဆိုပါသည်။ ယခင် က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီးအနေဖြင့်သာ သိခဲ့သော်လည်း ၈၈ နောက်ပိုင်းမှ စ၍ သူမ၏အရင်းအနှီးများကြောင့် လေးစားယုံကြည်ခဲ့သည်ဟု ဦးရဲ လွင်ကပြောသည်။

”အရင်က သီချင်းဆိုခဲ့တာ မဟုတ်ဘူး။ အခုအသက် ၆ဝကျော် မှ အမေစုရဲ့ပညာရေး ရန်ပုံငွေပွဲမှာ ဂစ်တာပြန်ကိုင်တီးပြီး ဆိုရတာ။ သူ့မျက်နှာနဲ့ သူ့စကားတွေကြားတဲ့ အခါ သူအကူအညီတောင်း တာကို ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ ပြီးတော့ တိုင်းပြည်အတွက်သူ့ဘဝကိုတောင် စွန့်လွှတ်နိုင်တာတွေ၊ကိုယ်တွေထက် အမာခံနိုင်တာတွေ၊ အနစ်နာခံခဲ့တာ တွေကိုလ ည်း လေးစားပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ တန်ဖိုးထားမှုကိုပြောသည်။

သို့သော် သူကတော့ပြည်သူတစ်ယောက်အနေ နဲ့သာပါတီအတွက် ကူညီနိုင် သည်ကို ကူညီမည်၊ဝေဖန်စရာရှိလျှင်ဝေဖန်မည်။ အမှန်တရားအတွက်သာလုပ်မည်ဟု ဦးရဲလွင်က ခိုင်ခိုင်မာမာ ဆိုပါသည်။ ”နောက်ဆုံး ဗုဒ္ဓတရားကို အားထုတ်ရင်း အမှန်တရားနဲ့ဒီမိုက ရေစီအတွက် ကူညီပေးနိုင်ရင်လည်း ပေးချင်ပါတယ်။ နှစ်ဖက်ကြားထဲက နေ ဖြေရှင်းပေးချင်တယ်။ ကိုယ့်ကို ရိုက်ချင်လည်း ရိုက်သွားပေါ့”ဟု ဆိုရင်း တစ်ချိန်က မိတ်ဆွေနှစ်ဦး၏ ပဋိပက္ခကြား ဝင်ရောက်ဖြန်ဖြေရင်း ခဲမှန်ကာ ပွဲပြီးသွားခဲ့ဖူးသည့် အ ကြောင်းကိုနှုတ်ခမ်းအပေါ်မှဒဏ်ရာကို ပြကာဦးရဲလွင်ကပြန်ြေ ပာင်းပြောသည်။

အပြင်မှာ နေက စူးစူးရဲရဲပူနေ ပါသည်။ ပါတီနိုင်ငံရေး ကင်းရှင်း ကြောင်း လက်မှတ်တစ်ချက်နှင့် မြေ ကွက်များ၊ ဂီတအစည်းအရုံးဝင်ခွင့် နှင့် တယ်လီ ဖုန်းလျှောက်လွှာ၊ အိမ် ထောင်ကျစဘဝလိုအပ်ချက်နှင့် သူ ငြင်းပယ်ခဲ့သော အရာများ။

နောက် ဆုတောင်းဖက်ဟု သူသုံးနှုန်းခဲ့ သည့် ဂီတရဲဘော်ရဲ ဘက်များကြား ပျောက်ဆုံးသွားသော မိသားစုဆက် ဆံရေးနှင့်မဇ္ဈိမလှိုင်း၏ ပဋိပက္ခများ။

”သူငယ်ချင်းတွေကို ကိုယ် ချစ်ပါတယ်။ အဲဒီတုန်းကလည်း သူ တို့ရဲ့အခက်အခဲတွေ၊ လိုအပ် ချက် တွေကြောင့် သူတို့ရွေးချယ်ခဲ့တာ တွေကို အပြစ်မပြောပါဘူး။ အဲဒီ ချည်နှောင်မှုတွေထဲမှာ သူတို့တော် တော် ပြန်ပေးဆပ်ခဲ့ကြရတယ်။ ကိုယ်သူတို့ကို မုန်းလို့မရ ပါဘူး”ဟု ဆိုခဲ့သည့် ဦးရဲလွင်၏ စကားကြောင့် ထိုအရာများစွာကို စားပွဲပေါ်တွင် ထို နေ့ကအတိုင်း ကျွန်တော်ထားခဲ့ လိုက်ပါသည်။

တစ်ချိန်က ဂီတခရီးထဲ သူနှစ်သက် ထိတွေ့ခဲ့သော မူးယစ်ဆေး၊ သူတို့၏ အာရ်အိုင်တီကျောင်းအနီး မှာပင် ရှိခဲ့သော ဆေးဆိုင်များ၊ အလွယ်တကူရရှိသုံးစွဲနိုင်အောင် ဖန် တီးပေးခဲ့မှု၊ ရိုးသားပွင့်လင်းစွာ ပြော ခဲ့သော စကားများစွာက လေထု ထဲအလွယ်တကူပျောက်သွားမည့် အရာများမဟုတ်။ ထို့အတွက်လည်း သူပြန်ပေးဆပ်ခဲ့ရသည်က ကျန်း မာရေး။ အာရုံကြောများ အားနည်း မှုနှင့် မှတ်ဥာဏ်။ အဆုံးမသတ် နိုင်သောရေးလက်စတန်းလန်းစာများ နှင့် သူရေးခဲ့သော သီချင်းများကို မမှတ်မိတော့ဟု ဦးရဲလွင်က ဆိုပါ သည်။သို့သော် သူကျေနပ်နေခဲ့ပြီ။

”ဘဝက လုံလောက်ပြီလို့ ထင်တယ်။ ဒီ့ထက်လည်း အသက် မရှည်ချင်တော့ဘူး။အောင်မြင်မှုတွေ ဘာတွေလည်း မလိုတော့ပါဘူး။ ဖြစ်နိုင်ရင် တရား အားထုတ်ပြီး အများအတွက်ပဲ လုပ်ချင်တော့ တယ်”ဟု သူပြောပါသည်။

မြင့်မားသွယ်ပျောင်းသော အရပ်အမောင်းနှင့် ကိုယ်ဟန်တွင် အင်္ကျီက ပကတိအဖြူ။ လွယ် အိတ်ကိုလွယ်လိုက်ရင်း ကန်းထရီး စတိုင် ကောင်းဘွိုင်ဦးထုပ်အရောင် မှိုင်းမှိုင်းအောက်တွင် သူ့အသွင်က တည်ငြိမ်လှသည်။ သူ့ကိုအနုပညာ သမားဟုဆိုလျှင် လုံေ လာက် ပြည့်စုံ ပါမည်လား ကျွန်တော်မသိ။ ခေါင်းစဉ်များကိုလည်း သူ စိတ်ဝင် စားလိမ့်မည်ဟု ကျွန်တော်မထင်။ကျွန်တော်တို့သည် ဘဝကို ရွေးချယ်နိုင်သည်။

ပုထုဇဉ် တို့၏ လောကသစ္စာတွင် အစွန်းများစွာ ရှိ ပါသည်။ အလယ်ဟု ရပ်မိသည့် နေရာသည်ပင် အခြားသူများ၏ အစွန်းတစ်ဖက်ဆန့်ကျင်ဘက်။ သို့ သော်ကျွန်တော် တို့ယုံယုံ ကြည်ကြည် လိုက်ရမည့်ဘက်များလည်းရှိပါသည်။ လာကြိုသည့်ကားဆီလျှောက်သွား သော ဦးရဲလွင်၏ကျောပြင်ကိုငေး ကာ ကျွန်တော် တွေးနေမိသည်။ ဖြစ်နိုင်လျှင် အဓမ္မ၏တစ်ဖက် ကမ်းတွင် သူဖန်တီးသော အမှန် တရားဘက်လိုက်သည့်ဂီတနှင့်အတူ ကျွန်တော်လည်းယုံယုံကြည်ကြည်ရပ် နေချင်ပါသည်။
ဟိုမှာ ဘက်ကမ်းတွင် ရောင် နီလော…ဆည်းဆာလော…။

အောင်ခွန်းဆက်
http://popularmyanmar.com/ မှ



ဆောင်းဇာတ်လမ်း



ကြင်နာသူရဲ့ အဝေးဆီမှာ



ပန်းရဲ့လမ်း



နံရံပေါ်မှာရေးတဲ့ကဗျာ

No comments:

Post a Comment