ခင်ဝမ်း နှင့် ရီဝေဖွဲ့ စည်းသော
တစ်ခါကနေ့ ရက်များ

ဝါဆိုလရောက်နေလို့ လားမသိ၊ ရန်ကုန်မိုးကစဲ ၊ မနက်မိုးမလင်းခင်ကတည်းက ရွာလိုက်တဲ့မိုး ၊နေ့လည်၁နာရီကျော်ချိန်ထိတိုင် ရွာလို့ ကောင်းနေဆဲဖြစ်သည်။
ရွှေတိဂုံစေတီရင်ပြင်တော်ပေါ် ရှိ မြန်မာအလှဓာတ်ပုံ ရှိုးဘုတ်နဲ့ ဆိုင်းဘုတ်က ကျွန်တော်တို့ အတွက် ရိုက်ကူးရေးအပေါ်ဆိုင်။
ဖလင်ကူးဆေးဖို့ နဲ့ ဓာတ်ပုံရွေးရန် အတွက်က အလယ်ပစ္စယံပတ်လမ်း ခိုစာကျွေးတဲ့ကွင်းဘေးမှာအခိုင် အမာဆောက်လုပ်ထားသည့် ဓာတ်ပုံဆိုင်ကြီးဖြစ်သည်။
ကျွန်တော်တို့ ဓာတ်ပုံဆရာတွေကနေ့ လည်ခင်းလည်းဖြစ် ၊ စွေနေတဲ့မိုးနဲ့ တွေ့ နေတဲ့အတွက် ထမင်းလုံးစီနေတဲ့သူနဲ့ ၊ဝတ္ထုစာအုပ်ဖတ်နေတဲ့သူကဖတ်နေကြကာ ရွှေတိဂုံစေတီတော်ကြီးပေါ်မှ
လေထုထဲမှာပျံ့ နှံ့ နေတဲ့ရွှေခေါင်းလောင်းလေးများရဲ့ မြည်သံလေးများကို
နားထောင်ရင်း ဓါတ်ပုံဆရာများ မိုးအေးအေးနဲ့ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကြတာဖြစ်သည်။
အခုလိုမိုးရွာတဲ့နေ့ ရက်များမှာ ဘုရားဖူးလာတဲ့ ဧည့်သည်အနည်းငယ်မျှသာ ရှိတတ်တာ သိထားကြသော ဘုရားကုန်းတော်ပေါ်ကကျွန်တော်တို့ ဓါတ်ပုံဆရာများအတွက်မထူးဆန်းတော့ပေ။ ဒီနေ့ အတွက် ကျွန်တော်ဈေးဦးမပေါက်သေး၊
ဓါတ်ပုံတစ်ပုံမှမရိုက်ရသေးတဲ့အတွက်ကြောင့် တန်ဆောင်းရဲ့ တိုင်ကြီးတစ်တိုင်ကိုမှီထိုင်ရင်း
စနေထောင့်ဘက်ရှိ မိုးဖွဲဖွဲကြနေတဲ့မြင်ကွင်းကို ကင်မရာချောင်းကြည့်ပေါက်မှတဆင့် ငေးကြည့်နေမိတာဖြစ်သည်။
“ .. လူနှစ်ယောက်၊ ဂျင်းပင်တစ်၊ ဖျင်ကြမ်းတစ်၊”
ရွှေခေါင်းလောင်း ဆည်းလည်းလှုပ်ခတ်သံတွေကိုသာ ကြားနေရတဲ့ တန်ဆောင်းထဲမှာ
ကျွန်တော့်အသံကြောင့် သူငယ်ချင်းတွေက လှမ်းကြည့်ကြခြင်းဖြစ်သည်။
ဆံပင်ဘုတ်သိုက် ညှင်းသိုးသိုးဂျင်းဘောင်းဘီနဲ့ 
ဂျင်းဂျက်ကတ်ဝတ်ထားတဲ့လူတစ်ယောက်နဲ့ ဆံပင်တိုတို နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးသဲ့သဲ့နှင့်
နှုတ်ခမ်းမှာ ဆေးပေါ့လိပ်ကိုက်ထားကာ ဖျင်ကြမ်း အင်္ကျီ၊ပုဆိုးအညိုကွက်၊ လွယ်အိတ်တစ်လုံး ထီးကောက်ကြီးတစ်လက်နဲ့ ကျွန်တော်တို့ ရှိရာဒေါ်စောမြတန်ဆောင်းနေရာသို့ ဦးတည်လာနေတဲ့လူနှစ်ယောက်ကို ကင်မရာကြည့်ပေါက်ထဲမှကြည့်ရင်း
ကျွန်တော်အားလုံးကြားအောင်အော် ပြောလိုက်တဲ့စကားသံဖြစ်သည်။
ဒါလည်းရွှေတိဂုံစေတီတော်ပေါ်ကဓါတ်ပုံဆရာများအတွက်စည်းကမ်းချက်တစ်ခုပင်၊ သူတို့ နှစ်ဦးလုံး
ကျွန်တော့်လူများဖြစ်သွားပေသည်။ ကျွန်တော်ကလွဲ၍မည်သူကမျှ ပြောခွင့်ဆိုခွင့်ဓာတ်ပုံရိုက်ခွင့်မရနိုင်တော့ ပေ။
“ရွှေတိဂုံစေတီတော်နဲ့ ဓါတ်ပုံရိုက်ကြမလားခင်ဗျာ။ဟိုနားမှာအောင်မြေရှိပါတယ်
အဲဒီနေရာကရိုက်ရင် စေတီတော်ကြီးရဲ့ စိန်ဖူးတော်အထိပါအောင်ရိုက်လို့ ရပါတယ်။ ကြည့်ပါခင်ဗျာဒါကနမူနာဓါတ်ပုံတွေပါခင်ဗျာ။ ”
ထိုလူနှစ်ဦးလုံး ကျွန်တော့်ဘေး တန်ဆောင်းပေါ်မှာဝင်ထိုင်လိုက်ရင်းမိုးစိုနေသည့် ဆံပင်တွေကို
လက်ကိုင်ပုဝါနှင့်သုတ်နေရာမှကျွန်တော့်ကိုကြည့် ကာ ခေါင်းခါပြီးရယ်ပြကြသည်။
ဖျင်ကြမ်းအင်္ကျီလက်ရှည်ဝတ်ထားတဲ့သူက လွယ်အိတ်ထဲမှ မီးခြစ်ထုတ်ပြီး ဆေးလိပ်မီးညှိသောက်ရင်းနဲ့ 
ဓာတ်ပုံအယ်လ်ဘမ်ကို လှမ်းယူကာပုံတွေကြည့်နေပြန်သည်။ ဆံပင်ရှည်ရှည်ညှင်းသိုးသိုးနဲ့ လူက
ကျွန်တော်လက်ညိုးထိုးပြတဲ့အောင်မြေနေရာကိုငေးနေရာမှ
“ကိုဒီရေ ဒီလိုမိုးအေးအေးထဲ လက်ဖက်ရည်ပူပူလေးသောက်ရရင် ဘယ်လောက်ကောင်းမလဲဗျာ။”
အယ်လ်ဘမ်ကို တစ်ရွက်ချင်းလှန်၍ ဓါတ်ပုံကြည့်နေရာမှ ဆေးလိပ်တစ်ဖွာဖွာလိုက်ရင်း
“အဲဒီအကြံကောင်းတယ်ခင်ဝမ်းရ၊ဒီပေါ်မှာဆိုင်မှမရှိတာ ဓာတ်လှေကားနဲ့ တို့ ပြန်ဆင်းမှ
သောက်ကြတာပေါ့။ ”
သူတို့ နှစ်ဦးကိုအသေအချာ ပြန်၍ကြည့်မိသည်။အထူးသဖြင့်ဆံပင် ရှည်ရှည်နှင့်လူကိုပင်သူကအောင်မြေနေရာကိုငေးနေတုန်း
ဓာတ်ပုံကြည့်နေတဲ့သူကအယ်လ်ဘမ်ပြန်ပေးရင်း မရိုက်သေးဘူးကွာ ကျေးဇူးပဲ ဟု ဆို၏။
ကျွန်တော့်စိတ်ထဲမှာထူးခြားမှုတစ်ခုရှိလိမ့်မည်ဟုထင် နေရသည်။သူတို့ နှစ်ဦးလုံးမိုးစက်များကြား
ရွှေတိဂုံစေတီတော်ကြီးကိုကြည့်ရင်း ပန်းချီ၊ကဗျာ။ သီချင်းနှင့် အနုပညာအကြောင်းတွေနှစ်ယောက်သား
ပြောရင်းမှ ကိုဒီရေ၊ခင်ဝမ်းရေ စသည်ဖြင့် စကားတွေ တိုးညင်းစွာပြောဆိုနေတာကို ဘေးနားမှာထိုင်နေမိတဲ့ကျွန်တော်
က အတိုင်းသားကြားနေရတဲ့ အတွက်
“အစ်ကိုတို့ ကအနုပညာအကြောင်းတွေ သီချင်းအကြောင်းတွေပြောပြီး ခင်ဝမ်းရေ၊
ကိုဒီရေဆိုတာတွေကကျွန်တော်သီချင်းထဲမှာကြားဖူးတယ်။ ဒါနဲ့ စကားမစပ်အဆိုတော်ခင်ဝမ်းဆိုတာအကိုလား”
“ အေး ခင်ဝမ်းဆိုတာငါပဲ၊သူကငါ့သူငယ်ချင်းပန်းချီဆရာမောင်ဒီ၊”
ထိုအခိုက်တန့် လေးကကျွန်တော်အတွက်အံ့သြဝမ်းသာ စရာဖြစ်ခဲ့မိခြင်းဖြစ်သည်။
သူ၏သီချင်းများနှင့် ကျွန်တော့်လူငယ်ဘဝကိုဖြတ်သန်းခဲ့ရာ သူရဲ့ ပုံရိပ်ကို ဓာတ်ပုံပန်းချီများနဲ့ သာယဉ်ပါးတွေ့ မြင်ခဲ့ရာမှ
ယခုလိုအရှင်လတ်လတ် ၂ပေအကွာမှ တွေ့ ဆုံရခြင်းက ကျွန်တော်အတွက် တန်းဖိုးဖြတ်မရနိုင်တဲ့အံ့သြစရာပျော်ရွှင်မှုပင်ဖြစ်သည်။
အဆိုတော်ခင်ဝမ်း၏ အမေသီချင်းက ကျွန်တော့်ဘဝအတွက် အရေးကြီးတဲ့ အဓိကနေရာမှ စိတ်ဓာတ်ခွန်အားသီချင်းအဖြစ်ပါဝင်ခဲ့ခြင်းဖြစ်သည်။
ကျွန်တော့်အဖေနှင့် ရန်ကင်းတိုက်ခန်းမှာနေတဲ့အချိန်ကာလ၉တန်းကျောင်းသားအရွယ်ကဖြစ်သည်။
တစ်နေ့ သူငယ်ချင်းများနှင့် တိုက်ရှေ့အုတ်ခုံပေါ်မှာဂစ် တာထိုင်တီးနေတုန်း အဖေနှင့် ပတ်ပင်းတည့်တည့်တိုးမိခဲ့သည် ။
ထိုအချိန်က ဂစ်တာတီးခြင်းကိုမိဘများက အားမပေးလက်မခံကြသေးတဲ့ အချိန်ကာလတစ်ခုလည်းဖြစ်သည်။
ငါ့အဖေ တွေ့ သွားပြီ အိမ်ရောက်ရင်တော့ငါအရိုက်ခံရပြီ လို့ သူငယ်ချင်းတွေကိုပြောရင်း
အိမ်ပြန်ဖြစ်သည်။ ထင်တဲ့အတိုင်းပဲဖြစ်သည် ။ဧည့်ခန်းထဲမှာကျွန်တော်တိုက်ခန်းသို့ ပြန်အလာကိုအဖေထိုင်စောင့်နေလျက်
“ ဟေ့ကောင်လာပါဦး၊ မင်းဂစ်တာတီးတတ်တာငါမတွေ့ ဖူးပါဘူး။
ဒီနေ့ ငါ့မျက်စိနဲ့ မြင်သွားပြီ၊ ဒီတော့ မင်းငါ့ကိုမလိမ်နဲ့တော့၊ ဂစ်တာတီးတာ ဘယ်လောက်ရှိပြီလဲ၊
ဘယ်သူ့ သီချင်းတွေဆိုတာလဲ၊ဒါကိုငါသိချင်တယ်၊ငါ့စိတ်နဲ့ မကိုက်ညီဘူးဆိုရင်တော့မင်းနာပြီသာမှတ်။”
အဖေသည် ထူးဆန်းတဲ့လူသားတစ်ယောက်ဖြစ်သည်။ကျွန်တော်တို့ ကမွေးချင်းညီအစ်ကိုငါးယောက်ရှိသည်။
အဖေနဲ့ အမေ ကျွန်တော်၎တန်းကျောင်းသားအရွယ်မှာ အိမ်ထောင်ကွဲသွားကြခြင်းဖြစ်သည်။
အမေနှင့်ကျွန်တော်တို့ ညီအစ်ကိုငါးယောက်လုံးကအတူမနေကြပါ။
အဖေ့အိမ်မှာသာအဖေအပါအဝင်ယောက်ျား ပေါင်း၆ယောက်လုံးနေထိုင်ကြသည်။ အိမ်မှာအမျိုးသမီးတစ်ယောက်မျှမရှိ၊
ကျွန်တော်တို့ တိုက်ခန်းထဲမှာမီးဖိုမရှိ၊ ထမင်းအိုးမထား၊ရေသောက်ဖို့ အတွက် ရေခဲသေတ္တာတစ်လုံးသာထားရှိသည်။
ကျွန်တော်တို့ အားလုံးထမင်းဆိုင်မှာ လပေးထမင်းစားကြသူများဖြစ်သည်။ လက်ဖက်ရည်၊မုန့် ဟင်းခါး၊အသုပ်စုံစတဲ့သွားရည်စာအတွက်လဲ
အကြွေးစာအုပ်များပြုလုပ်ကာ ဆိုင်အသီးသီးမှာ လက်မှတ်ထိုးစနစ်ဖြင့်လပေးစားသောက်တဲ့ပုံစံ ကျင့်သုံးသူများဖြစ်သည်။
လကုန်ရောက်မှအဖေကကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့အကြွေးစာအုပ်များကိုယူကြည့်
၊ငွေပေါင်းငွေချေတဲ့နည်းကိုကျင့်သုံးသူဖြစ်သည်။အကြွေးစာအုပ်ထဲမှာ
သူငယ်ချင်းမိတ်ဆွေများကိုထည့်သွင်းခွင့်မပြု၊
ကိုယ့်ကိစ္စကိုယ့်တာဝန်သာဖြစ်သည်။
ကျွန်တော်တို့ အဝတ်အထည်တွေကိုတော့ နေ့ စဉ်ပင်မင်းဆိုင်မှလာယူကာလျှော်ဖွတ်၊မီးပူတိုက်ပြီး
နောက်တစ်နေ့ မနက်ပြန်လာပို့ စနစ်ကျင့်သုံးသူများဖြစ်သည်၊ အဖေ က ကျွ့န်တော်တို့ ကို ကျောင်းနဲ့ အိမ်၊အိမ်နဲ့ ကျူရှင်၊
အိမ်နဲ့ကျောင်းစာအုပ်၊ ဒါပဲတွေ့ ချင်သူမြင်ချင်သူဟုပြောထားတဲ့ဖခင်ဖြစ်သည်။
စားချင်တဲ့ဆိုင်သွားစား၊စားပြီးရင်စာပြန်ကျက် ကျွန်တော်တို့ ကိုဒီလိုထားသူဖြစ်သည်။
အပူအပင်မရှိရ၊ သူအလုပ်မှအပြန်မထင်မှတ်စွာ လမ်းဘေးအုတ်ခုံမှာဂစ်တာတီးပြီး သီချင်းဆိုနေတာကို
ယခုမှတွေ့ သွားတဲ့အဖြစ်နဲ့ ကြုံရခြင်းဖြစ်သည်။
“ကျွန်တော်ဂစ်တာကို၈တန်းစာမေးပွဲအပြီးမှာစသင်ခဲ့တာပါ။
ပလေးဘွိုင်းသ န်းနိုင်၊ဘိုဘိုဟန်၊ခိုင်ထူး၊ဖိုးချို၊ခင်ဝမ်း၊ကိုင်ဇာ၊သီချင်းတွေဆိုပါတယ်။ ကျွန်တော်ကြိုက်တဲ့အဆိုတော်ကခင်ဝမ်း၊
သူ့ ရဲ့ အမေသီချင်းကိုကျွန်တော်အကြိုက်ဆုံးပါအဖေ၊”
“ကဲဒါဆိုမင်းသူငယ်ချင်းတွေဆီကဂစ်တာသွားငှားခဲ့၊ မင်းပြောတဲ့သီချင်းငါ့ဆိုပြစမ်း”
အဖေကျွန်တော်ကိုထိုးမှာရိုက်မှာထက်သူကိုဘယ်လိုသီချင်းဆိုပြရမလဲဆိုတာ ကျွန်တော် ဂစ်တာပိုက်ထားလျက်မှစဉ်းစားလို့ မရ၊
နောက်ဖက်ဧည့်ခန်းနံရံမှာချိတ်ထားတဲ့ အမေ့ဓာတ်ပုံကိုငေးကြည့်မိကာ ခင်ဝမ်း၏အမေသီချင်းကိုဆိုဖြစ်သွားသည်။
“ငါ့သား .. မင်းမဆိုးဘူးကွ၊ မင်း ဘယ်လောက် ခံစားထားသလဲဆိုတာ ငါသိလိုက်ရပြီ။ မင်းဆီမှာ ကိုယ်ပိုင်ဂစ်တာမရှိဘူးမဟုတ်လား။ ငါဝယ်ပေးမယ်၊ မနက်ဖြန်မနက် ငါနဲ့ လိုက်ခဲ့၊ ဗိုလ်ချုပ်ဈေးမှာ မင်းကြိုက်တဲ့ဂစ်တာတစ်လုံး လိုက်ယူ၊”
ကျွန်တော်နှစ်သက်စွဲလမ်းစွာ သီဆိုခဲ့ရသောသီချင်းများပိုင်ရှင်၊ ကျွန်တော်တွေ့ ချင်မြင်ချင်ခဲ့ သောအဆိုတော်ခင်ဝမ်းကို တိုက်တိုက်ဆိုင်ဆိုင်
ကျွန်တော် အလုပ်လုပ်နေရာ ရွှေတိဂုံရင်ပြင်တော်ပေါ်မှာ လက်ဖက်ရည်နှင့်ဧည့်ခံရင်း သူ၏အမေသီချင်းသီချင်းအကြောင်း
ကျွန်တော်ရင်ဖွင့်ပြောပြဖြစ်သည်။ထို့ကြောင့်ပင်ဖြစ်မည်ထင်သည်၊ အဆိုတော်ခင်ဝမ်း၊ပန်းချီမောင်ဒီနှင့်ေ ဒ်ါစောမြတန်ဆောင်းရှေ့ ကမြန်မာ့အလှဓာတ်ပုံ ဆိုင်းဘုတ်အောက်မှာစတင်ခင်မင်ရင်းနှီးခဲ့ရသူများ ဖြစ်ခွင့်ရရှိခဲ့သည်။
.........................
၁၉၉၂-၉၃ခုနှစ်မှာဖြစ်သည်၊ အသစ်ဖွင့်လှစ်လိုက်တဲ့ ပြည်သူ့ ရင်ပြင်နှင့်ပြည်သူ့ ဥယျာဉ်
ပန်းခြံထဲသို့ ပန်းခြံဓာတ်ပုံဆရာအဖြစ် ရောက်ရှိခဲ့ပြန်သည်။ အဆိုတော်ကိုခင်ဝမ်းက ပြည်တစ်လှည့်၊ရန်ကုန်တစ်လှည့်နေထိုင်တဲ့အချိန်၊
အလုပ် ကိစ္စရှိတဲ့အချိန် ရန်ကုန်ဆင်းလာကာ ဦးဝိစာရလမ်းထောင့်၊ ဝိဇယရုပ်ရှင်ရုံအ နီး ယခင်တော်လှန်ရေးပန်းခြံရှေ့ ရှိ အောင်သရဖူတည်းခိုခန်းမှာနေထိုင် လေ့ရှိသည်။
သူ့ သူငယ်ချင်းပန်းချီဆရာမောင်ဒီက သင်္ကန်းကျွန်းမြို့ နယ်ထဲမှာပဲမိသားစုနှင့်အတူနေထိုင်ဆဲဖြစ်သည်၊
ကျွန်တော်ရှိရာ ပန်းခြံထဲကိုသူတို့ နှစ်ဦးအမြဲလာကြပြီး စကားပြော၊ အပန်းဖြေ၊ သစ်ရိပ်ခိုကြသူများဖြစ်သည်။
“ဓာတ်ပုံဆရာမျိုးလွင်ဟန်ကို ပြောလိုက်ပါ၊ ခင်ဝမ်းနဲ့ မောင်ဒီရောက်နေပြီ ၊ရေတံခွန်ကို အမြန်လိုက်ခဲ့ပါ”
ဓာတ်ပုံဆရာအဆင့်ဆင့်မှလက်ဆင့်ကမ်းသယ်ဆောင်ရင်း ကျွန်တော့်ဆီသို့ ထိုစကားတစ်ခွန်းကြားမိလိုက် ချိန်မှာ ကျွန်တော်ဒုန်းဆိုင်းပြေးသွားမြဲဖြစ်သည်။သူတို့ ကိုတွေ့ လိုက်တာနဲ့တစ်ပြိုင်နက်ကျွန်တော့်ထံမှ ဓာတ်ပုံပစ္စည်း၊တန်ဆာပလာတွေကိုထုပ်ပိုးသိမ်းဆည်း ကာ အဆိုတော်ကိုခင်ဝမ်းလက်သို့ ပေးအပ်ရစမြဲ
ဖြစ်သည်။
မိတ်ဆွေသူငယ်ချင်းလိုဖြစ်နေတဲ့ရေစက်မောင်းသူ ထံက ဖျာ၊ခေါင်းအုံး၊ရေခွက်၊ရေပုလင်းနဲ့ ဇွန်း ပန်းကန်တွေငှားကာ ရေတံခွန်အနီးမြက်ခင်းထဲမှာနေရာထိုင်ခင်းစီစဉ်ရသူဖြစ် လာသည်။ ကျွန်တော်တို့ သုံးယောက်ဖွဲ့ စည်းစားသောက်ဖို့ မြေနီကုန်းညဈေးတန်းရှိ စားသောက်ဆိုင်တန်းကို ပြေးကာစားသောက်စရာတွေအမြန်ဝယ်ယူခဲ့ရသူလည်းဖြစ်ခဲ့ရသည်။
“ဟေ့ကောင် .... ပုလင်းကို မင်းကိုင်ခွင့်မပြုဘူး၊ ငါထည့်ပေးထားတဲ့ဟာကိုပဲ ဖြေးဖြေးချင်းသောက်၊ မင်းဘာသာစိတ်ကြိုက်သောက်ပြီး မင်းမူးနေရင် ငါပြောတဲ့စကား နားထောင်တဲ့လူမရှိဘဲဖြစ်နေမယ်၊ နာရီဝက်ကြာမှတစ်ခါ ငါမင်းခွက်ထဲကို ငါအရင်ထည့်ပေးမယ်။”
အဆိုတော်ပန်းချီဆရာကိုခင်ဝမ်း၊ပန်းချီဆရာမောင်ဒီတို့ နှစ်ဦးနဲ့ နွေးထွေးရီဝေစွာ ဖွဲ့ စည်းရမှုကအနုပညာ
တစ်ရပ်ပင်ဖြစ်သည်။
“ဟ့ကောင် မင်းစိတ်မငြိမ်ဘူး၊ ဟိုကြည့်ဒီကြည့်နဲ့ ၊ မင်း ဓာတ်ပုံရိုက်ချင်တဲ့စိတ်ကိုဖြတ်စမ်း၊ဒီ... အနုပညာဆိုတဲ့အရာက ကိုယ့်စိတ်ကို ကိုယ်ဆုံးဖြတ်ရတာ အရေးအကြီးဆုံးပဲကွ၊ ဓာတ်ပုံရိုက်ချင်တဲ့စိတ်နဲ့ အခြားလူတွေကို မကြည့်နဲ့ ၊မင်းငါ့မျက်နှာကိုပဲကြည့်စမ်း၊”
ကျွန်တော်ရှိသောပန်းခြံထဲသို့  အဆိုတော်ပန်းချီဆရာကိုခင်ဝမ်းက အမြဲတမ်း လေရှူရင်း သစ်ကြီးဝါးကြီးအရိပ်ခိုဖို့ လာသူဖြစ်သည်။
တစ်ခါတစ်ရံမှ ဆရာဒီက ပါလာတတ်သူဖြစ်သည်၊ ကိုခင်ဝမ်းတစ်ယောက်တည်း လာတဲ့အခါများမှာ ညနေမိုးချုပ်ရင်သူ့ တည်းခိုခန်းကိုတွဲလျက်ပြန်လိုက်ပို့ ဖြစ်သည်။ သူက ဘယ်တော့မှ လက်လွတ်စပယ် မမူးတတ်၊ သူပြန်တိုင်း ကျွန်တော့်ပခုံးဖက်ပြီး လမ်းလျောက်တတ်သူမို့ တည်းခိုခန်းကိုကျွန်တော်အမြဲတမ်းရောက်ဖြစ်ခဲ့သူဖြစ်သည်။
အစောပိုင်းကာလများမှာ သူတို့ နှစ်ယောက်ရဲ့ ပုံရိပ်များကို အမြဲတမ်း ဓာတ်ပုံရိုက်ပေးဖြစ်သည်။ အဲဒီအချိန်ကအရက်ကို ကျွန်တော်စိတ်တိုင်းကျ ထည့်မသောက်ရတဲ့အခြေအနေ မို့ လားမသိ၊ သူတို့ လှုပ်ရှားမှုကို တဖျတ်ဖျတ်နဲ့ ဓာတ်ပုံရိုက်နေတာကို ကိုခင်ဝမ်းကမကြိုက်၊
ကျွန်တော်ကိုဓာတ်ပုံနဲ့ ပတ်သတ်တဲ့ခံစားမှုကို သွန်သင်ဆုံးမခဲ့ဖူးသည်၊
“ဟေ့ကောင်၊ ငါ့ကို ဂျပန်နိုင်ငံမှာထုတ်တဲ့ မဂ္ဂဇင်းကြီးတစ်စောင်က လာပြီး အင်တာဗျူးတယ်၊
နောက်တစ်ယောက်က ဓာတ်ပုံဆရာ။ ဒီကောင်က ငါဗျူးနေတဲ့တစ်ချိန်လုံး လှည့်ပတ်ချောင်းနေတာ၊
အဲ့ဒီဂျပန် ငါ့ကို ဓာတ်ပုံဘယ်နှစ်ပုံ ရိုက်သွားတယ်ထင်လဲ၊ မင်းပြောစမ်း၊ ”
ကျွန်တော်မသိတဲ့အတွက် သူ့ ကိုခေါင်းခါပြမိသည်။
“ဟေ့ကောင်ရ၊ ငါ့ကိုတစ်ပုံပဲရိုက်တယ်ကွ၊ ဂျပန်ပြည်ကလာပြီး ဒီမှာငါ့ကိုရိုက်သွားတာ၊ အဲဒါပဲကွ။
ဒီ .. ဂျပန်ဓာတ်ပုံဆရာကို ငါလေးစားတယ်၊ အနုပညာဆိုတာအဲဒါ၊ ငါပြောတာမင်းမှတ်ထား။”
အဆိုတော်ပန်းချီဆရာကိုခင်ဝမ်းကို ပြည်သူ့ ဥယျာဉ်ထဲက ရေတံခွန်အတုလေးဘေးနားက မြက်တောထဲရှိ ဖျာတစ်ချပ်ပေါ်မှာ အမြဲတမ်းလိုလိုတွေ့ မြင်ရမှာဖြစ်သည်။ သူပန်းခြံထဲရောက်တိုင်း ကျွန်တော်စီးပွားရေးအရဓာတ်ပုံမရိုက်ရတာ၊ ကျွန်တော်အိမ်ပြန်တိုင်း သူငယ်ချင်းဓာတ်ပုံဆရာများထံမှဈေးဖိုးငွေ အမြဲတမ်းချေးငှားနေရသူဖြစ်သည်
၊ဈေးဖိုးငွေချေးရန် ရက်ထပ်လာတဲ့အတွက် သူငယ်ချင်းတွေမှ ကိုခင်ဝမ်းနှင့် အပေါင်းအသင်းမလုပ်ပဲ ရှောင်ရန်ပင် အကြံဥာဏ်ပေးသူများဖြစ်သည်။
ထိုသို့ သူငယ်ချင်းတွေကပြောလေကိုခင်ဝမ်း ကျွန်တော့်ဆီ မရောက်တာကြာပြီဆိုပါက သူ့ တည်းခိုခန်းသွားပြီး တည်းခိုခန်းမန်နေဂျာကိုကိုခင်ဝမ်းထံ စာပေးရန်အတွက် ပေးစာများပင် ရေးသားခဲ့သူဖြစ်သည် ။ ထို့ နောက်ပြန်ဆုံ၊ပြန်သောက်၊ အနုပညာအကြောင်းအရာတွေ ကျွန်တော့်ကိုသူပြောပြ၊ သူ့ ပြန်ပို့ ။ သူငယ်ချင်းဆီမှာ ငွေချေးနှင့် ကျွန်တော် လုံးချာလည်ကာ ပျော်ရွှင်နေတဲ့နှစ်ကာလများဖြစ်သည်။
တစ်နေ့ ရေတံခွန်ဘေးမြက်တောထဲက ဖျာတစ်ချပ်ပေါ်မှာ စိတ်ခံစားမှုအနုပညာအကြောင်း သူပြောပြနေတုန်း ကျွန်တော့်အမျိုးသမီး(မဟေသီ)ရောက်ရှိလာသည်။
သူမက အမှတ်-၁ စက်မှုဝန်ကြီးဌာနရုံးချုပ်မှာ အောက်တန်းစာရေးမအဖြစ် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်သည်၊ သူငယ်ချင်းဓာတ်ပုံဆရာတွေက ကျွန်တော့်ကိုကြည့်မရတဲ့အတွက် ကျွန်တော့်အမျိုးသမီးရုံးကို ဖုန်းဆက်အကြောင်းကြား အသိပေးလိုက်တဲ့အတွက် ထိုသို့ရောက်ရှိလာခြင်းဖြစ်သည်၊
အမျိုးသမီးကသူ့ ကိုလက်ညိုးထိုးလျက် “ကျွန်မယောက်ျားကို ရှင်လာပြီးမဖျက်ဆီးပါနဲ”့ ဟု ဆိုသည်။
ကျွန်တော်နှင့် အဆိုတော်ပန်းချီဆရာ ကိုခင်ဝမ်းက မြက်ဖျာပေါ်မှာ အရက်ခွက် တစ်ယောက်တစ်ခွက် လက်မှာကိုင်လျက်သား ဖြစ်နေချိန်လည်းဖြစ်သည်၊
“မင်းကိုငါအမြဲတမ်းပြောနေတဲ့စကားရှိတယ်၊ အနုပညာဆိုတဲ့အကြောင်းအရာတစ်ခု ၊အဲဒါကိုစိတ်ကဘယ်လိုဖြတ်မှာလဲဆိုတာ ငါကြည့်မယ်၊
မင်းစိတ်ဘယ်လိုဖြတ်မလဲ”
ကိုခင်ဝမ်းစိုက်ကြည့်နေတဲ့မျက်လုံးအားကို ကျွန်တောမခံနိုင် ၊ရုတ်တရက်မတ်တပ်ရပ်ကာ မိန်းမဖြစ်သူ (ကျွန်တော့်မဟေသီ)ကို ထိုးကြိတ်ကန်ကြောက်မိသူဖြစ် သည်။
အဆုံးဆိုသော် မိန်းမနှင့် ကျွန်တော် ၁၀ရက် လောက်ကွဲခဲ့ရသူဖြစ်သည်။ ထိုနေ့ ညမှာကိုခင်ဝမ်းက ကျွန်တော့်ကိုတွဲလျက်မှ
“မင်းအောင်မြင်မှာပါ၊ဒါဟာ စိတ်ရဲ့ ဆုံးဖြတ်ချက်ပဲကွ ”
ဟု ဆိုကာ ကျွန်တော်မသောက်ဘူးတဲ့ ဂျပန်အရက်ကို ပြည်သူ့ လွှတ်တော်ဘေး ၊ ရှင်စောပု ၃လမ်းပေါ်က ဂျပန်စားတော်ဆက်ကြီးတစ်ဆိုင်မှာညစာဖြင့်ဂုဏ်ပြုခဲ့သူဖြစ်သည်။ ထိုစဉ်ကာလ အိမ်ပြေးဓာတ်ပုံဆရာတစ်ဦးအဖြစ် ၁၀ရက်ခန့် တိုင်အောင် အဖွားအိမ်မှာ နေထိုင်ခဲ့ရသူဖြစ်သည်။
“ဟေ့ကောင်မနက်၃နာရီတိတိ ငါ့အခန်းကိုလာခဲ့ ဓာတ်ပုံရိုက်မယ်၊ရိုက်ဖို့ ဖလင်၂လိပ်ယူခဲ့”
တစ်ခုသော ဆည်းဆာညနေခင်းမှာ ဖြစ်သည်။ သူနှင့်ကျွန်တော်အရက်တစ်လုံးနှင့် ဖွဲ့ စည်းစားသောက်ပြီးတဲ့အချိန် သူပြောသွားတဲ့စကားတစ်ခွန်းဖြစ်သည်။
ကျွန်တော်က တောင်ဥက္ကလာပတွင်နေထိုင်သူဖြစ်သည်၊ ထိုအချိန်ကမြေနီကုန်း၊စမ်းချောင်းသို့ ညဥ့်နက်၂နာရီ ၃နာရီလောက် သွားဖို့ ရန်မလွယ်ကူပါ။သီရိမင်္ဂလာဈေးနဲ့ကီလီငါးဈေးများကို ဈေးကြိုပို့ တဲ့ကုန်စိမ်းကားများသာရှိသည်။
တောင်ဥက္ကလာ၁၀ရပ်ကွက်ဈေးရှေ့ မှထွက်တဲ့ ကုန်စိမ်းဒေါဂျစ်ကားဖြင့် ကိုခင်ဝမ်းရှိရာ မြေနီကုန်းတော်လှန်ရေးပန်းခြံရှေ့
တည်းခိုခန်းသို့ ချမ်းချမ်းစီးစီးဆောင်းတွင်းကြီးမှာ ရောက်အောင်သွားခဲ့ရသူဖြစ်သည်။
“ဟေ့ကောင် ...မင်းမှတ်ထားကွ။ ယောက်ျားတွေကို ဓာတ်ပုံရိုက်ရင် ဒီလိုနေမထွက်သေးတဲ့အချိန်၊ နံနက်ခင်းမှာ ရိုက်ရတယ်ကွ”
သူ ကျွန်တော့်ကို သင်ပေးခဲ့တဲ့ဓာတ်ပုံအနုပညာရပ်တွေထဲက စကားတစ်ခွန်းဖြစ်သည်။ ထိုနေ့ ကဦးဝိစာရလမ်းတစ်လျောက် အလယ်ကျွန်းများပေါ်မှာ ကုတ်အင်္ကျီအရှည်ကြီးဝတ်ကာ ဖလင်တစ်လိပ်ကုန်အောင် ဓာတ်ပုံ ရိုက်ပေးခဲ့သည်၊
သူ့ ထံမှ ဓာတ်ပုံနဲ့ ပတ်သတ်တဲ့ အနုပညာရပ်များ ၊ ပန်းချီအယူအဆ အကြောင်းအရာများကို အမြဲတမ်းသိရှိခွင့်ရခဲ့သူဖြစ်သည်။
“ အစ်ကို့  ကိုကျွန်တော်မေးစရာတစ်ခုရှိတယ် ။ အဲဒီပုံကို အတုယူပြီး ကျွန်တော် ရိုက်ခဲ့တဲ့လူပေါင်းလည်း မနည်းတော့ဘူး အကိုရ။ ကျွန်တော်ရိုက်ခဲ့တဲ့ လူတွေထဲက ၃ချိုး၂ချိုးလောက် အိမ်ထောင်တွေ ကျကုန်ပြီထင်တယ်၊ အဲဒီပုံရဲ့ ကျေးဇူးကြောင့်ပဲ အကိုရဲ့ လက်ရွေးစင်တေးများဆိုတဲ့
အခွေရဲ့ ကာဗာပုံလေ”
“အဲဒီအိုင်ဒီယာက ငါဖန်တီးပြလိုက်တာ ၊ နယ်ကဓာတ်ပုံဆရာတစ်ယောက်ကို ဒီလိုရိုက်ဆိုပြီး ငါဆင်ထားတာ”
အဆိုတော်ပန်းချီဆရာခင်ဝမ်းက ပြည်နဲ့ ရန်ကုန်သွားလိုက်၊ လာလိုက် အနုပညာရှင်ခရီးသည်တစ်ဦးဖြစ်သည်။ တစ်နေ့ မှာ ကျွန်တော့ကို လိုတရအကြည့်လို့ 
အမည်ပေးထားတဲ့စီးရီးတစ်ခု အိုအေစစ် စတူဒီယိုမှာအသံသွင်းနေကြောင်း စတူဒီယိုလာပြီးမှတ်တမ်းဓာတ်ပုံ ရိုက်ပေးဖို့ ပြောသွားခြင်းဖြစ်သည်။
ဓာတ်ပုံတွေရိုက်ပေးပြီးတဲ့နောက် ပြည်သို့ ပြန်သွားခဲ့သည်၊ နောက်တစ်လခန့် အကြာ ကျွန်တော်ရှိတဲ့ ပန်းခြံထဲရောက်လာပြီး
“ဟေ့ကောင် လိုတရအကြည့်စီးရီးအတွက် ကာဗာပုံရိုက်ဖို့ လိုတယ်၊ မနက်၇နာရီ ငါ့အခန်းလာခဲ့ကွာ”
အောင်သရဖူတည်းခိုခန်းသို့ ရောက်ပြီးကိုခင်ဝမ်းနိုးပြီလားမေးရာ မန်နေဂျာက
“ညီလေး မင်းလူကြီးကို မင်းပဲသွားနှိုးတော့ကွာ” ဆိုသဖြင့်
“အစ်ကို၈နာရီထိုးတော့မယ် ဝေါလ်ရှိကာဗာဓာတ်ပုံရိုက်ဖို့ ရှိတယ်ပြောထားတယ်လေ”
ဆိုတော့မှ လူးလဲထကာမျက်နှာသစ် ရေချိုးတော့သည်၊ ကျွန်တော်တို့ နှစ်ယောက်အိုအေစစ် စတူဒီယိုသို့  ချီတက်ကာ ဓာတ်ပုံရိုက်ခဲ့ခြင်းဖြ စ်သည်။
ဒီတစ်ခေါက် ဓာတ်ပုံရိုက်ရခြင်းက ကျွန်တော့်အတွက် အထူးအဆန်းဖြစ်ခဲ့ရခြင်းပင်။ အိုအေစစ် စတူဒီယို ခြံဝင်းအတွင်းမှာ ရှေးဟောင်းရေတွင်းကြီး
တစ်တွင်းရှိသ ည်။ အသုံးမပြုဘဲ ထားတဲ့အတွက် ရေတွင်းပျက်ပုံစံဖြစ်နေသည်။
သူက တွင်းထဲသို့ စက်သီးကြိုးဖြင့် ရေပုံးချကာ ရေအပြည့်ပါအောင်ရေပုံးကို ဆွဲတင်ပြီး တွင်းဘောင်ပေါ်ရေပုံးတင်ထားကာ လက်နှစ်ဘက်ကို
ရေခွက်ပုံသဏ္ဍာန်လုပ်ပြီး ရေခပ် မျက်နှာသစ်သော အမူအယာ လုပ်သူဖြစ်သည်။ ရေပုံးထဲကို ၃ကြိမ် ၃ခါ လက်နှင့်နှစ်ပြီး မျက်နှာသစ်တဲ့ပုံတွေကို မလွတ်တမ်းဓာတ်ပုံရိုက်ရမှာဖြစ်သည်။
အဆိုတော်ပန်းချီဆရာကိုခင်ဝမ်း ရေတွင်းပျက်ကြီးနဲ့ ဓာတ်ပုံရိုက်မဲ့သတင်းက သူဘယ်လိုရိုက်မှာလဲ သိချင်ကြတဲ့အတွက်လာရောက်အားပေးတဲ့ ပရိတ်သတ်က မနည်းပေ၊
ထိုသူများကသာမန်လူများမဟုတ်ပါ၊ နိုင်ငံကျော်စတူဒီယိုအဆိုတော်များ၊တေးရေးဆရာများ၊ နာမည်ကြီးတီးဝိုင်းများက ဂီတပညာရှင်များဖြစ်သည်။
ကျွန်တော်နှင့်ကိုခင်ဝမ်းက ဓာတ်ပုံရိုက်နေတာနှင့်မတူ မျက်လှည့်ပြနေသူများလို့ သာ ကျွန်တော်တွေးမိနေခဲ့သည်။
နောင်အခါမှသိခဲ့ရသည်က အဆိုတော်ပန်းချီဆရာကိုခင်ဝမ်းက ပါဖော့မင့်အတ် အနုပညာတစ်ရပ်ပြုလုပ်ခဲ့တာကို သိရှိလိုက်ရခြင်းဖြစ်သည်။
............................
ထိုပုံများကိုစီးရီး ကာဗာမှာအသုံးမပြုခဲ့၊ ပန်းချီပုံနဲ့ ဝေါလ်ရှိကာဗာ ပြုလုပ်ခဲ့သူဖြစ်သည်၊
ဒီနောက်ပိုင်း မြေနီကုန်း ဗိုလ်မိုးလမ်းမှာ ကိုခင်ဝမ်းတိုက်ခန်းငှားနေထိုင်ခဲ့သည်။ သူတို့ မျက်စောင်းထိုးမြေညီထပ်မှာ ရွက်နုဝေမဂ္ဂဇင်းတိုက်ရှိသည်။
ကျွန်တော်က ပန်းခြံမှထွက်ကာ အဆင့်တက်ပြီး မဂ္ဂဇင်း ဓာတ်ပုံများရိုက်နေတဲ့ စာနယ်ဇင်း ဓာတ်ပုံဆရာဘဝသို့  ရောက်ရှိနေချိန်ဖြစ်သည်။
ရိုက်ကူးရေးမရှိတဲ့အချိန် ရွက်နုဝေမဂ္ဂဇင်းတိုက်သို့ ရောက်ရှိချိန်တွေမှာ ကိုခင်ဝမ်းတိုက်ခန်းသို့ မကြာခဏရောက်သူဖြစ်သည်။
သူကသီချင်းကိစ္စထက် ပန်းချီဘက်သို့ စူးစိုက်အားသန်နေတဲ့အချိန် ဖြစ်မယ်လို့ ကျွန်တော်ထင်မြင်မိသည်၊
တစ်နေ့ ကျွန်တော်ရောက်ရှိသွားချိန် သူကသီချင်းကိစ္စအတွက် အိပ်ယာပေါ်မှာ ဖလက်တန်နှစ်ချောင်းပါတဲ့ ဂစ်တာကြီးတစ်လုံးပိုက်ပြီး အသံစမ်းနေတဲ့ပုံစံနဲ့ တွေ့ မြင်လိုက်ရခြင်းဖြစ်သည်၊ ကျွန်တော်အိတ်ထဲက ကင်မရာထုတ်ယူပြီး ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်နေတုန်း
“ ဟေ့ကောင်နေအုံးကွ ငါ့ဘာဂျာလေးပါထည့်ရိုက်စမ်းကွာ”
သူ့ ဘာဂျာကအောက်မှာစတန်းခံထားကာ ထိုစတန်းခုံပေါ်မှာ စပရိန်နဲ့  ဘာဂျာကိုဟိုဘက်ဒီဘက် ဆွဲချိတ်
ထားတဲ့အတွက် လက်နဲ့ ကိုင်မှုတ်စရာမလိုတဲ့ဘာဂျာလေးတစ်ခုပင်ဖြစ်သည်။
ဖလက်တန်နှစ်လက်နဲ့ဂစ်တာကိုတီးလိုက် ဆိုလိုက် ဘာဂျာကိုပါးစပ်နားကပ်ပြီးမှုတ်လိုက်နဲ့ တစ်ကိုယ်တော်ဆိုတီးနေတဲ့ပုံတွေကို ဖလင်ကုန်တဲ့အထိရိုက်ပေးဖြစ်သည်၊
အခန်းနံရံထောင့်မှာ သူဆွဲထားတဲ့ပန်းချီကားတော်တော်များများက မော်ဒန်ခေတ်သစ်ပန်းချီကား အမျိုးအစားတွေဖြစ်ပြီး ဒီအထဲမှာ ထူးထူးခြားခြား မယ်သီလရှင်တွေ ဆွမ်းခံနေတဲ့ပုံ
ပန်းချီကားတစ်ချပ်ကို လက်ဆောင်ပေးဖို့ တောင်းရာ
နှစ်ရှည်လများစွာ တွဲဖက်ရင်းနှီးဖြတ်သန်းခဲ့လို့ လားတော့မသိ။ ကြည်ကြည်ဖြူဖြူနဲ့ ကျွန်တော့်ကိုပေးခဲ့သူဖြစ်သည်။
ကျွန်တော့်နာမည်နှင့် သူ့ ဆိုင်းလက်မှတ်ကိုပင် ပန်းချီကားနောက်ကျောဘက်မှာ အမှတ်တရထိုးပေးခဲ့သူလည်းဖြစ်သည်။
သူ့ လက်ဆောင်ပန်းချီကားက တစ်ပေ၊တစ်ပေခွဲခန့် ရှိတဲ့ပန်းချီကားလေးပင်ဖြစ်သည်၊ သူ့ တိုက်ဝရန်တာမှ အောက်သို့ ငုံ့ ကြည့်ချိန်
သီလရှင်တွေကဆွမ်းခံကြွချိန် အပေါ်မော့ကြည့်တဲ့မြင်ကွင်းကို အမြင်အတိုင်းရေးဆွဲခဲ့တာလို့ ပြောပြသူလဲဖြစ်သည်။
.......................................
ကျွန်တော့်အိမ်မှာ သူ့ ပန်းချီကားချိတ်ထားရတဲ့အတွက် ကျွန်တော်ဂုဏ်ယူနေသူဖြစ်သည်၊ အိမ်ကိုလာတဲ့
မည်သူ့ ကိုမဆို အဆိုတော်ပန်းချီဆရာကိုခင်ဝမ်း ပန်းချီကားအကြောင်းရှင်းပြရတဲ့ လူတစ်ယောက်လည်း ကျွန်တော်ဖြစ်ခဲ့သည်၊
ထိုကိစ္စကို ကျွန်တော့်အမျိုးသမီးကအမြင်မကြည်လင်။
တစ်ရက် ဧည့်ခံပွဲရိုက်ကူးရေးမှအပြန် သူငယ်ချင်းများနှင့် ညဥ့်သန်းခေါင်ကျော်ခဲ့ရသည်။
ရာသီဥတုက ပူအိုက်စပ်တဲ့နွေညတစ်ညပင်ဖြစ်သည်။
မူးယစ်ရီဝေနေတဲ့ ကျွန်တော်နဲ့ အိမ်တံခါးလာဖွင့်ပေးတဲ့ အမျိုးသမီး(ကျွန်တော့်မဟေသီ) နဲ့ စကားများရာမှသူ့ ကိုလက်သီးဖြစ့်မူးယစ်စွာထိုးမိပြန်သည်၊
နေရာက ပန်းချီဆရာကိုခင်ဝမ်းလက်ဆောင်ပေးထားတဲ့ပန်းချီကား ချိတ်ဆွဲထားတဲ့နေရာအနီးမှာ ဖြစ်ခဲ့ရာ
အမျိုးသမီးက ပန်းချီကားဖြုတ်ပြီး မီးရှို့ ပစ်မယ်၊ဘာညာလို့ ခြိမ်းခြောက်ပြောဆိုခဲ့တာကို ကျွန်တော်ကမူးယစ်စွာနဲ
“့ အေးလေရှို့ လေမီးရှို့ ပစ်လိုက်စမ်းပါ ” လို့ 
လူစိတ်ပျောက်ကာ ပြောဆိုနေတဲ့အတွက်ကြောင့် ဒေါသထွက်စိတ်ဆိုးနေတဲ့မိန်းမက ပန်းချီကားဖြုတ်ကာမီးရှို့ ပစ်ခဲ့သည်။
နောက်နေ့ မနက်မိုးလင်းမှပင် ကျွန်တော် မှားသွားတဲ့အပြစ်ကို ဘဝတစ်သက်တာလုံး နောင်တရလို့ ဆုံးမှာမဟုတ်တော့ပေ၊
ပန်းချီကားကိစ္စကို အဆိုတော်ပန်းချီဆရာ ကိုခင်ဝမ်းကွယ်လွန်သည့်တိုင်အောင် ကျွန်တော် အသိမပေးရဲခဲ့ပေ။
ကျွန်တော့်အပေါ် ညီငယ်လေးတစ်ဦးလို အနုပညာ အကြောင်းအရာတွေကို သင်ကြားပြောဆို ဆုံးမခဲ့တဲ့ အနုပညာရှင်အဖြစ် ကျွန်တော်ထာဝရလေးစားနေတဲ့ တေးရေးတေးဆို ပန်းချီဆရာကိုခင်ဝမ်းကို လွမ်းဆွတ်စွာဖြင့် ရေးဖွဲ့ မိခြင်းဖြစ်သည်။
မိုးလွင်ဟန်
(Khin one fun page)
No comments:
Post a Comment