ပညာရေးမြှင့်တင်ဖို့

စစ်အစိုးရလက်အောက် ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဟူသော ဆောင်ပုဒ်ကိုစွဲကိုင်၍ ပညာရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ လက်တွေ့တွင် ခေတ်မီနိုင်ငံတော် တည်ဆောက်ရန် လိုအပ်ချက် တစ်ခုဖြစ်သော မြန်မာ့ပညာရေးစနစ်သည် အငြင်းပွားဖွယ်ရာမရှိ ခေတ်နောက်ကျ ကျန်နေရစ်ခဲ့ပြီဖြစ်သည်။
လွန်ခဲ့သော နှစ်ငါးဆယ်ကျော်က အရှေ့တောင်အာရှတွင် ထိပ်တန်းနေရာရှိခဲ့သော မြန်မာ့ပညာရေးသည် ၁၉၆၂ ခုနှစ်မှစ၍ ချို့ယွင်း၊ လွဲမှားသော ပညာရေးမူဝါဒများ၊ နည်းစနစ်များ ကျင့်သုံးခဲ့ခြင်းကြောင့် နှစ် ၂၀ အတွင်း သိသိသာသာ နိမ့်ကျသွားခဲ့ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဒေါက်တာဦးသိန်းက အကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံပညာရေးစနစ် ဟောပြောပွဲတွင် ဝေဖန်ထောက်ပြခဲ့သည်။
လက်ရှိအချိန်တွင် အဖက်ဖက်မှ နိမ့်ကျနေသော မြန်မာ့ပညာရေးကို ပြုပြင်ပြောင်းလဲရန် ပညာရေးဝန်ကြီးဌာနက အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်နေသလို ပြင်ပမှ ပညာရှင်များကလည်း မြန်မာ့ပညာရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရန် ဆွေးနွေးတိုင်ပင်နေကြသည်။
အိမ်နီးချင်းနိုင်ငံအချို့နှင့် ယှဉ်ပြိုင်နိုင်ရန် အချိန်ယူ ဆောင်ရွက်ရမည့် မြန်မာ့ပညာရေး၏ အကြီးမားဆုံး အားနည်းချက်မှာ ပညာရေးအသုံးစရိတ် သုံးစွဲနိုင်မှုဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေ၏ ၅ ရာခိုင်နှုန်းခန့်သာ အသုံးပြုခွင့် ရရှိထားသည်။ ၎င်းပညာရေးအသုံးစရိတ်သည် ပညာရေးဝန်ထမ်းများ တိုးချဲ့ခန့်ထားခြင်း၊ လစာငွေပေးချေခြင်း၊ ပညာရေးအဆောက်အအုံများ ပြုပြင်တိုးချဲ့ ဆောက်လုပ်ခြင်း စသည့် လုပ်ငန်းများအတွက် အဓိက
အသုံးပြုနေရသည်။
ပညာရေးအသုံးစရိတ် နည်းပါးခြင်းကြောင့် မြန်မာ့ပညာရေးသည် အခြေအနေနှစ်ရပ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အခြေခံပညာ ကျောင်းများ တွင် အထွေထွေအသုံးစရိတ်များ၊ ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ရန်နှင့် တက္ကသိုလ်များတွင် သုတေသနအစီအစဉ်များ လုပ်ကိုင်ရန် ငွေကြေးသုံးစွဲနိုင်မှု နည်းပါးနေခြင်းနှင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၏ ပုံမှန် အသက်မွေးဝမ်းကျောင်းဘ၀ ခက်ခဲလာခြင်းဖြစ်သည်။
ပြည်တွင်းရှိ အခြေခံပညာကျောင်းများသည် ပညာရေးဌာန၏ ထောက်ပံ့ငွေ နည်းပါးခြင်းနှင့် ရပ်ကွက်၊ ကျေးရွာဒေသခံများ၏ ပံ့ပိုးကူညီမှု အားနည်းခြင်းတို့ကြောင့် ကျောင်းအထွေထွေအသုံးစရိတ်အတွက် အခက်အခဲကြုံနေရသည်။
“ဒီနှစ်ကျမှ အသေးသုံးအတွက် ကျပ်တစ်သိန်းနီးပါးရတယ်။ လက်ရှိသုံးနေတာက တစ်နှစ်ကို ကျပ်သိန်းသုံးရာလောက်ရှိတယ်။ ကျားကြီးတော့ ခြေရာကြီးတယ်။ မဖြစ်မနေပုံမှန်ကတော့ လုပ်အားပေးအကူတွေ ငှားရတယ်။ အထူးသဖြင့် မူလတန်းပေါ့။ အခုက ၁၅ ယောက် ငှားရတဲ့ လခ ရှိတယ်။ နောက်ကျောင်းကြီးဖြစ်တဲ့အတွက် အစိုးရခန့် သန့်ရှင်းရေးတစ်ယောက်ပဲ ရှိတယ်။ ကျောင်းမှာ အိမ်သာပေါင်း ၆၀ ကျော်ရှိတယ်။ အဲ့ဒါ လေးယောက်ထပ်ငှားရတယ်။ ကျောင်းသားလေးထောင်ကျော်ရဲ့ အမှိုက်လည်း ကောက်ရသေးတယ်လေ။ ဖုန်းက အစိုးရက ပေးပေမယ့် မမျှဘူးဖြစ်နေတယ်။ ကျောင်းကြီးဖြစ်တော့ ဘယ်ကဏ္ဍမှ ခိုလို့မရဘူး။ ဘင်ခရာ၊ ပန်းချီတွေအတွက် ပြင်ပဆရာ ငှားရတယ်။ ဒါက လစဉ်ပေးရ တာတွေပေါ့။ နောက်ခြင်ဆေးဖျန်းတာတွေရှိတယ်”ဟု ရန်ကုန်မြို့ရှိ နာမည်ကြီး အခြေခံပညာ အထက်တန်းကျောင်းတစ်ခုမှ ကျောင်းအုပ် ဆရာမကြီးကပြောသည်။
အဆိုပါ စရိတ်များအတွက် ကျောင်းသားမိဘ အစည်းအဝေးများတွင် တင်ပြ၍ အလှူငွေ ထည့်ဝင်မှုဖြင့်လည်းကောင်း၊ ယခင် ရရှိထားသော ငွေပင်ငွေရင်းများမှလည်းကောင်း၊ အသုံးစရိတ်ကို ဖြည့်ဆည်းနေရပြီး ငွေပင်ငွေရင်း မရှိသော ကျောင်းများသည် အခက်အခဲနှင့် ရင်ဆိုင်နေ ရကြောင်း ၎င်းကဆိုသည်။
လွန်ခဲ့သောနှစ်ပိုင်းက အခြေခံပညာကျောင်းများ၌ ကျောင်းအပ်ချိန်တွင် အပိုငွေကြေးများ ကောက်ခံမှုမပြုရန် ညွှန်ကြားခဲ့ပြီးနောက် ကျောင်းအုပ်ကြီးများသည် ကျောင်းဘဏ္ဍာငွေအတွက် ပိုမိုရုန်းကန် ရှာဖွေရရှိမှုရှိလာခဲ့ပြီး ချို့တဲ့ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများ ချည့်နဲ့သွားခဲ့သည်။
“၂၀၀၅-၂၀၀၆ လောက်တုန်းက ကောက်လိုက်သေးတယ်။ ကောက်လို့ရတဲ့ အနေအထား ရှိတာပေါ့နော်။ သဒ္ဓါကြေးပေါ့။ အခုမကောက်တာ သုံးနှစ်ရှိပြီ။ ဘာလို့လဲဆိုတော့ ကောက်လိုက်တိုင်း ကျောင်းဖွင့်ရာသီမှာ လှုပ်လို့မရဘူး။ တစ်ယောက်ယောက်က မကျေနပ်လို့ ဖွလိုက်ရင် တီချယ်တို့ပဲ ပြဿနာဖြစ်ခံရတာလေ။ ပညာရေးဝန်ထမ်းကို အထောက်အပံ့ပြုတဲ့ ဥပဒေက မရှိဘူးဖြစ်နေတယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် တီချယ်တို့က ခံဘက်ကပဲ”ဟု အထက်ပါ ကျောင်းအုပ်ဆရာမကြီးက ပြောသည်။
ပညာရေးဝန်ကြီးဌာနက ထုတ်ပေးသော အသေးသုံးစရိတ်သည် အခြေခံပညာကျောင်းများ ရပ်တည်မှုအတွက် လုံလောက်မှု မရှိခြင်းကြောင့် ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ဒေသခံပြည်သူလူထု၊ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုကို လိုအပ်နေခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာ ဒေသအလိုက် ခေတ်ကာလနှင့် လျော်ညီသော ကျောင်းလခ၊ ကျောင်းဝင်ကြေး သတ်မှတ်ခြင်းဖြင့် ကျောင်းအုပ်ကြီးများ ရင်ဆိုင်နေရသော အခက်အခဲကို လျော့ကျစေနိုင်ကြောင်း ၎င်းကသုံးသပ်သည်။
“အခုက မတိုးတက်ဘဲနဲ့ ချောင်ပိတ်ရိုက်ခံထားရတယ်။ ပေတံတစ်ချောင်းနဲ့ မြန်မာတစ်နိုင်ငံလုံးက ကျောင်းတွေကို မတိုင်းတာသင့်ဘူး။ သူ့အနေ အထားနဲ့သူ ရှိကြတယ်။ မကောက်ရဘူးဆိုတော့ တစ်နိုင်ငံလုံး ဒီတစ်မူတည်းပဲ။ အဆင်မပြေနိုင်ဘူး။ အဲ့ဒီတော့ သင့်တင့်တဲ့နှုန်းနဲ့ သတ်မှတ်ပေး မယ်ဆိုရင်ရော အဆင်မပြေဘူးလား။ တစ်နှစ်လုံး ကျောင်းသားတစ်ယောက်ကို ကျပ်ငါးရာနဲ့ သုံးဆိုရင်တော့ မရနိုင်ဘူးနော်။ လက်ရှိဖြစ်နေတဲ့ ဈေးနှုန်းနဲ့ ကိုက်ညီအောင် အချိုးချသင့်တယ်လို့ ထင်တယ်။ အခုတော့ ကျောင်းအုပ်တွေလည်း မကောက်နဲ့ ငါလည်းမပေးနိုင်ဘူး။ လုပ်ငန်းကို အောင်မြင်အောင်လုပ်ဆိုတော့ ကိုယ်ရောက်တဲ့ဘ၀မှာ လုပ်နေရတာပေါ့”ဟု ကျောင်းအုပ်ဆရာမကြီးကဆိုသည်။
ပြည်တွင်းတက္ကသိုလ်၊ ကောလိပ်များသည် အစိုးရတက္ကသိုလ်၊ ကောလိပ်များဖြစ်သောကြောင့် နိုင်ငံတော်အသုံးစရိတ်ဖြင့် လည်ပတ်ဆောင်ရွက်နေ ကြသည်။ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၏ လစာငွေသည် အသုံးစရိတ်၏ ၇၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ရုံးသုံးပစ္စည်းကိရိယာများ ၀ယ်ယူခြင်း၊ အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းတို့အတွက် ၂၀ ရာခိုင်နှုန်း၊ သုတေသနလုပ်ငန်းနှင့် အခြားပွဲလမ်းသဘင်များအတွက် ၁၀ ရာခိုင်နှုန်းခန့် အသုံးပြုနေကြောင်း ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်တစ်ခု၏ စီမံ၊ ဘဏ္ဍာဌာနမှ တာဝန်ရှိသူကဆိုသည်။
ယခုနှစ်သုံးစွဲနေသော ပညာရေးအသုံးစရိတ်သည် လွန်ခဲ့သောနှစ်က ခန့်မှန်းရေးဆွဲ တင်ပြထားခြင်းဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်အတွက် တင်ပြထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
“နောက်နှစ်အသုံးစရိတ်ကို တင်ပြထားပြီးပြီ။ ရာခိုင်နှုန်းအားဖြင့် တိုးတောင်းထားတာ မရှိပါဘူး။ တက္ကသိုလ်ရဲ့ မောင်းနှင်အားမှာ သုတေသန လုပ်ငန်းက အရေးကြီးတယ်။ အခုက တက္ကသိုလ်တွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟုတ်ဘဲ လစာနဲ့တင် အသုံးစရိတ်က ကုန်နေတယ်”ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။
အခြေခံနှင့် အဆင့်မြင့်ပညာရေး ကဏ္ဍအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အထွေထွေ အသုံးစရိတ်များအတွက် အခက်တွေ့နေချိန်တွင် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ အခြေခံပညာ ဆရာ၊ ဆရာမများ၏ လစာငွေသည် ၎င်းတို့ဘ၀ ရပ်တည်ရေးအတွက် စိန်ခေါ်မှုဖြစ်လာခဲ့သည်။
အစိုးရ၀န်ထမ်း အမျိုးသားဆရာ ရှားပါးမှုနှင့် ကြီးမားကျယ်ပြန့်လာသော ကျူရှင်ယဉ်ကျေးမှုတို့က ပညာရေးစနစ် ဆိုးမွေအဖြစ် မြန်မာ့ လူအဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေသည်။
“ကျောင်းဆရာမတွေရဲ့ ပညာရေးလုပ်ငန်းတွေဟာ အင်မတန်မှ ကျပ်တည်းတာကို တွေ့ရတယ်။ စိုးရိမ်စရာအချက်တစ်ခုက ကျောင်းဆရာ မလုပ်ချင်ကြဘူး။ လက်ဖက်ရည်ဆိုင်မှာ ကျွန်တော် ကျောင်းဆရာပါလို့ မပြောရဲတဲ့ အခြေအနေရှိတယ်။ အမျိုးသားဆရာ ရှားပါးမှုဟာ မြန်မာ့ပညာရေးမှာ အများကြီး စဉ်းစားရတော့မယ့် အခြေအနေရှိနေတယ်။ စံပြပုဂ္ဂိုလ်အနေနဲ့ ဆုံးရှုံးသွားပြီ ဖြစ်တယ်။ ပညာရေးဘောင်ကို ကျော်သွားပြီးတော့ လူ့အဖွဲ့အစည်းအနေနဲ့ ကျား၊ မ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဘယ်လိုများ ကုစားနိုင်မယ်ဆိုတာ အမြန်ဆုံးရှာဖွေရမယ်။ အဲဒါ ကျွန်တော်တို့ဆီမှာ ကြီးကြီးမားမား သက်ရောက်မှု ရှိနိုင်ပါတယ်”ဟု အစိုးရစာသင်ကျောင်းများတွင် အမျိုးသားဆရာ ရှားပါးလာမှုနှင့် ပတ်သက်၍ မောက္ခပညာရေးမဂ္ဂဇင်း၊ အယ်ဒီတာချုပ်၊ ပညာရေးသုတေသီ ဦးသိန်းနိုင်က သုံးသပ်သည်။
ကျောင်းဆရာ၊ ဆရာမများ၏ အသက်မွေးဝမ်းကျောင်းဘ၀ ပုံမှန်ပြန်လည်ရပ်တည်နိုင်ရန်နှင့် အလုပ်ဂုဏ်သိက္ခာ ပြန်လည်ရှင်သန်နိုင်ရန် နည်းလမ်းမျိုးစုံ အပူတပြင်းရှာဖွေ၍ အလျင်အမြန် အကောင်အထည်ဖော်ရန် လိုအပ်နေကြောင်း ၎င်းကဝေဖန်ထောက်ပြသည်။
“တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတွေရဲ့ လူမှုစီးပွား အဆင်ပြေမှုကိုလည်း ပံ့ပိုးပေးရမှာပါ။ ဆရာ၊ ဆရာမတွေရဲ့ လူမှုစီးပွားနဲ့ အလုပ် ဂုဏ်သိက္ခာကို မြှင့်တင်မှသာလျှင် အရည်အသွေးကို မျှော်လင့်လို့ ရနိုင်မှာလေ။ အဲ့ဒါကို ဘယ်လိုလုပ်လို့ ရနိုင်မလဲဆိုတာ စဉ်းစားကြဖို့ လိုပါတယ်။ ဆရာမတွေဟာ တကယ့်ကို ခက်ခက်ခဲခဲ၊ ကျပ်ကျပ်တည်းတည်း ရပ်တည်နေရတယ်။ တရားဝင်အချိန်ပြည့် အစိုးရ၀န်ထမ်း ကျောင်းဆရာအလုပ်နဲ့ ရှင်သန်လို့မရတဲ့ အခါကျတော့ တခြားအလုပ်တွေ လုပ်နေရတယ်။ တခြားနည်းလမ်းနဲ့ ၀င်ငွေရှာနေရတာလည်း ကြားသိရပါတယ်။ ဆရာ၊ ဆရာမတွေကိုတော့ အပြစ်မပြောလိုပါဘူး။ ဒါပေမဲ့ ကျူရှင်ယဉ်ကျေးမှု လွှမ်းမိုးနေတာဟာ တိုင်းပြည်အတွက် အင်မတန် စိုးရိမ်စရာကောင်း ပါတယ်။ ပုဂ္ဂလိကလွတ်လပ်ခွင့် ပေးလိုက်ရင် ကျူရှင်ယဉ်ကျေးမှု တဖြည်းဖြည်းနဲ့ ပပျောက်သွားမယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးသိန်းနိုင်က အကြံပြုသည်။
မြန်မာ့ပညာရေးအနာဂတ်ကို ကြီးကြီးမားမား ခြိမ်းခြောက်နေသော အခြေအနေနှစ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်အစိုးရ တစ်ရပ်တည်းကို မျှော်လင့်နေ၍ မဖြစ်နိုင်တော့ဘဲ နိုင်ငံတကာအကူအညီများ၊ ရပ်ရွာ လူထုနှင့် ပညာရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၏ ပံ့ပိုးကူညီမှုနှင့် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်း များအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဘဏ္ဍာငွေ ရှာဖွေသုံးစွဲခွင့်နှင့် ပုဂ္ဂလိက လွတ်လပ်ခွင့်တို့ လိုအပ်လာနေခြင်း ဖြစ်သည်။
ထို့အပြင် ငွေကြေးဓနအင်အား ကြီးမားသော စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာ့ပညာရေး အပြောင်းအလဲအတွက် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်မည်ဆိုပါက ပညာရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုလျင်မြန်လာနိုင်ကြောင်း ပညာရေးလေ့လာသူများက သုံးသပ်လျက် ရှိသည်။
လက်ရှိချိန်တွင် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲအတွက် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် နိုင်ငံခြားသား ဘောလုံးကစားသမားများ ငှားရမ်းခြင်း၊ ပြည်တွင်း ဘောလုံးကစားသမားများအား လစာငွေ မြင့်မား စွာပေးထားခြင်းနှင့် ဘောလုံးအသင်း လည်ပတ်မှုစရိတ်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ အသုံးပြုထားကြသည်။
မြန်မာ့ပညာရေးတွင် ငွေကြေးအကျပ်တွေ့နေမှုနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယပါမောက္ခချုပ်တစ်ဦးက “အဓိကက ငွေပဲကွ၊ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး။ COE (Centre of Excellence)ဆိုတာက ဆိုင်းဘုတ် ကောက်တပ်လိုက်လို့ ရတယ်။ ဒါပေမဲ့ ဘယ်မှာလဲငွေက။ အခုအစိုးရကိုပဲ အားကိုးနေလို့ မရတော့ဘူး။ ငွေကြေးချမ်းသာတဲ့သူတွေရဲ့ ပံ့ပိုးမှုကို လိုအပ်နေတယ်”ဟု ဆိုသည်။
နေလင်းထွန်း
No comments:
Post a Comment