သမိုင်း - ခေါင်းဆောင်နှင့် ရာဇပုလ္လင်ထိုင်ခွင့်ရသူ
နိုင်ငံတိုင်း၏သမိုင်းဖြစ်စဉ်တွင် သမိုင်းလိုအပ်ချက်နှင့်အတူ ဒေသအလိုက် အဖွဲ့အစည်းအလိုက် ခေါင်းဆောင်များ ပေါ်ပေါက်လာကြသည်။ ထိုဒေသအဖွဲ့အစည်းတို့ကို ရှေ့ဆောင်သူများသည် နောင်အခါ တိုင်းပြည်ခေါင်းဆောင်များဖြစ်လာကြသည်။ တိုင်းပြည်ခေါင်းဆောင်သူများသည်ပင် တိုင်းပြည်၏ အကြီး အကဲ များဖြစ်လာကြသည်။ ထိုသူများအနက် အချို့သည် ရာဇပုလ္လင်တွင် ထိုင်ခွင့်ရသူများဖြစ်လာကြသည်။ ထိုဖြစ်စဉ်ကိုကြည့်လျှင် ခေါင်းဆောင်တိုင်း ရာဇပုလ္လင်ထက်သို့ ရောက်ရှိလာကြသည်ဟုမဆိုနိုင်ကြောင်း တွေ့ရသည်။
ခေါင်းဆောင်နှင့်ရာဇပုလ္လင် ကိစ္စကို စဉ်းစားသောအခါ ခေါင်းဆောင်သည် သမိုင်းလိုအပ်ချက်နှင့် ထိုသူတို့၏ အရည်အသွေး( သတ္တိ၊ ဗျတ္တိ)ကြောင့် ထင်ရှားလာရခြင်းဖြစ်သည်ဟုဆိုနိုင်သည်။
ရာဇပုလ္လင်တွင် ထိုင်ခွင့် ရသူသည် ထိုသူတို့၏ “ကုသိုလ်ကံကြောင့်ဟု” အကြောင်း ရင်း၌ ခံသောကြောင့် အရည်အသွေးထက် ရှေးကုသိုလ်ကံက အဓိကကျသည်ဟု ဆိုနိုင်သည်။ဤအချက်ကို သာမန်အားဖြင့် ပြောလိုက်လျှင် ဗြုန်းခနဲ လက်ခံနိုင်ရန် လဲယဉ်းမည်ဖြစ်သော်လည်း စေ့စပ်သေချာသော အတွေးဖြင့် ဖြစ်စဉ်များကို ကျနစွာစဉ်းစား လျှင် မှန်ကန်ကြောင်းတွေ့ရမည်ဖြစ်သည်။
နိုင်ငံတိုင်း၏ ခေါင်းဆောင်ဆိုသူ အကြီးအကဲဆိုသူ ရာဇပုလ္လင်တွင် ထိုင်ခွင့်ရသူများသည် ထိုပုဂ္ဂိုလ်တို့နှင့် ခေတ်ပြိုင်ပေါ်ပေါက်ခဲ့သော ခေါင်းဆောင်များထက် သတ္တိ ဗျတ္တိ အရာတွင် ခေါင်းတစ်လုံး ပိုမြင့်သည်ဟု ရဲရဲကြီး ဆိုနိုင်သူ မရှိသလောက် ရှားသောကြောင့်ဖြစ်သည်။
သမိုင်းလိုအပ်ချက်အရ ပေါ်ပေါက်ခဲ့သော ခေါင်းဆောင်များသည် သတ္တိရော ဗျတ္တိပါ ကောင်းသောကြောင့် ထင်ရှားလာခဲ့ကြသော်လည်း ဆိုခဲ့သည့်အတိုင်း နီုင်ငံအကြီးအကဲအဖြစ် ရာဇပုလ္လင်နှင့် အကြောင်းကြောင်း ကြောင့် ထိုင်ခွင့်မရဘဲ သမိုင်းစာမျက်နှာတွင် မော်ကွန်းတင်ခွင့်ဖြင့်သာ ကျေနပ်ကြရသည်။(ထိုသူများ ကိုယ်တိုင်ကလည်း ခေါင်းဆောင်အဖြစ် လိုအပ်ချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုထက်ပို၍အခွင့်အရေး ဆိုရလျှင် မမျှော်မှန်းခဲ့ကြသောကြောင့်လည်း ဖြစ်သည်။)
အချို့သောသူတို့သည် ရှေးဦးဆုံး သမိုင်းစာမျက်နှာ၌ ပထမတန်း ခေါင်းဆောင်မဖြစ်ခဲ့သော်လည်း အခြေအနေနှင့် သူတို့၏ မျှော်မှန်းချက်အရ ထိပ်ဆုံးတန်း အကြီးအကဲများဖြစ်လာကြပြီး ပုလ္လင်ထက်တွင် ထိုင်ခွင့်ရခဲ့ကြသည်။
ဤနေရာတွင် “ မော်ကွန်းတင်ခွင့် ”သည် အရေးပါလှ၏။ သမိုင်းစာမျက်နှာများတွင် ဘယ်လိုရေးထိုးခြင်းခံရ သနည်း ဟူသော်အချက်မှာ ရာဇပုလ္လင်ထိုင်ခွင့်ထက် တန်ဖိုးရှိလှသည်။ သမိုင်းစာမျက်နှာထက်မှ သူရဲကောင်းသည် ရာဇပုလ္လင်ထက်မှ မင်းဆိုးမင်းညစ်ထက် တန်ဖိုးရှိလှ၏။ ထိုအချက်ကိုလက်ခံလျှင် အထက်ကဆိုခဲ့သော ခေါင်းဆောင်နှင့်ပုလ္လင်ထိုင်ခွင့်ရသူသည် တခြားစီဖြစ်ကြောင်း လက်ခံနိုင်မည်ဖြစ်၏။
ဤကားနိုင်ငံသမိုင်းနှင့်ပက်သက်၍ ဆိုခြင်းဖြစ်၏။ လူတစ်ဦးချင်းအနေဖြင့်ကား မိမိဘ၀တွင် ရွှေအိမ်နန်းနှင့် စံရခြင်းနှင့် လူအများအတွက် လိုအပ်သော သူဖြစ်ရခြင်းကွာခြားသကဲ့သို့ဖြစ်၏။ ဤအချက်ကို အချို့က ကြီးပွားခြင်းနှင့် အဖိုးတန်ခြင်းဟု ခွဲခြားသတ်မှတ်ကြသည်။ အတွေးအခေါ်နှင့် စာပေပညာရှင်တို့က ဒုတိယ အမျိုးအစားကို ပို၍ အလေးထားကြသည်။
ခေါင်းဆောင်ကောင်းများလျှင် တိုင်းပြည်အတွက် ကောင်း၍ ရာဇပုလ္လင်ထက် ထိုင်လိုသူများလျှင် တိုင်းပြည် အတွက် ကောင်းသော လက္ခဏာ မဖြစ်ပေါ်လာနိုင်ပေ။ ထိုအချက်သည် တစ်ဦးချင်းအတွက် အရေးပါသလို တိုင်းပြည်အတွက် အဓိကကျလေသည်။သမိုင်းဟူသည် ရပ်မနေပေ။ ဆက်၍ဆက်၍သာ ဖြစ်နေသည်။ ထို့ကြောင့် သမိုင်းထဲမှ ကျွန်ုပ်တို့သည် ခေါင်းဆောင်ကောင်းများအကြောင်း ဖတ်ရှုသိရှိပြီး၍ ဖြစ်ပေါ် လာမည့် ခေါင်းဆောင်များကို မျှော်လင့်နေကြ ပေသည်။
(အတွေးအမြင်စာစဉ်- ၂၂၃)
No comments:
Post a Comment