အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း
(PART 2)

1937 ခုနှစ်က “ခွဲရေး-တွဲရေး” နိုင်ငံရေးမူဝါဒအပြောင်းအလဲသည် စစ်တကောင်းသားများ ရခိုင်သို့ အမြောက် အများ ၀င်ရောက်လာစေခဲ့သော အကြောင်းအချက်တစ်ရပ်ဖြစ်ခဲ့သည်.။ အိန္ဒိယခေါင်းဆောင် “ဆာကာ” နှင့် မြန်မာ ခေါင်းဆောင် “ဦးစော”တို့ ကြိုတင်ချုပ်ဆိုသော လူဝင်လူထွက်စာချုပ်တွင် စာချုပ်ချုပ်ဆိုသည့်နေ့ရက်ကစ၍ သုံးနှစ် အတွင်း လူဝင်လူထွက်ဥပဒေများအရ လိုက်နာဆောင်ရွက်ခြင်းမပြုရန်ပါခဲ့သည်။ ထိုသုံးနှစ်အတွင်း နယ်စပ်သည် တံခါးမရှိ သည့်ပုံပေါ်သည်။
မြန်မာတို့က ခွဲထွက်ရေးကို ဇောင်းပေး ဆွေးနွေးလိုက်သည်နှင့် စစ်တကောင်းကုလားများသည် နောင်တွင် ရေမြေကောင်းပြီး စိုက်ပျိုးစားသောက်ရန် လယ်ယာမြေများပြားလှသော ရခိုင်မြေတွင် ခြေချနေထိုင်ရန် အခွင့်အရေး မရတော့မည်ကိုစိုးရိမ်ကာ အလုံးအရင်းဖြင့် ၀င်ရောက်လာကြရာ ဘူးသီးတောင်၊ မောင်တော လမ်းမများသည် ၀င်လာ သော ကုလားများနှင့် မြင်မကောင်းအောင်ပြည့်နှက်နေတော့သည်ဟုဆိုသည်။
“ဦးစော-ဆာကာ”စာချုပ်ကို အကာအကွယ်ယူကာ အမြဲတမ်းနေထိုင်ရန်ရည်ရွယ်ချက်ဖြင့် သုံးနှစ်အတွင်း ကုလားအများ အပြားဝင်ရောက်လာရာ နဂိုရှိရင်းရွာများထက် နှစ်ဆသုံးဆ ပိုများပြားလာသည့်အပြင် အိမ်ခြေနည်းပါးသော ရခိုင်ရွာများတွင်ပင် ၀င်ရောက်နေထိုင်ကြသည်ကို တွေ့ရသည်ဟု “ဘုံပေါက်သာကျော်”၏ 1989ခုနှစ်ရေး စာတမ်း တစ်စောင်တွင် ဖေါ်ပြထားသည်။ လူအင်အားဖြင့်ဖိဝင်လာသော စစ်တကောင်းသားများကြောင့် ဒေသခံရခိုင်တိုင်းရင်းသား တို့ နေရာဖယ် ပေးခဲ့ရသော မြင်ကွင်းကိုထင်ဟတ်ပြနေသည်။
1942 တွင် မောင်တောမြို့ပေါ်လူဦးရေ (15000)ကျော်နှင့် ပတ်ဝန်းကျင်ရွာပေါင်း(144)ရွာထိရှိခဲ့ပြီး ဘင်္ဂလီနှင့် ရခိုင်အချိုးသည်(2:1)ရှိခဲ့ကာ ယခုအခါ (90:10) ခန့်ရှိနေပြီဖြစ်သည်။ တပ်မတော်အရာရှိကြီးတစ်ဦး၏ 1983ခုနှစ်ထုတ် တင်ပြချက်စာတမ်းတစ်စောင်၏စာပိုဒ် (၃၈)တွင်
“ယနေ့ကာလတွင် ဘူးသီးတောင်၌ မွတ်ဆလင်ဘင်္ဂါလီ 95ရာခိုင်နှုန်းနှင့် မောင်တောတွင် 97 ရာခိုင်နှုန်း၊ ရသေ့တောင်တွင် 80 ရာခိုင်နှုန်းအသီးသီးရှိနေကြပြီးဖြစ်လျှက်၊ ရခိုင်ပြည် နယ်မြို့တော် စစ်တွေမြို့တွင်ပင် 55 ရာခိုင်နှုန်း မက တိုးတက်များပြားလာသည့်အပြင် မာန်အောင်ကျွန်းမှလွဲ၍ ရခိုင်ပြည် နယ်အနှံ့အပြားတို့တွင် ဘင်္ဂါလီကုလားများ မလွတ်တန်း ပြန့်နှံ့စွာဝင်ရောက်နေထိုင်ကြလျှက်ရှိသည်” ဟု ဖေါ်ပြပါရှိခဲ့၏။
၁၉၈၃ခုနှစ်က ရှိခဲ့သော လူဦးရေအချိုးအစား အခြေအနေဖြစ်သည်။
(၁၄ရာစုနှစ်တွင် “ကိုဆိုဗို”၌ ဆာတ့် ဦးရေ ၉၆.၆% ရှိပြီး အယ်ဘေးနီးယားက ၃% ရှိကာ ၁၉၉၁ အရောက်တွင် အယ်ဘေးနီးယား ၈၁.၆% နှင့် ဆာ့တ် ၉% သာ ကျန်သည်အထိ လူဦးရေအချိုးအစားပြောင်းပြန်ဖြစ်သွားသော အဖြစ်မျိုး ကို သတိမူဖို့လိုပါမည်။)
2009ခုနှစ် စာရင်းအရ
မောင်တော - 459,360
ဘူးသီးတောင်- 304,288
စစ်တွေ - 288,216
ကျောက်တော်- 253,576
မြောက်ဦး - 237,778
ရသေ့တောင် - 176,638
ပေါက်တော - 170,818
ရှိသည်ကို တွေ့ရပြီး၊ ရခိုင်မြောက်ပိုင်းသည် လူဦးရေအထူထပ်ဆုံးဖြစ်နေသည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော မောင်တော၊ ဘူးသီးတောင်တို့သည် လူဦးရေအများဆုံးဖြစ်သည်ကို တွေ့ရှိရသည်။ ရခိုင်လူဦးရေ၏ တစ်ဝက်ကျော်ခန့်သည် မြောက်ပိုင်းတွင်ရှိနေကြသည်။
1942 တွင် အင်္ဂလိပ်တို့မြန်မာ့မြေပေါ်မှဆုတ်ခွာချိန်တွင် အိန္ဒိယသား အမြောက်အများကို ရခိုင်သို့ခေါ်သွင်းလာ ပြီး၊ မြေယာများပေးခဲ့သည့်အတွက် ကုလားမြေပိုင်ရှင်အများအပြားပေါ်ထွန်းလာခဲ့ပြန်သည်။
(1942)ခုနှစ်အထိ၊ ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင်အိမ် (၁၇)အိမ်/လူဦးရေတစ်ရာကျော်သာရှိပြီး၊ (2009) ခုနှစ်တွင် မွတ်ဆလင်ဦးရေ နှစ်သိန်းရှစ်သောင်းကျော်ထိရှိလာခဲ့သည်။ ရခိုင်တိုင်းရင်းသားဦးရေမှာ ငါးသောင်းတစ်ထောင် ကျော်သာ ကျန်တော့သည်။ မောင်တောမြို့နှင့် (၆)မိုင်ကွာတွင် ရှိသော မင်္ဂလာကြီးချောင်းဝ နတ်မြစ်ကမ်းနဖူးတွင် တည်ရှိသည့် မင်္ဂလာကြီးရွာ၊ ၄င်းရွာကို ရခိုင်သားများက စတင်တည်ထောင်ခဲ့ပါသည်။
ယခုအခါ ယင်းရွာမှာ ဘင်္ဂလီလူမျိုး များသာ ဖြစ်ပြီး ရခိုင်လူမျိုးများမရှိတော့ပေ။ မောင်တောမြို့နှင့် ၂-မိုင်ခန့်ကွာဝေးသည့် ခရစ်သက္ကရာဇ် ၁၇၇၄-ခုနှစ်တွင် တည်ထောင်ပြီး ၁၈၄၈-ခုနှစ်ထိ မြို့သူုကြီးနေထိုင်ခဲ့သော “မြို့သူကြီး”ရွာမှာလည်း ရခိုင်လူမျိုးတစ်ယောက်မျှ မကျန်တော့ ပေ။ မောင်တောမြို့မြောက်ဘက် ၁၂-မိုင် ရှိ “ဦးရှဥ့်ကျံ” ကျေးရွာကို ၁၈၅၄-ခုနှစ်က တည်ထောင်ခဲ့ပြီး ယင်းကျေးရွာတွင် ရခိုင်လူမျိုးများနေထိုင် ခဲ့ကြပါသည်။ ယခုအခါ “ဦးရှဥ့်ကျံ” ကျေးရွာတွင် ရခိုင်လူမျိုး တဦးတယောက်မျှ မကျန်ရှိတော့ ကြောင်း သိရပါသည်။
(1939)ခုနှစ်တွင်၊ ကော်မရှင်နာမင်းကြီး “ဂျိမ်းအက်စ်တာ၊ ဥက္ကဌအဖြစ်ဦးဆောင်ပြီး၊ ဘင်္ဂေါနယ်မှ မွတ်ဆလင် များနှစ်စဉ်တိုးဝင်လာနေခြင်းကြောင့် ဒေသခံရခိုင်တိုင်းရင်းသားတို့အတွက် နောင်ကာလတွင် အန္တရယ်ကြီး ဖြစ်လာနိုင်/ မလာနိုင်ကို “စုံစမ်းရေးကော်မရှင်” ဖွဲ့ကာ စုံစမ်းခဲ့ကြသည်။ ထိုကော်မရှင်က ယခုကဲ့သို့ စစ်တကောင်းမွတ်ဆလင်များ ရခိုင်သို့ အဆက်မပြတ်ဝင်လာနေခြင်းကို မတားဆီးနိုင်ခဲ့လျှင် နောင်အနာဂတ်တွင် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားမည် ကိုစိုးရိမ်ရကြောင်း သက်သေများအားလုံးက စစ်တကောင်းမွတ်ဆလင်များ ၀င်ရောက်လာနေမှုကို တားဆီးသင့်ကြောင်း အကြံပြုခဲ့ကြသည်။ 1939ခုနှစ်က စုံစမ်းရေးကော်မရှင်၏ စိုးရိမ်ပူပန်ခဲ့မှု၊ နမိတ်ဖတ်ခဲ့မှုများအတိုင်း 1942တွင် ရခိုင်-ကုလား အဓိကရုဏ်းကြီးဖြစ်ပွားလာခဲ့တော့သည်။
ရခိုင်ပြည်နယ်တရားသူကြီးအဖွဲ့ဥက္ကဌ၊ ဦးထွန်းမြဦးကလည်း “ရခိုင်ပြည်နယ် အတွင်း နိုင်ငံခြားသား ဘင်္ဂါလီလူမျိုးများ ခိုးဝင်လွှမ်းမိုးမှု အန္တရာယ်မှ တားဆီးကာကွယ်ရေး”နှင့် ပတ်သက်သည့် တင်ပြချက် စာတမ်း တစ်စောင် ထုတ်ပြန်တင်ပြခဲ့ဖူးသည်။)
1956 တွင် ရခိုင်လူထု၏ထောက်ခံမှုကိုမရရှိခဲ့သူ “ဦးနု”သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအတွက် ဘူးသီးတောင်နယ်တွင် မဲဆန္ဒနယ် တစ်နယ် ပိုသတ်မှတ်ပေးပြီး၊ မွတ်ဆလင်များအား “ဖဆပလ”သို့သိမ်းသွင်းကာ အရွေးခံစေခဲ့ကြောင်း၊ ဘူးသီးတောင်၊ မောင်တောမှ မွတ်ဆလင်အမတ်များကို အရွေးခံခွင့်ပေးခဲ့ပြီး မဲအများအပြား ရရှိရန်အတွက် စစ်တကောင်းကုလားများကို ခေါ်သွင်းက မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သည်ဟု ဆရာဦးမြင့်သိန်း (ညွှန်ကြားရေးမှူး၊ သမိုင်းသုတေသနဦးစီးဌာန)၏ စာတမ်းတစ်စောင်တွင်၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု၏ တွေ့ဆုံ မေးမြန်းချက် OH/P/3056/2009 နှင့် OH/P/0359/2009 ကိုညွှန်းဆိုကိုးကားခဲ့သည်။
ထိုစာတမ်းတွင်ပင်-
ဦးနုသည် “ဖားဝပ်”ရွာကိုရောက်ရှိလာကြောင်း၊ မွတ်ဆလင်တွေ ဖဆပလ ကို မဲပေးလျှင် မှတ်ပုံတင်ထုတ်ပေးမည်၊ နေခွင့်ရမည်ဟု ပြောသွားကြောင်း၊ ၄င်း၏အတွေ့အကြုံကို ပြောပြခဲ့သည်။ မြောက်ဦးမြို့တွင် နေထိုင်ရသည့် “ရတည”တွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးကပြောကြားသည်မှာ ဦးနုသည် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့်မတူဘဲ မွတ်ဆလင်များထံမှ မဲရရေးအတွက်နှုတ်မှ အလွယ်တကူ ကတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ “ရတည”ကိုလည်း ၄င်း၏ပါတီကို ထောက်ခံပါက၊ ရခိုင်ပြည်နယ်ကိုပေးမည်ဟု “ရတည”အမတ်များကို ၄င်း၏အိမ်သို့ခေါ်ကာ ပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖဆပလ မဲအနိုင်ရရေးအတွက် ထိုအချိန်က ပြည်ထဲရေးဝန်ကြီး၊ဦးဧမောင်(ခ)အဒူလာဒစ်၏ ထောက်ခံမှုဖြင့် ဘင်္ဂါလီများကို ခေါ်သွင်းလာသည်။ ဘူးသီးတောင်တွင် “အဘူခိုင်”ဆိုသူက ဖဆပလ ဥက္ကဌ၊ လ၀က တို့နှင့်ပေါင်းကာ အိမ်ထောင်စုစာရင်းများပြုလုပ်ပြီးမှ တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီ များကို ခေါ်သွင်းလာရာ ရွာပေါင်းလေးဆယ်ကျော်သည် တမဟုတ်ချင်း ရောက်ရှိလာသည်။ ပြင်ပမှ လူပေါင်း များစွာကို ထိုကဲ့သို့ ခေါ်သွင်းလာခြင်းဖြင့် ဆပလ အနိုင်ရရေးဆောင်ရွက်ခြင်းသည် ဦးနု၏လုပ်ဆောင် ချက်ဖြစ်သည်။ ထိုအမှားသည် နောင်တွင် နိုင်ငံကို များစွာအထိနာစေသော အမှားတစ်ခုပင်ဖြစ်သည် ဟုဖေါ်ပြထားခဲ့သည်။
ဤသို့ဖြင့် ကုလားဦးရေအဆမတန်များလာခဲ့သည်။ ရခိုင်ဒေသခံများ တဖြည်းဖြည်းနေရာပျောက်လာ၊ နယ်ကျုံ့လာရသည်။ ကိုယ့်ရေကိုယ့်မြေမှ တဖြည်းဖြည်းဆုတ်ခွာပေးလာရသည်။ မြို့ဟောင်း(မြောက်ဦး)မြို့နယ် လွှတ်တော်အမတ် ဦးလှထွန်းဖြူက စစ်မဖြစ်မီက ဘူးသီးတောင်၊ မောင်တောဒေသတွင် ရခိုင်ရွာပေါင်း(၂၀၀)မှ (၃၀၀) ကြားရှိကြောင်း၊ ယခုအခါ(၁၀)ရွာလောက်သာ ကျန်တော့ကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည့်ဖြစ်ရပ်သည် ထိုကာလ ၏ အခြေအနေကို ထင်ဟတ်ပြနေသည်။
(အပိုင်း ၆)
1972-73 မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်တွင် အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရန် ပြင်ဆင် အလုပ်များနေခြင်းကို အခွင့်ကောင်းတစ်ခုအဖြစ်အသုံးချကာ ဘင်္ဂါလီအများအပြား ၀င်ရောက်လာကြသော ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ 1973ခုနှစ်သည် ပါကစ္စတန်ခွဲထွက်ချိန်ဖြစ်သဖြင့် မြန်မာပြည်ဘက်ခြမ်းသို့ စစ်ပြေးဒုက္ခသည်များ၊ စီးပွားရေး ဒုက္ခသည်များ လှိမ့်ဝင်လာခဲ့ပြန်သည်။ အများစုမှာ ဘင်္ဂါလီများဖြစ်သည်။
1973ခု မတ်လ၊ ဧပြီလများတွင် ရွေးကောက်ပွဲ မဲစာရင်းပြုစုရန် ကွင်းဆင်းကြသည့်အခါ တရားမ၀င်နေထိုင်သူ အများအပြားကိုတွေ့ရှိပြီး ဖမ်းဆီးခဲ့သည်။ သို့သော် ထိုအခွင့်အရေးကို လက်မလွှတ်ဘဲ တစ်ဖက်နိုင်ငံမှ မော်လ၀ီနှင့်၊ မွတ်ဆလင်ခေါင်းဆောင်များက တစ်ဖွဲ့လျှင် လူ(၂၀)မှ (၃၀)ကြား အစုလိုက်ဖွဲ့ကာ ဘူးသီးတောင်၊ မောင်တော ဒေသထဲသို့ စေလွှတ်ခဲ့သည်။ (ယနေ့2012 ခုနှစ် ဂျွန်လ ရခိုင်-ကုလား အဓိကရုဏ်းဖြစ်ပြီးနောက်ပိုင်းတွင် အစုအဖွဲ့ငယ်များ ဖွဲ့လျှက် ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာနေပုံမျိုးနှင့် သဏ္ဍာန်တူသည်။ ဂျူလိုင်လဒုတိယပတ်တွင် ရရှိသော သတင်းများအရ၊ ထိုအစုအဖွဲ့ငယ်များတွင် လက်နက်များ သယ်ဆောင်လာသည်ဟု သိရသည်။)
2-7-76 နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်(အင်္ဂလိပ်) သတင်းစာတွင် -
1962ခုနှစ်တွင်၊ မောင်တောနယ်၌ ဗုဒ္ဓဘာသာမဟုတ်သူ(၈၈၅၃၉)၊ ဘူးသီးတောင်မြို့နယ်၌ (၄၉၆၀၀)၊ ရသေ့တောင်မြို့နယ်၌ (၁၁၂၅၃)ဦးရှိရာမှ၊ 1972ခုနှစ်တွင်၊ မောင်တောနယ်၌ (၂၀၆၈၅၉)၊ ဘူးသီးတောင်မြို့နယ်၌ (၁၃၀၂၇၅)၊ ရသေ့တောင်မြို့နယ်၌ (၁၈၆၇၀)ဦးရေအထိ လျှင်မြန်စွာ တိုးပွား လာသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုသည် နှစ်စဉ်(2.3)ရာခိုင်နှုန်းတိုး တင်လျှက် ရှိရာ ဆယ်နှစ်အတွင်း ပုံမှန်မဟုတ်သော တိုးနှုန်းများဖြစ်ပွားနေသည်။” ဟု ထောက်ပြခဲ့သည်။
ပုံမှန်မဟုတ်သော လူဦးရေတိုးပွားလာမှုသည် နယ်ခြားမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ တရားမ၀င် ခိုးဝင် လာနေမှုများရှိနေကြာင်း၊ စိစစ်သင့်ကြောင်း၊ အမျိုးသားရေးအမြင်ဖြင့် ကြည့်သင့်ကြောင်း ရေးသားထားသည်။
arakanese ဟုအမည်ပေးထားသော ဘလော့ဂ်တစ်ခုတွင် “ရခိုင်ပြည်နယ် တရားသူကြီး အဖွဲ့ ဥက္ကဌ ဦးထွန်းမြဦး ၏ ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားသားဘင်္ဂလီ လူမျိုးများ ခိုးဝင် လွှမ်းမိုးမှု အန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ တင်ပြချက်” ဟုသော စာတမ်းတစ်စောင် ဖတ်ရပါသည်။( http://lovelyarakanese.blogspot.com/2012/06/blog-post_20.html?zx=826f2d643ac1e766 )
၁၉၈၄ - ခု ၊ သြဂုတ်လ (၁၅) ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသော စာတမ်း၏တစ်နေရာတွင် စိတ်ဝင်စားဖွယ်ကောင်း သော၊ ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ဘာသာဝင်ဦးရေ၏ တိုးပွားလာနေမှုကို မီးမောင်းထိုးပြထားသော တင်ပြချက်တစ်ခု ကို တွေ့ရ့ပါသည်။ အောက်ပါအတိုင်းဖြစ်ပါသည်။
ဘားမားဂေဇတ်တီးယား၊ စစ်တွေခရိုင် အတွဲ(က) တွင် ၁၈၇၂-ခုနှစ်ထိ စစ်တွေခရိုင်၌ မဟာ မေဒင်ဝင် ဦးရေမှာ (၅၈၂၅၅)- ဦးရေသာရှိကြောင်းဖော်ပြထားပါသည်။ ၅၈၂၅၅ ဦးသော လူဦးရေကို အခြေခံပြီး တစ်နှစ်လျှင် ၂ % လူဦးရေ အတိုးအပေါ် မူတည်တွက်လျှင် ဗြိတိသျှနယ်ချဲ့ မသိမ်းပိုက်မှီ မဟာမေဒင် ဘာသာဝင် ဘင်္ဂလီ လူမျိုး လူဦးရေမှာ ၂၅၀၀၀ - ခန့်သာ ရှိမည်ဟု ခန့်မှန်းနိုင်ပါသည်။
၁၈၇၂-ခုနှစ်တွင် စစ်တွေခရိုင်၌ရှိခဲ့သော မဟာမေဒင် ဘာသာဝင် ဦးရေ ၅၈၂၅၅ ဦးကို အခြေခံပြီး တနှစ်မှာ လူဦးရေ အတိုး ၂% အပေါ်မူတည်ပြီး တွက်လျှင် ၁၈၇၂-ခု မှ ၁၉၈၃-ခုနှစ်ထိ (နှစ်ပေါင်း ၁၁၁) အတွင်းမှာ မဟာမေဒင်ဘာသာဝင် ဘင်္ဂလီလူမျိုး ဦးရေမှာ (၅၈၂၅၅ + ၁၂၉၃၂၇) ဦးသာ ရှိမည် ဖြစ်ပါသည်။ ယခု (၁၉၈၄) စစ်တွေ အပါအဝင် ၉ မြို့နယ်တွင် ဘင်္ဂလီလူမျိုး ဦးရေမှာ (၅၂၉၃၉၆) ရှိကြောင်းသက်ဆိုင်ရာမှ စာရင်းအရသိရပါသည်။ အမှန်တကယ်ရှိသင့်သည့် လူဦးရေထက် (၃၄၁၇၈၇) ဦးပိုနေကြောင်း တွေ့ရပါသည်။ ဤပိုနေသော ဘင်္ဂလီလူမျိုးများမှာ နောက်ထပ် ခိုးဝင်လာကြသူများ သာ ဖြစ်ကြပါသည်။ ယခုအခါ (၁၉၈၄) ရခိုင်ပြည်နယ် တခုလုံးမှာ ဘင်္ဂလီလူမျိုးဦးရေ (၅၄၈၉၀၀) ထိရှိနေပြီ ဖြစ်ကြောင်းတွေ့ရပါသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အနီးစပ်ဆုံးဒေသများဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ် တို့တွင် ဒုတိယကမ္ဘာစစ်မဖြစ်မီက မဟာမေဒင်ဘာသာဝင် ဘင်္ဂလီလူမျိုးအခြေစိုက် နေထိုင်မှုကို လေ့လာပါလျှင် ၁၉၂၁-ခုနှစ်တွင် မောင်တောမြို့နယ်၌ (၆၈၃၀၅) ဦးသာရှိခဲ့ရာမှ ၁၉၃၁-ခုနှစ်တွင် (၁၀၄၃၀၀) ဦးသို့၎င်း၊ ၁၉၄၁-ခုနှစ်တွင် (၁၂၄၄၅၂) ဦးသို့၎င်း၊ ၁၉၇၁-ခုနှစ်တွင် (၂၀၅၇၇၇) ဦးသို့၎င်း၊ ၁၉၇၃-ခုနှစ်တွင် (၂၁၀၈၇၅) ဦးသို့၎င်း၊ ၁၉၈၃-ခုနှစ်တွင် (၂၄၂၂၈၂) ဦးသို့၎င်း တိုးတက်လာခဲ့ပါသည်။ ဘူးသီးတောင်မြို့နယ်တွင် ၁၉၁၁-ခုနှစ်တွင် (၃၃၈၅၀) ဦးရှိခဲ့ရာမှ ၁၉၃၁-ခုနှစ်တွင် (၅၉၂၇၉) ဦးသို့၎င်း၊ ၁၉၄၁-ခုနှစ်တွင် (၇၀၇၂၇) ဦးသို့၎င်း၊ ၁၉၇၁-ခုနှစ်တွင် (၁၃၆၀၁၉) ဦးသို့၎င်း၊ ၁၉၇၃-ခုနှစ်တွင် (၁၃၉၆၈၆) ဦးသို့၎င်း၊ ၁၉၈၃-ခုနှစ်တွင် (၁၄၀၅၉၉) ဦးသို့၎င်း တိုးတက်ခဲ့ပါသည်။ ၁၉၈၃-ခုနှစ်တွင် မောင်တောမြို့နယ်၌ရှိသော ဘင်္ဂလီလူမျိုး (၂၄၂၂၈၂) ဦးရေသည် ၁၈၇၂ခုနှစ် စစ်တွေခရိုင်တခုလုံး တွင်ရှိသော လူဦးရေ (၅၈၂၅၅) ၏ ၄.၁၅ ဆ ပိုနေကြောင်းတွေ့ရပါသည်။
မွတ်ဆလင်တို့၏ယုံကြည်မှု၊ အိမ်ထောင်ရေးစနစ်နှင့် သားဆက်ခြားစီမံကိန်းမရှိခြင်းတို့က ရခိုင်ပြည်နယ်အတွင်း တရားမ၀င်အခြေချနေထိုင်ကြသူတို့အ၀န်းအ၀ိုင်းတွင် လူဦးရေပေါက်ကွဲမှုတစ်ရပ်ကို ဖြစ်ပေါ်နေစေခဲ့သည်။ (2012 ခုနှစ် တွင် နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံထားရသေးသူ လူဦးရေရှစ်သိန်းမှ တစ်သန်းကျော်အထိရှိနိုင်ကြောင်း စာရင်းဇယားများ ထွက်ပေါ်လာနေခြင်းသည် နှစ်ပေါင်းများစွာ ကတည်းက ဖြစ်တည်နေသော ပြဿနာကိုမရှင်းလင်းနိုင်မှု၏ အကျိုးဆက်ပင်ဖြစ်၏။)
ထို့အခြေအနေများကြောင့် 1978 ခုနှစ် ဖေဖေါ်ဝါရီလ(၁)ရက်နေ့တွင် “နဂါးမင်းစီမံချက်” စစ်ဆင်ရေးဖြင့် ပြည်ပမှ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်လာခြင်းကို ကာကွယ်တားဆီးဟန့်တားခဲ့သည်။ ထိုစီမံချက်ကို ကြောက်လန့်ပြီး ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားကြသော စစ်တကောင်းသား ဘင်္ဂါလီ အိမ်ထောင်စုပေါင်း(၂၅၉၉၅)၊ လူဦးရေအားဖြင့်(၁၅၆၆၉၉)ဦးဖြစ်သည်။ ထိုကာလကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ တရားမ၀င် လာရောက်အခြေချနေသူများမှာ များပြားလှသည်ကိုတွေ့ရမည်ဖြစ်၏။
2010 ခုနှစ်သည် မြန်မာ့နိုင်ငံရေးအား တစ်ဆစ်ချိုးကွေ့ပေးမည့် ထူးခြားသောနှစ်ဖြစ်သည်။ ထိုကာလက တာဝန်ယူထားသော အစိုးရသည် 2010 ရွေးကောက်ပွဲ အတွက် လိုအပ်သမျှ ပြင်ဆင်ခဲ့ရ၊ ချောမွေ့စွာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြရသည်။ ထိုဖြစ်စဉ်တွင် မဲပေးခွင့်ရှိသူ အရေအတွက်ကိုလည်း စနစ်တကျ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြ ပါလိမ့်မည်။ သို့သော် ထိုဆောင်ရွက်မှုသည် ကျွန်တော်တို့၏ အနောက်ဘက်တံတိုင်းဒေသကို တစ်စုံတစ်ရာ ဆိုးကျိုး ရိုက်ခတ်မှု ဖြစ်လာခဲ့စေသည်လား (သို့မဟုတ်) တာဝန်ယူဆောင်ရွက်ခဲ့သူတို့ နောက်ကျောကို ဓားနှင့်အထိုးခံခဲ့ရသည် လား ဆိုသည့် မေးခွန်းတစ်ခု ဖြစ်ပေါ်စေမည့် အကြောင်းအရာတစ်ချို့ ဖတ်ခဲ့ရသည်။
UNHCR, The UN Refugee Agency ၀က်ဘ်ဆိုဒ် စာမျက်နှာ၏ Myanmar ဟူသော ခေါင်းစီးအောက်တွင် 2012 UNHCR country operations profile – Myanmar,Working environment ဟူသော စာတစ်ပုဒ်တွင်ဖြစ်၏။
http://www.unhcr.org/cgi-bin/texis/vtx/page?page=49e4877d6 တွင် ဖေါ်ပြထားသော စာတစ်ပိုဒ်ဖြစ် သည်။ သူ့ဖေါ်ပြမှု မူရင်းအတိုင်းပင် ဖတ်ကြည့်ကြစေချင်ပါသည်။
In NRS, UNHCR assists some 800,000 Muslim residents who do not have citizenship. Members of this group were allowed to vote in the November 2010 elections, using temporary registration cards issued for that purpose by the Government. Initial discussions on replacing the temporary documents with cards denoting full citizenship took place at different administrative levels, but did not yield any concrete results. Indeed, there has been no improvement in the legal status or living conditions of the Muslim residents of NRS.
ထိုဖေါ်ပြချက်သည် ရခိုင်ပြည်နယ်ရှိ တရားဝင်နိုင်ငံသားကဒ်မရှိသူ မွတ်ဆလင်လူဦးရေရှစ်သိန်းအတွက် မဲပေးခွင့် ရစေနိုင်ရန်ရည်ရွယ်ချက်ဖြင့် 2010တွင်ယာယီမှတ်ပုံတင်(နိုင်ငံသားကဒ်)များ ထုတ်ပေးခဲ့သည်ဟူသော အထောက်အထား ပင်ဖြစ်သည်။ အမှန်တကယ်ပင် မဲပေးခွင့်တစ်ခုတည်းအတွက် နိုင်ငံသားမဟုတ်သူ လူရှစ်သိန်းကို မှတ်ပုံတင်ပေးခဲ့ရသည် ဆိုလျှင် နိုင်ငံအတွက် အလွန်တန်ဖိုးကြီးလှသော အရင်းအနှီးဟု ဆိုရပေမည်။ သို့တည်းမဟုတ်၊ ယခုဖေါ်ပြထားသော အချက်အလက်များသည် မမှန်ခြင်း၊ မပြည့်စုံခြင်း၊ လိမ်လည်ဖေါ်ပြခြင်း ဖြစ်ခဲ့လျှင်လည်း UNHCR အနေဖြင့် တိကျ ရှင်းလင်းသော ဖြေရှင်းချက်တစ်ခု ထုတ်ဖေါ်ပေးသင့်/ပေးရတော့မည် ဖြစ်သည်။ UNHCR ၏ ၀န်ထမ်းအချို့လည်း 2012 ရခိုင့်အရေးအခင်းတွင် ပါဝင်ပတ်သက်နေ၍ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ၅၀၅(ခ)ဖြင့် အရေးယူထားခြင်းမျိုးရှိနေကြောင်း သတင်းတစ်ချို့တွင် ဖေါ်ပြထားသည်ကို တွေ့နေရပါသည်။
ခေတ်အဆက်ဆက်က အုပ်စိုးသူတို့အမှား၊ နိုင်ငံရေးသမားတို့၏ လိုဘနှင့် ကစားကွက်များအောက်တွင် ရခိုင် အမျိုးသားများအနေဖြင့် ကိုယ့်မြေကိုယ့်ယာကိုပင် ဆုတ်ခွာပေးရလောက်မည့် အခြေအနေဆိုးများနှင့် ကြုံတွေ့ကြရ လေမည်လောဟူသော စိုးရိမ်စိတ်ဖြင့်ပင် ကျွန်တော် “အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်” မိပါတော့သည်။
(အပိုင်း ၇)
(၅)
2012ခု၊ဇွန်လ ရခိုင့်အရေးအခင်းကို လူများစုဗုဒ္ဓဘာသာနှင့် လူနည်းစုမွတ်ဆလင် ဘာသာအကြား ဖြစ်ပွားခဲ့ သော အဓိကရုဏ်းကြီးအဖြစ်လည်းကောင်း၊ လူများစုက လူနည်းစုကိုအနိုင်ကျင့်ပြုခြင်းအဖြစ်လည်းကောင်း၊ လူမျိုးတုန်း သတ်ဖြတ်မှုကြီးအဖြစ်လည်းကောင်း၊ ဘာသာရေးဖိနှိပ်မှုအဖြစ်လည်းကောင်း၊ မွတ်ဆလင်ကမ္ဘာနှင့် နိုင်ငံတကာမီဒီယာ တစ်ချို့က (မြန်မာဘာသာဖြင့် အသံလွှင့်နေသော ပြည်ပအခြေစိုက် ရေဒီယို အချို့အပါအ၀င်) ကျယ်ကျယ်လောင်လောင် ဖေါ်ပြနေကြ/ကန့်ကွက်နေကြသည်။
- လန်ဒန်အခြေစိုက် BROUK (Burmese Rohingya Orgnization,UK) ဥက္ကဌ ဦးထွန်းခင်သည် 2012 ဇွန်လက ဗြိတိတိန်ပါလီမန်အစည်းအဝေးတစ်ရပ်တွင် ရခိုင်ပြည်နယ်က မွတ်ဆလင်များအကြမ်းဖက်ခံ နေရခြင်းကို ရပ်တန့်သွားအောင် ဗြိတိသျှအစိုးရနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာအစိုးရအား ထိရောက်စွာ ဖိအားပေးဟန့်တားရန် တောင်းဆို တင်ပြသွားခဲ့သည်။
- ဇူလိုင်လ ၁၈ ရက်နေ့ကလည်း အရှေ့အလယ်ပိုင်းဒေသ ဂါဇာကမ်းမြောင်ဒေသရှိ ကုလသမဂ္ဂ UNSCO ရုံးရှေ့ တွင် Hamas နှင့်ဆက်သွယ်မှုရှိသော ပါလက်စတိုင်းအဖွဲ့ဝင်တချို့က ရခိုင်ပြည်နယ်အရေနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့ကြ၏။
A Palestinian supporter of the Popular Resistance Movement linked Hamas, holds a sword during a demonstration calling to stop killing the Burmese Muslims in Myanmar, in front of the United Nations Special Coordinator for the Middle East Peace Process (UNSCO) offices in Gaza City, Wednesday, July 18, 2012. (AP Photo/Adel Hana)
- http://www.abna.ir/data.asp?lang=3&id=329833 ဟူသည့်စာမျက်နှာ၌ Ahlul Bayt News Agency သတင်း၏ရေးသားချက်များတွင် “အီရန်နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာတရားရေးဌာန” က ထုတ်ပြန်သည့် ကြေငြာချက်တစ်စောင်တွင် မြန်မာနိုင်ငံအတွင်းရှိ လူနည်းစုမွတ်စလင်များအား သတ်ဖြတ်နေမှုများအပေါ် အမြန်ဆုံး ရပ်ဆိုင်းရေးအတွက် အရေးယူဆောင်ရွက်ပေးရန် မြန်မာအာဏာပိုင်များကိုတောင်းဆိုကြောင်း၊ ယင်းလုပ်ရပ်များကို ရှုတ်ချကြောင်း၊ လွန်စွာ ၀မ်းနည်းမှု ဖြစ်ရကြောင်း၊ မွတ်စလင်နိုင်ငံများအနေနှင့်လည်း စိုးရိမ်ပူပန်မှု ဖြစ်နေရကြောင်း ဖေါ်ပြပါရှိသည်ဟု ဖတ်ရပါသည်။ ဓါတ်ပုံတစ်ပုံနှင့် ယှဉ်တွဲဖေါ်ပြထားသော မူရင်းစာသားများကို ဖေါ်ပြလိုက်ပါသည်။
- (Ahlul Bayt News Agency) - The Judiciary’s Human Rights Headquarters in a statement on Tuesday called on Myanmar officials to take prompt actions to stop the massacre.
It said, “The news on extensive killing of Muslims in Myanmar has worried Muslim countries, including Iran. Condemning and voicing deep sorrow over the crimes against Muslim minority in Myanmar, Iranian officials would try to gather reliable and precise information on the crime which is considered an ethnic cleansing and genocide.”It called for an immediate end to discriminating approach towards Muslims in the four corners of the world.
- http://twocircles.net/2012jul21/huge_demonstration_punjab_against_muslim_massacres_myanmar.html စာမျက်နှာတွင် 20-7-12 ရက် သောကြာနေ့ဗလီဆင်းချိန်တွင် အန္ဒိယပြည်၊ ပန်ဂျပ် ပြည်နယ် တွင်လည်း မြန်မာပြည်တွင် မွတ်ဆလင်များအသတ်ခံနေရပါပြီဟု အာရပ်ကမ္ဘာနှင့် အိန္ဒိယအစိုးရကို တိုင်တည် ဖိအားပေးဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့သည်။ (ထိုနေ့၊ ထိုအချိန် ဗလီဆင်းချိန်တွင်ပင် စစ်တွေမြို့ သဲချောင်းမှ မွတ်ဆလင်များ က မင်းဂံရပ်ကွက်အတွင်း ရန်ပြုဝင်ရောက်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။)
- လက်ရှိအာဆီယံအတွင်းရေးမှူးချုပ် တာဝန်ယူထားသူ၊ ကမ္ဘောဒီယားနှင့်ထိုင်း ဟိန္ဒူဘုရားကျောင်းလုစဉ်က နုတ်ဆိတ်နေတတ်လွန်းသူ အစ္စလာမ်ဘာသာဝင် ဒေါက်တာဆူရင်းဖစ်ဆူဝမ်(ထိုင်းနိုင်ငံသား) က မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာတို့နှင့် နိုင်ငံအတွင်းဖြစ်ပွားခဲ့သောကိစ္စများကို မြန်မာအစိုးရက နိုင်ငံတကာအသိုင်းအဝိုင်း သို့ ပြည့်ပြည့်စုံစုံရှင်းပြမည်ဟု ယူဆကြောင်း (၁၉)ကြိမ်မြောက်အာစီယံအစည်းအဝေး(ဖနွမ်းပင်)တွင် ပြောကြားခဲ့သည်။
- 2012-08-02 နေ့စွဲဖြင့် ဖေါ်ပြထားသော RFA နှင့် VOA သတင်းများတွင် မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ် ကျော်ထွက်ပြေးလာသော Rohingya မွတ်စလင်ဒုက္ခသည်များကို ကူညီထောက်ပံ့နေသည့် နိုင်ငံတကာ ကုသိုလ်ဖြစ်အဖွဲ့အစည်း သုံးခုအား အကူအညီပေးနေမှုများ ရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ်လိုက်ကြောင်း သတင်းများ တစ်ပြိုင်နက်ပါရှိခဲ့ကြသည်။ အဆိုပါအဖွဲ့များမှာ ပြင်သစ် အခြေစိုက် MSFနယ်စည်းမခြားဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ်ရေးအဖွဲ့နှင့် ဗြိတိန် အခြေစိုက် Muslim AID UK အဖွဲ့တို့ ဖြစ်ကြသည်။
ထိုသို့ နိုင်ငံတကာဖိအားများချိန်၊ မဟုတ်တန်းတရား သတင်းလိမ်များ၊ ချဲ့ကားသတင်းများဖြင့် မီးလောင်ရာ လေပင့်လုပ်နေကြချိန်တွင်၊ မြန်မာအ၀န်းအ၀ိုင်းအများအပြားအသုံးပြုနေသော face book စာမျက်နှာများပေါ်တွင်လည်း ပြည်တွင်းနေ အစ္စလမ်ဘာသာဝင်များကို ထိုသတင်းမှားများအတွက် ပြန်လည်တုန့်ပြန်ဖြေရှင်းပေးကြပါရန်နှင့် ပေးသင့်ပြီ ဖြစ်ကြောင်း တိုက်တွန်း နိုးဆော်ချက်များ အပြန်အလှန်ဆွေးနွေးမှုများ ခပ်စိတ်စိတ်တွေ့လာရသည်။
ထိုအချိန်တွင် ပေါ်ထွက်လာသော ကြေငြာချက်တစ်စောင်ကိုထုတ်နှုတ်ပြလိုပါသည်။ “ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် များ၏ သဘောထား” ဟူသောခေါင်းစဉ်ဖြင့်ဖြစ်သည်။
ရေသားသူနှင့်၊ ရေးသားမှုမှတ်တမ်းမှာ by Maungmaung Skw on Monday, July 30, 2012 at 5:04am · ဖြစ်၏။ တစ်ဦးတစ်ယောက်တည်း၏ သဘောဖြင့်ရေးခြင်းလား (သို့မဟုတ်) ဖေါ်ပြထားသောအဖွဲ့၏ သဘောထားလား ဆိုသည်ကို ရှင်းလင်းစွာမသိနိုင်သလို စာပါဖေါ်ပြထားသည့်အဖွဲ့အစည်းများသို့ တရားဝင်ပေးပို့ထားခြင်း ဟုတ်မဟုတ် ကိုလည်း ခြေရာကောက်ဖို့ခက်ခဲ၏။ သို့သော်လည်း မန္တလေးအခြေစိုက် မြန်မာမွတ်ဆလင်အဖွဲ့မှ ဦးမောင်မောင်က Popular Myanmar News Journal သို့
''ကျွန်တော်တို့က ပြည်တွင်းမှာ အနေကြာလာခဲ့ပြီလေ။ ပဋိပက္ခမျိုးတွေက ရှိတတ်ကျပေမယ်လို့ဖြစ်ကြတဲ့အခါ မှာ ညှိညှိနှိုင်းနှိုင်းဖြေရှင်းခဲ့ကြတာတွေကြီးပါပဲ။ အခုဟာက နိုင်ငံတကာကပါ ပါလာနေတော့ အခုဖြစ်နေတဲ့ ပဋိပက္ခတွေ ပေါ်မှာ မြန်မာမွတ်ဆလင်ဘာသာဝင်များရဲ့သဘောထားကို ထုတ်ပြန်ကြေညာလိုက်တာပါ။ မြန်မာဘာသာဖြင့် ကြေညာ ချက် ထုတ်ပြန်ပြီးဖြစ်သည့်အပြင် အင်္ဂလိပ်ဘာသာဖြင့် ထပ်မံဖြန့်ဝေသွားဦးမည်ဟု၎င်းကဆိုသည်။ နိုင်ငံခြား သတင်းဌာန တွေကိုပါ ဖြန့်ဝေပေးသွားမှာပါ''ဟုလည်းပြောဆိုသွားကြောင်း ဖတ်ရပါသည်။
မူရင်းကြေငြာချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကို ချစ်မြတ်နိုးသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်အနေနှင့် နိုင်ငံတကာရှိ အစ္စလာမ် ဘာသာဝင်များ၊အစိုးရအဖွဲ့များ၊ကုလသမဂ္ဂအဖွဲ့အစည်းများ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ရှေးယခင်နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင် များလက်ထက်ကထဲက လူမျိုးစုံ ဘာသာတရားမျိုးစုံနှင့် အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နေခဲ့ကြသူများဖြစ်ပါသည်။
တမိထဲမှမွေးဖွားလာသော တအူတုံဆင်း ညီအစ်ကိုမောင်နှမ အရင်းအချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာရှိတတ်ပါသည်။
ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတွင်လည်း လူမျိုးစုံဘာသာစုံဖြစ်သည့်အားလျှော်စွာ သဘောထား အမြင်ကျဉ်းမြောင်းသူများ-အယူသီးသူများ-တယူသန်သူများ ထိပ်တိုက်တွေ့သောအခါ ပဋိပက္ခ အထိကရုန်းအသွင်ဆောင်သောပြသနာများ ဖြစ်ပွားခဲ့သည်မှာ မငြင်းနိုင်သော ကိစ္စများဖြစ်ပါသည်။
မကြာခဏ ဖြစ်ပွားခဲ့သောပြသနာများကို နိုင်ငံတော်မှ တာဝန်ရှိသူများက မှန်မှန်ကန်ကန် ဖြေရှင်းပေးသည်ဖြစ်စေ-မဖြေရှင်းပေးသည်ဖြစ်စေ ကျွန်ုပ်တို့အချင်းချင်း ဖြစ်သည့်နည်းနှင့် ပြေလည် အောင် တည်ငြိမ်မှုရှိအောင် ဖြေရှင်းခဲ့သည်သာဖြစ်ပေသည်။
ကျွန်ုပ်တို့အချင်းချင်းဖြစ်သော ပြသနာများအတွက် မည်သည့်ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်။
ပြည်ပမှ ကျွန်ုပ်တို့၏ပြသနာများအတွင်းဝင်ရောက် စွက်ဖက်မှုများရှိလာသည့်အခါ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များအတွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာဖြစ်ပေါ်စေခဲ့သော သာဓကများရှိခဲ့ပါသည်။
မည်သည့် အကြောင်းပြချက်နှင့်ပြုလုပ်သည်ဖြစ်စေ တာလီဘန်များက ဗုဒ္မရုပ်ပွားတော်များကို ဖျက်စီးခဲ့သည့် အကျိုးဆက်များသည် ကျွန်ုပ်တို့အတွက် ဆိုးယွားလှစွာသော ဘာသာရေးစော်ကားမှု အမည်းစက်အဖြစ် အပြစ်တင်ခံနေရဆဲဖြစ်နေပါသည်။ရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများ သက်ရှိ ထင်ရှား ရှိနိုင်တော့မည်မဟုတ်တော့ပါ။သို့သော် သူတို့၏ မှားယွင်းသော လက်တုန့်ပြန် ဖျက်ဆီးမှုဒဏ် ကို ကျွန်ုပ်တို့က ယနေ့တိုင်ခံစားနေရဆဲဖြစ်ပါသည်။
ယခုတဖန် ရခိုင်ပြည်နယ် တွင်ပြသနာများဖြစ်ပွားလာသောအခါ နိုင်ငံတကာမှ ဂယက်ရိုက်မှု များ ဖြစ်ပွားလာပြန်ပါသည်။
ရခိုင်ပြသနာသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့သလို တရားဥပဒေ စိုးမိုးရေးပြသနာကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းမှု မရှိသည့်အတွက် မလိုလားအပ် သောပြသနာများ ဆက်လက်ပြန့်ပွားဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ပါသည်။
နိုင်ငံအုပ်ချုပ်သူများ၏ လျှင်မြန်မှန်ကန်စွာဖြေရှင်းမှုမရှိခြင်း၊ပြည်တွင်းမီဒီယာများ၏ မှားယွင်း သော သတင်းတင်ပြမှုများ-စိတ်ဆန္ဒစောတင်ပြမှုများအပေါ် အခြေခံကာ ပြည်တွင်းအင်တာနက် စာမျက်နှာများပေါ်တွင် နယ်စပ်ပြသနာကို ပြည်တွင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထံသို့ပါ ကူးစက်ပြန့်ပွားလာစေရန်ကျိုးပမ်းအားထုတ်မှုများ၊အစ္စလာမ်ဘာသာဝင်များကိုဆဲဆိုစော်ကားမှုများ၊ခြိမ်းခြောက်မှုများ များစွာဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကိုလိုလားသော ဗုဒ္မဘာသာဝင် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၏ ပူးပေါင်းကူညီမှုဖြင့် ပြသနာရပ်များပြန့်နှံ့မလာအောင် ကျွန်ုပ်တို့ တားဆီးထားနိုင် ခဲ့ပါသည်။
ကျန်ရှိနေသေးသော ပြသနာများကိုဖြေရှင်းရန်မှာ နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရ၏ တာဝန်သာဖြစ်ပါသည်။
ထိုသို့ဖြေရှင်းရာတွင် နှစ်ရှည်လများဖြစ်ခဲ့သည့်ပြသနာဖြစ်ခြင်း-နယ်စပ်မှတရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုများ ရှိနေခြင်း-တဘက်နှင့်တဘက် မဖြစ်နိုင် သောတောင်းဆို အပြစ်တင်မှုများရှိနေခြင်း-များပြားလှစွာသော ပြသနာများ ဖြေရှင်းရန်ရှိနေခြင်းတို့ကြောင့် လည်းကောင်း ၊နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရလည်းကောင်း ထိုက်သင့်သည့် အချိန်ယူဖြေရှင်းရမည့် ကိစ္စဖြစ်နေပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊အစိုးရများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြ သော အစ္စလာမ်ဘာသာဝင်များအတွက် စစ်မှန်သော အကူအညီ ပေးအပ်လိုသည်ဆိုပါက-နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစို့ရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သောရုပ်ဝတ္ထုပစ္စည်း အကူအညီများ၊ ငွေရေးကြေးရေးအကူအညီများ၊ နည်းပညာအကူအညီများ ပေးရန်သာအကြောင်းရှိ ပါသည်။
ယခုလုပ်ဆောင်နေသော နိုင်ငံတကာရှိမြန်မာသံရုံးများရှေ့တွင် ဆန္ဒပြခြင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအားစော်ကားမော်ကားပြုမီးရှို့ပြခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသမ္မတ ကြီး၏ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊မြန်မာနိုင်ငံ၏အကျိုးစီးပွားများအား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် မည်သည့်အကျိုးတရားကိုမှ ရရှိလာမည်မဟုတ်ဘဲ-ပြည်တွင်းမှ အစ္စလာမ် ဘာသာဝင်များအတွက် ပိုမို ခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလိုသာဖြစ်မည် ကို သတိချပ်သင့်ပါသည်။
အီရန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကိစ္စအပေါ် ကုလသမဂ္ဂတပ်များစေလွှတ်ရန် တိုက်တွန်းမည့် အစား အခြေအနေပိုမိုဆိုးယွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါသည်။ထိုနည်းတူစွာ ဟစ်ဘိုလာအဖွဲ့သည်လည်း အီရန်နိုင်ငံ၏နောက်မှ သံယောင်မလိုက်သင့်ပါ။ ပါကစ္စတန်နိုင်ငံအနေနှင့် လည်း မြန်မာနိုင်ငံအပေါ်ရန်လိုသော သဘောထားများမထားသင့်ပါ။တာလီဘန်အဖွဲ့အနေနှင့်လည်း မြန်မာနိုင်ငံသူနိုင်ငံသားများ -မြန်မာနိုင်ငံ၏အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှု လုပ်ခွင့်မရှိပါ။
မြန်မာနိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်ရန်မှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် များ၏တာဝန်လည်းဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်လာပါက ကျွန်ုပ်တို့မှလည်း အသက်ပေး ကာကွယ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိစေအပ်ပါသည်။
သို့ဖြစ်သည့်အတွက် သက်တမ်းနုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီစနစ် တိုးတက်ရာ တိုး တက်ကြောင်းအတွက်လည်းကောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျနေသောနိုင်ငံတော် လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်းကောင်း အပြု သဘောနှင့် ဝိုင်းဝန်းအကူအညီပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
အစ္စလာမ်သာသနာတော်၏အဆုံးအမများနှင့် ကိုက်ညီမှုမရှိသော- နိုင်ငံတကာမှ လက်မခံနိုင် သော- ပြည်ထောင်စုမြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာမရွေ က လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းမှားထုတ်ပြန်ခြင်း၊ သတင်းမှန်ကိုချဲ့ကားဝါဒဖြန့်ခြင်း၊ နိုင်ငံတော်-နိုင်ငံတော် အလံနှင့် နိုင်ငံခေါင်းဆောင်ကြီးများအား စော်ကားမော်ကားပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန် လေးနက် တည်ကြည်စွာမေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။
မြန်မာမွတ်စလင်မ်အဖွဲ့
မန္တလေးမြို့။
၂၀၁၂ခုနှစ်၊ဇူလိုင်လ(၃၀)ရက်၊တနင်္လာနေ့။
(မူရင်းသတ်ပုံများအတိုင်းဖြစ်သည်)
မည်သို့ပင်ဖြစ်စေ၊ တည်ငြိမ်နေးချမ်းစွာနေထိုင်လိုသော ပြည်တွင်းနေမွတ်ဆလင် (အနည်းဆုံး တစ်ဦးတစ် ယောက်၊ တစ်စုတစ်ဖွဲ့)များ၏ သဘောထားကောင်းကို ထင်ဟတ်သော ကြေငြာချက်ဖြစ်သည်ဟု မှတ်ချက်ပြုရမည်ဖြစ် သည်။
အမှန်မှာ ရခိုင်တို့နှင့် ရိုဟင်ဂျာတို့ပြဿနာသည် ယခုမှ ကောက်ကာငင်ကာ ပေါ်ပေါက်လာသည့် ပြဿနာ မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်ဘာသာဝင်များကြားက ဘာသာရေးပဋိပက္ခလည်း မဟုတ်ပါ။ ဘာသာမတူ ကွဲပြားမှုကြောင့်၊ လူများစု ဗုဒ္ဓဘာသာဝင်ရခိုင်တို့က လူနည်းစုမွတ်ဆလင်များကို အနိုင်ကျင့်သတ်ဖြတ်နေခြင်းက ပို၍ မဟုတ်ပါ။ ထိုသို့ “ဟုတ်သည်” ဟုပြောဆိုနေကြသူများသည် သမိုင်းနောက်ခံကို မသိကြခြင်း/မလေ့လာကြခြင်း (သို့မဟုတ်) သိလျက် အဖြစ်မှန်ကို ပုံဖျက်ကာ အကြံစည်တစ်ခုခုအတွက် လုပ်ဆောင်ကြခြင်းသာဖြစ်ပါလိမ့်မည်။
(အပိုင်း ၈)
ဖြစ်ပွားခဲ့သော ပြဿနာအပေါ်တွင် ဘာသားရေးဖိနှိပ်မှု ပုံစံပေါ်စေရန် စနစ်တကျလုပ်ဆောင်နေကြခြင်းဟု ကောက်ချက်ပြုမိသည်။ မီဒီယာများ၏ ဝင်ရောက်ထိုးဖေါက်အားကိုလည်း တွေ့မြင်နေရ၏။ (အချို့သော အသံလွှင့်ဌာန အင်တာဗျူးများတွင် ဖြေဆိုသူက “ရိုဟင်ဂျာ”ဟူသော အသုံးအနှုန်းဖြင့် ဖြေကြားခဲ့သဖြင့် ရိုဟင်ဂျာဟူသော စကားလုံး သုံးလျှင် ထိုအသံဖိုင်ကို အသံလွှင့်မပေးနိုင်ဟု ငြင်းဆိုခဲ့ကြောင်း ကြားသိရသည်။ ကြားနေရမည့် မီဒီယာဆိုသော သဘောကိုပင် သွေဖယ်ခဲ့သည့် အချို့သော မီဒီယာများ၏ ရပ်တည်မှုနှင့် လုပ်ဆောင်ချက်သည် သံသယဖြစ်ဖွယ်ကောင်း နေသည်။) ထိုဖြစ်စဉ်များအတွက် ယခုမှ လတ်တလော ဖုတ်ပူမီးတိုက် လုပ်ဆောင်လာခြင်းမဟုတ်ပဲ လွန်ခဲ့သော နှစ်များစွာကတည်းက စနစ်တကျ ကြိုတင်စီစဉ် ထားသော စီမံချက်များဖြစ်နိုင်ကြောင်း တွေးတောမိစရာဖြစ်လာသည်။
“ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ဟူသည့် ခေါင်းစဉ်ဖြင့်ဖေါ်ပြထားသော ဆောင်းပါးတစ်ပုဒ်ပါ ရေးသားချက်သည်လည်း ရခိုင်အရေးတွင် ထည့်သွင်းစဉ်းစားဖို့ကောင်းသော နှိုင်းယှဉ်ဖေါ်ပြချက် တစ်ခုဖြစ်ပါသည်။
““ ၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့ အစ္စလာမ် ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့ လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲ ကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။””
ထိစပ်ဧရိယာ ဘူးသီးတောင်၊ မောင်တောအပါ လူဦးရေ (3.8)သန်း သာရှိသော ရခိုင်ဒေသသည် လူဦးရေ (148)သန်း ကျော်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ နယ်စပ်ဒေသဖြစ်သည်။ ထိုမျှသာမက ယဉ်ကျေးမှုပေါင်းစုံ၊ သစ္စာခံမှု အမျိုးအမျိုး၊ အာဏာပြောင်းလဲမှုအကြိမ်ကြိမ်ဖြင့် မတည်မငြိမ်သောရေခံမြေခံများ ဖြစ်ထွန်းတည်ရှိနေရာ “ထိစပ်နယ်မြေ” (Boderland) တစ်ခုလည်းဖြစ်သည်။ အထူးအန္တရာယ်မျဉ်းပေါ်က ဒေသဟု ဆိုနိုင်မည်ထင်သည်။ တစ်ဘက်နိုင်ငံမှ တရားမ၀င် လှိမ့်ဝင်လာနေသော လူ၊ မတူညီသည့် ကိုးကွယ်မှုနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များကို နိုင်သမျှအားဖြင့် အချိန်ပြည့် တွန်းလှန်အံတုထားရသော နေရာလည်းဖြစ်နေသည်။ “ဆရာကျော်ဝင်း”၏ ဆောင်းပါးတစ်ပုဒ်တွင် “ရှုတ်ထွေး သော နိုင်ငံတကာ ဆက်စပ် အခြေအနေတစ်ခုနှင့် ဆုံမိကြုံမိလျှင်၊ ဤဒေသမျိုးရှိ၊ သာမန် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများသည်ပင် ဆိုးဆိုးဝါးဝါးအခြေအနေအထိ ဦးတည်သွားတတ်သည်။ ယနေ့ပြဿနာကြုံတွေ့နေရသော ဘူးသီးတောင်၊ မောင်တော ဒေသမှာ ဤလိုနယ်မြေမျိုးဖြစ်သည်” ဟုရေးသားထားသည်ကို ဖတ်မှတ်ခဲ့ရဖူးသည်။
ထိုသို့သော ရေခံမြေခံမျိုးရှိသည့် ဒေသတွင် “ရခိုင်နေ ဘင်္ဂါလီနွယ် မွတ်ဆလင်အုပ်စု” က (North Arankan Muslim League) ကိုတည်ထောင်ပြီး၊ “ကုလားတန်နှင့် မေယုမြစ်ကြား ဒေသ” ကို “လွတ်လပ်သော မွတ်ဆလင်နိုင်ငံ” ထူထောင်ရန် ကြိုးပမ်းမှုများ ပေါ်ပေါက်သည်အထိ ဖြစ်ခဲ့ဖူးသည်။
- ခေတ်အဆက်ဆက်က နယ်ချဲ့ဝင်ရောက်လာသူ ဘုရင်များ၊ ကျူးကျော်စစ်ဖြင့် ရခိုင်ဒေသကိုသိမ်းပိုက် ရယူပြီး အရှင်သခင်လုပ်ခဲ့သူများ၊ အုပ်စိုးသူအဆက်ဆက်နှင့် နိုင်ငံရေးသမားများ၏ ကစားကွက်များကြားတွင် မြေဇာပင် ဖြစ်ခဲ့ကြရ၍ သမိုင်းချီနေသည့်နာကြည်းမှုများ
- ဆင်းရဲစွာရုန်းကန်နေကြရသည့် ရခိုင်လယ်သမားများသည် လူအင်အားဖြင့်ဖိ၍တစ်ဖုံ၊ ငွေအားဖြင့်စိုးမိုး ၍တစ်နည်း တစ်ဖက်နိုင်ငံသားများ၏ ၀ါးမြိုခြင်းခံနေရမှုများ၊
- ရင်ဆိုင်နေကြရသော အခက်အခဲအကြပ်အတည်းမှန်သမျှကို အစိုးရအဆက်ဆက်က လျစ်လျူရှုခဲ့ ကြသည်ဟု ထင်မြင်ခံစားနေရခြင်းများ၊
- ကျူးကျော်ဝင်ရောက်စိုးမိုးလာသူတို့နှင့် ဘာသာဗေဒ၊ ယုံကြည်ကိုးကွယ်ရာ၊ ယဉ်ကျေးမှု၊ နေထိုင်ခြင်း ဓလေ့စရိုက် ကွဲပြားခြားနားလွန်းမှုများ၊
- ထိုသို့ရင်ဆိုင်နေရသည့်အခြေအနေအောက်တွင် အမျိုးပျောက်မှာစိုးကြောက်လာသော သောကစိတ် များသည် ရခိုင်လူမျိုးတို့ကို ထိလွယ်ရှလွယ်သည့် အခြေအနေတစ်ခုရောက်အောင် တွန်းပို့ပေးနေဟန်ရှိသည်။
ရခိုင်သမိုင်းမှတ်တမ်းအချို့တွင် မကြာခဏဖေါ်ပြပါရှိသည်မှာ မြန်မာဘုရင်များ ရခိုင်ဒေသကို အုပ်ချုပ်ခဲ့သည့် (၄၂)နှစ်ကာလအတွင်း ရခိုင်အမျိုးသားများ ထိခိုက်ဆုံးရှုံးနာကျင်ခဲ့ရသည့်အချက်အလက်များ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
(ဥပမာ၊ ဗမာများ နှစ်ပေါင်း၄၂နှစ်အုပ်ချုပ်စဉ်အတွင်း၊ ရခိုင်သုံးသိန်းခန့်အသတ်ခံခဲ့ရကြောင်း၊ စစ်သုံ့ပန်း ငါးသောင်းကျော်ကို ဖမ်းဆီးကာ မိထ္ထီလာကန်ကို တူးဖေါ်စေခဲ့ကြောင်း။ သေဆုံးသူသုံ့ပန်းများ၏ အရိုးကို တာရိုးဖို့ရာတွင် သုံးခဲ့ကြောင်း၊ မြောက်ဦးရွှေနန်းတော်၏ ခေါင်မိုးကြေးပြားများကိုခွာယူကာ၊ မြသိန်းတန်နှင့် မင်းကွန်းခေါင်းလောင်း သွန်း လုပ်စေခဲ့ကြောင်း၊ ရခိုင်တို့၏ အထွဋ်အမြတ်ထားရာ၊ မဟာမြတ်မုနိဘုရားကြီးကို အပိုင်းပိုင်း ဖြတ်ကာ ရခိုင် စစ်သုံ့ပန်း များ အသုံးပြုပြီး မန္တလေးသို့ ကုန်းတစ်တန်ရေတစ်တန်ခရီးဖြင့် ပင့်ဆောင်သွားကြကြောင်း၊ ပိဋကပ်သုံးပုံအပါ ရခိုင်အမွေ အနှစ် ကျမ်းဂံပုရပိုဒ်များကို အမရပူရသို့ယူဆောင်သွားကြောင်း၊ 1798တွင် ရခိုင်လေးသောင်းကို စစ်မှုထမ်းရန် ဖမ်းဆီးခဲ့ကြကြောင်း 1799တွင် ရခိုင်ဒုက္ခသည်ငါးသောင်းကျော် စစ်တကောင်းနယ်ထဲ ထွက်ပြေးကြရကြောင်းနှင့် နောက်ဆုံးတွင် ရခိုင်ပြည်တွင် ရခိုင်ဦးရေသိန်းဂဏန်းမျှသာ ကျန်တော့ကြောင်း စသည်တို့ကို ရခိုင်သားတို့ပြောပြ နေသည့် သမိုင်း စာမျက်နှာများတွင်တွေ့ရှိနေရသည်။)
အဆိုပါဖေါ်ပြထားသည့် အချက်အလက်များမည်မျှတိကျမှန်ကန်သည်ကို မဆုံးဖြတ်နိုင်သော်လည်း ထိုဖေါ်ပြ မှတ်တမ်းတင်ထားမှုများကို ဖတ်ရသည်နှင့် ရခိုင်တို့၏နှစ်ပေါင်းများစွာကတည်းက ဒဏ်ရာအနာများကို တွေ့နိုင်မည် ဖြစ်၏။
1942 တွင် ဗြိတိသျှများဆုတ်ခွာချိန်တွင် ရခိုင်-ကုလား အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ အင်္ဂလိပ်တို့က နိုင်ငံရပ်ခြား မှ ရာပေါင်းများစွာသော ကုလားများကိုခေါ်သွင်းလာပြီး မြေယာများပေးခဲ့ခြင်းဖြင့် ကုလားမြေရှင်အများအပြားပေါ်ပေါက် လာခဲ့သည်။ တစ်ဖက်တွင် ရခိုင်တိုင်းရင်းသားတို့ လယ်ယာမြေများဆုံးရှုံးလာပြီး မြေမဲ့လယ်မဲ့ဘ၀ရောက်သူများလာခဲ့ သည်။ နှစ်ပေါင်းများစွာအမြစ်တွယ်လာခဲ့သော ရခိုင်လယ်ယာမဲ့များ၏ ပဋိပက္ခသည် 1942ခုနှစ် ရခိုင်-ကုလား အဓိကရုဏ်း ဖြစ်စေသည့် အချက်များထဲမှ အရေးပါသော အချက်တစ်ခုဖြစ်သည်။
အခြားသောအကြောင်းရပ်များမှာ ဗြိတိသျှတို့၏သွေးခွဲအုပ်ချုပ်ရေးစနစ်နှင့် ၁၃၀၀ပြည့် အရေးတော်ပုံကြီးအား အာရုံလွှဲရန်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့မှုများဖြစ်၏။ ဒေသသားရခိုင်တို့နှင့် ပြည်ပသား ကုလားတို့ကြားက ပဋိက္ခသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး ကစားကွက်များအောက်တွင် နှစ်ပေါင်းများစွာကတည်းက ဖြစ်တည်ရင့်မှည့်လာခဲ့သော ပြဿနာ ကြီး တစ်ရပ်သာဖြစ်သည်။
1942တွင် အင်္ဂလိပ်တို့ စစ်ဆုတ်ခွာချိန်က ၎င်းတို့အောင်မြင်စွာဆုတ်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံသား မဟုတ်သူများကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်ဟု အကြောင်းပြကာ လက်နက်များထုတ်ပေးခဲ့သည်။ စစ်၏ဆုတ်လမ်းတွင် သူတို့နောက်ကျောလုံခြုံရေးအတွက် စစ်ရေးစီမံချက်တစ်ခု ဖေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုဆောင်ရွက်ချက်က ဒေသ တွင်းနေ ရခိုင်များနှင့် ရခိုင်အခြေချပြည်ပသားများကို အချင်းချင်းရန်တိုက်ပေးခဲ့သလိုဖြစ်ခဲ့၏။
ထိုအခြေအနေအောက်တွင် အင်္ဂလိပ်စစ်တပ်မှ ကုလားစစ်သည်များနှင့် ဒေသခံကုလားများပေါင်းကာ ရခိုင် အမျိုးသားများကို သတ်ဖြတ်ခဲ့ကြသည်။ အင်္ဂလိပ်များ လက်နက်တပ်ဆင်ပေးခဲ့ခြင်းကြောင့် လက်နက်လက်ဝယ်ရှိသူတို့က လက်နက်မဲ့ ဒေသခံတိုင်းရင်းသားများအပေါ် ဘာသာရေးခေါင်းစဉ်တပ်ကာ လူမျိုးတုန်းသတ်ဖြတ်ရန် စတင်ကြိုးပမ်းခဲ့ကြ ခြင်းသည် အဓိကရုဏ်း၏ အစ မီးတောက်ပင် ဖြစ်၏။ အင်အားကြီးသူ လက်နက်ရှိသူတို့၏ နှိပ်စက်ဖိစီးအနိုင်ကျင့်မှုကို ရခိုင်ဒေသခံတိုင်းရင်းသားများ အလူးအလိမ့် ခံခဲ့ကြရသော သမိုင်းဖြစ်သည်။
မြေပုံမြို့နယ်၊ ချောင်းကြီးရွာမှ အစပြုသော အဓိကရုဏ်းသည်၊ အပြန်အလှန်လက်စားချေသတ်ဖြတ်မှုများဖြင့် ထိန်းမရအောင် ကြီးထွားလာခဲ့သည်။ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များသို့ ဆက်လက်ကူးစက်သွား၏။ မောင်တော မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်တို့ရှိ ရခိုင်ရွာများ အနည်းငယ်သာကျန်သည်အထိမီးရှို့ခံခြင်း၊ သတ်ဖြတ်ခံရခြင်းကြောင့် ရခိုင်များ “ဒိန္နာစပူရ်” စစ်ပြေးစခန်းထိရောက်အောင် ထွက်ပြေးကြရသည်။ မှတ်တမ်းများက ရခိုင်ဦးရေ(20000)ခန့် အသက်ဆုံးရှုံးခဲ့ရကြောင်းဖေါ်ပြခဲ့သည်။ မွတ်ဆလင်တို့၏ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို အကြီး အကျယ်ခံခဲ့ကြရသော မောင်တောနယ်တောင်ပိုင်းက “အလယ်သံကျော်”၊ ”တပ်တိုးပြင်”၊ “စပ်ချကုန်း”၊ “ရှောက်ကိန်း”၊ “မြို့ချောင်း” ရွာမှရွာသူရွာသားများသည် “ဒိန္နာစပူရ်” စစ်ပြေးစခန်းသို့ တစ်ဦးတလေမျှပင် ရောက်ရှိလာနိုင်ခဲ့ခြင်း မရှိကြောင်း၊ ရခိုင်-ကုလားအဓိကရုဏ်း ကိုယ်တွေ့မှတ်တမ်းကဆိုသည်။
စစ်အတွင်း ဗြိတိသျှအစီရင်ခံစာတွင် -
““ရသေ့တောင်ဒေသရှိ ရခိုင်ကျေးရွာများတွင် ဆိုးရွားပြင်းထန်သောဖြစ်ရပ်များနှင့် ၎င်းတို့ ခံစားရသော ပျက်စီးဆုံးရှုံးမှုများအကြောင်း ကြားသိရသည်။ မေယုမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာ အများစုမှာ စစ်တကောင်း အပျော်တမ်း တပ်ဖွဲ့၏ မီးရှို့ခြင်းနှင့် ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ၎င်းတို့ သည် ဘိုးဘွားပိုင်မြေများမှ နှင်ထုတ်ခံရသော ရခိုင်လူမျိုးများ ဖြစ်ပြီး ၎င်းတို့အား ကယ်ဆယ်ရန် အတွက် မျှော်လင့်ချက်မရှိကြောင်း” ရေးသားထားသည်ကို တွေ့ရသည်။
“မွတ်ဆလင်ရန်ကြောင့် ရခိုင်တို့စစ်ပြေးစခန်းသို့ ထွက်ပြေးသွားရသော်လည်း မွတ်ဆလင် ကုလားအများစုက ကျန်နေရစ်ခဲ့ကြသည်။ သူတို့သည် ထွက်ပြေးသွားသော ရခိုင်ရွာများတွင် ၀င်ရောက်နေထိုင်ခြင်း ရခိုင်တိုင်းရင်းသားပိုင် လယ်များကို ၀င်ရောက်လုပ်ကိုင်ခြင်းဖြင့် နေရာယူထား ပြီးဖြစ်သည်။ တစ်ဘက်နိုင်ငံသို့ စစ်အတွင်း ထွက်ပြေးခိုလှုံခဲ့ကြ သည့် ရခိုင်များသည် မိမိတို့နေရပ်သို့ ပြန်လာသောအခါ အိုးအိမ်များ မီးလောင်ပျက်စီး ဆုံးရှုံးနေခြင်း၊ မွတ်ဆလင်များက ရွာတည်၍နေထိုင် နေခြင်းတို့ကြောင့် အခြားမြို့များသို့ သွားရောက်နေထိုင်ကြရသည်။ ပြန်လည်ထူထောင်သော ကျေးရွာ များမှာ မြောက်ပိုင်းတွင် အသင့်အတင့်ပေါ်လာသော်လည်း၊ တောင်ပိုင်းဒေသတွင် ရွာလုံးကျွတ် သေကြေပျက်စီးမှုကြောင့် ပြန်လည်ထူထောင်နိုင်ခြင်းမရှိတော့သည်ကို တွေ့ရသည်” ဟု London India Office Record,R/8/9GS,4243 p-6 တွင်ဖေါ်ပြထားသည်ကို တွေ့ရမည်ဖြစ်သည်။
1942တွင် ထိုအရပ်ဒေသရှိ ရခိုင်လူမျိုးတို့၏ နေထိုင်ရမှုအခြေအနေသည် နှစ်ပေါင်းခုနှစ်ဆယ်ခန့် ကျော်လွန် လာသော ယနေ့အခြေအနေနှင့် မည်မျှကွာဟမှုရှိခဲ့ပါပြီနည်း။ သူတို့၏ စိတ်လုံခြုံမှု၊ ရပ်တည်နိုင်မှု၊ မြေယာနှင့် လုပ်ငန်းခွင် ပိုင်ဆိုင်မှု မည်သို့ရှိပါသနည်း ဟူသော မေးခွန်းများကို မေးနေမိသည်။
ငြိမ်းအေးအိမ်
No comments:
Post a Comment