နှလုံးသားထဲက ပုဂံပြည်

ပုဂံသည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံတည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာဖြစ်သည်။
တည်နေရာ
မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဖက် မိုင် ၉ဝ အကွာတွင်တည်ရှိသည်။သမိုင်းကြောင်း
ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် ကျောက်ဆည်နယ်မှတစ်ဆင့် ယပ်တောင်ပုံဖြန့်ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ နှင့်မွန် တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။
ပုဂံနိုင်ငံတော်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး- ပုဂံခေတ်
အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား ၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။
ယဉ်ကျေးမှု
ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူ မတိုင်မှီအထိ တည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊ လက်ရာနှင့် အယူအဆများ လွှမ်းမိုးနေသည်ကို တွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။
ပုဂံနိဂုံး
အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့
အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇ တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက္ခ၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။
ယနေ့ပုဂံ
ယနေ့ပုဂံမှာ ရှေဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်းပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် “ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ” အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားပါသည်။ရာသီဥတု
ပူပြင်းခြောက်သွေ့သည့် ကန္တာရ ရာသီဥတုမျိုးဖြစ်သည်။
ထင်ရှားသည့် ပုဂံဘုရားပုထိုးများ
ရွှေစည်းခုံစေတီ
အလိုတော်ပြည့်ဂူဘုရား
ထီးလိုမင်းလိုဘုရား
အာနန္ဒာဘုရား
ကန်တော့ပုလ္လင်
သဗ္ဗညုဘုရား
ဗူးဘုရား
ရွှေဆံတော်စေတီ
ဓမ္မရံကြီး
လောကထိပ်ပန်
မြစေတီ
မနူဟာဘုရား
နန်းဘုရား
လောကနန္ဒာဘုရား
ပြဿဒါးကြီး (ပြဿဒ်ကြီး)
သကျမုနိ
ရှင်ပင်သာလျောင်း
မြင်းကပါစေတီ
ပုဂံ အကြောင်း
ပုဂံ ကို အစဉ်အလာ မှတ်တမ်းများ အရ ခရစ်နှစ် ၁၀၇ ခုနှစ် က ညောင်ဦးမြို့  တောင်ဘက် ကျောက်ပန်းတောင် မြို့ ဘက်အထွက် တုရွင်းတောင် ရဲ့ အရှေ့ ဘက် ၁မိုင် ခန့် ရှိ ယုန်လွှတ်ကျွန်း အရပ်မှာ သမုဒ္ဒရာဇ်မင်း က ကျေးရွာပေါင်း (၁၉)နဲ့  စတင်တည်ထောင် ခဲ့ပါတယ်....
.ကျေးရွာကြီး(၁၉) ရွာထဲမှ ညောင်ဦးရွာ သည် ယနေ့ထက်တိုင် တည်ရှိနေပါသေးတယ်......သမုဒ္ဒရာဇ်မင်းဆက်တွင်
(၁) သမုဒ္ဒရာဇ် မင်းဆက် (၂)ရသေ့ကြောင် (၃) ပျူစောထီး (၄) ထီးမင်းယဉ် (၅) ယဉ်မင်းပိုက်
(၆) ပိုက်သေဉ်လည်(၇) သေဉ်လည်ကြောင် မင်းတို့ ကယုန်းလွှတ်ကျွန်းအရပ်မှာစိုးစံခဲ့ကြပါတယ်......
သေဉ်လည်ကြောင် မင်းလက်ထက် ခရစ်နှစ် ၃၄၄ ခုနှစ် တွင် ဒုတိယ ပုဂံအဖြစ် လောကနန္ဒာ ဘုရားတည်ရှိတာ ပုဂံမြို့ သစ်တောင်ဘက်
ရေအိုးစင်ချောင်း ရဲ့ မြောက်ဘက် ကမ်းနေရာမှာတည်ထောင်ခဲ့ကြပါတယ်...သေဉ်လည်ကြောင်မင်း မှစပြီး (ဂ) ကြောင် ဒူရစ် (၉) သည်းထန်း (၁၀) သူရဲ (၁၁) သာရမွန်ဖျား (၁၂) သိုက်တိုင် အစရှိမင်း အဆက်ဆက်ထီးနန်းစိုးစံခဲ့ကြပါတယ်....
သိုက်တိုင် မင်းလက်ထက် ခရစ်နှစ် ၅၁၆ ခုနစ်မှာတော့ တတိယပုဂံပြည် ကိုတည်ထောင်ကြပြန်တယ်..... တမ္ဖ၀တီ လို့ခေါ်ဆိုကြတဲ့  တတိယပုဂံ ကိုတော့ မိဖုရားကြီးဖွားစော နေထိုင်ခဲ့သည်ကို အကြောင်းပြုလို့ ဖွားစော၇ွာ လို့ခေါ် ဆိုကြတဲ့ နေရာမှာပဲ ဖြစ်ပါတယ်.....
တမ္ဖ၀တီ တွင် (၁၃) သေဉ်လည်ကြောင်ငယ် (၁၄) သေဉ်လည်ပိုက် (၁၅) ခန်းလောင်း (၁၆) ခန်းလတ် (၁၇) ထွန်တိုက် (၁၈) ထွန်ပစ်
(၁၉) ထွန်ချစ် (၂၀) ပုပ္ဖါးစောရဟန်း (၂၁) ရွှေအုန်းသီး (၂၂) ပိတ်သုံ (၂၃) ပိတ်တောင်း (၂၄) မင်းခွေး (၂၅) မြင်းကျွေး (၂၆) သိင်္ဃ
(၂၇) သိန်းခွန် (၂၈) ရွှေလောင်း (၂၉) ထွန်ထွင်း (၃၀) ရွှေမှောက် (၃၁) ထွန်လွှတ် (၃၂) စောခင်နှစ် (၃၃) ခဲလူး တို့ ထီးနန်းစိုးစံခဲ့ကြပါတယ်.....
ပုဂံမင်းဆက်ရဲ့ (၃၄) ဆက်မြောက် ဘုရင် ပျဉ်ပြားမင်းလက်ထက် ၂၃ ဒီဇင်ဘာ ၈၄၉ခုနှစ် မှာတော့ အခုလက်ရှိပုဂံနေရာ ဖြစ်သော စတုတ္ထ ပုဂံပြည်ကြီးကို တည်ထောင် ခဲ့ပါတယ်.... ပုဂံကို တည်ထောင်စဉ် က ရဟန်း ပညာရှိလေးပါး လူပညာရှိ လေးဦးတို့ပါဝင်ခဲ့ကြပါတယ်.....
ရဟန်း ပညာရှိလေးဦး တို့ မှာ တာမလိန္ဒ ၊ ရှင်အာနန္ဒာ ၊ ရှင်ဥတ္တရာ နဲ့  ရှင်ဆပ္လ တို့ ဖြစ်ကြပြီး
လူပညာရှိ အမတ်လေးဦးတို့မှာ စိန့် မင်းသား၊ဟူးရားဖြူ ၊ ဟူးရားညို နဲံ့ အင်ပြစ် (လင်းဘင်) ရွာသား ရာဇသင်္ကြိ တို့ ဖြစ်ကြကြောင်း ပုဂံ နဒ္ဒေစာတမ်းက ဆိုပါတယ်........
စတုတ္ထ မြောက် ပုဂံတွင် ထီးနန်းစိုးစံခဲ့ကြသူ ပုဂံဘုရင်များမှာ
(၃၄) ပျဉ်ပြားမင်း (၃၅) တန်နက် (၃၆) စလေမင်းခွေး (၃၇) သိန်းခို (၃၈) ညောင်ဦးစောရဟန်း (၃၉) ကျောင်းဖြူ (၄၀) ကျည်းစို (၄၁) စုက္ကတေး (၄၂) အနော်ရထာ (၄၃) စောလူးမင်း
(၄၄) ကျန်စစ်သား (၄၅) အလောင်းစည်သူ (၄၆) နရသူ (၄၇) နရအတိစည်သူ (၄၈) နားတောင်းများ (၄၉) နရသိင်္ဃ ဥဇနာ (၅၀) ကျစွာ (၅၁) ဥဇနာ (၅၂) နဂသီဟပတေ့ (၅၃) ကျော်စွာ (၅၄) စောနစ် (၅၅)စောမွန်နစ် တို့ဖြစ်ကြပါတယ်.....
ပျဉ်ပြားမင်း တည်ထောင်ခဲ့သော
စတုတ္ထ ပုဂံသည် နှစ်ပေါင် ၅၁၉ နှစ်အကြာ စောမွန်နစ် မင်းလက်ထက် ခရစ်နှစ် ၁၃၆၈ ခုနှစ်တွင် ပျက်သုန်းခဲ့ရကြောင်း မြန်မာရာဇ၀င် မှတ်တမ်းများ ကဖော်ပြကြပါတယ်.......
ရှည်လျား လှသော ပုဂံခေတ် ကာလ တစ်လျှောက် မင်း မိဖုရား မှူးကြီးမတ်ရာများ ၊ မြို့ သူ မြို့ သားများက စေတီ ပုထိုး များ မြောက်များစွာတည်ထား ကိုးကွယ်ခဲ့ကြရာ နိုင်ငံခြားသား အများစုက စေတီပုထိုးပေါများသော တိုင်းပြည် ( The Land Of Pagoda)
ဟု ခေါ်ဆိုခဲ့ကြပါတယ်..........
ပုဂံ မြေပေါ်မှာ စေတီ ပုထိုးတွေ များပြားလွန်တာကြောင့် '' လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း'' လို့ မှတ်သား ထားကြပါတယ်.......ကိန်းဂဏန်း အဖြစ် ဖလှယ်ကြည့် မယ်ဆိုရင်တော့ ၄၄၄၆၇၃၃ ဆူရှိပါတယ်....အမှန်မှာတော့ အရေအတွက်
လေးသန်းကျော်ရှိတဲ့ စေတီပုထိုးများကို တည်နိုင်ရန်လုံလောက်သော မြေနေရာ ရှိနိုင်မယ်မဟုတ်ပါဘူး.......
ရှေးသက်ကြီး ရွယ်အိုတို့ က ယင်း သံပေါက် ကိန်းဂဏန်းများ မှာ စေတီပုထိုးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ဆင်းတုတော်များ ၊ နံရံဆေးရေးပန်းချီများ ကိုပါ ထည့် သွင်းရေတွက်ကြ ခြင်းဖြစ်ပါတယ်.....
ယင်း သံပေါက်နှင့် အတူ
တခြားနောက်ဆက်တွဲ သံပေါက် တစ်ခု က '' ရွှေလ သာ ၀ါဝါ၀င်း ပုဂံရေချိုးဆင်း'' ပဲဖြစ် ပါတယ်......
၄၄၆၄၄၄ ရှိတဲ့အရေအတွက် ဟာ ဧရာဝတီ မြစ်ကမ်းပါပြို ကျလို့ ရေထဲကျသွားတယ်လို့ ဆိုကြပြန်ပါတယ်......
သံပေါက်ဟူသည် '' အစလေးလုံး ၊ အလယ်သုံး ၊အဆုံး ငါးခုသာ'' ဟု ဆိုသည့်အတိုင်း အစလေးလုံး ကိုသာရေတွက်ရမယ် ဖြစ်ပါတယ်..
သို့ ဆိုလျှင် ဘုရားဆူရေ (၄၄၄၆) ဆူသာရှိပါလိမ့် မယ်........
အင်းဝ ခေတ် မိုးညှင်းသတိုး မင်း လက်ထက် က ပုဂံဘုရား အရေအတွက်
ကို ''၀င်းဝင်း ထိန် လျှံ ပုဂံဘုရားပေါင်း ''လို့ ရေတွက် မှတ်သားခဲ့ဖူးပါတယ်....
ကိန်းဂဏန်းအရ ဆိုရင် ( ၄၄၇၄ ) ဆူပဲဖြစ်ပါတယ်.....
ကုန်းဘောင်ခေတ် အမှတ် အသား အရ လဲ...
မြတ်ဘုရား ဆူရေ
ဖြူရွှေ လို့ ဝင်း။
ပုဂံ ပြည်
ဘယ်တိုင်း ဘယ်ဌာနီ နှင့် 
စံ မမီလွန်ထင်ရှား
စောမုနိ များ ။ ။ လို့ တွေ့ ရပါတယ်.....အကျယ် အ၀န်း (၁၆) စတုရန်း မိုင် ခန့် ရှိတဲ့ ပုဂံမြေ တွင် ၁၉၇၃ ခုနှစ်ထိ ကောက်ယူစစ်တမ်းအရ သာသနိက အဆောက်အအုံ ၂၂၁၇ ခု(ကျောင်းကြီး အုတ်နီ) ရှိပါတယ်.....
အလွန်များ ပြားလှတဲ့ ပုဂံစေတီ ပုထိုးများ အနက် လူသိများထင်ရှားလှ တဲ့ ပုဂံစေတီ ပုထိုး
များအကြောင်း ကို ဖော်ပြသွားပါ့မယ်.......
ပုဂံ မှာ လူအတော်များများ ကြားဖူးထားတဲ့ စာဆိုလေး တစ်ခုရှိပါတယ်.......အဲဒါကတော့
အနု မှာ အာနန္ဒာ
အမြင့် မှာ သဗ္ဗညု
ထု မှာ ဓမ္မရံ
ရှူ့ ခင်းသာ ဗူးဘုရား ဆိုတဲ့ စာဆိုလေးပဲဖြစ်ပါတယ်.......
စာဆို လေးအတိုင်း အနု ကနေ စရအောင်နော်.......အနု ဆိုတာ အနုပညာ ဗိသုကာ လက်ရာ များကို ဆိုလိုတာပါ..... အနု မှာ အာနန္ဒာဆိုတာကြောင့် အာနန္ဒာ ဘုရား
အကြောင်းပြောပြမယ်နော်....။
အာနန္ဒာ ဘုရား က ပုဂံမြို့ ဟောင်း သရပါတံခါး ရဲ့ အရှေ့ တောင်ဘက်မှာတည်ရှိပါတယ် ခရစ်နှစ် ၁၀၉၀ ခုနှစ် ကျန်စစ်သားမင်းကြီး ကတည်ထားကိုးကွယ် ခဲ့ပါတယ်......အာနန္ဒာ ဘုရားကို ကွမ်းတောင်ပါက် လိုဏ် တစ်ဆ်ခံ ဘု၇ား အဖြစ် တည်ဆောက်ထားပါတယ်......အလယ်မဏ္ဍိုင် ခံထားပြီး တိုက်မ ဂူအပေါ်တွင် ပစ္စယာ ၊ မိုးလျော အဆင့်ဆင့် ဖြင့် ဆောက်လုပ် ထားပါတယ်.....အတွင်း၌ လည်း စင်္ကြန် ပတ်လမ်း ၂လမ်း ရှိပြီး ဗိသုကာ လက်ရာမြောက်စွာ တည်ဆောက်ထားပါတယ်......
ကျန်စစ်သား မင်းကြီး က နန္ဒမူ လိုဏ်ဂူ မှ ကြွရောက်လာသော ရဟန္တာများထံမှ လိုဏ်ဂူတော် အကြောင်းသိရှိရပြီးနောက် သဘောကျနှစ်သက် ကာ နန္ဒမုလိုဏ်ဂူ ပုံစံ အာနန္ဒာ စေတီ ကိုတည်ခဲ့ပါတယ်.....
အာနန္ဒာဘုရား ကို ကုနးဘောင်ခေတ် ဘိုးတော်ဘုရား
လက်ထက်တွင် အိမ်ရှေ့ ဥပရာဇာ ရွှေတောင်မင်းသား ကြီးက မွမ်းမံပြင်ခဲ့ ပါတယ်.....အာနန္ဒဂူဘုရား မှာ ပုဂံမှာ ရှိသော မည်သည့် ဘုရား နှင့် မျှ မတူပဲ ဂရိကြက်ခြေပုံ ဖြစ်ပါတယ်.....
ပုဂံ ဘုရား အများစု မှာ အာရုံခံတစ်ဖက်စီသာရှိသော မြောက်ဘက်လှည့်  ဂူဘုရား များဖြစ်ကြပါတယ်....အာနန္ဒ ဘုရားမှာမူ အာရုံခံ လေးဘက်၌ မုဒခ လေးမုခ် ရှိသော ဂူဘုရားဖြစ်ပါတယ်.....
လိုဏ်ဂူတော် အတွင်း အလယ် မဏ္ဍိုင် လေးမျက်နှာတွင် ဗုဒ္ဓရုပ်ပွားတော် (၄) ဆူ တည်ရှိပါတယ် အရှေ့ မျက်နှာ တွင် ကောဏဂုံ ဘုရား.....
အနောက် မျက်နှာ မှာတော့ ဂေါတမ ဘု၇ား....
တောင်မျက်နှာမှာ ကဿပ ဘုရား.....
မြောက်မျက်နှာ မှာ ကကုသန် ဘုရား.....တို့ဖြစ်ပါတယ်....
ဗုဒ္ဓ ရုပ်ပွားတော် လေးဆူ တို့အနက် တောင်မျက်နှာ နှင့် မြောက်မျက်နှာ နှစ်ဆူ သာ ပုဂံခေတ်လက်ရာ များဖြစ်ကြပါတယ်.....
အရှေ့ မျက်နှာ ရုပ်ပွားတော် မှာ မီးလောင်ပျက်စီး သွားသဖြင့် ၁၈၇၆ ခုနှစ် တွင် ပုဂံမြို့ ဝန် ဦးဘိုး က အသစ်ထပ်မံပြုလုပ်ထားရပြီး အနောက်မျက်နှာ ရုပ်ပွားတော် မှာလည်း အင်းဝဟံသာဝတီ စစ်ပွဲ (၁၇၄၂-၅၂) အတွင်း ဖျက်ဆီးခံခဲ့ရပါတယ်.....လက်ရှိ ရုပ်ပွားတော်
မှာ ၁၈၉၂ ခုနှစ် တွင် ပုဂံမြို့ ကုန်သည် ဦးစံငြိမ်း က အသစ်ထပ်မံ ထုလုပ်လှူဒါန်း ထားခြင်းဖြစ်ပါတယ်......
ဂူဘုရား နံရံမုခ် ထက်များတွင် ဗုဒ္ဓရုပ်ပွားတော် များစွာ ကိုဖူးတွေ့ နိုင်ပါတယ်........
အာနန္ဒာ ဘုရား အပြင်ဘက် အောက်ခြေ နှင့် ပစ္စယာ များတွင် စဉ့် စိမ်းသုတ် စဉ့် ကွင်းများ ကို လေ့လာကြည့်ရှူ နိုင်ကြပါတယ်....
အများအားဖြင့် ၅၅၀ ဇာတ်တော် သရုပ်ဖော် ပုံများ ဖြစ်ကြပြီး စုစုပေါင်း စဉ့် ကွင်း ၁၄၇၂ ခု ရှိကာ ရှေးဟောင်း မွန် ကမ္မည်း စာများ လည်ရေးသားထားကြပါတယ်.....ယခင်က နံရံဆေးရေး ပန်းချီ များရှိခဲ့ဖူးသော်လည် ထုံးသုတ်လိုက် သဖြင့် ပျက်စီးသွားပါပြီ........
ကိုးကားချက် - ဆရာတင်နိုင်တိုး (ခရီးသွားလမ်းညွှန် )
...............................
သမိုင်းထဲက ...ပုဂံပြည်
များပြားလှသော ပုဂံ အမည်များ-
ပုဂံပြည်ကို အစတည်သော သမုတိရာဇ် မင်းကြီးသည် ရှေးဦးအစ ပေါက္ကံ ပြည် ဟု အမည်တွင်စေခဲ့ပြန်၏။ပြူစောထီး လက်ထက် ငှက်ကြီး ၀က်ကြီးစသော ရန်မာန်တို့ကို နှိမ်နှင်း အောင်မြင်သောကြောင့် အရိ မဒ္ဒနာ ပြည် ဟု တွင်ခဲ့ပြန်၏၊
သေလည်ကြောင်မင်းး လက်ထက်မှ မြို့တော်ကို နေရာပြောင်းကာ သီရိ ပစ္စယာ ဟု သမုတ်ခဲ့ပြန်၏။
သာရမွန် မင်းဖျား လက်ထက်၌ နေရာ ပြောင်းပြန်၍ တမ္ဗ၀တီ နေပြည်တော် ဟု ခေါ်တွင်ခဲ့ပြန်သည်၊
ဆန်ရေ စပါး ရတနာသုံးပါး ပေါများကြွယ်ဝ စည်ကားပြည့်စုံသောကြောင့် ပုဏ္ဏ ဂါမ မည်လေ၏။
အနော်ရထာ မင်း လက်ထက် တွင် ပုဏ္ဏ ဂါမ တွင်ရာမှ ဏ္ဏ အက္ခရာ ကျေကာ သဒ္ဒါနည်းအရ မ တလုံးကို ( သေးသေးတင် ) နိဂ္ဂဟိတ် ပြုကာ ပုဂံ မည်လေသည် ဟူသတတ်၊
နောက်တမျိုးကား သမုတိရာဇ် မင်းသည် ပြူလူမျိုးဖြစ်သောကြောင့် အမျိုးအနွယ် တန်ခိုး ထင်ရှားစေရန် ပြူဂါမ ဟု သမုတ်သည်၊။ နောင်ကာလ ရွေ့လျားသောအခါ ပူဂါမ + ပုဂါမ + ပုဂံ ဟု ဖြစ်လာသည်။
အဓိပ္ပါယ်ကား ပြူလူမျိုးတို့ အဦးအစ တည်သော ရွာ ဟူလို။
အမှန်ကား မြန်မာနိုင်ငံ သာသနာအဆက်ဆက်၌-----
မဇ္ဈိမ ဒေသ
သီဟိုဠ်
မရမ္မရဋ္ဌ
သရေခေတ္တရာ
ပုဂံ
ပင်းယ
ရတနာပူရအင်းဝ
ညောင်ရမ်း
ကုန်းဘောင်
အမရပူရ
ရတနာပုံ မန္တလေးမြို့
ဟူ၍ ခေတ် အဆက်ဆက် ကျော်ဖြတ်ခဲ့ပေသည်၊
ပုဂံ သမိုင်း အကျဉ်း
၁။ ပထမ ပုဂံပြည်ကို သရေခေတ္တရာ ပျက်ပြီး သမုတိရာဇ်မင်းကညောင်ဦး ညောင်ဝန်း နဂါးကျစ် မြေခဲတွင်း အပါအ၀င် ရွာပေါင်း (၁၉ )ရွာကို စုစည်းပြီး ခရစ်နှစ် ၁၀၇ ခုနှစ်တွင် ပေါက္ကံပြည် ဟု ခေါ်စေခဲ့၏။၂။ ပထမပုဂံ၏ ၆ ဆက်မြောက် သေလည်ကြောင်မင်းသည် ခရဇ်နှစ် ၃၄၄ တွင် သီရိပစ္စယာ ဟူသော ဒုတိယ ပုဂံကို တည်ထောင်ခဲ့ပြန်သည်၊
၃။ ဒုတိယပုဂံ၏ ၅ ဆက်မြောက် သိုက်တိုင်မင်းသည် ခရဇ် ၅၁၆ ခုနှစ်တွင် တမ္ဗ၀တီ ဟူသော တတိယ ပုဂံကို တည်ထောင်ခဲ့သည်၊
၎။ တတိယ ပုဂံပြီးနောက် ပျဉ်ပြားမင်းသည် ခရစ်နှစ် ၈၄၉ တွင် အနော်ရထာမင်း အပါအ၀င် ပုဂံ၏ ၂၃ ဆက်မြောက် နောက်ဆုံး မင်းဆက်ြဖစ်သော စောမွန်နစ် အဆုံး လွမ်းမောဖွယ်အဖြစ်အပျက်များပြည့်နှက်နေရာ စတုတ္ထပုဂံ မြို့တော်ကို တည်ထောင်ခဲ့ပေသည်၊
....................
ရွှေလသာ ၀ါဝါ၀င်း ဘုရား ရေချိုးဆင်း၊ ( ၄၄၆ ၄၄၄ သိန်း )
လှည်းဝင် ရိုးသံ တညံညံ ပုဂံ ဘုရားပေါင်း၊ ( ၄၄၄ ၆၇ ၃၃၃ သန်း )
ရွှေ ဆည်းလည်းသံ တညံညံ ပုဂံ အိမ်ခြေပေါင်း၊ ( ၄၃ ၄၆ ၇၃၃ သန်း )
သာသနာ ထွန်းကားခဲ့ရာ တချိန်က ပုဂံေ၇ွှမြို့တော်ကြီးမှာ စေတီ အဆူပေါင်း ၄ သန်းကျော် ရှိခဲ့ဖူးတယ်၊
ဒီထဲကမှ ရာသီဥတု ဒဏ်ကြောင့် ကာလ ကြာတဲ့အခါ အနီးရှိ ဧရာဝတီ မြစ်ထဲကို အဆူပေါင်း ၄ သိန်းကျော် ပျက်စီးခြဲ့ပီ လို့ သမိုင်းတွေက ဆိုပြန်တယ်၊
နောက်တဆက်တည်း ဗဟုဿုတ အနေနဲ့တော့ ပုဂံ မှာ အိမ်ခြေပေါင်း ၄ သန်းကျော် ရှိခဲ့ဖူးတယ် ဆိုတော့ တော်တော် စည်ကား သိုက်မြိုက်နေမှာကို တွေးပြီး လွမ်းမိပြန်တယ် ။
တချိန်က ဘာသာ သာသနာ လူမှု့ရေး စီးပွားရေး ပညာရေး လောကီ လောကုတ္တရာ ဘက်စုံ ထွန်းကားခဲ့ရာ ပုဂံ ဆိုတာက ယနေ့ အချိန်မှာ ဘယ်လိုမှ မယုံနိုင်စရာဖြစ်နေပါပြီ။
သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သက်ရှိ သက်မဲ့ အရာဝတ္ထုအားလုံး ဟာ ပျက်စီးရခြင်းမှာ အဆုံးသတ်ကြရတယ်၊ဆိုတာလို
တကယ်တော့ အထက်ပါ စာရင်းဟာ ပုဂံနေပြည်တော်ကို ၄ ကြိမ်မြောက် တည်ထောင်သူ သေလဉ်ကြောင်မင်း လက်ထက်ထိ သာသနာထွန်းကားခဲ့ရာ ခေတ်အဆက်ဆက်ကို ပေါင်းပြီး ရေတွက်ဟန် တူပါတယ်၊
သာသနာအစစ်အမှန် ထွန်းကားခဲ့သော ခေတ်သည်ကား အနော်ရထာ အုပ်စိုးသော အချိန်ဖြစ်ပေသည်၊
ထိုစဉ်အခါ အရည်းကြီး တို့ သောင်းကျန်းနေချိန် ပုဂံနှင့်ဝေးရာ သထုံ နေပြည်တော်၌ မနော်ဟရီ အမည်ရှိသော မနုဟာ မင်းအုပ်ချုပ်နေချိန်ဝယ် သထုံပြည်၏ တောရွာ တရွာ၌ သီတင်းသုံးနေသော သီလဗုဒ္ဓိ မည်သော ရဟန္တာ မထေရ်ကြီးသည်
နောင်အခါ ပုဂံပြည်၌ သာသနာ ထွန်းကားလတံ့သည်ကို မြင်တော်မူသောကြောင့် တာဝတိသာ နတ်ပြည်သို့ တက်ကာ သိကြားမင်းအား သာသနာပြုရန် နတ်သားတပါးကို လူ့ပြည်သို့ သက်ဆင်းကာ ပဋိသန္ဓေ ယူပါရန် တောင်ခံလေ၏၊
နတ်သားသည် နတ်ပြည်မှ စုတေ၍ ပုဏ္ဏေးမ တယောက်ဝမ်းကြာတိုက်၌ ၀င်စားကာ နောင်သောအခါ အရဟန္တ ရှင်အရဟံ ဟူသော အမည်ဖြင့် ပိဋကတ်သုံးပုံဆောင် ရဟန္တာမထေရ် ဟူ၍ ကျော်စောထင်ရှားလေ၏၊
ရှင်အရဟံသည် ပုဂံပြည်၌ သာသနာထွန်းကားမည့် အချိန်ကို စောင့်ကာ တနေ့သောအခါ သထုံမှ ပုဂံပြည် တောတွင်းတနေရာ၌ သီတင်းသုံးနေရာ တောလည်မုဆိုးတယောက်တွေ့၍ ဤသူကား လူလော လူရိုင်းလော ဘီလူးလော မသိလေ ဟုကြံ၍ မြို့သို့ခေါ်ဆောင်ကာ အနော်ရထာ ဘုရင်နှင့်  တွေ့စေ၏
အနော်ရထာသည် အပ္ပမာဒ သုတ္တန်ဒေသနာကို နာကြားပြီးသည်၏ အဆုံး၌ ရတနာသုံးပါးကို လွန်စွာ သက်ဝင်ယုံကြည်သည်ဖြစ်ရကား အရှင်ဘုရား ဘုရားရှင်သည် သက်တော်ထင်ရှားရှိပါသေးသလား-
ဒကာတော် မင်းမြတ် ပရိနိဗ္ဗာန် စံတော်မူလေပြီ၊ ထိုဘုရားရှင်၏ ဓာတ်တော် မွေတော်များသာ ကိုးကွယ်ရာအဖြစ် ရှိတော့၏၊ ထိုဘုရားဟောတော်မူခဲ့သော တရားတော် ဓမ္မက္ခန္ဓာပေါင်းကား များစွာ ရှိပါသေးသည်၊ ပရမတ္ထသံဃာ သမုတိသံဃာများလည်း များစွာ ရှိနေပါသည်၊
ဟူသော မိန့်ကြားချက်အဆုံး၌ များစွာသော အရည်းကြီးများကို ပယ်စွန့်ကာ သံဃာတော်တို့အား ကျောင်းဆောက်ကိုးကွယ်လေတော့၏။သာသနာနှစ် ၁၅၆၁ ခုနှစ်တွင် နန်းတက်သော အနော်ရထာသည် နန်းစံနှစ် ၉ နှစ်အကြာ သာသနာ ၁၅၇၀ ရောက်မှ သာသနာနှင့် ထိတွေ့ခွင့် ရလေ၏။
အရှင်ဘုရား ထိုဓာတ်တော် မွေတော်တို့ကား အဘယ်မှာရှိပါသနည်း၊ တပည့်တော်ပူဇော်လိုပါသည်ဘုရား၊
ဒကာတော် သထုံပြည် မှာ ထင်ရှားရှိနေသည်၊ ဒကာတော် ဆန္ဒရှိက ပင့်ဆောင်ချေလော့ အနော်ရထာသည်
ဓာတ်တော် မွေတော်နှင့် ပိဋကတ်တော်များ ယူရန် များစွာသော လက်ဆောင်ပဏ္ဏာနှင့်တကွ အမတ်တို့အား စေလွှတ်လေသော်
မိစ္ဆာဒိဋ္ဌိ တိုင်းနိုင်ငံသို့ ရတနာတို့ကို မပေးလို၊ ခြင်္သေ့ဆီသည် မြေခွက် ကြွေခွက်နှင့် မထိုက်တန်၊ သိဂီင်္ ရွှေခွက်နှင့်သာ ထိုက်တန်သလို လူရိုင်းတို့နှင့် သာသနာ မထိုက်တန်
ဟု ရင့်သီးစွာ ပြောဆိုလေရာ သာသနာကို ကြည်ညိုသော ဘုရင်အနော်ရထာသည် ရေကြောင်း ကုန်းကြောင်းဖြင့် သထုံသို့ စစ်ချီကာ
သထုံမင်းအဆက်ဆက် ရတနာကြုတ်ဖြင့် ထည့်ကာ ကိုးကွယ်လာသော ဓာတ်တော်မွေတော်တို့နှင့်တကွ ပိဋကတ်တော် အစုံ ၃၀ တို့ကို မနူဟာ မင်း၏ ဆင်အစီး ၃၀ ပေါ်တင်ကာ ပုဂံမြို့တော်သို့ယူဆောင်ကိုးကွယ်ချိန်မှ စကာ သာသနာထွန်းကားခဲ့သည် ဟူ၏။
ထို မနူဟာ မင်းကိုကား မြင်းကပါ အရပ်၌ အလုပ်အကြွေးနှင့် တကွ ထားလေ၏၊
အာခံတွင်းမှ မီးဝင်းဝင်းတောက်သော ထိုမင်းကိုေ၇ွှစည်းခုံဘုရား ဆွမ်းတော်ကျ မနောလင်ပန်းဖြင့် ပွဲတော်တည်စေသောကြောင့် ဘုန်းတန်ခိုးပျောက်ကာ အရောင်မထွက်တော့ ဟူ၏။
ဓမ္မဂီရီ
................................
ဂုဏ်ထူးပါတဲ့ ပုဂံပြည်
ပုဂံဆိုတာ မြန်မာနိုင်ငံရဲ့ ပထမဆုံးမင်းနေပြည်တော်ဂုဏ်ရှိန် ဂုဏ်ဝါတောက်ပစဉ်က နန်းစိုက်ရာနေရာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘောဒီးယား နယ်စပ်အထိ အာဏာသက်ရောက်ခဲ့ပါတယ်။ ပုဂံမင်းဆက်ဟာ ၁၁ ရာစု အစောပိုင်းမှာ အကြီးမားဆုံးနဲ့ အတောက်ပဆုံး မင်းဆက်ဖြစ်ပါတယ်။
အခု တော့ ဘုရားကျောင်းကန်ပေါင်းနှစ်ထောင်ကျော်နဲ့ မြို့ဟောင်းကြီးတစ်ခုဖြစ် နေပေမယ့် မြန်မာလူထုရဲ့ အသည်းနှလုံးတွေနဲ့ စိတ်တွေထဲမှာတော့ ပုဂံရာဇ ဝင်ရဲ့ ခမ်းနားမှုကရှင်ကျန်နေဆဲပါ။
ပုဂံရဲ့ မူလအစကိုပြန်ကြည့်ရင် ၉ ရာစုအလယ်ခေတ်လောက်က ပျဉ်းဖျားမင်းလက်အောက်ခံရွာများနဲ့ ပျူတိုင်းရင်းသားတွေ နေထိုင်တဲ့ရွာ စုစုပေါင်းတစ်ဆယ့်ကိုးရွာကို စုစည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပျူနိုင်ငံ ကို ယူနန်ပြည်ရဲ့ နန်ချိုတပ်က ၉ရာစု အစောပိုင်းမှာ သိမ်းပိုက်ခဲ့ဖူးပါတယ်။
ဂုဏ်သိက္ခာရှိတဲ့ ပုဂံနေပြည်တော်ရဲ့အစကတော့ အေဒီ ၁ဝ၄၄ မှာ နန်းတက်လာတဲ့ အနော်ရထာလို့ လူသိများတဲ့ ဘုရင်အနုရုဒ္ဓါလက်ထက် ကျမှ ဖြစ်လာတာပါ။
အနော်ရထာမင်းဟာ သူ့ရဲ့ပထမဆုံးနန်းတက်နှစ်မှာ ယုံကြည် ကိုးကွယ်မှုကို ကြီးစိုးချယ်လှယ်နေတဲ့ အရည်းကြီးကိုးကွယ်မှုကို တော်လှန် တိုက်ခိုက်ခဲ့ပါတယ်။
အနော်ရထာမင်းဟာ သူရဲ့ နိုင်ငံကို ထေရဝါဒဗုဒ္ဓသာသနာနိုင်ငံ အဖြစ် သာသနာထွန်းကားအောင်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် စစချင်းမှာတော့ စုစည်းမှုမရှိဘဲ ဖရိုဖရဲပြိုကွဲနေပါတယ်။ အဲဒီအချိန်မှာ သထုံက ရှင်အရဟံ ပုဂံကို ကြွလာခဲ့ပါတယ်။ အနော်ရထာမင်း ဟာ ရှင်အရဟံရဲ့ ပုံမှန်ဆုံးမတဲ့ တရားတွေကို နာခံသင်ယူခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓကျမ်းစာတွေပုဂံ နေပြည် တော်မှာ မရှိတဲ့အတွက် အနော်ရထာမင်းဟာသံတမန်တွေ စေလွှတ်ပြီး တောင်ပိုင်းမွန်နေပြည်တော်ရဲ့ မြို့တော်သထုံကနေ ကျမ်းစာတွေ ကူးယူစေ ခဲ့ပါတယ်။
ကမ်းရိုးတန်းမြို့တော်တစ်ခုဖြစ်ပြီး ယဉ်ကျေးမှုထွန်းကားနေတဲ့ သထုံရဲ့ မနူဟာမင်းဟာ ပုဂံတိုင်းသူပြည်သားတွေကို အရိုင်းအစိုင်းသာသာ ပဲရှိတယ်ဆိုပြီး ကျမ်းစာကူးဖို့တောင်းခံချက်ကို ငြင်းပယ်ခဲ့ပါတယ်။
အဲဒီမှာ အနော်ရထာမင်းဟာ တောင်ပိုင်းကို ချက်ချင်းစစ်ချီတက်ခဲ့ပါတယ်။ အနော်ရထာမင်းဟာ စစ်အောင်နိုင်ခဲ့ပြီး မနူဟာမင်းနဲ့မိသားစု အပါအဝင် ရွှေငွေကျောက်သံ ပတ္တမြားတွေ၊ လက်မှုအနုပညာရှင်တွေနဲ့ တခြားအနု ပညာရှင်ထောင်ပေါင်းများစွာကို ခေါ်ဆောင်လာခဲ့ပါတယ်။ ဗုဒ္ဓကျမ်းစာတွေ အကုန်လုံးကိုတော့ ဆင်တွေပေါ်မှာ ရွှေထီးမိုးပြီး ပင့်ဆောင်လာခဲ့ပါတယ်။
မနူဟာမင်းဟာ သူရဲ့ပတ္တမြားလက်စွပ်ကိုရောင်းပြီး သူကိုယ်ပိုင် ဘုရားကျောင်းတော်ကို တည်ဆောက်ခဲ့ပါတယ်။
ဒီမနူဟာ ဘုရားကျောင်းတော်ဟာ လေးထောင့်ကျကျပုံစံတည်ဆောက်ခဲ့တာပါ။ ကျောင်းတော်ထဲမှာ ဆင်းတုတော်တွေကို နေရာကျဉ်းကျဉ်း တွေထဲမှာ ကိုးကွယ်ထား ပါတယ်။ ဒါဟာအနော်ရထာမင်းရဲ့ လက်အောက်မှာအကျဉ်းခံဘုရင်အဖြစ် နေရတဲ့ မနူဟာ ဘုရင်ရဲ့ စိတ်အခြေအနေကို ဖော်ပြတာလို့ပြောကြပါတယ်။
အနော်ရထာမင်းလက်ထက်မှာ ပုဂံပြည်ကြီးဟာ ထေရဝါဒဗုဒ္ဓ သာသနာ ထွန်းလင်းတောက်ပခဲ့ပြီး ဘုရား၊ ကျောင်းကန်စေတီပုထိုးမြောက် များစွာကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့ကြပါတယ်။ အနော်ရထာမင်း ဟာ သူ့ရဲ့ လက်နဲ့ အုတ်တွေလုပ်ခဲ့တယ်လို့အဆိုရှိပါတယ်။ သူ့ရဲ့ ဆုတောင်းစာ ထဲမှာ ဒီလိုဘုရားဆင်းတုတော်တွေ လှူဒါန်းရတဲ့ အကျိုးကြောင့် သံသရာ ကနေ လွတ်မြောက်ပါရစေလို့လဲ ပါပါ တယ်။
အနော်ရထာမင်းဟာ မှန်ကန်ဖြောင့်မတ်ပြီး စစ်မှုရေးရာ အင်အား ဖြည့်ကျွမ်းကျင်တဲ့ ဘုရင်တစ်ပါးအဖြစ် ရာဇဝင်တင် ကျန်ရစ်ပါတယ်။ အနော်ရထာမင်းဟာ စစ်အင်အားတောင့်တင်းခိုင်မာတဲ့ တပ်မတော်ကြီးကို တည်ဆောက်ပြီး တစ်ချိန်တည်းမှာပဲ နယ်မြေပေါင်းများစွာ သိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင် အနော်ရထာမင်းဟာ သံတမန်ခင်းအရ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်နဲ့ ရှမ်းဘုရင်ခံတွေဆီ သံတမန်တွေလွှတ်ပြီး ချစ်ကြည်ရေးခိုင်မာ အောင်လုပ်ခဲ့ပါတယ်။
အနော်ရထာမင်းရဲ့ ဂုဏ်သိက္ခာရှိတဲ့သမိုင်းထဲမှာ သူဟာ ယောင်္ကျားပီသတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာလည်း ပြောရမှာပါ။ အဲဒီခေတ်ဘုရင်တွေ အသုံးပြုတဲ့နည်းလမ်းအတိုင်း၊ သူတို့မှာ မိဖုရားတွေ အများကြီးရှိတယ်။ သူတို့ရဲ့ သားသမီးတွေကို နှစ်ပြည်ထောင် ချစ် ကြည်ရေးအတွက် လဲလှယ်ဆက်သခဲ့ကြပါတယ်။
အနော်ရထာမင်းရဲ့ပုံပြင် တွေထဲမှာ ရှမ်းမင်းသမီးစောမွန်လှရဲ့ ရာဇဝင်ဟာ သီချင်းတွေထဲမှာရော ပြဇာတ်တွေထဲမှာ ထင်ရှားခဲ့ပါတယ်။ အနော်ရထာမင်းဟာ စောမွန်လှ ကို သူ့နဲ့ ဂုဏ်ရည်တူလှပတဲ့ မင်းသမီးအဖြစ်ရော သူ့ရဲ့စိတ်ရောကိုယ်ပါ တကယ်နှစ်နှစ်ကာကာချစ်တဲ့ သူတစ်ယောက်အနေနဲ့ပါချစ်ခဲ့ပါတယ်။ ဘယ်လိုပဲချစ်ခဲ့ပါစေ နိုင်ငံရေးအကြောင်းပြချက်အရ စောမွန်လှဟာသူ့ရဲ့ ရှမ်းပြည်နယ်ကိုပြန်သွားရမှာ ဖြစ်ပါတယ်။ စောမွန်လှဟာ သူ့ရဲ့ ပုဂံကနေရှမ်း ပြည်နယ်အပြန်လမ်းခရီးမှာ စေတီပုထိုးတွေတည်ထားခဲ့ပါတယ်။
အနော်ရထာမင်းနဲ့ စောမွန်လှရဲ့ပုံပြင်ဟာ အခုထိကဗျာတွေ၊ ပြဇာတ်တွေထဲမှာ ရှင်သန်နေတုန်းပါပဲ။
အနော်ရထာမင်းဟာ ရွှေဆံတော်၊ လောကနန္ဒာနဲ့ ညောင်ဦးက ရွှေစည်းခုံဘုရားတွေကို စေတီပုံစံတည်ထားကိုးကွယ်ခဲ့ပါတယ်။ ရွှေစည်းခုံ စေတီကတော့ အနော်ရထာမင်းနတ်ရွာစံသွားတဲ့ ၁ဝ၇၇ ထိ မပြီးစီးခဲ့ပါဘူး။ အနော်ရထာမင်းရဲ့ အယုံကြည်ရဆုံး ကျန်စစ်သားမင်း လက်ထက်ကျမှပဲ ရွှေစည်းခုံစေတီကို အပြီးတည်နိုင်ခဲ့ပါတယ်။ ကျန်စစ်သားမင်းဟာ အနော်ရထာရဲ့ သားတော် တစ်ပါးဖြစ်တယ်ဆိုတဲ့ သမိုင်းအချက်အလက်ဟာမထင် မရှားတည်ရှိနေခဲ့ပါတယ်။ သားတော်ဖြစ်သည်ဖြစ်စေ။ မဖြစ်သည် ဖြစ်စေ ကျန်စစ်မင်းကတော့ အနော်ရထာနဲ့ ပုဂံနေပြည်တော်ကြီးကိုဆက်လက် ဖွံ့ဖြိုးအောင်တည်ဆောက်ခဲ့ပါတယ်။ စစ်အင်အားသိပ်မသုံးပဲနဲ့ သံခင်း တမန်ခင်းနဲ့ ပိုပြီးကျယ်ပြန့်ခမ်းနားတဲ့ ပုဂံနေပြည်တော်ကို တည်ဆောက်ခဲ့ ပါတယ်။
ကျန်စစ်မင်းဟာ ၁ဝ၉ဝခုနစ်မှာ ထူးခြားကြီးကျယ်တဲ့ အာနန္ဒာ ဘုရားကို တည်ဆောက်လှူဒါန်းခဲ့ပါတယ်။ ရပ်တော်မူရုပ် သစ်သားဆင်း တုတော်ကြီးလေးဆူကို သစ်သားလေးမျိုးနဲ့ တည်ထားခဲ့ပါတယ်။ ဒီဆင်း တုတော်လေးဆူမှာ ဘဒ္ဒကမ္ဘာမှာ ပွင့်တော် မူပြီးတဲ့ ကကုသန်၊ ကောဏဂုံ၊ ကဿပနဲ့ ဂေါတမဘုရားတွေဖြစ်ပါတယ်။
ပုဂံဘုရားတွေကို တည်ဆောက်လှူဒါန်းခဲ့တဲ့ ဘုရင်တွေဟာ တစ်ပါးနဲ့ တစ်ပါးမတူတဲ့ သီးသန့်လက်ရာတွေနဲ့ ဂရုတစိုက် တည်ဆောက် လှူဒါန်းခဲ့တာပါ။ စေတီပုထိုးတွေရဲ့ အပြင်နဲ့အတွင်းမှာရှိတဲ့ အနုသုခုမ လက်ရာတွေဟာ ပုဂံခေတ် ဗိသုကာ ပညာရှင်တွေရဲ့ ကျွမ်းကျင်တဲ့တည် ဆောက်မှုကိုပြနေခဲ့ပါတယ်။
အင်္ဂတေပါးပါးလေးတွေနဲ့ ဆောက်ထားတဲ့ ကြီးမားတဲ့ စေတီပုထိုးတွေဟာ ငလျင်လှုပ်နေရင်တောင် စိတ်ချရပါတယ်။ ပုဂံခေတ် ဗိသုကာပညာရှင်နဲ့ အလုပ်သမားတွေရဲ့ပညာနဲ့ လက်ရာ ကတော့ တကယ်ကိုအရည်အသွေးမြင့်ပါတယ်။
အစောပိုင်း ပုဂံခေတ်စေတီပုထိုးတွေဟာ ပျူခေတ်စေတီပုထိုး လက်ရာတွေကို အခြေခံထားပြီး တည်ဆောက်ထားတာကို မြင်နိုင်ပါတယ်။ လေးထောင့်ကျကျအခန်းတွင်းမှာ ဘုရားဆင်းတုတော်ကိုထားပြီး မျက်နှာတော်ကို အဝင်ပေါက်နဲ့ တည့်တည့် ထားတဲ့ပုံစံမျိုးပေါ့။ ပုထိုးသားများဘုရားကို ဖူးကြည့်ရင်သိနိုင်ပါတယ်။ လေးမျက်နှာမှာမုခ်ဦးတွေရှိတဲ့ စေတီပုထိုး ပုံစံမျိုး တည်ဆောက်ထားတာပါ။
အလယ်မှာရှိတဲ့ ပင်မတိုင်ရဲ့ လေးမျက်နှာမှာ ဗုဒ္ဓဆင်းတုတော်လေးခုကို ထည့်သွင်းတည်ဆောက် ထားပါတယ်။ ပုထိုးသားများဘုရားဟာ အာနန္ဒာဘုရားနဲ့ ဓမ္မရံကြီးဘုရားလို ပုံစံတူဘုရား တစ်ဆူဖြစ်ပါတယ်။ အလင်းရောင်နဲ့ လေဝင်ပေါက် တည်ဆောက်မှုစနစ် ကောင်းတဲ့ နောက်ပိုင်းခေတ် စေတီပုထိုးတွေရှိပါသေးတယ်။ စူဠာမဏိစေတီနဲ့ ကန့်တော့ပလ္လင် စေတီတွေအပါ အဝင်ပေါ့။
ပုဂံရာဇဝင်တစ်လျှောက်မှာ ဘုရားစေတီတွေကိုတည်ဆောက် လှူဒါန်းခဲ့တဲ့ ဘုရင်တွေအလှူရှင်တွေဟာ ဒီစေတီပုထိုးကို ကိုးကွယ်ကြည် ညိုဆည်းကပ်ဖို့တင်မကပဲ သမိုင်းမှာ ထင်ကျန်ရစ်တဲ့ပညာလက်ရာတွေ အဖြစ်ထားခဲ့တာလို့ပြောရမှာပဲ။ အခုလက်ရှိ ပြည်သူပြည်သားတွေကတော့ ရှေးခေတ်ပုဂံအလှူရှင်တွေနဲ့ ပုဂံဗိသုကာလက်ရာတွေကို စေတီပုထိုးတွေ ဖူးမျှော်တိုင်းမှာ ကျေးဇူးတင်ဂုဏ်ယူမိမှာပါ။ မြန်မာလူထုရဲ့ အသည်းနှလုံးမှာ ပုဂံရဲ့ သမိုင်းရာဇဝင်ဟာ အစဉ်ကျန်ရစ်နေဆဲပါ။
Bagan Glory by Ma Thanegi ကို ဆီလျော်သလို ပြန်ဆိုထားပါ သည်။
By: မိုနိုလေး
........................
ပုဂံရှင်းတမ်း
“လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံ ဘုရားပေါင်း”
“ညိုးညိုးညံ၊ ပုဂံဆော်သည့်မောင်း”
“ကိုးကိုးတန်၊ ပုဂံအိမ်ခြေပေါင်း”
“ရွှေလသာဝါ၀ါဝင်း၊ပုဂံဘုရား ရေချိုးဆင်း”
အထက်ပါ စာလင်္ကာများကို မည်သည့်စာအုပ်၊ စာပေ၊ ပုရပိုက်၊ ကျောက်ပြား(ကျောက်စာ)တွင်မျှ မတွေ့ဖူးပါ။
“လှည်းဝင်ရိုးသံတညံညံပုဂံဘုရားပေါင်း”ဆိုသည်မှာ လေးသန်း၊ လေးသိန်းလေးသောင်း
ခြောက်ထောင့်ခုနစ်ရာ သုံးဆယ့်သုံးဆူ(၄၄၄၆၇၃၃)သော ဘုရားများသည် ပုဂံမြေပေါ်ရှိ ဘုရားအရေအတွက်ဖြစ်သည်ဟု ဆိုလိုကြောင်း ပြောကြသည်။ ကျန်သည့် စာလင်္ကာများသည်လည်း ထိုသို့ပင် အဓိပ္ပာယ်ဆောင်သည်ဟု ပြောကြပါသည်။
“ပုဂံရာဇ၀င်ကို၊ တုတ်ထမ်း၊ ဓားထမ်း၍ ပြောကြသည်”ဟု ဆိုသည့် အတိုင်း ပုဂံဘုရားများ အရေအတွက်၊ ပုဂံမြေနှင့်ပတ်သက်၍လည်း တုတ်ထမ်း၊ ဓားထမ်း၍ငြင်းရမည်ကဲ့သို့ ဖြစ်နေပါတော့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ရှင်းပြခဲ့သူတစ်ဦး ရှိပါသည်။ သူကား ပုဂံ သခင်ရဲညွန့် ဆိုသူဖြစ်သည်။ ယခုအခါ သခင်ရဲညွန့် ရှိတော့မည်မထင်ပါ။ သူက ခရစ်နှစ် ၁၈၉၉ ခု ဖွားဟုဆို၍ ယခုသက်ရှိထင်ရှားရှိခဲ့လျှင် အသက် ၁၁၃ နှစ်ပင်ရှိရော့မည်။ သူနှင့်တွေ့ကြုံရပုံ၊ သူရှင်းပြခဲ့သည့် ပုဂံဘုရားများအရေအတွက်နှင့် ပုဂံမြေ အကြောင်းအရာများကို ရှင်းပြပါမည်။
သူနှင့် စာရေးသူတို့ ပုဂံမြေပေါ်တွင်ဆုံရသည်မှာ၊ ပုဂံငလျင်ကြီးမလှုပ်မီ တစ်နှစ်က ဖြစ်၏။ စာရေးသူဖခင်၏ ညီဝမ်းကွဲ ဒေါက်တာလျန်း ဆိုသူမှာ မန္တလေးမှဆရာဝန်ကြီး ဖြစ်သည်။ အစိုးရမှ အငြိမ်းစားယူပြီးနောက် ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး မန္တလေးတွင်ပင် အခြေချနေထိုင်ခဲ့ပါသည်။ တာရဲတန်း၊ လမ်း ၈၀ ပေါ်မှ လျမ်းကလဲနစ်ခေါ်သည့် ဆေးခန်း၊ ဆေးတိုက်၊ သားဖွားဆောင်ကိုဖွင့်ပြီး ဆေးကုသနေသည်။ သူ၏ဇနီးမှာ ဒေါ်နှင်းမြဟုခေါ်သည်။ မန္တလေးတစ်မြို့လုံးက မာမီလျမ်းဟု ခေါ်ကြ၏။ သူတို့ဇနီးမောင်နှံတွင် သမီးသာရှိသည်။ သား မရှိပါ။
စာရေးသူအား စာရေးသူမိခင်က ဗိုက်ခွဲ၍မွေးဖွားရာတွင် အင်္ဂလိပ်ဆရာဝန်ကြီးနှင့်အတူ အန်ကယ်လျန်းလည်း ရှိနေပါသည်။ ထို့ကြောင့် စာရေးသူအား မွေးပေးခဲ့သူလည်း ဖြစ်သည်။ သူတို့ဇနီးမောင်နှံသည် စာရေးသူကို သားအရင်းတမျှချစ်ခင်ကြပါသည်။ ထို့ကြောင့် အောက်တိုဘာ ကျောင်းပိတ်ရက်များတွင် မန္တလေးမှ သူတို့ထံသွားနေရလေ့ ရှိသည်။
အန်ကယ် ဆုံးသွားပြီးနောက် အန်တီဒေါ်နှင်းမြသည် ဘုရားတည်၊ ကျောင်းဆောက် အလှူ အတန်းများ လုပ်ပြီး ခရီး ထွက်နေသည်က များသည်။ ထိုသို့ ခရီးထွက်လျှင် ကျောင်းပိတ်ရက် နှင့်ဆုံက စာရေးသူ လိုက်ပါ သွားရတတ်သည်။
အန်တီ ဒေါ်နှင်းမြသည် ပုဂံမှ ဂေါတော့ပလ္လင်စေတီကို လုံးတော်ပြည့်ရွှေချသည်။ ကုလားကျောင်းကိုမူ ထုံးသင်္ကန်းကပ်သည်။ ထိုနှစ်က ထုံးသင်္ကန်းအစား ခေတ်ပေါ်ရေဆေးအဖြူ သုတ်လှူ၍ ပုဂံသို့သွားခြင်းဖြစ်သည်။ ဂေါတော့ပလ္လင်ဘုရားသို့ ရောက်သောအခါ ဂေါပကများနှင့်အတူ သခင်ရဲညွန့်လည်း ရှိနေပါသည်။ သူသည် အန်တီဒေါ်နှင်းမြနှင့် နဂိုကတည်းကသိကျွမ်းနေပုံရသည်။
ထိုနေ့က နံနက်စာ အတူသွားစားကြရာ သူနှင့် အန်တီဒေါ်နှင်းမြတို့ ပုဂံဘုရားများအရေအတွက်နှင့်ပတ်သက်ပြီး စကားလက်ဆုံကျကြသည်။ သူ့စကားများမှာ တန်ဖိုးရှိလှ၍ စာရေးသူလိုက်မှတ်ထားသဖြင့် ယခုကဲ့သို့ ရေးနိုင်ခြင်းဖြစ်ပါသည်။
“လှည်းဝင်းရိုးသံ တညံညံ ပုဂံဘုရားပေါင်းဆိုတော့ ပုဂံမှာ ဘုရား စေတီအရေအတွက်ပေါင်း လေးသန်း လေးသိန်းလေးသောင်း ခြောက်ထောင့်ခုနစ်ရာသုံးဆယ့်သုံးဆူ ရှိတယ်လို့ထင်ရမှာပေါ့ ဒေါ်နှင်းမြရယ်။ ဒါဟာ လုံးဝ မဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပုဂံက ရွှေကျောင်းဆရာတော်ဦးစန္ဒကို ကျွန်တော် မေးလျှောက်ခဲ့ဖူးတယ်။
ဒီဆရာတော်ကြီးက ပုဂံမြို့တိုက်စုရပ်မှာ ဖွားမြင်တော်မူခဲ့တဲ့ ပုဂံမြို့သားစစ်စစ် ဆရာတော်ကြီြးုဖစ်တယ်။ မန္တလေးနေပြည်တော် မင်းတုန်းမင်းတရားကြီး နှင့် သီပေါမင်းတရားတို့ မင်းနှစ်ပါးလက်ထက်တော်များမှာ ကင်းဝန်မင်းကြီးကျောင်းတိုက်က စာချဆရာတော်ဖြစ်ပါတယ်။ ပါတော်မူတဲ့အခါ ဆရာတော်ဟာ သူ့ဇာတိပုဂံမြို့ကိုပြန်လာပြီး မြို့အရှေ့ဘက်မှာရှိတဲ့ ရွှေကျောင်းကြီးမှာပဲ ကျောင်းထိုင်ဆရာတော်အဖြစ်နဲ့ သီတင်းသုံးခဲ့တယ်။ ဆရာတော်ကြီးဟာ အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့နာယကဆရာတော်ဖြစ်သလို နတ်ထောင့်ဂိုဏ်းကြီးရဲ့ဂိုဏ်းချုပ်ဆရာတော်ကြီးလည်း ဖြစ်တယ်။ စာပေပိဋကတ်ကျမ်းဂန်များ နှံ့စပ်တတ်ကျွမ်းရုံသာမက ရှေးဟောင်းကျောက်စာများကိုလည်း လေ့လာဆည်းပူးထားလေတော့ ဒီဆရာတော်ကြီးကို ကျွန်တော်က ပုဂံဘုရားများ အရေအတွက်လင်္ကာများနဲ့ပတ်သက်ပြီး ဘ၀င်မကျလို့ မေးမြန်းလျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်။
ဆရာတော်ကြီးက ဒီလင်္ကာများဟာ ဘယ်စာထုပ်၊ ပေပုရပိုက်၊ ကျောက်စာတွေမှာမှ ရေးထားတာမဟုတ်ဘူးတဲ့။ ပုဂံမြို့အရှေ့တောင်ဘက် တစ်တိုင်ရွာက ဖွားစောရွာသူကြီး ဦးထွန်းဦးဆိုသူက ကြံဖန်ရေးစပ်ထားခဲ့ခြင်းသာ ဖြစ်တယ်လို့မိန့်ကြားတော်မူပါတယ်။
“မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ်လောက်မှာ ကျောက်စာဌာန(ယခု ရှေးဟောင်းသုတေသနဌာန)က ပုဂံမြို့မှာရှိတဲ့ စေတီပုထိုး၊ ဂူကျောင်းများရဲ့ဘွဲ့တော်များကို ရေတွက်ရေးမှတ်ပြီး ဘုရားစာရင်းပြုလုပ်ပါသတဲ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးထွန်းဦးကို သိတယ်လို့ယုံကြည်ပြီး ကျောက်စာဝန်က သူ့ကို ခရီးညွှန်လမ်းပြအဖြစ်နဲ့ခေါ်ယူသွားပြီး ဘုရားပုထိုးများရဲ့ဘွဲ့နာမည်များကို ပြောပြစေခဲ့ပါတယ်။ ပုဂံ ၀န်ထောက်ဦးတင်ကိုယ်တိုင်က သူ့ကို ယုံနေတာကလား။
“နောက်မကြာမီပဲ ဦးထွန်းဦးက ရှေးပေပုရပိုက်တွေမှာတွေ့သယောင်ယောင်နဲ့ ပုဂံဘုရားများနဲ့ပတ်သက်တဲ့ လင်္ကာများကိုရေးစပ်ပါတော့တယ်။ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း ဆိုတော့ ပုဂံမြေပေါ်မှာ ဘုရားစေတီပေါင်း လေးသန်းလေးသိန်း လေးသောင်းခြောက်ထောင့်ခုနစ်ရာ သုံးဆယ့်သုံးဆူရှိတယ်လို့ အဓိပ္ပာယ်ဆောင်နေတာပေါ့။ “ဒေါ်နှင်းမြ စဉ်းစားကြည့်ပါ။ ဒီဘုရားတွေ ပုဂံမြေပေါ်မှာ တည်ထားရင် မဆံ့နိုင်ပါဘူး။ ဒီလောက်လည်း ပုဂံမြေမရှိပါဘူး။
ဒီဘုရားတွေတည်ထားဖို့ မြန်မာနိုင်ငံတစ်ဝက်လောက် နေရာလိုလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု သခင်ရဲညွန့်က ရှည်လျားစွာ ပြောပြသောအခါ အန်တီဒေါ်နှင်းမြက-“ဒါဖြင့်ရင် ရွှေလသာဝါ၀ါဝင်း၊ ပုဂံဘုရားရေချိုးဆင်း ဆိုတာကကော”“ရွှေလသာဝါ၀ါဝင်း၊ ပုဂံဘုရား ရေချိုးဆင်းဆိုတာက ဧရာဝတီမြစ်ရေတိုက်စားသွားလို့ ဘုရားပေါင်း လေးသိန်းလေးသောင်းခြောက်ထောင့် လေးရာလေးဆယ့်လေးဆူ ရေထဲပါသွားတယ်လို့ ဆိုလိုတာပါ။
အဲဒီ အရေအတွက် ဘုရားစေတီပေါင်းသာ မြစ်ရေတိုက်စားခံရရင် ပုဂံမြို့လူနေအိမ်တွေလည်း အခုလို ကျန်နေတော့မှာ မဟုတ် ပါဘူး။ ဘုရားများနှင့်အတူ ဘုန်းတော်ကြီးကျောင်းများ၊ ဇရပ်များပါ မျောပါသွားနိုင်ပါတယ်။ ဘယ်လိုမှ အကျိုးအကြောင်း ဆီလျော်ဆက်စပ်မှု မရှိပါဘူး။ ဦးထွန်းဦးက သူရွတ်ဆိုလို့ကောင်းသမျှကို လက်တန်းရေးစပ်သွားဟန်ရှိတယ်လို့ ဆရာတော်ကြီးက မိန့်တော်မူပါတယ်။
မြစ်ရေတိုက်စားလို့ ရေထဲမျောပါသွားတဲ့ ဘုရားစာရင်းကို ဘယ်သူကမှ ရေတွက်ရေးမှတ်ထားခဲ့ဟန်လည်း မတူပါဘူး။ “ကိုးကိုးတန် ပုဂံအိမ်ခြေပေါင်း ဆုတဲ့ ကိုးဆယ့် ကိုးကုဋေကျော်မျှရှိတဲ့ နေအိမ်များလည်း ပုဂံမြေမှာ ဆံ့မှာမဟုတ်ပါဘူး။ ဦးထွန်းဦးရဲ့လက်တန်း စကားများသာဖြစ်ပါတယ်။
“ဆရာတော်ကြီးက အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ရဲ့နာယကဆရာတော်ကြီးဖြစ်တာကြောင့် အာနန္ဒာဘုရားကြီးနဲ့ပတ်သက်ပြီးလည်း မေးလျှောက်ခဲ့ပါတယ်။ ဆရာတော်ကြီးက စေတီရံ တစ်သောင်း၊ မုခ်ပေါင်းတစ်ထောင်၊ လမ်းသုံးမြှောင်လို့လည်း ဦးထွန်းဦးက ရေးစပ်ခဲ့ပါသေးတယ်။
ဘုရားကြီးမှာ စေတီရံတစ်သောင်းလည်း မရှိပါဘူး။ မဟာရံတံတိုင်းအပြင်ဘက် တစ်ဖက်ကို စေတီငယ် နှစ်ရာ့ငါးဆယ်စီ ရှိပါတယ်။ လေးဖက်ပေါင်းမှ တစ်ထောင်ရှိတာပါ။ စေတီကြီးပေါ်မှာရှိတဲ့စေတီများ မဟာရံတံတိုင်း မုခ်လေးမုခ်ရဲ့စေတီလေးဆူနဲ့တကွ အားလုံးပေါင်းမှ စေတီငယ်ပေါင်းတစ်ထောင်နဲ့ နှစ်ဆယ့်ကိုးဆူပဲ ရှိပါတယ်။ မုခ်ပေါင်းတစ်ထောင်ဆိုတာကလည်း မဟုတ်ပါဘူး။ တိုးလျှိုပေါက် ထုတ်ချင်းခတ်လိုက်မှ မုခ်အကြီးအငယ် တစ်ရာ့ခြောက်ဆယ်၊ မုခ်ကပ်လိုဏ်ဝင် အကြီးအငယ် တစ်ထောင့်ငါးရာနှစ်ဆယ့်လေးဖြစ်လို့ မုခ်ပေါင်းတစ်ထောင့်ခြောက်ရာ ရှစ်ဆယ့်လေးမုခ်ရှိတယ်လို့ ဆိုပါတယ်။ “လမ်းသုံးမြှောင်လည်း မရှိပါဘူး။ လိုဏ်ဂူတော်အတွင်းမှာ လိုဏ် နှစ်ထပ်ဖြစ်လို့ လမ်းနှစ်မြှောင်ပဲ ရှိတဲ့အကြောင်း ဆရာတော်ကြီးက သေသေချာချာရှင်းပြတော်မူခဲ့ပါတယ်”
ယခုကဲ့သို့ သခင်ရဲညွန့်က ပုဂံမြို့ရွှေကျောင်းဆရာတော်ကြီး၏မိန့်ကြားချက်များအရ သူသိခဲ့ရသည့် ပုဂံဘုရားများ အရေအတွက်နှင့်ပတ်သက်၍ ပုဂံဖွားစောရွာသူကြီး ဦးထွန်းဦး၏လုပ်ကြံမှု ယုံတမ်းစကားများကို ရှင်းလင်းပြောကြားခဲ့သည့်အတွက် အထူးပင် ကျေးဇူးကြီးလှပါသည်။ ဖွားစောရွာသူကြီး ဦးထွန်းဦးနှင့်ပတ်သက်သည့် ပါးစပ်ရာဇ၀င်များကိုလည်း စာရေးသူ၏ဆရာ ဗိုလ်မှူးဘရှင်ပြောပြခဲ့၍ သိရသည့်အကြောင်းများ ရှိပါသေးသည်။
ဖွားစောရွာ၏အနောက်ဘက်ရှိ ရေကန်ငယ်ကို ဦးထွန်းဦးက “မင်းတိမ်းကန်”၊ စုက္ကတေးနှင့်အနော်ရထာ စီးချင်းထိုးကြရာ စုက္ကတေး ကြောက်ရွံပြီး တိမ်းသွားသောနေရာကို အနော်ရထာ တူးဖော်ခဲ့သဖြင့် “မင်းတိမ်းကန်” ခေါ်တွင်သည်ဟုလည်းကောင်း၊
ဖွားစောရွာ၏အနောက်ဘက် မိဖုရားစော အုတ်ကျောင်းတောင်ဘက်၌ ညာဏ်တော် ၁၅ တောင်၊ အတောင် ၂၀ ခန့်ရှိဘုရားကိုလည်း “မင်းမရဲဘုရား”၊ စီးချင်းထိုးပွဲမှာ စုက္ကတေးကြောက်ရွံ့၍ မြင်းပေါ် မှာတင် တုန်လှုပ်သောနေရာ၌ အနော်ရထာ တည်ထားခဲ့သောကြောင့် “မင်း မရဲဘုရား”ဘွဲ့တွင်ကြောင်း၊
ထိုဘုရား၏အနောက်ဘက်တွင်ရှိသော လှံဘုရားကို ဦးထွန်းဦးက “လှံကျဘုရား”ဟု ဘွဲ့ပေးပါသည်။ စုက္ကတေး၊ အနော်ရထာ စီးချင်းထိုးပွဲမှာ စုက္ကတေး၏လှံသည် မြင်းပေါ်ကကျသွားသဖြင့် အနော်ရထာက အမှတ်တရတည်ထားခဲ့သောကြောင့် “လှံကျဘုရား”ဘွဲ့တွင်ကြောင်းလည်း ဦးထွန်းဦးကဆိုခဲ့သည် ဆိုပါသည်။
အနော်ရထာနှင့်စုက္ကတေး စီးချင်းထိုးကြသည်မှာ ဦးထွန်းဦးဇာတိ ဖွားစောရွာအနီးတွင် မဟုတ်ပါ။ သဗ္ဗညုဘုရားကြီး၏ တောင်ဘက် ပုဂံမြို့ရိုးအပြင်ဘက်ရှိ “သစ်မထီး” ချောင်းငယ်တွင် တိုက်ကြခြင်း ဖြစ်ပါသည်။ ထိုနေရာ၌ စုက္ကတေးသည် အနော်ရထာ၏လှံချက်ဖြင့် မြင်းပေါ်မှ လိမ့်ကျသွားခဲ့ပါသည်။ မြင်းပေါ်တွင် စုက္ကတေးမပါရှိတော့ဘဲ “မြင်းက”(ကုန်းနှီး)သာ ပါရှိပြီး မြင်းသည် အနုရာဓမြို့ (ယခု မြင်းကပါရွာ) ဆီသို့ ပြေးသွားခဲ့သည်။
အနုရာဓမြို့၏ မြောက်ဘက်၌လည်း အနော်ရထာ၊ စုက္ကတေး စီးချင်းထိုးပွဲ၏ရလဒ်ကို နားထောင်ကြည့်ရှုရန် လူစုလူဝေးကြီး စုရုံးရောက်ရှိနေပါသည်။ မြင်းပေါ်၌လူ (စုက္ကတေး) မပါရှိဘဲ “မြင်းက” သာပါရှိသည်ကို မြင်ကြရ၍ “မြင်းကသာပါသည်၊ မြင်းကသာပါသည်”ဟု ပြောဆိုကြသဖြင့် “အနုရာဓ” မှာ “မြင်းကပါ” အမည်တွင်လာခဲ့ သည်။ မြင်းကပါရွာ၏မြောက်ဘက် အတောင် ၁၀၀ ကွာလောက်တွင် မြင်းကသာပါကြောင်း တွေ့ရှိရာ၌ အနော်ရထာတည်ထားခဲ့သောဘုရားကို “မြင်းကပါ ဘုရား”ဟု ဘွဲ့တော်သတ်မှတ်လျက် ယနေ့တိုင် အထင်အရှား ဖူးတွေ့နိုင်ပါသည်ဟု ဆရာဗိုလ်မှူးကြီးဘရှင်ပြောပြခဲ့၍ သိခဲ့ရပါသည်။
ရှေးဟောင်းသုတေသနဌာနက ပုဂံမြို့နှင့်အနီးတစ်ဝိုက်တွင် စေတီပုထိုးပေါင်း ၅၀၀၀ ကျော်ရှိသည်ဟု ဆိုပါသည်။ (ယဉ်ကျေးမှုဌာန၀န်ကြီး ဦးချစ်သောင်း၏ ပုဂံရက်သတ္တပတ်ဖွင့်ပွဲမိန့်ခွန်းတွင် ဤကဲ့သို့ ပါသည်)။ အင်္ဂလိပ်ခေတ် ကျောက်စာဌာနမှ ပုဂံမြို့နှင့်ဝန်းကျင်ရှိ ဘုရားပုထိုးစေတီများကို ရေတွက်စာရင်း ပြုလုပ်ခဲ့ဖူး ပါသည်။ ဘုရားတစ်ဆူလျှင် သစ်ဆေးဖြင့်နံပါတ်ရေးထိုး၍ ရေတွက်စာရင်းပြုလုပ်ရာ အရေအတွက် သုံးထောင်ကျော်သာရှိကြောင်း မှတ်သားရပါသည်။
ပုဂံဝန်ထောက်ဦးတင်သည် ပုဂံတွင် (အင်္ဂလိပ်ခေတ်က) နှစ်ပေါင်း ၃၀ ကျော်မျှ နေထိုင်သွားခဲ့သည်။ သူ့ကို ကျောက်စာများနှင့် ပုဂံဘုရားများသမိုင်းကို ကောင်းစွာလေ့လာခဲ့သူဖြစ် ၍ နိုင်ငံခြားမှ ထင်ရှားသောပုဂ္ဂိုလ်များ ပုဂံဘုရားဖူးရာတွင် ရှင်းလင်းဖော်ပြစေရန် အငြိမ်းစားယူသည်အထိ မရွှေ့ပြောင်းစေဘဲ ပုဂံနယ်မှာပင် ခန့်ထားအမှုထမ်းစေခဲ့သည်ဟု မှတ်သားရဖူးပါသည်။
အဆိုပါ ပုဂံဝန်ထောက်မင်းဦးတင်၏ ပုဂံဘုရားများသမိုင်း လက်ရေးစာမူစာအုပ်ကို စာရေးသူ ဖတ်ရှုလေ့လာခဲ့ဖူးရာ ထိုလက်ရေးစာမူတွင် ပုဂံဘုရားများအရေအတွက်ကို လေးသန်းကျော်ရှိသည်ဟု ရေးသားမထားပါ။ ထို့ကြောင့် နောင်လာနောက်သားများ အမှတ်အသားမမှားစေရန် တစ်ဆင့်ပြော ပါးစပ်ပြောရာဇ၀င်များကို အမှန်ဟုမယူမှတ်ကြဘဲ အမှန်ကိုသာ သိရှိမှတ်သားနိုင်စေရန် ရေးသားရှင်းပြလိုက်ရခြင်း ဖြစ်ပါသည်။
မောင်သန်းဆွေ(ထားဝယ်)
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
No comments:
Post a Comment