Wednesday, November 7, 2012

ရိုးကုမ္ပဏီ၊ အယ်လ်ဖင်စတုန်းနှင့်
တရုတ်တန်းလမ်းမကြီးပေါ်က နောက်ဆက်တွဲစာမျက်နှာ...




ကျွန်တော်ငယ်ငယ်က ကြီးဒေါ်၏ စကားများကို အလွန်စိတ်ဝင်စားခဲ့သည်။ ကြီးဒေါ်က ခေါင်းရွက်ဗျပ်ထိုးနှင့် မန္တလေးအရပ်တကာ၊ ပြတကာ ဈေးလှည့်ရောင်းနေသူ …။ ““နာရီစင်က အရှေ့တက်တော့ မာရဂျမ်းတိုက်ကျော်အပြီး ကာတစ်တိုက်ဘေးမှာ ခဏနားရသေးတယ်။ မထူးပါဘူးလေဆိုပြီး ရှေ့ဆက်တော့ ရိုးကုမ္ပဏီအတက်မှာ ကိုဘရင် ရထားလုံးနဲ့ တွေ့တာ …။

သူက ကြေးနန်းရုံးကလာတာတဲ့။ ရွှေတိုက်ရုံထဲလည်း ဝင်စရာရှိသေး တာတဲ့။ ဒါပေမယ့်မတတ်နိုင်ဘူး၊ ကျုပ်ကို ဓာတ်စက်ရုံဘက်လိုက်ပို့ဦးတော် … လို့ ပြောရတယ်။”” ဒါက ဦးလေးကို ကြီးဒေါ်ပြောလိုက်သော စကားများဖြစ်သည်။ ကျွန်တော်ကတော့ … မကြာခင်မှာပဲ ကြီးဒေါ်အနား မခွာနိုင်တော့ …၊ မာရဂျမ်းတိုက်၊ ကာတစ်တိုက်၊ ရိုးကုမ္ပဏီ၊ ကြေးနန်းရုံး၊ ရထားလုံး၊ ရွှေတိုက်ရုံ၊ ဓာတ်စက်ရုံ … ဆိုတာတွေ တတွတ်တွတ် မေးမြန်းတော့သည်။ ကြီးဒေါ်ကတော့ သာမန်အရပ်သူကြီးပါ …။ ကုန်တိုက်ပဲ၊ ဘယဆေးဆိုင်ပဲ၊ ဓာတ်ရှင်ရုံပဲ၊ လမ်းမီးပေးတာပဲ စသည်လောက်သာ ပြောနိုင်သည်။ နောက်မှ ကျွန်တော်ကိုယ်တိုင် စာအုပ်တွေ ဖတ်ပြီး ထိုနေရာ ထိုအကြောင်းတွေ အတော်အတန် သိလာခြင်းဖြစ်၏။

ဥပမာဆိုပါတော့ … ရွှေတိုက်ရုံဆိုတာ ကြီးဒေါ်ထံမှ ကြားဖူးတာနှင့် ဓာတ်ရှင်ရုံလေဟုဆိုရုံနှင့်မပြီးသေး … ယခင်က ရွှေတိုက်ဝန်မင်း နေထိုင်ခဲ့၍ ရွှေတိုက်ဝင်းအမည်တွင်ကြောင်း၊ ဝင်းကြီးအတွင်း ဦးစိန်ကတုံး ဇာတ်ကရွက်ထည်ရုံကြီးထိုး၍ ကပြခဲ့သလို … အခြားဇာတ်ပွဲများ၊ နိုင်ငံခြား “မနီလာရှိုး” ဆပ်ကပ်ပွဲကြီးများလည်း သွပ်မိုးသွပ်ကာ ရွှေတိုက်ဇာတ်ရုံကြီး၌ သွင်းခဲ့ဖူးကြောင်းနှင့် စစ်ကြီးမဖြစ်ခင်က ကြေးနန်းရုံဘက် လှည့်ပြီး အယ်လ်ဖင်စတုန်း ဓာတ်ရှင်ရုံရှိခဲ့တယ်ဆိုတာ …၊ အယ်လ်ဖင်စတုန်းမှာ အေဝမ်းက မြားနတ်မောင်ဓာတ်ရှင်ကားပြနေစဉ်မှာ …။ ဟော … သည်မှာပဲ ရွှေတိုက်ရုံဆိုတာ သိချင်တာလေးနှင့် လိုက်ရင်း ရိုက်ရင်း … သမိုင်းနှင့်ချီလာတော့သည်။

(က)
မန္တလေးတွင် အဆောက်အဦးများနှင့်ယှဉ်ပြီး နေရပ်လိပ်စာကိုမှတ်သားကြသည်။ ရှေးသရောအခါက ဘယ်သူမှ အိမ်နံပါတ်၊ အကွက်နံပါတ် နှင့်စကားမပြောကြ။ ယုတ်စွအဆုံး စာတိုက်မှ လိပ်စာပေး၍စာထည့်လျှင်ပင် အိမ်နံပါတ်၊ လမ်းနံပါတ်သုံးလေ့မရှိ။ ရပ်ကွက်ကြီးနာမည်ပြောမည်။ အနီးဆုံး အဆောက်အဦးကြီးအမည်ပြောမည်။ ဥပမာ-ဆိုပါစို့။ ကိုဖိုးရင်၊ ဂုန္တန်ဝင်း၊ နဂါးဆေးလိပ်ရုံကြီးအနီး လက်ဆည်ကန်ရပ်ဆိုတာမျိုးပေါ့။ နောက်တော့ အိမ်နံပါတ်တွေ၊ ရပ်ကွက်နံပါတ်တွေဖြစ်ကုန်သည်။

မန္တလေးမှာ အဆောက်အဦးများနှင့်ပတ်သက်ပြီး နဂါးဆေးလိပ်လို၊ ကာတစ် တိုက်လို၊ မာရဂျမ်းတိုက်ကြီးလို အထင်ကရတွေလည်းရှိမည်။ ဓမ္မဗိမာန်လို၊ မလွန်သာသနာ့ဗိမာန်လို သာသနိကအဆောက်အဦးတွေလည်းရှိသည်။ တချို့ အဆောက်အဦးတွေက လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွေနှင့်ဆက်စပ်နေ၏။

အိမ်တော်ရာဘုရားဝင်းအတွင်းရှိ (၁၄)ခန်းဇရပ်ကြီးဆိုလျှင် မြန်မာ့လွတ်လပ် ရေးကြိုးပမ်းမှုအတွက်၊ ဘာသာသာသနာအတွက်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရဟန်းသံဃာရပ်မိရပ်ဖများစုစည်းညီညွတ်ကြရာနေရာဖြစ်သည်။

ဟော.. ဓမ္မဗိမာန်ဆိုပါတော့။ အနောက်ကျုံးလမ်းမှာရှိသော ဓမ္မဗိမာန်ကား တစ်ချိန်က မြန်မာစာပေနှင့်ပတ်သက်၍ အာရုံစိုက်စရာကောင်းလှသည့် စာတမ်းအသီးသီး ဖတ်ကြားခဲ့ရာနေရာဖြစ်၏။ မန္တလေးစာပေမျိုးဆက်များကို လက်ဆင့်ကမ်းအမွေပေးခဲ့ရာနေရာလည်းဖြစ်သည်။ ယခုတော့မရှိတော့ …

ယခင်က ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားမှာ နေသူရိန်ဇာတ်ရုံကြီးရှိခဲ့ဖူးသတဲ့။ လွတ်လပ်ရေးအတွက် နေသူရိန်ညီလာခံတွေ၊ ဒုတိယကမ္ဘာစစ်အပြီး လူငယ်များကာယဗလနှင့်စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် ပွဲလမ်းကြီးတွေကျင်းပခဲ့သည့်နေရာကြီးဖြစ် သည်။ အိုလံပစ်တို့၊ ယဉ်တစ်ကိုယ်မယ်တို့၊ လှကြစမ်းပါဗျာတို့ … စသည့်သီချင်းများ မွေးဖွားခဲ့ရာနေရာဖြစ်သည်။

သည်ဖက် .. ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ကြည့်ပါဦး။ ယခုရတနာပုံသတင်းစာတိုက်ရှေ့က (ယခင် ဟံသာဝတီသတင်းစာတိုက်နေရာ) ရှေးဟောင်းအဆောက်အဦးကြီးက ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးအတွက် အထက်ဗမာ(မြန်မာ)ပြည်၊ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရုံးစိုက်ခဲ့ရာ နေရာဖြစ်သည်။

သူနှင့်မလှမ်းမကမ်း .. ကျောက်သွေးတန်းက ယခုအနုပညာ စားတော်ဆက် ဖွင့်လှစ်ထားရာ တိုက်ကြီးက ရွှေမောင်းတိုက်တဲ့။ လေဘာတီမမြရင် လျှမ်းလျှမ်းတောက်နာမည်ကြီးစဉ်က တစ်မြို့လုံး “မမြရင်၊ မမြရင်” ဟု တသသဖြစ်နေချိန် ဘာသာခြားတစ်ယောက်၏ကားပေါ် မမြရင်ကို တင်ဆောင်သွားသဖြင့် အခဲမကျေနိုင်သောလူငယ်များသည် ရွှေမောင်းတိုက်ရှေ့စုရုံးကာ ထိုကားကို ပုလင်းဖြင့်ပစ်ပေါက်ခဲ့သည်ဟု ဖတ်မှတ်ဖူးသည်။ ဒါဆိုတော့လည်း ရွှေမောင်းတိုက်က ရာဇဝင်ရှိပြန်သည်။

အခု .. ကျောက်သွေးတန်းတစ်ဝိုက်က ဘာသာရေးစာအုပ်များ ရိုက်နှိပ်ထုတ်ဝေသည့် ပိဋကတ်တော်ပြန့်ပွားရေး ပုံနှိပ်တိုက်လည်းမရှိတော့ ..။ မန္တလေး၏ပွဲလမ်းတိုင်းတွင် မပါမပြီးသည့်ပွဲထိုင်ကိတ်မုန့်တိုက်လည်းမရှိတော့ …။ ရွှေမန်းတင်မောင်၏ တိုက်မရှိတော့ …။

ဆရာမကြီးလူထုဒေါ်အမာကျန်းမာစွာနေထိုင်လျက်ရှိသည့် လူထုသတင်းစာတိုက်က ယခင်ပုံစံအတိုင်း တည်ရှိနေသည်။ လူထုသတင်းစာသည် အထင်ကရဖြစ်ခဲ့၏။ မြန်မာသတင်းစာသမိုင်းတွင် တစ်နေရာက မားမားမတ်မတ်ရပ်တည်နေသည့် သတင်းစာဖြစ်သည်။ မ

ဟာမုနိဘုရားကြီးမြောက်မုခ် ဗိုလ်ဗထူးလမ်းပေါ် “မဟာမုနိဘုရားကြီးဗုဒ္ဓပြတိုက်” ဟူသော အဆောက်အဦးကား ယခုအထိရှိသေးသည်။ ဒီအဆောက်အဦးက နှယ်နှယ်ရရမဟုတ် …။ ဖက်ဆစ်ဂျပန်ကို မတ်လ (၂၇)ရက်နေ့ထက် စောစီးစွာ မတ်လ (၈)ရက်ကတည်းက စစ်ကြေညာတိုက်ပွဲဝင်ခဲ့သော ဗိုလ်မှူးဗထူး၏ အထက်မြန်မာပြည်စစ်ရုံးချုပ်၊ ရုံးစိုက်ခဲ့ရာ အဆောက်အဦးဖြစ်သည်။ ထိုအဆောက်အဦးပေါ်မှပင် ဗိုလ်မှူးဗထူးက စစ်မိန့်ကိုလက်မှတ်ထိုးခဲ့သည်ဆို၏။ 

(ခ)
၁၉၃၈ ခု ဒီဇင်ဘာ ၃၁ ရက် (၁၃ဝဝပြည့် ပြာသိုလဆန်း ၁ဝ) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နယ်မြေရှိ ဗုဒ္ဓံသရဏံပန်းပွင့်နီရဲရဲ များကြားမှ ပြဋ္ဌာန်းခဲ့သော အမျိုးသားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ထောက်ခံသောအားဖြင့် ၁၉၃၉ ခုနှစ်ဆန်း ဖေဖော်ဝါရီ ၉ ရက် (၁၃ဝဝ ပြည့် တပို့တွဲလပြည့်ကျော် ၆ ရက်) နေ့တွင် မဟာလောကရံသီ အိမ်တော်ရာစေတီတော် ပရိဝုဏ်အတွင်း (၁၄) ခန်းဇရပ်ကြီး၌ ရဟန်းရှင်လူ ကျောင်းသားမြို့လူထုပရိသတ်နှစ်သောင်း ကျော်စုစည်းကာ နယ်ချဲ့အုပ်ချုပ်ရေးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည် တုံ့ပြန်ခဲ့ကြသည်။

၁၄ ခန်းဇရပ်ကြီး၌ နံနက် ၁၁ နာရီတွင် စတင်စုဝေးကြပြီး မွန်းလွဲ ၂ နာရီအချိန်၌ မြောက်ဘက် ၂၆ ဘီလမ်းအတိုင်း အရှေ့ပုလိပ်ရုံး (ယခုစည်ပင်သာယာရုံး) သို့ ဦးတည်ခဲ့ရာ ရိုးကုမ္ပဏီတိုက်ရှေ့ (ယခုဘဏ် ၁) တွင်တစ်ကြိမ်၊ အင်ပီရီယယ်ဘဏ်ရှေ့တွင် (ယခု ဟောင်ကောင်စတိုး) ရှေ့တွင် တစ်ကြိမ်၊ ကြေးနန်းရုံး (ယခု ဆက်သွယ်ရေးရုံး) တောင်ဘက်တွင်တစ်ကြိမ် အင်္ဂလိပ်စစ်ပုလိပ်က ပစ်ခဲ့ခတ်ခဲ့သည်။

ထိုစဉ်က အခြေအနေ အရပ်ရပ်၏ သတင်းဓာတ်ပုံများကား ကျွန်တော်တို့ငယ်စဉ် သတင်းစာအသီးသီး၌ မကြာခဏ ကြည့်ရှုခဲ့ရ သည်။ အထူးသဖြင့် နာရီစင်နောက်ခံနှင့် သုံးရောင်ခြယ်အလံများ …။ မျှားနတ်မောင်ဟူသော ရုပ်ရှင်ပိုစတာ ချိတ်ဆွဲထားသော အယ်လ်ဖင် စတုန်း ရုပ်ရှင်ရုံရှေ့လမ်းမကြီးပေါ်မှ တုန်လှုပ်ဖွယ်မြင်ကွင်းများ …။ ကျွန်တော်တို့ သိမီသောအခါ ထိုနေရာတွင် ရုပ်ရှင်ရုံမရှိတော့။ သူ့နောက်ကျော ရွှေတိုက်ဝင်းထဲမှာပင် ရုပ်ရှင်ရုံမရှိတော့ …။ ပြိုကျနေသော ရွှေတိုက်ရုပ်ရှင်ရုံကိုတော့ မြင်ဖူးခဲ့သေးသည်။ ထားပါတော့ …။

၂၆ ဘီလမ်းပေါ်မှ သမိုင်းဝင်ဓာတ်ပုံများကို ထိုစဉ်ထိုကာလ သတင်းစာများ၌ အမှတ်တရ ပြန်လည်ဖော်ပြမှုမျိုးဖြင့် ကြည့်ရှုဖူးနေရာ မှ ၁၉၇၉ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်တိုင် ရာပြည့်ကွင်းကြီး၌ ၆ ရက် ၆ လီ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ်၏ဥက္ကဌချုပ်ဆရာတော် ဦးဇောတိက (အဂ္ဂမဟာပဏ္ဍိတ) ၏ ဈာပနပွဲတွင် ဓာတ်ပုံပန်းချီကားချပ်ကြီးများဖြင့် ခမ်းနားစွာ ပြသထားသည်ကို သေချာစေ့ငှစွာ ကြည်ရှုဖူးပြီး ရင်ထဲ၌ မှတ်မှတ်ထင်ထင် စွဲဝင်သွားခဲ့သည်။

တကယ်တော့ ဆရာတော် ဦးဇောတိကသည် စစ်မြေပြင် အကြိမ်ကြိမ်ဖြစ်ခဲ့ရသော မန္တလေးတွင် မြန်မာတို့၏ ဦးထိပ်ပန်ဆင်ရာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို စစ်ဘေး၊ မီးဘေး၊ လူသူဘေးမှ ကင်းဝေးလွတ်ငြိမ်းအောင် ရဟန်းပျိုများနှင့်အတူ စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်ခဲ့သော ဆရာတော်တစ်ပါးဖြစ်သည်။ ထို့ပြင် အမျိုးဘာသာ သာသနာအတွက် ခေတ်အဆက်ဆက်တွင် ပြည်သူလူထုကျောင်းသား များနှင့်အတူ ရဟန်းပျိုအဖွဲ့ကြီးက ရှေ့တန်းမှပါဝင်ကာ သက်စွန့်ကြိုးပမ်းခဲ့မှုများ၌လည်း ဦးဆောင်ပြုခဲ့သည့် ဆရာတော်ကြီးလည်းဖြစ်၏။

ထို့ကြောင့် ဆရာတော်၏ဈာပနတွင် ဘော်သားကြာကလာပ်မီးလောင်တိုက်ကြီး၊ စဉ်ရှင်ကြီးပန်းပြာသာဒ်၊ သိုင်းပြာသာဒ်၊ လိုက်ပြသာဒ်၊ စံကျောင်းမဏ္ဍပ်ကြီး၊ ဧည့်ခံမဏ္ဍပ်များနှင့်အတူ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင်ပဒေသာကပွဲ၊ ရုပ်ရှင်ပွဲ၊ ပလေးဘွိုင်တီးဝိုင်း၊ မြန်မာ့လက်ဝှေ့ပွဲများ၊ ပခုက္ကူမြို့မှ အတောင် ၂ဝ ကျော်အမြင့် သိုင်းပြာသာဒ် ကစားပွဲကြီးများနှင့်အတူ ဆရာတော်ကြီး၏ နိုင်ငံရေးကြိုးပမ်းမှုသမိုင်းဓာတ်ပုံ ပန်းချီကားကြီးများလည်း တခမ်းတနား ချိတ်ဆွဲပြသခဲ့ခြင်းဖြစ်သည်။

ကြေးနန်းရုံဆိုသော …၊ ရွှေတိုက်ရုံဆိုသော ကြီးဒေါ်၏ အသုံးအနှုန်းလေးမှ … စိတ်ဝင်စားစွာ လေ့လာလိုက်မိတော့ ၂၆ ဘီလမ်းမကြီး ပေါ်မှ ရတနာပုံခေတ် မြို့ဝန်ဦးသာအိုး ဝင်းနေရာ (ယခု ဘဏ် ၁ နှင့် မျက်နှာချင်းဆိုင် ဟော်တယ်ဝင်း) ဘဏ် ၁ နေရာမှ နာရီစင်အထိ တည်ရှိခဲ့ဖူးသော ရိုးကုမ္ပဏီနှင့် ကုန်တိုက်ကြီးများနေရာ၊ အဟူဂျာဓာတ်ပုံတိုက်နေရာ၊ တိုကီဝါဓာတ်ပုံတိုက်နေရာ၊ ခန့်ခန့်ကြီး ဓာတ်ပုံတိုက်နေရာ၊ အင်ပရီရယ်ဘဏ်တိုက်နေရာ၊ အဝိန်ကိုး အချုံကိုး ကုမ္ပဏီနေရာများအထိ သိရှိရတော့၏။ ဒါက စီးပွားရေးမျက်နှာစာ …။

ထိုမှတဆင့် ဘာသာရေးနိုင်ငံရေးမျက်နှာစာအနေနှင့်မူ အယ်လ်ဖင်စတုန်းရုပ်ရှင်ရုံမှသည် ဆယ့်လေးခန်းဇရပ်အလယ် ရဟန်းပျိုအဖွဲ့ချုပ်အထိ သမိုင်းကြောင်းက ရှည်လျားသွားတော့သည်။ သို့သော် သမိုင်းကားမဆုံးသေး…။ ၂၆ ဘီလမ်းကို ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးပြီးကတည်းက အာဇာနည်လမ်းဟု အမည်တွင်ခဲ့တာ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်တော့…

ယခု ကွန်ကရစ်အထပ်မြင့်၊ အလျုမီနီယမ်နှင့် စတိန်းလက်စတီး၊ အလှဆင် ခေတ်မီအဆောက်အဦးကြီးများကြားမှ တစ်ထပ်တိုက် သေးသေးလေး တစ်လုံးလည်း ထိုလမ်းမကြီးပေါ်မှာရှိသည်။ ထိုတိုက်လေး၏ နဖူးစည်းထိပ်မှာ ရွှေထီးတစ်လက်ပုံကို အင်္ဂတေသားဖြင့် ထွင်းထား၏။ မန္တလေးသားများက ရွှေထီးတိုက်ဟု ခေါ်ကြသည်။

၁၃ဝဝ ပြည့် အရေးတော်ပုံကာလက ထိုရွှေထီးတိုက်မှ ဦးဘအို – ဒေါ်ခင်မျိုးတို့၏ သမီးများဖြစ်သောမသန်းရင်၊ မတင်လှနှင့် မမတို့က အပျိုပေါက်လေးများပေမင့် ဒဏ်ရာရရဟန်းသံဃာ၊ ကျောင်းသားနှင့် မြို့လူထုကို စွမ်းစွမ်းတမံ အကူအညီပေးခဲ့ကြကြောင်း မန္တလေးသားတိုင်း၏ နှလုံးသားထဲတွင် အမှတ်ရခဲ့ဖူးသည်။ ဟော … သာမန်တစ်ထပ်အုတ်တိုက်ကလေးကကော … သူ့နောက်ပြောင်းပြန် လိုက်ကြည့်သောအခါ သမိုင်းတစ်ဆစ်တစ်ကွေ့က ပေါ်လာပြန်၏။ 

ငယ်စဉ်က ကြားခဲ့ဖူးသော ကြီးဒေါ်၏ စကားများထဲမှ … မန္တလေး၏ နေရာဌာနအချို့သည် အခုတော့ အသက်သုံးဆယ့်ငါး လေးဆယ် မန္တလေးသားများပင် ကြားဖူးသိဖူးနိုင်တော့မည်မထင် …။ ထိုထို အဆောက်အဦးများမှ တချို့သည်ကား နှစ်ဘဝသုံးဘဝပင် ပြောင်းပေရော့မည်။ ကျန်ကောင်းကျန်ရာလည်း ကျန်ပေမပေါ့။

အဆောက်အဦးကျန်သလို သမိုင်းလည်း မမေ့မလျော့ကျန်ရစ်စေချင်၏။ သမိုင်းကျန်သော်လည်း အဆောက်အဦးမျှပင် မကျန်ရစ် ပါက ပစ္စုပ္ပန်မန္တလေးသားများ တာဝန်မဲ့ရာ ကျချေဦးမည်။ ဤုသို့ဆိုလျှင် … မူလကုသိုလ်ရှင်အစဉ်အဆက်တို့ ပြုပြင်မှုများဖြင့် အသွင်အပြင် ပြောင်းလဲနေသော အိမ်တော်ရာ ၁၄ ခန်းဇရပ်ကြီးကား အဆောက် အဦးကျန်သလို သူဖြတ်သန်းခဲ့ရသည့် နိုင်ငံရေး ဘာသာရေး သမိုင်းများစွာကိုလည်း ဇရပ်ကြီး ဥပစာတွင် မော်ကွန်းကမ္ပည်းကျောက်စာ
ရေးထိုးမှတ်တမ်းမတင်အပ် လေသလော။

အဆောက်အဦးမရှိတော့သော်လည်း ခံ့ညားထည်ဝါလှသည့် နှစ် ၁ဝဝ ပြည့်ကျော် မန္တလေးဈေးချိုတော်ကြီးသမိုင်းကိုလည်း ကျန်ကောင်းကျန်ရာ နာရီစင်ကြီးအခြေမှာ မော်ကွန်းရေးထိုးမထားသင့်ပါသလော။

နယ်ချဲ့လက်နက်အောက်၌ သုံးရောင်ခြယ်အလံမလဲစတမ်း မိမိတို့ဆန္ဒကို အသက်သေခံပြဆိုသွားခဲ့သည့် ၂၆ ဘီလမ်းမကြီးပေါ်က ယခင် အယ်လ်ဖင်စတုန်းရုပ်ရှင်ရုံရှေ့ (ယခု လမ်း ၈ဝ နှင့် ၈၁ ကြား) နေရာကို အာဇာနည်လမ်းဟူသော ကမ္ပည်းနှင့်အတူ နှောင်းလူတို့အတွက် အမှတ်အသားမပြု သင့်ပါသလော …။


(ဂ)
သမိုင်းဆိုင်ရာ အထင်ကရတွေရှိခဲ့သည့် ၂၆ ဘီလမ်းကို “အာဇာနည်လမ်း” ဟု အထင်ကရမှတ်မှတ်သားသားရှိစေခဲ့သည့် မစိုးရိမ်မီးပွိုင့်မှ လမ်း ၈ဝ အတိုင်းတောင်ကို ရှေ့ရှုလိုက်တော့ မြင်မြင်သမျှအရာအားလုံးသည် အသစ်အဆန်းချည်းဖြစ်ကုန်သည်။

မစိုးရိမ်ရုပ်ရှင်ရုံကြီးပဲကြည့်ပါဦး …၊ ယခင်က သီပေါရုံဟူ၍ မန္တလေးနှင့်ပတ်သက်သည့် ပြဇာတ်များ၊ ကပွဲများ ကပြဖျော်ဖြေခဲ့သည့်အပြင် ရုပ်ရှင်ကားများကိုပါ တစ်လျှောက်လုံးပြသခဲ့သော မစိုးရိမ်ရုပ်ရှင်ရုံသည် မျက်နှာဖုံးအသစ်နှင့်ရှေ့တိုးထွက်လာသည်။ ယခင်လက်ဟောင်းဟူ၍ နာမည်ကျော် “ပွဲကတော်အုပ်ဆေး” တိုက်ကိုတော့ ချီးကျူးဂုဏ် ပြုဖွယ်ရာ ကျန်ပါသေး၏။

ထို့အတူ အာဇာနည်လမ်းနှင့်လမ်း ၈ဝ ထောင့်က ရတနာပုံပရိဘောဂတိုက်သည်လည်း အားမာန်အပြည့်ဖြင့် ကျန်းမာနေဆဲဖြစ်တာ ဝမ်းသာရသည်။ ပို၍တန်ဖိုးထားဖွယ်ရာမြင်ကွင်းက အသားစားရှောင်ကြဉ်ရေးအသင်းကြီး၏ သားသတ်လွတ်စားရေးလှုံ့ဆော်သည့် ပိုစတာဆိုင်းဘုတ်ကို ပြန်လည် ဖော်ထုတ်ထားခြင်းဖြစ်သည်။ “တိရစ္ဆာန်များကို မစားခြင်းဖြင့် သူတို့အားကြင်နာပါ” (Bekind to Animal by eating them) ဟူ၍ဖြစ်၏။

ထိုဆိုင်းဘုတ်ဝါလေးက နိုင်ငံတကာအထိ ပေါက်ရောက်ထင်ရှားခဲ့သည်။ လမ်း ၈ဝ သည် အာဇာနည်လမ်းနှင့် ၂၇ လမ်းကြား အပြောင်းအလဲသိပ်မရှိလှသော်လည်း ၂၇ လမ်းကျော်သည်နှင့်ထူးခြားသစ်လွင်မြင့်မားလာ သည်။

ရွှေနဂါးရုပ်ရှင်ရုံမရှိတော့ …။ ဒဂုန်ဓာတ်ပုံတိုက်မရှိတော့ …။ ဒဂုန်နို့အေးဘားမရှိတော့…။ ပန်းချီဦးဘသက်၊ မြို့မငြိမ်းနှင့် မြို့မအသင်းသားတွေ ထိုင်တတ်သည့် “ဒို့ညီနောင်ကဖေး” လည်း မရှိတော့ …။ ထို့အတူ မျက်နှာချင်းဆိုင်က ရွှေမန်းလက်ဖက်ရည်ဆိုင်လည်းမရှိတော့ …။ ၂၇ လမ်းနှင့် တရုတ်တန်းလမ်းထောင့်က မန္တလေးသားတွေ မှတ်မှတ်ရရရှိခဲ့သည့် “ပတ်ကားလေး” စားသောက်ဆိုင်ကလည်း လက်ဖက်ရည်ဆိုင်တစ်ဖြစ် ပြောင်းလဲသွား သည်။





ထိုနေရာကစပြီး လမ်း ၈ဝ (ဝါ)တရုတ်တန်းလမ်းသည်
ရွှေဆိုင်ကြီးများ၊ ခေတ်ပေါ်ပလက်တီနန်လက်ဝတ်ရတနာဆိုင်ကြီးများ၊ စတိုးဆိုင်ကြီးများ၊ Blazon ကဲ့သို့ ကုန်ပဒေသာတိုက်ကြီးများ ဟည်းထနေတော့သည်။

ယခုအချိန်အထိ အရည်အသွေးမီ၊ ကျန်းမာရေးနှင့်ညီညွတ်၊ မပြောင်းမလဲခံ့ညားကျက် သရေရှိစွာသုံးစွဲနေသော မြန်မာသားရေဖိနပ်များကို စတင်ဆန်းသစ်ထုတ်လုပ်ခဲ့သော စောင်းကောက် ဦးလှကျော်၏ အမွေအနှစ်စောင်းကောက်တိုက်ကြီး လည်းလက်ပြောင်းသွားချေပြီ …။

တကယ်တော့ ထိုနေရာတစ်ဝိုက်သည် ရှေးခေတ်မန္တလေးကာလသားများ ညပိုင်းလမ်းလျှောက်၊ တီးမှုတ်၊ စားသောက်၊ အပန်းဖြေရာနေရာ ဖြစ်သည်။ ကျုံးထောင့်မှာ သီပေါရုံမှာ ဇာတ်ပွဲရှိသည်။ အနောက်ဘက် အယ်လ်ဖင်စတုန်းရုံမှာ ဓာတ်ရှင်ပြသနေသည်။ မလှမ်းမကမ်းမှာ တရုတ်စီကောက်၏ “တေလေ” ထမင်းဆိုင်ရှိသည်။ ၂၉ လမ်းထောင့်မှာ အီစမန်အင်၏ရေခဲမုန့်ဆိုင်နှင့် ဦးထော်၏ ဗဟိုလက်ဖက်ရည်ဆိုင်ရှိသည်။ တောင်ဘက် ၃၂ လမ်းထောင့်မှာ “ရင်နူး” ၏ ရေခဲရေကျောက်ကျောဆိုင်ရှိသည်။ အခု … တရုတ်တန်းလမ်းမကြီးတစ်လျှောက် ၃၂ လမ်းအထိကလည်း သစ်သီးဆိုင်တွေ၊ နိုင်ငံခြားဖြစ် စားသောက်ကုန်အမျိုးမျိုး လက်လီလက်ကားရောင်းချသောဆိုင်ကြီးတွေ၊ အလှကုန်ဆိုင်ကြီးတွေ၊ လျှပ်စစ်နှင့် လူသုံးကုန်အမျိုးမျိုးရောင်းချသော ဆိုင်ကြီး တွေ ဟောတစ်ဆိုင် …၊ ဟော .. တစ်ဆိုင်ပေါ်လာသည်။


(ဃ)
မစိုးရိမ်မီးပွိုင့်က တောင်ချိုးပြီး တရုတ်တန်းလမ်းမကြီးပေါ်မနက်တစ်ခေါက်၊ ညနေအပြန် တစ်ခေါက် နိစ္စဓူဝဖြတ်သန်းနေရာတာ (၂)နှစ်နီးပါး ရှိပြီ။ ၃၁ လမ်းနှင့် ၃၂ လမ်းကြား ယူနန်ဘုံကျောင်းက အသစ်တည်ဆောက်ထားသော အမိုးကော့နှင့်တရုတ်ရိုးရာဟန် ဧရာမမုခ်ဦးကြီးအောက်က ပန်းချီ ဆရာကြီး ဦးခင်မောင်သန်း၏ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနှင့် မန္တလေးကျုံးမြို့ရိုးပြာသာဒ်များ၊ ပန်းချီကားကြီးနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံရှုခင်းပန်းချီကားကြီးများကို မေ့မေ့မောမောကြည့်မိသည်။

ထို့အတူ … လမ်းအရှေ့ဘက်က ဈေးဆိုင်ခန်းတွေနောက် မြုပ်ကွယ်နေသည့် မန္တလေး ပုံစံရှေးဟေင်းနံကပ်နှစ်ထပ် တိုက်ကလေးကိုလည်း လည်ဆန့်ဦးမော့၍ ခက်ခက်ခဲခဲကြည့်မိနေသည်။

အခုလို ထိုအဆောက်အဦးလေးရှေ့မှာ ဈေးဆိုင်ခန်း တွေပိတ်မနေစဉ်ကာလက အဆောက်အဦးရှေ့ အုတ်တမံတလင်းခင်းထားသော ကွက်လပ်လေးတွင် ကြိမ်ခုံလေးတစ်လုံးနှင့်ထိုင်နေတတ်သော ခံ့ခံ့ညားညား မဟာနဖူးနှင့် အမျိုးသမီးကြီးတစ်ဦးကို မြင်ရလေ့ရှိသည်။ များသောအားဖြင့် တူမတွေ …၊ မြေးတွေနှင့် စကားပြောချင်ပြောနေတတ်သည်။ မန္တလေး၏ တရုတ်တန်းလမ်းမကြီးပေါ်က မြန်မာဆန်ဆန်နှစ်ထပ်နံကပ်တိုက်ရှေ့မှာ ထိုင်နေတတ်သည့် ခံ့ခံ့ညားညား အမျိုးသမီးကား ဆရာမကြီး အမ်အေဒေါ်အုန်း  ဖြစ်သည်။

ဆရာမကြီးကား ပညာရေး၊ ယဉ်ကျေးမှုသာမက နိုင်ငံရေးမျက်နှာစာမှာအထိ မှတ်မှတ်ရရထင်ရှားခဲ့သူ တစ်ဦးဖြစ်သည်။ ဆရာမကြီးမှာ မန္တလေး ကဉ္စနမဟီတရုတ်တန်းမှာ မွေးဖွားခဲ့သဖြင့် ပီဘိမန္တလေးသူစစ်စစ်ဖြစ်သည်။

၁၉၃ဝ တွင် ဗဟိုအမျိုးသားအထက်တန်းကျောင်းက ပါဠိနှင့်သချာင်္ဘာသာဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သည်။ ၁၉၃၈ ခုတွင် ပါဠိဘာသာဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၃၆ ခုမှ ၁၉၄၂ ခုထိ ရန်ကုန်တက္ကသိုလ် ပါဠိဌာန နည်းပြ၊ ၁၉၄၇ ခုမှ ၁၉၆၆ ခုနှစ်အထိ မန္တလေးတက္ကသိုလ်တွင် လက်ထောက်ကထိက၊ ကထိကနှင့် ပါဠိပါမောက္ခအဖြစ် တာဝန်ယူခဲ့သည်။

စစ်ကြီးအတွင်းက မြန်မာနိုင်ငံအာရှလူငယ်များအစည်းအရုံးဌာနချုပ် အမျိုးသမီးဥက္ကဋ္ဌနှင့် ၁၉၄၅ ခု ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့တွင် ပထမဆုံးအမျိုးသမီး အမှုဆောင်အဖြစ် တာဝန်ထမ်းခဲ့သူဖြစ်၏။ ဆရာဒဂုန်တာရာကတော့ ၁၉၃၆ ခုနှစ် ကျိုက်လတ်အမျိုးသားကျောင်းတွင် ပညာသင်နေစဉ် မေလ၌ ရန်ကုန်ဂျူဗလီဟော၌ ပထမဆုံးကျင်းပ သော ဗမာ(မြန်မာ)နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံကြီးသို့ သပိတ်မှောက်ကျောင်းသားများကိုယ်စားလှယ်အဖြစ်တက်ရောက်စဉ် တပင်တိုင်အကကို ကပြခဲ့သော ကျောင်းသူမအုန်းကို မှတ်မှတ်ရရဖြစ်နေခဲ့ဖူးကြောင်း ရေးသားခဲ့သည်။

တကယ်တော့ နိုင်ငံရေးဘက်တွင်သာမက သုခုမဘက်မှာပါ ထူးချွန် ခဲ့ခြင်းမှာ “မန္တလေးသူ” တိုင်း၏ ထူးခြားသော လက္ခဏာပင်ဖြစ်သည်။ မထူးချွန်မှနေရော …။ မအုန်းပညာသင်ကြားခဲ့သော မန္တလေးဗဟိုအမျိုးသား အထက်တန်းကျောင်းဆိုတာက ပညာရေးသာမက နိုင်ငံချစ်စိတ်နှင့် အမျိုးသားလက္ခဏာသုခုမပညာကိုပါ ထဲထဲဝင်ဝင်ရှိစေရန် လေ့ကျင့်ပေးခဲ့သည့် “ကျောင်းကောင်း” လည်းဖြစ်သည်။

ဗဟိုအမျိုးသားကျောင်းတွင် အနုပညာနှင့်ပတ်သက်၍ ဆရာကြီးရွှေပြည်ဦးဘတင်သာမက ပန်တျာကျောင်းနှင့်လူမှုဝန်ထမ်းအရာရှိ သခင်အေး မောင်လေးဦးစီးပြီး ကျောင်းသူကျောင်းသားများကို သုခုမပညာများသင်ယူစေခဲ့သည်။

အမျိုးသားနေ့ရောက်တိုင်း ပြင်ပပညာရှင်များမပါဘဲ ကျောင်းသူ ကျောင်းသားများ ကိုယ်တိုင်ကပြခဲ့ကြသည်။ ဆရာမကြီး အမ်အေဒေါ်အုန်း အမျိုးသားကျောင်းသူ ဘဝက ဆီစက်ပိုင်ဦးစိမ်းညိုဇနီး အမာစိန်၊ မျက်ပါးရပ် ရွှေဆိုင်းလုပ်ငန်း ရွှေနှင်းဆီ မတင်ညွန့်၊ အခွန်ဦးစီးမှူး ဦးစံထွန်းဇနီး မီးစလွယ်သိုင်းကြည်ကြည်၊ ပိဋိကတ်တော်ပြန့်ပွားရေးခင်မမ၊ ရဲဘော်သုံးကျိပ်ဗိုလ် ဇေယျဇနီး မခင်တင့်တို့နှင့်အတူ တပင်တိုင်ကဖက်ဖြစ်ခဲ့သည်။

မအေးကြည်၊ မအေးရင်၊ မမြတင်တို့က ပြဇာတ်ကကြတာတဲ့ …။ မအုန်း … တပင်တိုင်အကကောင်းတာကြောင့် မန္တလေးမြို့ဂုဏ်ရောင်ရုပ်ရှင်ရုံတွင် ကျောင်းရံပုံငွေပွဲတစ်ပွဲကျင်းပရာ မြို့မငြိမ်းက မအုန်းအတွက် သီချင်းတစ်ပုဒ်ပင် သီးသန့်စပ်ပေးပြီး ကပြစေခဲ့သည်။

“ထိပ်တန်းသို့ မြန်မာနိုင်ငံ .. ရောက်ဖို့မြင်ရန်အရေးဝယ် လူထု၏နိမ့်မြင့်ပညာ ဉာဏ်ရည်လိုက်လို့မြင်နိုင်တယ် … ထို့ကြောင့် လူငယ်မြန်မာပြည်ဖွား တိုင်းရင်းသားမောင်မယ် သင်ကြားအားထုတ်ကြိုးကုတ်ပညာ … မလင့်မီအခါဝယ် ကြီးလာတော့ တိုင်းပြည်အကျိုး … ထမ်းပိုးနိုင်မယ် .. နောက်နောင်ဝယ် …” တဲ့။

(င)
၁၉၇၅ ခုတွင် ကျွန်တော် မန္တလေးတက္ကသိုလ်ရောက်တော့ … မိဘသဖွယ်ဦးထိပ်ထားရသော ကျွန်တော့ငယ်ဆရာမ ဒေါ်လှလှသန်းနှင့်ခင်ပွန်း ဦးရဲညွန့်တို့က ဗောဓိကုန်းမြိုင်သာယာခြံမှာနေကြသည်။ မြိုင်သာယာကို ကျွန်တော်တို့က ဝင်ခလုတ် .. ထွက်ခလုတ် ..။ ရှိမှန်းမသိ၊ မရှိမှန်းမသိ .. အချိန်မရွေးဆရာမထမင်းအိုးကို ဝင်လှန်သည်။ ရှိသမျှဟင်းတွေ ခူးခတ်စားသည်။ ခြံမှာ ညအိပ်ချိန်အိပ်ကြသည်။ တံခါးမရှိ ဓားမရှိ။

ဦးရဲညွန့်ရော ဆရာမပါ သားဆိုးတွေအပေါ် အမျက်မသိုဘဲ တပြုံးပြုံးနှင့်ကျေနပ်နေတတ်သည်။ မှတ်မှတ်ရရ ၁၉၇၆ ခုနှစ် မတ်လ (၂၃)ရက်နေ့ …၊ မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပင်မဆောင်ကြီးရှေ့ ကတ္တရာလမ်းဘေးက ကုက္ကိုပင်ကြီးတွေမှာ ရွက်နုစိမ်းစိမ်းဝေနေသည်။ မနက် ၉ နာရီ စာသင်ခန်းတွေထဲ ရောက်နေဆဲ ကျွန်တော်တို့တစ်တွေ နွေဦး၏အရှေ့လေနှင့်အတူ ချိုးကူသံတွေ တက်တက်ကြွကြွကြားလိုက်ရတော့ အဓိပတိဆောင်ကြီးရှေ့ အုတ်လှေကားတွေပေါ်ကနေ နွေရနံ့နှင့် ချိုးကူသံကို ပူးပေါင်းခံစားလိုကြသည့်ဆန္ဒဖြင့် … စာသင်ခန်းပြင်ထွက်ခဲ့ကြ၏။

ပါလာသော စက်ဘီးတွေကို ကျောင်းထဲမှာ မထားတော့ဘဲ စိတ်ချရသောနေရာတစ်နေရာသို့ ထားရစ်ဖို့ထွက်ခဲ့ကြသည်။ စာသင်ခန်းပြင်ပထွက်ကာ နွေဦး၏ ရွက်ကြွေများနှင့်အတူ စိတ်သွားတိုင်းကိုယဏ်ပါဖို့အတွက် အနှောင်အဖွဲ့စက်ဘီးတွေကို ဗောဓိကုန်းက “မြိုင်သာယာ” ခြံမှာ ထားရစ်ခဲ့ရန် ခြံတံခါးကို တွန်းဖွင့်ဝင်တော့ … တံခါးနှင့် မနီးမဝေးသစ်သားတဲကလေးထဲက မြေးထိန်းနေသော အသက် ၅ဝ အရွယ်အမျိုးသမီးကြီးတစ်ဦးက ချက်ချင်းထလာပြီး စက်ဘီးတွေထားဖို့ နေရာညွှန်သည်။

“မင်းတို့ဆရာမ ကျောင်းသွားတယ်ကွယ့်၊ မောင်ရဲညွန့်ကတော့ ခြံထဲမှာရှိမှာပါ၊ ထားခဲ့ကြ ..၊ ထားခဲ့ကြ ..၊ မင်းတို့စက်ဘီးတွေ စိတ်ချပါကွယ်၊ အန္တရာယ်ကင်းဘေးရှင်းပါစေကွယ် …” တဲ့။ နောက်ရက် ကျောင်းပိတ်လို့ စက်ဘီးတွေသွားယူတော့ လည်း မနေ့ကတွေ့သော အမျိုးသမီးကြီးက ဆီးကြိုသည်။ သောက်ရေအေးအေးတွေ ကိုယ်တိုင်ခပ်တိုက်သည်။ စကားတွေပြောသည်။ ဆရာမလည်းရှိနေတော့… ထိုအမျိုးသမီးကြီးမှာ ဆရာမကြီး အမ်အေဒေါ်အုန်းမှန်းသိရ၏။

အမျိုးသား ကျောင်းသူကြီး အမ်အေဒေါ်အုန်း …။ အားနာလိုက်တာလေ …။ ဆရာမခင်ပွန်း ဦးရဲညွန့်က ဆရာမကြီး အမ်အေဒေါ်အုန်း၏ တူအရင်းဖြစ်သည်။ သည်တစ်ကြိမ်ပဲ ဆရာမကြီး အမ်အေဒေါ်အုန်းနှင့်နီးနီးကပ်ကပ်ဆက်ဆံလိုက်ရဖူး၏။ အေးမြခြင်းနှင့်အတူ နွေးထွေးသွားသည်။ နောက် … ၁၂ နှစ်ကြာ သြဂုတ်လဆန်းပိုင်း နေ့တစ်နေ့တွင် စာရေးဆရာ ညီပုလေးနှင့် ကျွန်တော်တို့ နှစ်ယောက်သား ဆရာမကြီးကို တရုတ်တန်းအိမ်မှာ သွားတွေ့ဖြစ်သည်။

ကိုညီပုလေးက သူ့ကိုယ်သူမိတ်ဆက်တော့ ဝမ်းပန်းတသာကြိုဆို၏။ အမေလူထုဒေါ်အမာ ရေးပေးလိုက်သော စာကို တူမလေးက ဖတ်ပြတော့ … အားရဝမ်းသာလက်မှတ်ထိုးပေးလိုက်သည်။ ထိုစဉ်ကလည်း အေးမြခြင်းနှင့်အတူ နွေးထွေးမှုကို နင့်နင့်နဲနဲရရှိလိုက်၏။ ကျွန်တော် … နိစ္စဓူဝ တရုတ်တန်းလမ်းမကြီးပေါ် ဖြတ်သွားတိုင်း ဆိုင်ခန်းလေးတွေနှင့်ပိတ်ဆီးနေသည့် ဆရာမကြီးအမ်အေဒေါ်အုန်း၏
အိမ်ကို ရှာဖွေကြည့်ရှုနေမိသည်။
                                                                                                                                         ဆူးငှက်

No comments:

Post a Comment