Thursday, November 29, 2012

Mech 72 မှကျော်ကြားထင်ရှားလှသူများ




သမုဒယကျောင်း

- အတူဆုံ
တအူတုံ တကယ်မဆင်းကြပေမယ့်
သူငယ်ချင်းဘ၀နဲ့
ငယ်စာရင်းက … အတန်းဖော် … ။

- ပြန်လွမ်းပြီလား
ကျောင်းခန်းမှာစာအတူသင်
ကျောင်းပြင်မှာ စာအတူကျက်
ရည်ရွယ်ချက်တွေအစပျိုးရင်း
`ဘ၀ပျိုးခင်း´ … ဆိုတဲ့ သည်ကျောင်းတော်…။

- သည်ကျောင်းမှာ ဘ၀ကိုစ
သည်ကျောင်းက ဘ၀ကို ထုဆစ်
နုမျစ်သူတွေပုံလောင်း
လောကရဲ့ကောင်းကျိုး
`အကောင်း´ `အဆိုး` ´ဓမ္မ´ `အဓမ္မ´ ဝေခွဲ
အနေရဲစို့ … မှန်းရည်မျှော်
တစ်လမ်းစီပဲနာ်..
(ကြီးတော့)… တို့တတွေကွဲ။

- ဆရာ၊ဆရာမတွေနဲ့
တခါကတပည့်တွေ ကံမကုန်လို့
ပြန်အဆုံပျော်စရာချည့်ပေပဲ။
တပည့်တွေလဲ (လည်း) ဆံပင်ဖြူ
အသွင်မတူ ဇယာဖက်
အသက်တွေ အရွယ်ရပေမယ့်
ငယ်ဘ၀ စာသင်ခန်းကို
ဘာမြင်မြင်အကုန်လွမ်းတာပဲ
ခုန်တန်းမှာ ငယ်အရိပ်တွေက
ငယ်စိတ်ဝင် အမှတ်တရာတွေနဲ့
ဖြတ်မရအောင်.. အခုဘ၀.. အနုသယ..၀ဲမှာ
(သူငယ်ချင်းရယ်..) သမုဒယနဲ့စွဲ ။    

မောင်စိန်ဝင်း(ပုတီးကုန်း)
( တအူထုံ တကယ်မဆင်းကြပေမဲ့ အတူဆုံ သူငယ်ချင်းဘ၀နဲ့   ရန်ကုန်စက်မှု
တက္ကသိုလ် မှာ ခင်မင်ချစ်ခင်ခဲ့ရသော သူငယ်ချင်းအားလုံးသို့ ရည်ညွန်းပါသည်)


(၂၀၁၂)ခုနှစ် မေလ ၆ရက်နေ့က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှာ
စက်မှုတက္ကသိုလ်အာစရိယပူဇော်ပွဲအစည်းအဝေးအပြီး ကျွန်တော်နဲ့ သူငယ်ချင်း
၂ ယောက်တို့  ကျွန်တော်တို့မရောက်တာ ကြာလှပြီ ဖြစ်တဲ့ ကျောင်းတော်ကြီးကို
တစ်ခေါက် ရောက်ရှိခဲ့ကြပါတယ်။  ကမကထ လုပ်ပေးသူတွေကျေးဇူးနဲ့ ကျောင်း
တော်သစ်ကြီးဟာသစ်သစ်လွင်လွင်ပြန်ဖြစ်နေပေမဲ့ စိတ်ထဲမှာတစ်ခုခုလိုနေသလို
ပါဘဲ၊ စွယ်တော်နန်းလို့ကျော်ကြားခဲ့စေတဲ့စွယ်တော်ပန်းပင်တွေလဲမရှိတော့သလို
ကျောင်းတော်ကြီးရဲ့ဝိဉာဉ်လို့ခေါ်ရမဲ့ ကျောင်းတော်ကြီးရဲ့သားသမီးတွေ လှုပ်ရှား
မှုပုံရိပ်တွေ မရှိတာကြောင့် အမိတက္ကသိုလ်ကြီးဟာ သားသမီးတွေ အတောင်စုံလို့
ထွက်သွားချိန်မှာ ကျန်ခဲ့တဲ့ မိအိုဖအိုတွေလို ခြောက်သွေ့လွန်းလှပါတယ်။

ဟိုးလွန်ခဲ့တဲ့ အနှစ်(၄၀)ကျော်တုန်းကဒီလိုဘယ်ဟုတ်လိမ့်မတုံး၊ လှုပ်
ရှားမှုအစုံနဲ့ ရောင်စုံပန်းချီကားကြီးလို လှပခဲ့ပါတယ်။      ပန်းချီကားကြီး အလည်
လှုပ်ရှားမှုတွေ ပြုနေသူအထဲမှာ Mech 72 မှ ထူးခြားစွာ ကျော်ကြားထင်ရှားလှသူ
များက ပိုမိုထင်ရှားလှတယ်လို့ဆိုရင်လည်း မှားမည်မထင်ပါ။      သူတို့နဲ့ကျောင်း
တော်ကြီးခွဲခြားလို့မရတာကြောင့် ကျောင်းတော်ကြီးအကြောင်း အလွမ်းပြေပြော
ကြရင်သူတို့တတွေ အကြောင်းလဲပါရတော့တာပေါ့။

.....................................

Mech 72 မှ ကျော်ကြားထင်ရှားလှသူများအကြောင်းကို ပြောရမယ်ဆို
ရင် ၊  အရင်ဆုံး  Mech 72 ဆိုတာဘာလဲဆိုတာ စာရှုသူတွေကို အရင်ရှင်းပြဖို့ လို
မယ်ထင်ပါတယ်။   Mech 72  ဆိုတာ ၁၉၆၆ ခုနှစ်မှာရန်ကုန်စက်မှုတက္ကသိုလ်ကို
Mechanical ဘာသာရပ်နဲ့ ၀င်ခွင့်ရပြီး  ၁၉၇၂ ခုနှစ်မှာ ဘွဲ့ရသူများကို  (အကြမ်း
အားဖြင့်) ခေါ်ဆိုတာဖြစ်ပါတယ်။ (RITကျောင်းသားများကတော့ သိပါတယ်။)

(အကြမ်းအားဖြင့်) လို့ပြောရတာကလဲ  အကြောင်းရှိပါတယ်၊ တကယ်
Mech72 လို့ ကျွန်တော်တို့သူငယ်ချင်းအားလုံးလက္ခံထားကြတာက ဒီလိုပါ ၁၉၆၆
ခုနှစ်မှာဝင်.. ဘယ်တော့ကျောင်းပြီးပြီး။ (တချို့ဆို ၁၉၇၆ မှ ပြီးတယ်) တခါဘယ်
တော့ကျောင်းဝင်ဝင်.. ၁၉၇၂ခုနှစ်ပြီး။  နောက်..ဘယ်တော့ကျောင်းဝင်ဝင်..ဘယ်
တော့ပြီးပြီး… မပြီးပြီး…. အဲ..ခဏအတူတူ တက်ဘူးရင် (တနည်းအားဖြင့်)  ခဏ
သူငယ်ချင်းဖြစ်ဘူးတယ် ဆိုရင်ဘဲ Mech 72 ဖြစ်သွားပါတယ်။  Mech 72  ဆိုတာ
အဲဒါပါ မထူးခြားပါလားခင်ဗျာ… အဲဒီတော့ အပေါ်တန်းကကျပြီးအတန်းတူလာသူ
တွေရော၊ ပင်ရင်းအတန်းကျကျန်ခဲ့သူတွေရော၊ ကျောင်းထွက်သွားသူတွေရော၊ ဒီ့
ပြင  Major ပြောင်းသွားသူတွေရော Mech 72  အော်တိုမက်တစ်ဖြစ်သွားတာပေါ့၊
ဘယ်လိုမှ မ၀င်ပြန်ရင်တောင်မှ  ဂုဏ်ထူးဆောင်  Mech 72 ဆိုပြီး  ထည့်ပစ်လိုက်
သေးတာ။  ကျွန်တော်တို့လိုသတ်မှတ်တာမျိုး တော်တော်ရှားမယ်ထင်ပါတယ် ….
တကယ်တော့ဒီလိုသတ်မှတ်တာကလဲသူငယ်ချင်းတွေတစ်ယောက်နဲ့တစ်ယောက်
ခင်လွန်းကြတော့ ခင်ဘူးတဲ့သူငယ်ချင်းတွေ တစ်ယောက်မကျန်ပါရအောင် စဉ်းစား
ရင်းထည့်ရင်းနဲ့ အဲလိုဖြစ်သွားတာလေ…ဘယ်လောက်ခင်ကြသလဲဆိုတော့ဒီကနေ့
အထိ တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်မပြတ်ဘူး။  ဘယ်သူဘယ်မှာနေ
တာက အစသိကြတယ်။  သာရေးနာရေး စုစည်းမိတယ်။ အထူးသဖြင့်တော့ နှစ်စဉ်
ကျင်းပလေ့ရှိတဲ့ အာစရိယပူဇော်ပွဲဆိုရင် အားလုံးဆုံကြတယ်။  အဲလိုဆုံတာလဲ နှစ်
တွေကြာလှပေါ့။

ကဲ Mech 72 ဆိုတာ ဘာလဲ စာရှုသူတွေသိသွားပြီး.ဆက်ပြီးတော့ကျွန်
တော်တို့အတန်းရဲ့  ကျော်ကြားထင်ရှားလှသူတွေအကြောင်း   ပြောပြချင်ပါတယ်။
ရန်ကုန်စက်မှုတက္ကသိုလ်က အတန်းတစ်တန်း အကြောင်းပြောမှာဘဲ ဘာများဆန်း
သလဲလို့  စာရှုသူတွေ  အခုစာဖတ်နေရင်း တွေးနေကောင်း တွေးနေမိ ပါလိမ့်မယ်။
အဲလိုတွေးနေမိရင်တော့ အမှားကြီးမှားသွားပြီဗျို့။   ကဲ …. ကဲကြာပါတယ်အမြည်း
လေးတခုပေးပါမယ်။

...............................

ကပ်စေးနှဲရာမှာ  ပြိုင်စံရှားတဲ့ သူငယ်ချင်း  Mech 72  တစ်ယောက်အ
ကြောင်းပါ။ ကပ်စေးနဲသူတွေအများကြီးတွေ့ဘူးမှာဖြစ်ပေမဲ့ တစ်ယောက်ကဘယ်
လောက်ထူးခြားသလဲဆိုတာ..ရှုကြည့်ကြပါအုံး… သူက မြို့ထဲကနေကျောင်းတက်
တဲ့နေ့ကျောင်းသား၊ မြို့ထဲက ဘတ်(စ) လိုင်းနံပါတ်(၈)စီးပြီးကျောင်းသွားကျောင်း
ပြန်ပါတယ်။ 

အဲဒီ၁၉၆၆ခုနှစ်တုံးက ဘတ်(စ) ကားခပေးရင်စပါယ်ယာက ၂” x ၁”
အရွယ်လက်မှတ်လေးပြန်ပေးတယ်၊ ကျောင်းသားအများစုက BPI မှတ်တိုင်လို့ခေါ်
တဲ့ ဆုံလည်ဝင်ပေါက်နဲ့ မှတ်တိုင်ရောက်ရင် ကားပေါ်ကဆင်းတာနဲ့ အဲဒီလက်မှတ်
လေးကို လွှတ်ပစ်ကြပါတယ်။   သူကတော့  ဒီလိုမဟုတ်ပါလေ….ဘူးလေး  တစ်ခု
ထဲမှာ သေသေချာချာသိမ်းပါတယ်။  သူကံဆိုးချင်တော့..တနေ့မှာ အဲဒီဘူးလေးကို
ကျွန်တော်တွေ့သွားပါတယ် (ကံဆိုးတယ်ဆိုတာကမှတ်ဉာဏ်ကောင်းလွန်းသူကျွန်
တော်ကဒီနေ့ ဒီအကြောင်းမမေ့မလျော့ရေးဖြစ်နေလို့ပါ..ဟဲ ဟဲ)လက်မှတ်တွေတွေ့
တော့ ကျွန်တော်ကအမှတ်တမဲ့ပါဘဲ “ဟေ့ကောင်ဒါတွေဘာလုပ်ဖို့သိမ်းထားတာလဲ″
ဆိုတော့ သူ့အဖြေက ဟဲ ဟဲ “အီးအီးကုန်းဖို့လေ” တဲ့.. ။

ဟိုက်…ကျွန်တော်ကြားတဲ့
စကားကို အံ့သြလို့.. စိတ်ထဲမှာလဲ.. ဒီလောက်စာရွက်သေးသေးလေးနဲ့ ဘယ်လိုများ
အီးအီးကုန်းမှာလဲ..အောင်မလေးလေး..လက်တွေများပေသွားမှဖြင့်(အဲလိုအတွေးနဲ့)
သူ့ကို ဘယ်လိုအသုံးပြုမှာလဲ မေးလိုက်တော့ သူက..အေးအေးဘဲ ဒီလိုဖြေပါတယ်
“မင်းကလဲ လက်မှတ်လေးကို..ဒီလိုဒီလို..ကတော့လေးလုပ်..ပြီးတော့..
လက်ခလယ်မှာစွပ်ပြီး..ကုန်းပေါ့ကွ”
တဲ့.. ဟားဟားဟားဟား.. အဟတ်ဟတ်ဟတ်ဟတ်။

ကဲ ..မကျော်ကြားသင့်ပါလားခင်ဗျာ (အခုတော့သူဒီလိုကပ်စေးမနဲတော့ပါပေ။ ကျွန်
တော့်သားမင်္ဂလာဆောင်တော့ ငွေငါးသောင်းကျပ်တော့ လက်ဖွဲ့တာ…) ကျွန်တော်
တို့အတန်းမှာလဲ အဲလိုမျိုးတစ်ဖက်ဖက်မှာ အဆင့်ကုန်ထူးချွန်သူတွေများလှပါတယ်။
ကဲ ကျွန်တော်ဆက်ပြောပြပါမယ်။  စိတ်ဝင်စားလာကြပြီမဟုတ်လား။

..........................................

ကျော်ကြားထင်ရှားလှသူများအမှတ် (၁)
အမှတ်စဉ် (၁) ပေးပြီးရေးလောက်အောင် ထူးခြားသူတစ်ဦးပါပေ။
“အရူးမြင့်ဂိမ်း”.. သက်ရှိထင်ရှားရှိနေတုံးမို့နာမည်ရင်းဖွက်ပြီး မြင့်ဂိမ်းလို့ဘဲ မှတ်ကြ
ပါလေ။ ရှေ့က အရူးဘွဲ့ထူးကတော့ ဖွက်စရာမလိုပါ။   သူကိုယ်တိုင်က သူငယ်ချင်း
ဆီဖုန်းဆက်တဲ့အခါ.. အတန်းထဲမှာ မြင့်ဂိမ်း ၃ယောက်ရှိတော့  တဖက်က ဇဝေဇ၀ါ
ဖြစ်နေရင် “ဟေ့ကောင်၊ ငါအရူးပါကွ..,အရူးလေ..အရူးမြင့်ဂိမ်းလေ” လို့ပြောနေကြ။
သူကြောင်ပုံ၊ ဘရုပ်ကျပုံ၊ မျက်နှာပြောင်ပုံတွေက သင်ဘယ်မှာ မှတွေ့ဘူးစရာမရှိပါ
ပေ။ 

တစ်ခုပြောပြမယ်..၁၉၇၂ခုနှစ်ကျောင်းပြီးသွားတော့အစိုးရဌာနကြီးတစ်ခုမှာ..
အလုပ်ရပြီး  မြန်မာပြည်အလည်ပိုင်းရှိ  မြို့ကြီး တစ်မြို့မှာ   သူတာဝန်ကျပါတယ်။
အရာရှိအိမ်နဲ့ Land Rover ရုံးကားနဲ့ ပေါ့ ကျကျနနပါ။ နယ်မှာတော့ ဒီရာထူးအဆင့်
ဆိုရင်ဘဲရာထူးတော်တော်ကြီးလှပါပြီ..သူတို့အခေါ်ဝန်ထောက်မင်း..၀န်ထောက်မင်း
ပေါ့။  ၀န်ထောက်မင်းက အစတော့ခန့်ခန့်ထည်ထည်နေနေပေမဲ့ တစ်ခုသောသင်္ကြန်
အခါလဲရောက်ရောထဖောက်ပါတော့တယ်..သူ့ကိုယ်သူမျက်နှာမှာ အိုးမဲသုတ်၊ နို့ဆီ
ခွက်တွေတတန်းကြီး ကြိုးနဲ့ချည်..ခါးမှာတစ်စကို ချည်၊ ခေါင်းမှာယပ်တောင်ကိုပန်၊
သစ်သားဓါးမကြီးပခုံးပေါ်ထမ်းပြီး နို့ဆီခွက်သံ ဂလောင်ဂလင်နဲ့ …၀န်ထောက်မင်း
တစ်မြို့လုံးပတ် ခြေလျင်ရေပက်ခံ  ထွက်တော်မူပါသတဲ့… ဟားဟားဟား၊  နယ်မြို့
သေးသေးလေးမှာ  ဘယ်လောက်ကျော်ကြားသွားမလဲဆိုတာ  စာရှုသူကိုယ်တိုင်ဘဲ
စဉ်းစားကြည့်ကြတာပေါ့ခင်ဗျာ အဲဒီလိုမြင့်ဂိမ်းပါ။

ငယ်ငယ်တုံးကမို့ အဲလိုကြောင်ပြီး
ကြီးလာတော့ပြောင်းသွားတယ်ထင်လား မှားသွားမယ် ကျွန်တော်တို့တတွေအသက်
တွေရလာတော့နှစ်စဉ်အာစရိယပူဇော်ပွဲလုပ်ပါတယ်။ ၀န်ထမ်းဖြစ်နေသူတွေကရာထူး
တွေလဲ အတော်ကြီးလာကြပြီမို့  နှစ်စဉ်မတက်နိုင်ကြဘဲ  ရန်ကုန်ရောက်ရင် မှီရာနှစ်
ကိုဘဲ တက်ကြရပါတယ်။ မြင့်ဂိမ်းတစ်ယောက်လည်း ရာထူးကြီးလှပေါ့၊   တစ်ခုသော
အာစရိယပူဇော်ပွဲကိုသူတစ်ခါတက်ရောက်လာပါတော့တယ်။ ဓါတ်လှေကားဝင်ပေါက်
နားမှာ ဆူဆူညံညံအရမ်း ဖြစ်နေတော့..ဘာများဖြစ်နေသလဲကြည့်လိုက်တော့ လား
လား…မြင့်ဂိမ်းနဲ့ သူ့ကို ၀ိုင်းဟားနေတဲ့ သူငယ်ချင်းတွေ။  ဟားမှာပေါ့…GM ကြီးက
ဆရာကန်တော့ပွဲတက်ဖို့ ၀တ်လာပုံ  ကြည့်ကြပါအုံး။   3 quater ဘောင်းဘီ စက နဲ့
NIKE walking shoe နဲ့ ခြေအိပ်ဒူးလောက်နဲ့ တီရှပ်ကလိမ္မော်ရောင်တောက်တောက်
နဲ့ ဦးထုပ်နဲ့၊ တကယ်အရွယ်ရော၊ ရာထူးရောနဲ့ မလိုက်တဲ့ Hip Hop ဒီဇိုင်း၊   ခဏနေ
တော့ဘာမပြောညာမပြောနဲ့..စင်ပေါ်တက်သွားပြီး..သီချင်းဆိုတဲ့ ကောင်မလေးတွေ
ကိုရှင်ဘုရင်လေးဆိုတဲ့ သီချင်းဆိုခိုင်းပြီး .. သူကရှေ့မှာ Post အမျိုးမျိုး ပေးနေတာပွဲ
တခုလုံးရီကြရလွန်းလို့ဆရာကန်တော့ပွဲ တည်တည်တန့်တန့်ပြန်လုပ်ရအောင် မနဲကြိုး
စားရပါတော့တယ် (တော်ပါသေးတယ် တနှစ်ဘဲလာလို့နိုင်လို့ နို့မဟုတ်ရင် ကျွန်တော်
တို့အားလုံး..အူတက်ပြီး..  ဆေးရုံရောက်ကုန်မှာ )  သူနဲ့ ကျွန်တော်နဲ့က  ဟိုးငယ်ငယ်
ဟိုက်စကူးထဲက  ငယ်သူငယ်ချင်း အဲဒီတုံးက အကြောင်းတွေပါ ထည့်ပြီး ရေးမယ် …
RIT က သူ့အကြောင်းအစုံရေးမယ်ဆိုရင် စာအုပ်တစ်အုပ်ရေးလို့ ရသူပါပေ။

တကယ်တော့ မြင့်ဂိမ်းဟာ ပုတီးစိပ်၊ ဘုရားတရားနဲ့နေသူတစ်ဦးဖြစ်ပြီး အရက်တောင်သောက်
သူမဟုတ်၊  မသိရင်တော့.. အရက်မူးပြီး မူးကြောင်ကြောင်တယ်လို့အထင်ခံရပါတယ်။
သူငယ်ချင်းများ..သူ့ဝန်းကျင်မှာ ပျော်နေလျှင် သူပါပျော်နေတတ်တဲ့   ပျော်တော်ဆက်
တစ်ဦးသာ ဖြစ်တယ်ဆိုလျင် မှားအံ့မထင်ပါပေ။

——————- ။ ——————–

ကျော်ကြားထင်ရှားသူများအမှတ် (၂)
RIT မှဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေအများကြီး  မွေးထုတ်ပေးခဲ့ပါတယ်။
အားလုံးသိကြတဲ့အတိုင်း  ဟိုးမဆလခေတ်က ဗိုလ်မှူးကြီး မောင်ချိုကအစ  ဦးစိုးသာ
အလည်၊ ယခုခေတ် ဦးအေးမြင့်အပါအ၀င်  အများကြီးပါ။  

ဒါပေမယ့်  Mech 72  လို
တစ်တန်းထဲက တစ်နှစ်ထဲက ဒုဝန်ကြီးသုံးပါတစ်ကြိမ်ထဲတော့ အမိတက္ကသိုလ်ကြီးက
မွေးထုတ်ပေးနိုင်တာဖြင့်  အရင်ဘယ်တုံးကမှ မရှိဘူးသလို နောင်ရှိဖို့ရာလည်းမလွယ်
ပါပေ။ သူတို့က ဟံစိန်ရယ်၊ မျိုးအောင်ရယ်၊ ချန်မောင်တို့ ၃ဦးဘဲဖြစ်ပါတယ်။ ဟံစိန်က
ပို့ဆောင်ရေး ဒုဝန်ကြီး၊ ချန်မောင်က ရထားပို့ဆောင်ရေးမှာ ဒုဝန်ကြီးနဲ့၊ မျိုးအောင်က
စက်မှုကဒုဝန်ကြီး။  ဟံစိန်က ကျောင်းတုန်းက Roll No.(1) မျိုးအောင်က Roll No.(2)
နောက်မှ ချန်မောင်။  တစ်ခါ ဟံစိန်က ရေတပ်ကဗိုလ်ချုပ်။  အတန်းထဲမှာ  အသက်အ
ငယ်ဆုံး၊ မျိုးအောင်က ညွှန်ချုပ်၊ အသက်ဒုတိယအငယ်ဆုံး၊ ချန်မောင်က လေတပ်စစ်
ဦးစီးဗိုလ်မှူးကြီး၊ အသက်ကရှေ့ နှစ်ယောက်ထက်ကြီးတယ်၊ အဲလိုအစဉ်လိုက် ဖြစ်နေ
မှုကလဲ မထူးခြားဘူးလား။

သူတို့တွေဟာ ဒုဝန်ကြီးတွေဖြစ်သွားလို့ ကျော်ကြားထင်ရှား
တယ်လို့ပြောရင် ငြင်းမရသော်ငြားလည်း ကျောင်းကတည်းက စာတော်မှု၊ အလုပ်ထဲမှာ
တော်တယ်လို့နာမည်ကြီးကြမှု၊ နောက်ပြီးအကျင့်ပျက်ခြင်း ဘယ်တုံးကမှမရှိမှု၊ သာရေး
နာရေးတွေမှာ တာဝန်ကျေမှု၊ ဘယ်လောက်ပဲရာထူးမြင့်လာပါစေ မပြောင်းလဲမှု ၊ (ဘယ်
လောက်မပြောင်းလဲသလဲဆိုရင် မင်္ဂလာဆောင်တစ်ခုမှာ ဟံစိန်ကို ကြိုဆိုနေရာချ သူတွေ
က ထိပ်ကစားပွဲခေါ်သွားစဉ် သူငယ်ချင်းတွေ ထိုင်နေတဲ့ စားပွဲတွေ့တော့ ဒီမှာဘဲ ထိုင်ပါ
ရစေဆိုပြီး သူငယ်ချင်းတွေနဲ့ကျန်နေခဲ့တယ်။ အဲလိုမျိုး မပြောင်းလဲသူတွေပါ)

ထို့ကြောင့်လဲ ထူးခြားထင်ရှားရတာဖြစ်ပါတယ်။  နိုင်ငံတော်က အားထားရမဲ့သူတွေ  အမှန်ဖြစ်တယ်
ဆိုတာ သူများထက် ပိုပြီး… ငယ်သူငယ်ချင်း  ကျွန်တော်တို့ ကောင်းကောင်း  သိတာပေါ့၊
ကဲ … ကဲ သူတို့တွေ အကြောင်းတွေလဲရေးမယ် ဆိုရင် မှတ်ဉာဏ်ကောင်းလွန်းသူ ကျွန်
တော့်မှာ ရေးစရာတွေမှ အများကြီး၊ ဒါပေမဲ့ ဒီလောက်မှာဘဲ ရပ်လိုက်မှ သင့်မယ်နော….
တော်ကြာ ဂိုဏ်းသင့်မှဖြင့်အခက်။

...........................

ကျော်ကြားထင်ရှားလှသူများအမှတ် (၃)
စိုင်းထီးဆိုင်ရဲ့ကျော်ကြားလှတဲ့”ငယ်ချင်ဦး”ဆိုတဲ့ သီချင်းထဲမှာ”အမြဲလိုမဟုတ်
ပေမဲ့လဲ .. သူနဲ့ဆုံတွေ့တဲ့မြေ၊ ပတ်သက်နေတဲ့အကြောင်းတွေ၊ ရောက်ပြန်လေတိုင်း ပြန်
ပြောတိုင်းမှာ ပြန်သတိရနေဆဲ လွမ်းနေဆဲပါ” ဆိုတဲ့ အပိုဒ်လေးဟာ  RIT  ကို ကျွန်တော်
ရောက်တဲ့ အခါတိုင်း သတိရမိတဲ့ အပိုဒ်လေးပါ။ ကျွန်တော့်လို သတိရမိသူတွေလဲ အများ
ကြီးရှိမှာပါ အဲဒီလို …သတိရကြသူတွေထဲမှာ ကျွန်တော်တို့အတန်းရဲ့ တစ်ဦးတည်းသော
မိန်းကလေးကျောင်းသူဖြစ်တဲ့ ဂျက်စီထွေးကို အကြောင်းပြုပြီးသတိရသူတွေ (ကျွန်တော်
မပါ)ကတော့ အများကြီးရှိပါပေတယ်ဆိုတဲ့ အကြောင်းနဲ့ကျော်ကြားထင်ရှားလှသူအမှတ်
(၃) ကို အစပြုပါရစေ။

၁၉၆၆ခုနှစ် Machanical ကိုဝင်ရောက်ခွင့်ရတဲ့အထဲမှာထူးထူးခြားခြား ဂျက်စီ
ထွေးတယောက်ဘဲ မိန်းကလေးပါပါတယ်။ (ကြုံကြိုက်လို့ တင်ပြရရင် တော်လှန်ရေးအစိုး
ရဆိုတဲ့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတက်လာတဲ့ အစိုးရရဲ့ ပထမဆုံးစမ်းသပ်တဲ့..   ILA
(Intelligent Level & Aggregate)  ဆိုတဲ့ စံနစ်နဲ့ တက္ကသိုလ် ၀င်တန်းအောင်သူများကို
သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးကို ခွဲပြီး တိုက်ရိုက်ပို့ပါတယ်။

အဲဒီစံနစ်နဲ့ ကျွန်တော်တို့ တတွေ ရန်ကုန်စက်မှု တက္ကသိုလ်ကို ရောက်လာခဲ့ကြတာပါ) အင်မတန်မှဆိုးသွမ်းတဲ့အတန်းကို ရောက်မဲ့ရောက်လာတော့ ရွှေရုပ်ကလေးလို..၊ ဒီခေတ်မော်ဒယ်ဂဲလေးလို…၊ဖြူဖြူသွယ်သွယ်ချောလှသူကလေး၊  အဲဒီတော့ ကြံကြိတ်သူတွေရော၊ တဲ့တဲ့ဗြောင်ပိုးသူတွေရော များတော့တာ ပေါ့။  အတန်းစုံ ကပါ။
(ကြံကြိတ်တယ် ဆိုတာ  ကြိတ်ကြံတာကို
ပြောတာပါ၊ ကြံကြိတ်တဲ့အထဲမှာ အခုရာထူးအတော် ကြီးကြီးသူတွေတောင်ပါသေး။  သူ
တို့တော့ ဖော်လို့မဖြစ်ပါပေ၊ ဟုတ်တယ်နော်)

ဒီလိုချစ်ချင်သူများလှပေမဲ့ ဂျက်စီဟာ အင်မတန်နေတတ်ပါတယ်။ 
ကျွန်တော်သာ သူ့နေရာဆိုအစောကြီး လင်ယ သားမွေးဖြစ်ပြီး
ကျောင်းတောင်ပြီးမယ်မထင်ပါ။    ဒီလိုချစ်ခင်သူများလှပေမဲ့ ကျွန်တော်တို့ အတန်းသား
အများစုကတော့ ဂျက်စီကို ချစ်ကြိုက်ကြဖို့ နေနေသာသာ မိန်းကလေးဆိုတာတောင် မေ့
နေပါတယ်၊ သူရှေ့မှာဘဲ ဘရုပ်ကျနည်းပေါင်းစုံ ကျကြပါတယ်။ နေ့တိုင်းမနက်ကျောင်းစ
တက်ကတည်းကညနေကျောင်းဆင်းသည်အထိနည်းပေါင်းစုံနဲ့သောင်းကျန်းကြပါတယ်။

အခု စာပေါ်မှာ ပြန်တောင်မရေးရဲတဲ့သောင်းကြမ်းမှုတွေပါ။ ဒါပေမဲ့ ဂျက်စီကလဲမဖြုံရေးချ
မဖြုံပါခင်ဗျာ။     ဖြုံရင်လဲ ကျောင်းသာထွက်သွားရမှာ။   ပြောရရင် သူမနဲ့ ကျွန်တော်ဟာ
ပထမနှစ်မှာလဲ  ခုံနံပါတ်ကပ်လျက်၊   ကျွန်တော်က သူနောက်က…..၊   အူရှီးခုံမှာလေ …
ဂျက်စီက M79  ကျွန်တော်က M80 ၊ တခါ နောက်ဆုံးနှစ်မှာလဲ Roll 9 အတူတူအောင်ဆို
တော့ တော်တော်လေးခင်တာပေါ့။ ဒါ့ကြောင့် ဂျက်စီဉာဏ်ကောင်းတာတွေ၊  စာတော်တာ
တွေ၊သူများကို ကူညီတတ်တာတွေအသေအချာသိပါတယ်။ စာတော်လို့လဲ RIT မှာဆရာမ
ပြန်ဖြစ်ပြီး ဂျပန်က Phd ရတာပေါ့။

ဘယ်သူအကူအညီတောင်းတောင်း  လှိုက်လှိုက်လှဲလှဲ
ကူညီသူပါ။ မျက်နှာလဲ သိပ်ချိုတာ။  နောင်ကြ ကျောင်းပြီးကြတော့ သူမနဲ့ ကျွန်တော်ဝေး
သွားကြတာပေါ့။ ဒါပေမဲ့ ဂျက်စီ အကြောင်းတွေတော့ ကြားနေရဆဲပါ…။  ဂျက်စီဟာ သူမ
ကို ပုံနှိုင်းခိုင်းပြီး ပြောရရင် တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ခိုင်″ နဲ့ တူနေတယ်လို့  ပြောတာတွေ
လဲကြားမိပါရဲ့၊ ဘာတဲ့… သူမဘ၀မှာ ချစ်သူထက်ချစ်နိုင်သူတွေများနေတဲ့ဘ၀ပါပေတဲ့ …၊
တယောက်ဆိုတယောက် ကျော်ကြားထင်ရှားလှသူ၊ သူငယ်ချင်း ဂျက်စီတယောက် ဘယ်
ဆီဘယ်များ ရောက်နေတယ်မသိတော့ပါလေ၊   အခုတော့ “သူနဲ့ဆုံတွေ့တဲ့မြေ”  ရောက်
နေပြီမို့ ဂျက်စီကို ကျွန်တော်တို့ သူငယ်ချင်းအားလုံးကအရမ်းသတိရနေမိပါတယ်။ (ဒီစာစု တွေကိုများ တွေ့ခဲ့လျင် ရောက်ရာအရပ်မှ အမြန်ဆက်သွယ်ပါလေ မဂျက်စီရေ)

...........................

ကျော်ကြားထင်ရှားလှသူများအမှတ် (၄)
Mech72 ရဲ့ အကျော်ကြားဆုံး အထင်ရှားဆုံးသူတွေကို ပြပါဆိုလျင် သူတို့ နှစ်
ယောက်မှလွဲလို့ ကျွန်တော့်မှာ ပြစရာမရှိပါပေ။  နိုင်ငံအဆင့်ကျော်ကြားမှုသာမက သမိုင်း
မှတ်တမ်းတင်ခံရမဲ့ Mech 72 သားကောင်းတွေပါ။ သူတို့ကတော့ တေးသံရှင်ခင်မောင်တိုး
နဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ပါ။  ကျွန်တော်တို့  သူငယ်ချင်းတွေရဲ့  အခေါ်အရတော့
“ငတိုး” နဲ့ “နချီးကုန်း” တို့ပေါ့။ သူတို့ နှစ်ယောက် ရဲ့ကျော်ကြားမှုအပေါ်တော့ ကျွန်တော်
နှမ်းဖြူးစရာမလိုပါပေ၊ အများကြီးသူများတတွေ ရေးပြီးသား မဟုတ်လား၊

ဒါကြောင့်ကျွန်တော်ကသူတို့နဲ့ Mech72 နဲ့ ပတ်သက်တာပဲပြောပြမှာပါ။
စိန်ဝင်းရဲ့ကဗျာကို ..ခင်မောင်တိုးသီချင်းအဖြစ်သီဆိုထားတဲ့ “ချစ်သူသိစေ” ဆိုတဲ့ သီချင်းကြားဖူးကြတယ်မဟုတ်လား၊

“ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး၊ ဖူးသည့်တငုံ ထုံသည့်တရှိုက်…”  အစချီတဲ့ အင်မတန်
လှပတဲ့ သီချင်းလေးလေ။  အဲဒါ Mech72 ကကျော်ကြားထင်ရှားလှတဲ့ သူတို့ နှစ်ယောက်
ပေါင်းဖန်တီးခဲ့တာပေါ့။ ဒါတင်လားဆိုတော့ … မဟုတ်ပါ။ 

ကျွန်တော်တို့ ကျောင်းပြီးခြင်း
အနှစ်(၃၀)ပြည့် အထိမ်းအမှတ်နဲ့ စိန်ဝင်းက ကဗျာတပုဒ်စပ်ဆိုပေးခဲ့ပါတယ်။  “အတူဆုံ
တအူတုံ တကယ်မဆင်းကြပေမယ့် သူငယ်ချင်းဘ၀နဲ့ ငယ်စာရင်း ကအတန်းဖော် ပြန်မ
လွမ်းပြီလား ကျောင်းခန်းမှာစာအတူသင် ကျောင်းပြင်မှာစာအတူကျက်…”   ဆိုတဲ့ အပိုဒ်
လေးနဲ့ စတဲ့ ကဗျာလေးပါ။   (ကျွန်တော်တို့ကတော့ …   ကျောင်းတွင်းမှာစာအတူသင်၊
ကျောင်းပြင်မှာ ဖဲအတူရိုက်လို့ ဖျက်ဆိုကြပါတယ် ဟဲဟဲ)၊

ဒီကောင်းမွန်လှတဲ့ကဗျာလေး
ဟာ  Mech72  ရဲ့  မူပိုင်ဖြစ်သလို RIT အသိုင်းအ၀ိုင်းမှာလဲ  အင်မတန်မှ ကျော်ကြားတဲ့
စိန်ဝင်းရဲ့ လက်ရေးမူလေးကို   ရှေ့မှာ   ဖော်ပြထားပေး ပါတယ်)   အဲဒီ ကဗျာလေး ကို
ခင်မောင်တိုးက သံစဉ်ထည့် ဆိုလိုက်တဲ့ အခါ အင်မတန်မှလှပတဲ့ “သမုဒယကျောင်း”ဆို
Mech72  ကို ကိုယ်စားပြုတဲ့၊  တနည်းအားဖြင့်  RIT ကို ကိုယ်စားပြုတဲ့  သီချင်းတစ်ပုဒ်
ပေါက်ဖွားလာခဲ့ပါတော့တယ်။

အများမသိသေးတာက သူတို့ရဲ့ နိုင်ငံချစ်စိတ်ပါ၊ သူတို့နဲ့ အနေနီးလှတဲ့ကျွန်
တော်က(တကယ်တော့ကျွန်တော်ကတတန်းလုံး နဲ့အနေနီးပါတယ်) သူတို့ နှစ်ယောက်
တိုင်းပြည်ဘယ်လောက်ချစ်တယ်ဆိုတာ  ပိုသိပါတယ်။    ဧရာဝတီ ဟောပြောပွဲ တွေမှာ
စိန်ဝင်းရဲ့ရင်ထဲက  ပြည်ချစ်စိတ်ဟာ  ဘယ်လောက်ထုနဲ့ထည်နဲ့ရှိသလဲဆိုတာ သိရပါ
တယ်။

 ခင်မောင်တိုးဆိုလဲ ၂၀၁၂ နှစ်ဆန်းပိုင်းတုန်းက အမေရိကန် သွားတာ ဗီဇာရက်
မစေ့ခင် မြန်မာပြည်ပြန်ဖို့ လုပ်တော့ အမေရိကမှာ အားလုံးပြည့်စုံနေတာကို  ဘာဖြစ်လို့
မြန်မာပြည်ကို ပြန်ချင်ရတာလဲလို့ သူတို့က ၀ိုင်းမေးကြသတဲ့။ ခင်မောင်တိုးကအမေရိက
မှာ မရှိတာ မြန်မာပြည်မှာ ရှိလို့ပါလို့ ဖြေသတဲ့။ ဟိုက အံ့သြလို့ အမေရိကမှာမရှိတာ ဘာ
ပါလိမ့်ဆိုတော့ “ဒေါ်အောင်ဆန်းဆုကြည်´´ လေလို့ ပြန်ဖြေခဲ့ပါသတဲ့။    အဲလိုချစ်ကြ
တာပါ။

သူတို့ ငယ်ငယ်ကအကြောင်းတွေ ရေးမယ်ဆိုရင်တော့ အများကြီးရှိသေးပေမယ့်၊
ဒီလောက်နဲ့  ရပ်လိုက်တာ  တော်မယ်ထင်ကြောင်းပါ ခင်ဗျာ။   သူတို့ အကြောင်းရေးရင်
ကိုယ့်အကြောင်းတွေ ပါပါလာတော့မှာလေ ဟဲဟဲ… ။    အခုဆို ကျွန်တော်တို့ အတန်းရဲ့
ကျော်ကြားထင်ရှားလှသူ အချို့အကြောင်းကို အထက်မှာရေးလာတာ ၄-၅ ယောက်နဲ့ပင်
စာမျက်နှာ အတော်များသွားတာ သတိထားမိပါတယ်၊   အင်း..ဒီတော့ Mech72 ရဲ့ကျော်
ကြားထင်ရှားလှသူများ  အကြောင်းကို  ကုန်စင်အောင်ရေးဖို့ရာကတော့   သီးခြားစာအုပ်
တစ်အုပ်ထုတ်ဝေမှ ရမလိုဖြစ်နေပါတယ်။

တကယ့်ကို ထူးခြားသူတွေက များလှပါတယ်။
တချိန်လုံးအားကစားလုပ်နေပြီး စာမေးပွဲနီးမှ စာကူးရင်းစာကျက်ပေမဲ့ အားကစားလဲထူး
ချွန်စာလဲ အရမ်းတော်တဲ့  ဗစ်တာအောင်မြင်တို့၊ ၂၁ လမ်းမှာ  ဗန်းလေးနဲ့  ကားပစ္စည်း
ရောင်းရတာကနေ ကားပစ္စည်းရောင်းဝယ်ရေး အင်ပါယာကြီး  ထူထောင်နိုင်တဲ့  အောင်
ခင်ခွန်းတို့  မြန်မာ့လက်ရွေးစင် ဘောလုံးသမား  ဂျွန်တင့်တို့  (နောက်ပြီး …  ထည့်မယ်
ဆိုရင်ထည့်လောက်တဲ့ ကျော်ကြားမှုရှိတဲ့ WHO တို့ … ဟဲဟဲဟဲ) အစရှိသဖြင့်အများကြီး
အများကြီးကျန်ပါသေးတယ်။ နောင်ကြုံတော့လဲကျွန်တော်ဆက်လက်တင်ပြတာပေါ့လေ၊
အခုတော့ဒီလောက်နဲ့ဘဲ Mech72 ရဲ့ကျော်ကြားထင်ရှားလှသူများ အကြောင်းကို ခေတ္တ
ရပ်နားခွင့် ပြုပါခင်ဗျာ။

(စကားချပ်။ ။ ဒီစာစုမှာ ပါဝင်တာတွေက လွန်ခဲ့တဲ့ အနှစ် ၄၀ကျော်  အတိတ်အကြောင်း
တွေ ပြန်ပြောင်းပြောနေတာဖြစ်ပေမဲ့ မှုန်ဝါးမနေဘဲ မနေ့တနေ့ကလိုဘဲ ကြည်လင်ပြတ်
သားနေပါတယ်။    Mech72  လို့ပြောပေမဲ့   RIT ရဲ့ ရုပ်ပုံလွှာတွေဘဲလို့ ကျွန်တော်ခံစား
ရမိပါတယ်။    ဒီစာစုကိုဖတ်ပြီး အမိတက္ကသိုလ်ကြီးကို အရမ်းလွမ်းစိတ်တွေစာရှုသူတွေရဲ့
ရင်မှာ ပေါ်ပေါက်လာမိကြတယ်ဆိုရင် ဇာတ်ကောင်တွေပီပြင်လွန်းတာကြောင့်ဖြစ်ရင် ဖြစ်
ဒါမှမဟုတ်  စာရေးသူ WHO ပုံ ဖော်ကောင်းတာဘဲဖြစ်တာကြောင့်  ဖြစ်မယ်ထင်ပါတယ်
ဟဲဟဲ။   ဒါပေမဲ့ ၀မရှိဘဲဝိလုပ်လို့ မရနိုင်တာကြောင့် WHO တော်တာတော့မဖြစ်နိုင်ပါပေ။)
ပြီးပါပြီ။

ရေးသူ- WHO (Mech 72)


No comments:

Post a Comment