ပျားလေးသမား
"ပျားအုံကိုတွေ့တယ်ဆိုရင် အဖေတို့ ငါ့သားတို့ ရွာမှာ ကောင်မလေးတွေကတောင် တောထဲ တောင်ထဲ ယာထဲ ချောင်းထဲ သွားရင်း လာရင်း ဖွပ်စားလေ့ရှိတာ ငါ့သားအသိပဲ။ ပျားအုံကို ဖွပ်တက်ရုံ၊ ဖွပ်ဝံ့ရုံနဲ့ ပျားသမားဖြစ်ရောလား။ ပျားသမားတိုင်း ပျားဖွပ်တက်ကြပေမဲ့ ပျားဖွပ်တတ်တိုင်း ပျားသမား မဟုတ်ဘူး။ ပျားသမားဆိုတာ သာမန်ထက် နား စွင့်ထားရတယ်။ မျက်စိ ဖွင့်ထားရတယ်။ ခေါင်းကို အမြဲတမ်း အသုံးချရတယ်။ ဒီလို စွင့်ထားတိုင်း ဖွင့်ထားတိုင်း မြင်ရောလား။ ကြားရောလားတဲ့ တစ်စတစ်စနဲ့မှ အလေ့အကျင့် အသိအမြင် ရအောင်ယူ၊ မြင်တတ် ကြားတတ် ဆုံးဖြတ်တတ်ဖို့ ကြိုးစား၊ အဲဒါမှ ထုံးမီစံကိုက် ပျားသမားဖြစ်တယ်။ ကဲ လက်တွေ့ စမ်းကြည့်ရအောင်။ ငါ့သား ခု ဘာတွေ မြင်လဲ သိလဲ အဖေ့ကို ပြောစမ်း"
ပြောပြော မေးမေး မေးလာသူက အဖေ ဖြစ်သူ ငတော....
ရုတ်တရက် အမေးခံလိုက်ရသူက ငလုံး။
သူတို့ ယနေ့ ပျားရှာ စထွက်ခဲ့ကြသည်။
သူတို့ဒေသ ချိုင့်ကြီးတစ်ဝိုက်မှာ ပျားလေး၊ ပျားကြီးနှင့် သစ်ခေါင်းပျားတို့ကို ပျားရည်အတွက် ရှာလေ့ရှိသည်။
ပျားကြီးနှင့် သစ်ခေါင်းပျားကို တောကြီး မြိုင်ကြီးမားထဲသို့ ညအိပ် ညနေ စားအိုးစားခွက်ဖြင့် လူစုံ သွားကာ ရှာဖွေလေ့ရှိသည်။
ပျားလေးကို စိုက်ခင်းပျိုးခင်းနှင့် ရွာနီးချုပ်စပ် ကဇာခင်းတန်းများ၊ ရွာဝန်းကျင်နှင့် ညအိပ်သွားရအောင် မဝေးသည့် သစ်ကြီးဝါးကြီးများရှိရာ နေရာများ၌ ရှာဖွေလေ့ ရှိသည်။ သည်သို့ ပျားလေးကိုသာ အဓိကထား ရှာသူများကို ပျားလေးသမားဟု ခေါ်သည်။
ပျားရှာရာ တောလိုက်ရာ၌ ငတောသည် သမ္ဘာရင့် ဝါရင့်သမား။ ပျားလေးပျားကြီး သစ်ခေါင်းများကို နှစ်ပေါင်းများစွာ ရှာဖွေ ခဲ့သလို တောကြီးမြိုင်ကြီးများမှ အစ ယာခင်း ချုံပုတ် ချုံနွယ် အဆုံး ခြေရာထပ်အောင် သွားခဲ့လာခဲ့ ပျားဖွပ်ခဲ့သော ပျားသမား။
သားဖြစ်သူ ငလုံးသည် ပျားရှာရာ၌ ပျံတောင်သင်စ ပညာယူစ၊ လေ့လာတပည့်ခံ ဆည်းပူးစ လူသစ်တန်း။
ငတော ရည်ရွယ်သည်က လူသစ်တန်း ပျားပညာသင် သူ့သား ငလုံးကိုပျားနှင့် ပတ်သက်သော သိသင့် သိအပ် မှတ်သင့် မှတ်အပ်သည်များကို အပြောသက်သက်ဖြင့် မပြောလို။ အဟောသက်သက်ဖြင့် မဟောလို၊ လက်တွေ့ လုပ်ရင်းကိုင်ရင်းမှ မှတ်သင့်သည်ကို မှတ်၊ သိသင့်သည်ကို သိစေချင်သည်။
ပျားလေးရှာနည်း၊ ပျားကြီးရှာနည်း၊ သစ်ခေါင်းပျား ရှာနည်း၊ ပျားဖွပ်နည်း၊ ပျားရည်ယူနည်း၊ ဖယောင်းချက်နည်းမှအစ ပျား၏ သဘာဝ၊ ရာသီဥတုနှင့် ပျားတို့ ဆက်စက်မှုအထိ စနစ်တကျ သိစေချင်သည်။ မြင်စေချင်သည်။ သုံးသပ်တတ်၊ ချိန်ဆတတ်၊ ဆုံးဖြတ်တတ်စေချင်သည်။
ပျား၏ ဓလေ့စရိုက်ကို မသိဘဲ ပျားသမားကောင်းမဖြစ်နိုင်။
ပျားသမားကောင်းဖြစ်ရန် မြင်တတ်သော မျက်စိ၊ ကြားတတ်သောနား၊ ချိန်ဆတတ်သော ခေါင်း ရှိဖို့ လိုအပ်ကြောင်းကို ပြောဆိုလို၍ သူ့သားကို ကောက်ကာငင်ကာ ပေးလိုက်၏။
ငါ့သား ခုဘာတွေ မြင်လဲ၊ သိလဲ၊ အဖေ့ကို ပြောစမ်းဟု အမေး ခံရသူငလုံးက အဖြေပေးရန်အတွက် သူ ရောက်နေရာ ယာတောင်ပြင်ကို စေ့စေ့စပ်စပ်ကြည့်သည်။
အချိန်က ဆောင်းရာသီ နံနက် ဆွမ်းခံ ပြန်ချိန်။
တစ်ညလုံး စိုးမိုးမင်းမူခဲ့သည့် နှင့်ထုအား ရှင်နေမင်းကြီးက ရောင်ခြည် အလင်းတန်းဖြင့် နှိမ်နင်း ဖြိုခွဲပြီး နေ့သစ် တစ်နေ့ကို သူ ပိုင်စိုးကြောင်း ကြေညာသည့်အလား အအေးဓာတ် မှန်သမျှ လွင့်စဉ် ပျောက်ကွယ်စေချိန်။ နေခြည် ထွန်းလင်းစေချိန်။
ငလုံး ကြည့်လေရာ ယာပြင်ရှိ စိုက်ပျိုးခင်း အားလုံးသည် မိုးနှောင်းဆောင်းဝင် အစိုရိပ် ထင်ကျန်ဆဲ ကာလ လည်းဖြစ်၊ နှင်းရည်သောက်သုံးရသော ကာလလည်းဖြစ်ရာ သီးခင်းရာ သီးနှံခင်းအားလုံး မြမြမောင်းမောင်း မှိုင်းမှိုင်းညို့ညို့ညို။
ပဲစင်းငုံခင်းများ၊ နှမ်းခင်းများ၊ ငရုပ်ခင်းများ၊ နေကြာခင်းများ ပဲလွန်းခင်းများသည် အပွင့် ဝေဝေဖြာဖြာ။
အညာဒေသ သဘာဝ ပေါက်ပင်များဖြင့် တန်ဆာဆင် ထားသော ကဇာခင်တန်းရိုး၌ပင်လျှင် အပင်အားလုံး ချုံပုတ် ချုံနွယ် အားလုံး ရွှန်းမြမြစိမ်း။
အစိမ်းရောင် အကိုင်းအခက် အလက်များ ပေါ်၌ ငွေပွင့် ငွေဖူး ဖူးသလို မြူးကြွဟန်ဖြင့် ပွင့်ဖူးနေသော နဘူးပန်ုးခိုင် လှလှလေးများ၊ ပတ္တမြား နားကပ်ကဲ့သို့ သဏ္ဌ္ဌ္ဌာန်ရှိသော ကဇောင်းဖူး၊ ကဇောင်းပွင့်များ၊ မွှေးပျံ့သော ရနံ့ထုံနေသည့် ဆီးပွင့်များ၊ အချို့သော ဆီးဦးမှာ ဆီးသီး နု ကပ်သည်တိုင် နှောင်းကျန် ဆီးပင်များက အမီလိုက်မည့် သဏ္ဌ္ဌ္ဌာန် ပင်လုံးကျွတ် ဆီးပွင့် တဝေဝေ။
ကဇောင်ချုံနှင့် နဘူးချုံများအပေါ်မှ ခေါင်းထောင်နေသော ကင်းပုံပွင့်များ၊ ရှုလေရာ ဝန်းကျင်တစ်ခိုတွင် တောပန်း မြိုင်ပန်း မှန်သမျှ အပြိုင်အဆိုင် ပွင့်ကြ ဖူးကြ တဝေဝေ။
ဆောင်းနေ့သည် ဆွမ်းခံပြန်ချိန်မို့ ပျပျနွေးနွေး။ နေခြည် နွေးနွေးအောက်တွင် ပန်းမျိုးစုံ ရနံ့ သင်းသင်းမွှေးမွှေး ဆီသို့ အပြေးအလွှား လာရောက် ဝတ်ရည် သယ်ယူကြသော ပျားတို့မှာ အုပ်လိုက် အုပ်လိုက် ရှုပ်ရှုပ်ထွေးထွေး။
ဝင်လာသော ပျားများကလည်း အုပ်လိုက် အုပ်လိုက် ဝင်ဝင်လာသည်မှာ မရပ်မစဲ။
ဝတ်ရည်စုတ်ယူရာမှ ပျံသန်းသော အပြန်ပျားများကလညး အုပ်လိုက် အုပ်လိုက် တဖွဲဖွဲ။
သူ့ကို ဤသို့ မြင်မမြင် သူ့အဖေ မေးမည်ဟု ငလုံးထင်၏။
"ကျုပ်တော့ ပန်းတွေ အများကြီးပွင့်တာ၊ ပျားတွေ အများကြီး ဝင်လာတာ၊ ပြန်ထွက်သွားတာ မြင်တယ်အဖေ"
ငလုံး အဖြေကို ငတော ပြုံးသည်။
"နောက်တော့ ဘာမြင်သေးလဲကွ"
ငလုံး အူကြောင်ကြောင် ဖြစ်သွားသည်။
နောက်ကော ဘာမြင်သေးလဲကွတဲ့။
ဒါပဲ သူမြင်သည်၊ သည့်ထက် သူပိုမမြင်။
"ကျုပ်မြင်တာတော့ ဒါပဲ၊ အဖေက အဲဒါအပြင် ဘာတွေ မြင်သေးလို့လဲဗျ"
ငတော ပြုံး၍ လက်ညိုးပြရင်း ပြောသည်။
"အဖေလည်း မင်းလို သာမန် သဘောထားပြီး ကြည့်လိုက်တဲ့ အခါ ပျားတွေရယ်၊ ပန်းပွင့်တာတွေရယ်၊ ဒါပဲ မြင်တာပေါ့ကွာ၊ ပျားသမားမျက်စိနဲ့ ကြည့်လိုက်တော့ ဟောဟို ကဇောင်းပင် အုပ်အုပ်တွေ ထဲမှာ ကဇောင်းပွင့် ဝတ်ရည်ကို စုတ်နေတဲ့ ပျားတွေဟာ အရှေ့ဘက်လာပြီး၊ အရှေ့ဘက်ကို ပြန်သွားတယ်။ ဟောဟို ဆီးပင်ကြီးက ဆီးပွင့်တွေကို ဝတ်ရည်စုပ်နေတဲ့ပျားတွေက မြောက်ဘက်က လာပြီး မြောက်ဘက်ကို ပျံသွားတယ်။ အဖေ သတိပြုမိတာ ဟုတ်မဟုတ်ကို ပျားတွေပျံ ဝင်လာတုန်း၊ ပြန်ပျံထွက်သွားတုန်းမင်း စောင့်ကြည့်ပါလား"
တည့်တည့်ပြောမှ ငလုံး သတိပြုမိသည်။
မျက်လုံးချင်း တူပါလျှက် အကြည့် စူးရှပုံချင်း မတူ။
အကြည့်စူးရှပုံချင်း မတူတော့ အသိ မတူ။
ယခု အသိတူရန် အကြည့်ကို သတိပြုပြီး နေရောင်ခံ၍ ငလုံး ကြည့်လိုက်သည်။ ကြည့်ရင်း ကြည့်ရင်းပင် သူ့အဖေ ပြောသည်တို့ အားလုံးမှန်ကန်ကြောင်း သူ တွေ့ရသည်။
ကဇောင်းပင် အုပ်အုပ်ဆီသို့ ကဇောင်းပွင့် ဝတ်ရည် လာရောက် စုပ်ယူသော ပျားများသည် အရှေ့ဆီမှ လာပြီး အရှေ့ဆီ ပြန်သည်။
ဆီးပင်အုပ်ဆီသို့ ဆီးပွင့်ဝတ်ရည် လာရောက် စုပ်ယူသော ပျားများသည် မြောက်ဘက်က လာပြီး မြောက်ဘက်သို့ ပြန်သည်။
"ဟုတ်တယ် အဖေ၊ အဖေပြောတာ ဟုတ်တယ်ဗျ၊ အဟီး ကျုပ် ခုမှ ဂရုစိုက်မိတာ"
"ကဲ ဟုတ်တယ်ဆိုရင် ဘယ်လို ပျံတယ်ဆိုတာ မင်းသေသေချာချာ ကြည့်ပြီး အဖေ့ကို ပြော"
ငလုံးအဖို့ တောရေးတောရာ၌ သည်မျှ မအ မန။ တောလိုက်နေကျ မျက်စိရှင် နားပါးပီပီ သည်မျှ အရိပ်ပြလျှင် အကောင် မြင်လွယ်သည်။
"အရှေ့ဘက်များက အမြင့်ကြီးတောင် ပျံတယ် အဖေ။ မြောက်ဘက်ပျံတဲ့ပျားက နိမ့်နိမ့်လေး၊ စိုက်ထားတဲ့ အပင်တွေ ချုံတွေ လွတ်ရုံလောက်သာပဲ ပျံတယ်"
"လာ အရှေ့ဘက် ပျံသွားတဲ့ ပျားကို ခြေရာခံပြီး ပျားအုံ ရှာဖွပ်မယ်"
ငတော ပြောပြောဆိုဆို ရှေ့မှ ထွက်သွားသည်။ ငလုံး နောက်ကနေ၍ သူ့အဖေခြေ မီအောင် လိုက်သည်။ သွားရင်း လာရင်း ပျံသန်းနေသော ပျားများကို နေရောင်ခံကာ ကြည့်သည်။ ကြည့်ရင်း ရှေ့သွားရင်းမှ ငတောက ပြောသည်။
"ရှေ့နားမှာ ပျားအုံတွေ့တော့မယ်ကွ"
" ဟာ အဖေ့ဟာ မြန်လှချည်လား"
ငလုံးမှာ အသံက အံ့အားသင့်သံ။ ငတောက သူ့ကိုယ်သူ ယုံကြည်စိတ်ချဟန် အပြည့်အဝဖြင့်။
"မမြန်နဲ့လေကွ၊ ပညာလေ ပညာ။ ပျားရဲ့ ပညာ၊ သူ့ ပညာကို မသိသေးခင်ကတော့ မျက်စိ လည်ချင်လည်မှာပေါ့။ မှားချင်မှားမှာပေါ့၊ တို့ ချိုင့်ကြီးရွာ၊ ချိုင့်ကြီးဒေသမှာ ပျားလေးရယ်၊ ပျားကြီးရယ်၊ သစ်ခေါင်းပျားရယ်၊ ဒီသုံးမျိုးကို ပျားရည်အတွက် အားကိုး ရှာဖွေနေကြတာ မဟုတ်လား။ ပျားလေးဖြစ်ဖြစ်၊ ပျားကြီးဖြစ်ဖြစ်၊ သစ်ခေါင်းပျားဖြစ်ဖြစ်၊ နိမ့်နိမ့် ပျံသလား၊ မြင့်မြင့် ပျံသလား၊ သေသေချာချာ ကြည့်။ ဝတ်ရည် စုပ်ရာက အပြန်မှာ မိုးပေါ် အမြင့်ကြီးက ပျံတက်ပြီဟေ့ ဆိုရင် ဒါ သူ့ပျားအုံနဲ့ သူ့နေရာ နီးတာမို့ သူ့ရန်သူဟာ သူ့ကို အလွယ်တကူ ခြေရာခံ မရအောင် လှည့်စားတာပဲ၊ ပျားရဲ့ မာယာ ပရိယာယ်ပဲ၊ အမြင့်ကြီး ပျံပြတဲ့ ပျားဟာ များသောအားဖြင့် လူတစ်ခေါ် နှစ်ခေါ် အကွာအဝေးအတွင်းမှာ ပျားအုံကို တွေ့တတ်တာပဲ"
ငတော အပြော မလွဲ။
လူနှစ်ခေါ်ခန့် အဝေး၌ ရှိသော ညောင်ပင်ကြီးပေါ်၌ အုံနေသည့် ပျားအုံကို ငတောတို့ အလွယ်တကူ တွေ့သည်။
အမြင့်ပျံ ပျားအုံမှ ပျားရည်ကို ရအောင် ဖွပ်ခဲ့ပြီးပြီ။
အနိမ့်ပျံ ပျားအုံကကော ဘယ်မှာ ရှိမည်နည်း။
"ဟ ပျားသံတွေဟ"
ဆီးပင်ရိပ်၌ ခေတ္တမျှ နားနေစဉ် ငတောနှုတ်မှ လွှတ်ခနဲ ထွက်သွားသော စကား။
ငတောတို့ ပျားအုံရှစ်အုံ ရအပြီး၌ တစ်မနက်ခင်းလုံးနှင့် တစ်နေ့လယ်လုံး ရပ်တည်ရာ မရ လျှောက်သွားနေသော ခြေထောက်လည်းညောင်း၊ ခါးတွေလည်းတောင့်၊ နားမှ လေတွေ ထွက်တော့ကာ တဝီဝီမြည်လာ၍ ငတောတို့ နားရ၏။
ငတောက ဘူးသီးခြောက်ရေဘူးမှ ရေကိုသောက်ပြီး ကွမ်းထုပ် ဖြေကာ ကွမ်းတစ်ရာဝါးသည်။ ကွမ်းတစ်ညက်ခန့်ရှိမှ အပိုပါလာသော ပုဆိုးစုတ်လေးကို မြေကြီးပေါ် ဖြန့်ခင်းပြီး ဆီးပင်ကြီးအောက် တုံးလုံးလှဲသည်။
ငလုံးက ရေ အဝသောက်ပြီး လူငယ်ပီပီ မြေကြီးပေါ် ကျောဆန့်ပကာ ခြေပစ်လက်ပစ် နေသည်။
ပျားရလိုဇောဖြင့် ဟိုတောတိုး သည်တောတိုး ဟိုအပင်တက် သည်အပင်တက်၊ ဟိုသွားသည်လာရှိစဉ်က ပင်ပန်းရမှန်းမသိ။ အနားယူလိုက်မှ တောင့်နေသော ခြေသလုံး ကိုက်နေသောခါးနှင့် ညောင်းနေသော ဇက်တို့က သူတို့ ဝန်ပိခဲ့ကြောင်း ပြသလာသည်။
ဆီးပင်ကြီးမှာ အတောင်နှစ်ဆယ် ပတ်ပတ်လည်ခန့် ဖြန့်မိုးထားသလိုဖြစ်နေပြီး ဆယ့်လေးငါးတောင်ခန့် မြင့်ရာ နေကြောက်ပင် မထိုး၊ နား၍ နေ၍ ကောင်းသည်။
ဟို အဝေးဆီမှ ချိုးကူသံက ငြိမ့်ငြိမ့်ညောင်းညောင်း။
ကဇာခင်တန်းမှ ဘုတ်ပူသံက ကြည်နူးစရာ အပြည့်။
ချိုးကူသံ၊ ဘုတ်ပူသံ၊ ခါတုပ်သံ၊ ဆက်ရက်ငှက်တို့ မြည်သံများက တော၏ ဂီတသဖွယ် အေးအေးမြမြ။
ပင်ပန်းထားသော ငတောနှင့် ငလုံးသည် ဆီးပင်ကြီးရိပ်၌ မျောက်မှေး သလို မှေးခနဲ ပျော်သွားကြသည်။
မှေးခနဲ အိပ်ပျော်နေရာမှ ငတောနားထဲ အိပ်မက် မက်သလို သိမေ့ သိမေ့ဖြင့် ဖြစ်ကာ ပျားပျံသန်းသံတွေ အဆက်မပြတ် ကြားလာရသည်ဟု ထင်၏။
စိတ်ထဲ ထင်ရာမှ ဖျတ်ခနဲ လန့်နိုးသည်။
ဟုတ်သည်။ ပျားများ ပျံသန်းလာသံမှာ သေချာသည်။ ထို့ကြောင့် ငတော နှုတ်မှ "ဟ ပျားသံတွေဟ" ဟု ရုတ်တရက် ထွက်သွားသည်။
ကြက်အိပ် ကြက်နိုး အိပ်နေသော တောသမားပီပီ ငလုံးသည်လည်း သူ့အဖေသံ ကြားကတည်းက ဆက်ခနဲ ခေါင်းထောင်ကြည့်သည်။
"ဟုတ်တယ်နော် အဖေ၊ ပျားတွေပျံသံပဲ၊ ပျံသံက အုပ်လိုက်ပျံသံဗျ"
"ငါ ထကြည့်စမ်းမယ်ကွာ"
ပြောပြောဆိုဆို ထသော ငတော၊ ထထကြည့်ကြည့် ငတော ကြည့်သလို ငလုံးသည်လည်း ထလာပြီး ပျားပျံသန်းသံ ကြားရာဆီသို့ ကြည့်သည်။
ရုန်းရုန်း ရုန်းရုန်း၊ ရှုန်းရှုန်း ရှုန်းရှုန်း အသံများ ငတောတို့နှင့် နီးကပ်လာသည်။
ငတောတို့နေရာ ဆီးပင်ကြီး၏ လက်ဝဲဘက်၌ ရှိသော ညောင်ပင်ကန်တောဆီမှ ပျားအုပ်ကြီး တစ်အုပ်သည် ပျားကောင်ရေ သောင်းသိန်းချီကာ ငတောတို့ နားနေရာ ဆီးပင်ကြီးဆီသို့ ဦးတည်လာနေပြီ။
ဆီးပင်ကြီး အရောက်၌ တောင်ဘက်သို့ ဆက်လက်ပျံသန်းလေမည်လားဟု ငတောတို့ ထင်မှတ်သည့်တိုင် ပျားအုပ်ကြီးသည် ဆက်၍ မပျံသန်း။
ဆီးပင်ကြီးအပေါ်သာ ရုန်းရုန်း ရုန်းရုန်း၊ ရှုန်းရှုန်း ရှုန်းရှုန်း ဖြင့် ပျားအုပ်ကြီး ချာလည် ချာလည်၊ စုရုံး စုရုံး၊ လုံးထွေး လုံးထွေး။
ဆူညံစွာ အသံပေးနေသော ပျားအုပ်ကြီးသည် ဆီးပင်ကြီး၏ခေါင်ကိုင်းကို စတင်စွဲသည်။ ပျားအုံတည်မည့် သဘောဖြစ်သည်။
ဆီးပင်ကြီး ခေါင်ကိုင်း တည့်တည့်ကို ပျားအုံတည်ကာ စတင်စွဲသည်မှာ ထူးဆန်းသော ကိစ္စ မဟုတ်၍ ငတောနှင့် ငလုံးတို့ မတ်တတ်ရပ်ကြည့်ရာမှ ပြန်ထိုင်ကြသည်။
ဘာမျှမကြာ၊ ကွမ်းတစ်ရာညက်ခန့် အကြာတွင် ရုန်းရုန်း ရုန်းရုန်း၊ ရှုန်းရှုန်း ရှုန်းရှုန်း အသံများ ထပ်မံ၍ ဆူဆူညံညံ ကြားရပြန်သည်။ ပျားကောင်တွေ ပျားအုံလုပ်ရန် စတင်စွဲနေသော ဆီးပင်ကြီး ခေါင်ကိုင်း တည့်တည့်ကို နေရာမကြိုက်သေးသဖြင့် အုံပြောင်းရန် နေရာရွှေ့တော့မည်လားဟု ငလုံး မော့ကြည့်လိုက်ရာ မယုံနိုင်ဖွယ်ရာ ဖြစ်ရပ်တစ်ခုကို တွေ့ရသည်။
ဆီးပင်ကြီး၏ လက်ယာဘက်၌ရှိသော အိုဓိတောဆီမှ တရကြမ်းပျံသန်းလာသော ပျားအုပ်ကြီး တစ်အုပ်သည် ဆီးပင်ကြီးဆီ တည့်တည့် ဦးတည်လာသည်။ ဝီဝီသံ ရုန်းရုန်းသံ ရှုန်းရှုန်းသံတို့က ဆတက်ထမ်း တိုး၍ တိုး၍ ကျယ်ကျယ်လောင်လောင်။
လက်ယာဘက် အိုဓိတောဆီမှ ပျံသန်းလာသည့် ပျားအုပ်ကြီးက ဆီးပင်ကြီး၏ ခေါင်ကိုင်း တောင်ဘက်၌ရှိသော လက်မောင်းခန့် တုတ်သည့် ဆီးကိုင်းကြီး တစ်ကိုင်းကို စတင်ဝင်စွဲသည်။
လက်ဝဲဘက် ညောင်ပင်ကန်တောဆီမှ လာ၍ ခေါင်ကိုင်း တည့်တည့်၌ အုံစွဲသော ပျားအုပ်ကြီး။
လက်ယာဘက် အိုဓိတောဆီမှ လာ၍ ခေါင်ကိုင်း၏ တောင်ဘက်ကိုင်း၌ အုံစွဲသော ပျားအုပ်ကြီး။
ပျားများသည် အုံလုပ်ရန် နေရာကို စတင် စွဲဆဲဖြစ်သော်လည်း ပျားအားလုံး သူ့ပျားအုံ ကိုယ့်ပျားအုံ အသားသေ အရှိန်ရ ပုံမှန် တည်ပြီးသော နေရာကဲ့သို့ မဟုတ်။
အချို့ပျားများက ဆီးကိုင်း တွယ်ကပ်လျက်။
အချို့ပျားများက ဆီးပင်ပေါ် ပျံသန်းလျက်။
ဝီဝီသံ ရုန်းရုန်းသံ ရှုန်းရှုန်းသံတို့က ကျယ်ကျယ် လောင်လောင်။
လက်ဝဲဘက် ပျားများက ဘက်ယာဘက် ပျားများကို စတင်တိုက်ခိုက်သည်လား။
လက်ယာဘက် ပျားများက လက်ဝဲဘက် ပျားများကို စတင်တိုက်ခိုက်သည်လား။
ပြိုင်တူ စတင် တိုက်ခိုက်သည်လား
ဆီးပင်ကြီးအောက်၌ ရှိနေသော ငတောတို့ မသိလိုက်။
"ဟာ ပျားတွေ၊ တစ်အုပ်နဲ့ တစ်အုပ် တိုက်ကုန်ကြပြီ။ ကိုက်ကုန်ကြပြီ" ဟု ငလုံးက အော်မှ ငတောရော ငလုံးပါ အပြင်ထွက်၍ ပြိုင်တူ ကြည့်မိကြသည်။
ဆီးပင်ကြီးထက်၌ ပျားအုပ် နှစ်အုပ် တိုက်ပွဲက အရှိန် ပြင်းပြင်း ထန်ထန်။
ပျားအုပ် ပျားအုပ်ချင်း လုံးလုံးထွေးထွေး ဖြစ်သွားလိုက်၊ ကွဲကွဲသွားလိုက်၊ ပြန်၍ ပြန်၍ လုံးလုံးထွေးထွေး ဖြစ်သွားလိုက်၊ ကွဲကွဲသွားလိုက်၊ ပြန်၍ ပြန်၍ လုံးထွေးလုံးထွေး ဖြစ်သွားလိုက်နှင့် ပျားတစ်အုပ်နှင့် တစ်အုပ်၊ ပျားတစ်ကောင်နှင့် တစ်ကောင် အသေအကျေ ကိုက်ကြခဲကြသံမှာ ကြောက်ခမန်းလိလိ။
အဆိပ်ရှိသော အဆိပ်ပိုင်ရှင် အချင်းချင်း တိုက်ကြသည့် ပွဲ။
လက်ဝဲပျားနှင့် လက်ယာပျားတို့ ကိုက်ကြ တိုက်ကြသည့် ပွဲ။
တိုက်ပွဲ၏ ရလဒ်အဖြစ် ဆီးပင်ကြီး အောက်ရှိ မြေပြင်ပေါ်သို့ ပျားကောင်ခေါင်းပြတ်များ၊ ခြေပြတ်များ၊ အတောင်ပြတ်များ၊ ကိုယ်လက်အင်္ဂါပြတ်များ ကျလာသည်မှာ တစ်စထက်တစ်စ ပိုများလာသည်။
ဆီးပင်ကြီး အထက်၌ ပျံသန်းရင်း တိုက်ကြခိုက်ကြ ကိုက်ကြသံကို ဆီးကိုင်းနှစ်ကိုင်းတွင် စွဲနေသော ပျားများက နားလည်ဟန်ရှိသည်။
ဆီးကိုင်းကို အုံဖွဲ့ရန် စတင်ကြိုးစားနေသော ပျားများက အုံဖွဲ့ရန် ကြိုးစားနေမှုအား စွန့်ပစ်ပြီး အရှိန်ပြင်းစွာဖြင့် ထပျံလာကြသည်။ လုံးထွေး တိုက်ခိုက်နေကြသော ပျားအုပ်ကြီးထဲ တိုးဝင်ကာ သူတို့ပါ တိုက်သည်။ ကိုက်သည်။
တိုက်ခိုက်နေသော ပျားများကို လက်ဝဲပျားရော လက်ယာပျားရော ဆိုင်ရာ ဆိုင်ရာမှ စစ်ကူပေးသလို ဇွတ်ဝင်ကူသည်။
တိုက်ပွဲ အရှိန်ကား ရှေ့ပျား နောက်ပျား ကူပျားတို့ဖြင့် ပေါင်းစုမိကာ အထွတ်အထိပ် ရောက်သွားပြီး သူသေ ငါသေ အတင်းတိုက်ခိုက်နေကြ၊ ကိုက်နေကြသည်မှာ ကြောက်ခမန်းလိလိပင်။
ဝါရင့် သမ္ဘာရင့် ပျားသမားကြီး ငတောသည် ပျားအုပ်ကြီး နှစ်အုပ် တိုက်ခိုက်နေကြသည်ကို ဝမ်းနည်းပမ်းနည်းဖြင့် ကြေကွဲစွာ ကြည့်နေမိ၏။
သူလည်း မတားနိုင်၊ မဆီးနိုင်။
သူ၏ ပျားသင်ဆရာများ။
ရှေးရှေးက ဝါရင့် ပျားသမားကြီးများ၏ ဆုံးမစကားကို ယခုမှ ငတော ပို၍ ပို၍ သဘောပေါက်ကာ ပို၍ ပို၍ သတိရမိသည်။
သစ်ပင်ကြီးတစ်ပင်၌ ဖြစ်စေ၊ ချုံကြီးတစ်ချုံ၌ ဖြစ်စေ၊ ပျားအုံ တစ်အုံမကဘဲ နှစ်အုံ သုံးအုံ လေးအုံ ငါးအုံ ခြောက်အုံ ခုနစ်အုံမှစ၍ ဆယ်အုံ ဆယ့်နှစ်အုံ အထိ အတူယှဉ်တွဲလျက် ရှိနေသော ပျားအုံများကို စည်ကားသော ပျားအုံ သို့မဟုတ် ပျားစည် သို့မဟုတ် မင်္ဂလာအုံဟု အယူအဆရှိပြီး ရှေးရှေး ပျားသမားကြီးများ ငတောတို့ ပျားသင်ဆရာများက ဘယ်သော အခါမှ မဖွပ်။
သည်လို မင်္ဂလာအုံ စုပေါင်းတည်ရှိနေသော ပျားစည်ရှိသည့် သစ်ပင်ကို သို့မဟုတ် ချုံပေါက်ရာတောသည် စည်ကားတတ်သည်။ ကျက်သရေ မင်္ဂလာအဖြာဖြာရှိသည်ဟု ဆ၇ာစဉ်ဆက် ပျားသမားကြီး အစဉ်အဆက် အယူအဆရှိကြသည်။
မိမိ ဝမ်းစာ မိမိ အေးချမ်းစွာ ရှာဖွေရေး။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး။
တစ်ဦးကို တစ်ဦး ပျက်စီးလိုစိတ်၊ ချေမှုန်း သုတ်သင်လိုစိတ် မမွေးမြူဘဲ အပြန်ပြန် အလှန်လှန် နားလည်မှုရှိကာ နှစ်ဖက် ရေရှည် ရပ်တည်နိုင်ရေး ဝပြောစည်ပင်ရေးကို ရည်ညွှန်းသည်ဟု ရှေးရှေး ပျားသမားကြီးများ၊ ဆရာ့ ဆရာကြီးများက အယူအစွဲရှိသောကြောင့် ပျားအုံ တစ်အုံမက ယှဉ်တွဲ တွေ့ရှိလာသော အပင်ကြီးများ ချုံကြီးများကို တန်ဖိုးထား လေးစားမြတ်နိုးကြ၏။
သည်သဘောကို ငတော ဆရာများ၊ ရှေးရှေး ပျားသမားများက ဆိုဆုံးမ ထုတ်ဖော် ညွှန်ပြစဉ်က အရွယ်ငယ်သေး၍၊ အတွေ့အကြုံ နုနယ်သေး၍၊ မရင့်ကျက်သေး၍၊ အမြင်မကျယ်သေး၍၊ ငတော နက်နက်ရှိုင်းရှိုင်း မစဉ်းစား မသုံးသပ်နိုင်ခဲ့။ ယခု အဖြစ်ကဲ့သို့ ကြေကွဲစရာ ဖြစ်လောက်အောင် ရောက်မည်ဟု မထင်မှတ်ခဲ့။
တစ်ပင်တည်း တစ်ချုံတည်း စုံစွဲနေသော ပျားများသည် ကိုယ့်ဝတ်ရည်ကိုယ်သယ်ကာ၊ ကိုယ့်ပျားအုံ ကိုယ်ပြန်ဝင်ကာ ကိုယ့်ပျားပို့မှာ ကိုယ့်အစာကို ကိုယ်စုကြသည်။ ပျားအုံမှား ဝင်သောပျား ရှိခဲလှသည်။ ပျားမှာ တစ်အုံမှ ပျားနှင့် အခြားအုံမှ ပျား ကိုယ်နံ့ မတူသလို ပျားအုံချင်းလည်း အနံ့ မတူ။
အနံ့ မတူပဲ ကွဲပြားခြားနားသည့် ကြားထဲမှပင် လျှပ်ပေါ် လော်လည်သော ပျားတစ်ကောင်တလေက ပျားအုံမှားဝင်တတ်၏။ မှားဝင်သမျှ ပျားကို မူလ အုံပိုင်ရှင်က ကျူးကျော်သူဟု သတ်မှတ်ပြီး ဝိုင်းဝန်း ကိုက်သတ်ကြသည်။ မှားဝင်သော ပျားကိုသာ ကိုက်သတ်ကြသည်။ ပျားတစ်ကောင် မှားဝင်၍ များရှိရှိသမျှကို မည်းမည်းမြင်ရာ မကိုက်၊ မတိုက်။
မှားဝင်သော ပျားကို တိုက်ခိုက်ပြီးက ပုံမှန်အတိုင်းပင် သွားကြလာကြနေကြ ထိုင်ကြကြောင်းကို ငတော ကြားဖူး ကြုံဖူး တွေ့ဖူးသည်။
ယခု ပျားများမှာမူ အုံလိုက်ကျင်းလိုက် သဲသဲမဲမဲ ကိုက်ကြ တိုက်ကြသည်မှာ အသေအကျေ။ ငတော မတွေ့ဖူး မကြုံဖူး။
တစ်ကောင်ချင်း ဒေါသထွက်၍ ကိုက်မိရာက နောက်မှ တစ်ပြုံ တစ်မကြီး လိုက်ပါလာကာ ကိုက်ကြ သတ်ကြ ဖြတ်ကြ လေသလား။ အားလုံးအားလုံး ရှိရှိသမျှ ပျားတို့ ဒေါသ ဟူးဟူးထွက်ကာ တွေ့မရှောင် မြင်မြင်သမျှကို အားရပါးရ အငြိုးကျဖြင့် ကိုက်ကြလေသလား။
လက်ဝဲပျားရော၊ လက်ယာပျားရော မူလ စွဲနေရာ ဟောင်းမှ ပျားဖွပ်သမားက ပျားအုံကို ဖွပ်၍ မောင်းနှင် ထုတ်လိုက်သောကြောင့် နေမထူး သေမထူး သဘောထားကာ သူသေ ကိုယ်သေ ကိုက်ကြလေသလား။
ပျားဟူသည် တစ်အုံပျက်က တစ်အုံတည်ကာ ဇွဲ လုံ့လ ဝီရိယ ကြီးမား ထက်သန်လှသည်ဟု လူသားတို့ကပင်လျှင် ထုံးယူ စံပြု နေရသည်။ ပျားသတ္တဝါတို့၏မျိုးရိုး ပင်ကို အရည်အချင်းများကို မေ့လျှော့နေကြပြီး ဘဝပျက်သည်အထိမီးကုန် ယမ်းကုန် တိုက်ကြ ခိုက်ကြ ကိုက်ကြလေသလား။
ဘာ အကြောင်းကြောင့်ဟု သေချာသော အဖြေ ငတော မသိ။
သူတို့ မျက်မြင် ဒိဋ္ဌ ကြုံတွေ့နေသည်မှာ လက်ဝဲဘက်မှ လာသော ပျားများသည်လည်း သေကျေပျက်စီး၍ အောက်သို့ တဖြုတ်ဖြုတ် ကျနေ၏။
လက်ယာဘက်မှ လာသော ပျားများသည်လည်း သေကျေပျက်စီး၍ အောင်သို့ တဖွဲဖွဲ ကျနေ၏။
မည်သူက နိုင်ပါသနည်း။
မည်သူက ရှုံးပါသနည်း။
သိလိုစိတ် ပြင်းပြင်းထန်ထန် ဖြစ်လာပြီး ငတောနှင့် ငလုံးတို့ မော့ကြည့်လိုက်မိ၏။
မူလ စတင်စွဲရာ လက်ဝဲဘက်မှ ပျားအုံ နေရာတွင်လည်း ပျား တစ်ကောင်မျှ မရှိတော့။
ဆီးပင်ထက်၌ သူနိုင်ကိုယ်နိုင် သဲသဲမဲမဲ တိုက်ခိုက်ခဲ့ကြသော ပျားလုံးပျားထွေးကြီးလည်း ဘာမှ မရှိတော့။
ဆီးပင် အကိုင်းအခက်များ ပေါ်၌ တင်ကျန်နေသော ပျားသေများ၊ ပျားနာများ၊ ခန္တာကိုယ် အစိတ်အပိုင်း အစအနများ ဆီးပင်အောက်ရှိ မြေပြင်တစ်ခုလုံး ပျားများ၏ ခန္တာကိုယ်ကို ဖြတ်တောက်၍ လွင့်ကြဲ ပစ်ထားသလို တွေ့မြင်ကြရသော ပျားခေါင်းများ၊ ပျားတောင်ပံများ၊ ပျားခြေပြတ်များ၊ ပျားလက်ပြတ်များ၊ ပျားကိုယ်တစ်ခြမ်းပဲ့များ အကျိုးအကြေများ။
ထိုအကျိုးအကြေ၊ အပဲ့၊ အရွဲ့၊ အပြတ်အသတ်၊ အသေ အပျောက်များသည် လက်ဝဲဘက် ညောင်ပင်ကန်တော ဆီမှ ပျံသန်းလာသော ပျားများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများလား။
လက်ယာဘက် အိုဓိတောမှ ပျံသန်းလာသော ပျားများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများလား။
ငတောလည်း လုံးဝမသိ။
ငလုံးလည်း လုံးဝမသိ။
တွင်းကြီးဝမ်းမောင်
No comments:
Post a Comment