Thursday, November 29, 2012

ညီ၍ချစ်သောနေ့များ လာပါ



(၁)

“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် ၊ လက်ရေတပြည်တည်း…  အို . . ရှေးကထက် ပိုချစ်ကြတယ်”

မူလတန်းကျောင်းသားဘ၀မှာ ကျွန်တော်တို့ရဲ့ ကန်းထရီးဆရာကြီး တွံတေးသိန်းတန်ရဲ့ “ထွေးညို”နဲ့ ကြီးပြင်း၊ အလယ်တန်းကျောင်းသားဘ၀ရောက်တော့ မြန်မာပရက်စလေ ၀င်းဦးရဲ့ “မီးပုံပွဲမယ် စုကာဝေးကာ အပေါင်းအဖော်များနဲ့ ပျော်ရွှင်ဖွယ်” သီချင်းနဲ့ သူငယ်ချင်းဖြစ်၊ အထက်တန်းကျောင်းသား လူပျိုဖော်ဝင်စမှာတော့ တက္ကသိုလ်ထွန်းနောင်ရဲ့ “မာမီရယ်ရှာပေးကွယ်၊ ရည်းစားလိုချင်တယ်”၊ ဂျင်မီဂျက်ရဲ့ စက်ခေါင်း အမှတ် (၀၀၉)၊ မင်းမင်းလတ် ရဲ့ “အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း” တွေနဲ့လူလားမြောက်ခဲ့တဲ့ ကျွန်တော့်ပါးစပ်ထဲမှာ ဘာ့ကြောင့်မှန်းမသိ၊ ခုတလော “လက်ရေတပြင်တည်း” သီချင်းစာသားတစ်ပိုဒ်ကိုပဲ ထပ်ခါတလဲလဲ ဆိုနေမိတယ်။

တောင်တောင်အီအီအတွေးတွေ ခေါင်းထဲမှာ ချာလည်လှည့်လာလေလေ၊ ဒီသီချင်းစာသားကို အသံ ကျယ်ကျယ် ပိုဆိုမိလေလေပဲ။ ဒီသီချင်းကို ရှေးကလူတွေလည်း ခေတ်အဆက်ဆက် ဆိုဖူးခဲ့ကြပါလိမ့်မယ်။ အဖေလည်းဆိုခဲ့ဖူးမယ်။ အမေလည်းဆိုခဲ့ဖူးမယ်။ ကျွန်တော့်ကိုလည်း ဒီသီချင်းလေးနဲ့ ချော့သိပ်ခဲ့ကြဖူးလိမ့်မယ် ထင်ပါတယ်။ ဆိုရရင် ဒီသီချင်းဟာ ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိလှတဲ့ သီချင်း။ ဒါပေမယ့်  တစ်ခါမှ ယောင်မှားမဆိုမိခဲ့ဖူးဘူး။ ခုတော့ အဲဒီသီချင်းလေး ကျွန်တော့်ခံတွင်းမှာ သူ့အလိုလို ပြုတ်ပြုတ်ကျနေတာ ဘယ်နှခါတောင်ရှိပြီလဲ။

မိုးရွာရင်ထီးဆောင်းတယ်။ ချမ်းရင်အနွေးထည်ဝတ်တယ်။ နေပူစပ်ခါးသွားရရင် လမ်းဘေးအရိပ် ကလေးတွေကို ခိုခိုပြီးသွားဖြစ်ကြတယ်။ ကာလံဒေသံဆိုသမို့လားဗျာ။ ဘာ့ကြောင့် ခုတလော ကျွန်တော် ဒီသီချင်းပဲ ဆိုဆိုဖြစ်နေသလဲ။ မသိတော့ပါဘူး။ ပီကေမစား၊ ကွမ်းရာမ၀ါးတဲ့ ကျွန်တော့်ပါးစပ်ကြီးက အဲဒီသီချင်း တစ်ပိုဒ်ကိုပဲ ကြံရည်ညှစ်သလို အထပ်ထပ်အပြန်ပြန်ညှစ်ချနေမိတော့တယ်။

လိုအပ်လို့ ကျွန်တော်ဆိုနေမိတာလား။

အဲသလိုဆိုနေမိအောင် ဘာတွေကများ ကျွန်တော့်ကို စေ့ဆော်ခဲ့တာလဲ။ သေချာတာတစ်ခုကတော့ ကျွန်တော်ဆိုနေတဲ့ သီချင်းနဲ့ အဲဒီသီချင်းကပေးတဲ့ အနှစ်အသားဟာ အချိုရည်ကုန်နေတဲ့ ကြံကြိတ်ဖတ်တစ်ခု မဟုတ်တာပါပဲ။

(၂)

ညီညွတ်လိုတဲ့စိတ်ဆိုတာ အစည်းပြေပြီး တစ်စစီကွဲပြားနေရတဲ့အဖြစ်အပေါ် မခံနိုင်လွန်းလို့ ပေါ်ပေါက် လာတာဖြစ်နိုင်တယ်။ ရှေးကထက်ပိုချစ်ချင်တာက ကျွန်တော်တွေ့နေရတဲ့လူတွေဟာ ရှေးကလို မချစ်ကြတော့လို့ များလား။

ကျွန်တော်နဲ့ ကျွန်တော့်ကြားမှာ
ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကြားမှာ
ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေသူငယ်ချင်းတွေကြားမှာ
ကျွန်တော်တို့နဲ့ ကျွန်တော်တို့ လူအဖွဲ့အစည်းကြားမှာ ဘာတွေများ သွက်သွက်ခါအောင် မှားယွင်းလွဲချော် နေခဲ့ပြီလဲ။

ကိုယ်အသုံးပြုနေတဲ့ စက်တစ်ခုချို့ယွင်းရင် ၊ ချို့ယွင်းတဲ့အပိုင်းလေးကို ပြုပြင်လိုက်တတ်ကြတယ်။ ပြုပြင်လို့မရတော့ရင်လည်း ပိုကောင်းတဲ့အစိတ်အပိုင်းတစ်ခုနဲ့ လဲလှယ်ထည့်လိုက်ကြ၊ ပြန်သုံးကြ လုပ်နေကြ တာပါပဲ။ နည်းနည်း ပျက်တာနဲ့ စက်တစ်ခုလုံးကိုလွှင့်ပစ်လိုက်တာမျိုးတော့ ဘယ်အရူးတစ်ယောက်ကမျှ မလုပ်တတ်ကြ ပါဘူး။ ချိန်သားကိုက် အလုပ်လုပ်နေတဲ့ ပရိုဂမ်တစ်ခု ရွာပတ်နေရင်လည်း ဆက်တင်ပြန်ပြင်ပြီး ပုံမှန် အနေအထား ရောက်အောင် ချိန်ညှိလိုက်ကြတာပါပဲ။ ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ အနေအထားနဲ့ ပျော်ပျော်ကြီး အလုပ်လုပ်ဆက်နေတဲ့ ဘယ်သူ့ကောင့်သားကိုမှ မမြင်/မကြားဖူးပါဘူး။

(၃)

အရမ်းကို ညီညွတ်ချင်၊ ချစ်ခင်ချင်တဲ့စိတ်နဲ့ မုန်တိုင်းအတိုက်ခံနေရတဲ့ ကျွန်တော့်အသိဥာဏ်ဟာ ဖတ်မိတဲ့စာတစ်ပိုဒ်ကြောင့် နာရင်းလည်း အရိုက်ခံလိုက်ရပါသေးတယ်။

အဲလ်ဘတ်ကမျုး(၁၉၁၃-၁၉၆၀)ရဲ့ “ဧည့်သည်”ဆိုတဲ့ ၀ထ္ထုထဲက စာတစ်ပိုဒ်ပါ။ ဆရာမြတ်ငြိမ်း ဘာသာပြန်ထားပါတယ်။ နည်းနည်းလောက်မြည်းစမ်းကြည့်ပါလား။

သည်နယ်မြေတစ်ခွင်လုံး၏ လေးပုံသုံးပုံမှာ ကျောက်တုံးတွေလွှမ်းနေသည်။ မြို့ကလေးတွေ ဖြစ်ပေါ်လာသည်။ စည်ကားလာသည်။  ထို့နောက် ပြန်ပျောက်သွားသည်။ လူတွေလာကြသည်။ တစ်ဦးနှင့် တစ်ဦးချစ်ကြခင်ကြသည်။ သို့မဟုတ် ခါးခါးသီးသီး တိုက်ခိုက်ကြသည်။ ထို့နောက် သေဆုံးကုန်ကြသည်။ စင်စစ် ကန္တာရကြီင်္းထဲတွင် လာရောက်နေထိုင်သည့် သူလည်း  အရေးမပါ။ သူ့ဧည့်သည်လည်း အရေးမပါ။ ဘယ်သူဆို ဘယ်သူမျှ အရေးမပါ။ သို့ဖြစ်သည့်တိုင် ကန္တာရကြီး၏ ပြင်ပတွင် ဘယ်သူမျှ အရေးမပါ။ သို့ဖြစ်သည့်တိုင် ကန္တာရကြီး၏ ပြင်ပတွင် ဘယ်သူမျှ အသက်ရှင်နေထိုင်လို့မရဆိုတာ “ဒါရူး” သိသည်။

ဖတ်မိတဲ့ အဲဒီစာတစ်ပိုဒ်ထဲမှာ၊လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အရေးမပါမှုဟာ ရှင်းရှင်းကြီး၊ ငေါငေါကြီး ထွက်နေတယ်။ ချုံ့ကြည့်ရင် စင်္ကြ၀တေးမင်းကြီးလည်း အရေးမပါ။ လမ်းဘေးက သူတောင်းစားလည်း အရေးမပါ။ နျူတန်လည်းအရေးမပါ။ ဂေါင်းလီလည်း အရေးမပါ။ ဂူဂဲလ်ဆာ့ခ်ျအင်ဂျင်လည်း အရေးမပါ။ တိုက်ဂါးဝုဒ်လည်း အရေးမပါ။ ကျွန်တော်ဟာ(ဒါမှမဟုတ်) ကျွန်တော်တို့ဟာ အရေးမပါတာကြီးကို ဘာ့ကြောင့်များ၊ ရေးကြီးခွင်ကျယ် အသည်းအသန်အရေးပါစေချင်နေရတာလဲ။ မိမိကိုယ်တိုင်ရဲ့ အရေးမပါမှုကို ရူးချင်ယောင်ဆောင် မေ့ဖျောက်ထားပြီး၊ အတ္တအကြီးကြီးကို ထုပ်ပိုးထမ်းသယ်လို့ လူ့အဖွဲ့အစည်း (ကန္တာရကြီး)ရဲ့ ပြင်ပမှာ အသက်ရှင်နေထိုင်ဖို့ ကြိုးစားနေသူဟာ ကျွန်တော်လား။ ခင်ဗျားလား။ အခြား တစ်ယောက်ယောက်လား။ အဲသလိုရှင်သန်နေထိုင်လို့ရတယ်များ ခင်ဗျားယုံမှတ်မှားနေသလား။

လူတစ်ဦးစီ အရေးမပါပေမယ့် လူသားတစ်ဦးနဲ့တစ်ဦးကြားမှာ ထားကိုထားရမဲ့ မေတ္တာတရား ကတော့ မုချကို အရေးပါရ ပါလိမ့်မယ်။ ချစ်ရင် ညီမယ်။ ညီညွတ်ရင် ပိုချစ်ခင်မယ်။ ကျွန်တော်ကတော့ အဲသလို ထင်တာပါပဲ။ ကျွန်တော့်စိတ်တွေဟာ လေဟုန်စီးစွန်တစ်ခုမှာ အချည်ခံထားရတဲ့ ကြိုးတစ်ချောင်းလို လျှော့လိုက် တင်းလိုက်။ လေနောက်ပါသွားလိုက်၊ ရစ်လုံးဆီပြန်ရောက်လာလိုက်နဲ့ ဖြစ်ချင်သလိုဖြစ်နေရင်း အဲဒီ ၀ထ္ထုထဲက နောက်တစ်ပိုဒ်ကို ဖတ်မိပြန်ပါတယ်။ ခင်ဗျားလည်း ဖတ်ကြည့်လိုက်ပါဦး။

တစ်ကိုယ်တည်း အိပ်ခဲ့သည့် သည်အခန်းငယ်တွင် အခြားလူတစ်ယောက် ရောက်နေခြင်းက၊ သူ့စိတ်ကို ကသိကအောက် ဖြစ်နေစေ၏။ လက်ရှိအနေအထားမျိုးနှင့် သည်စိတ်ဓါတ်ကို ရှေ့တန်းတင်လို့မရဆိုတာ သိနေသည်။ ထို့အတွက်လည်း သူ့စိတ် စနောင့်စနင်းဖြစ်ရ၏။ ပင်ပမ်းနွမ်းလျပြီး စိတ်ကူးယဉ်အိပ်မက်တွေ မက်ရသော၊ ဟိုးရှေးရှေးက လူ့အသိုင်းအ၀ိုင်းထဲမှာပင် လူတွေ အခန်းတစ်ခန်းထဲမှာ အတူအိပ်ကြ၏။ ထိုသူတွေသည် စစ်သားတွေဖြစ်ချင်ဖြစ်မည်။ အကျဉ်းသားတွေ ဖြစ်ချင်ဖြစ်မည်။ သူတို့သည် ညတိုင်းညတိုင်း ညီအစ်ကိုတွေလို စကားစမြည် ပြောကြသည်။ သူတို့သည် သူတို့၏ ခြားနားချက်များကို ကျော်လွှားပြီင်္း၊ သူတို့၏ အ၀တ်အစားများနှင့် အဆောင်အယောင်များကို ခွာချကြသည်။ ပြီးတော့ ထူးခြားသော ညီရင်းအစ်ကို စိတ်ဓါတ်ကို ပေါက်ဖွားစေခဲ့ကြ၏။

အမုန်းစိတ်တွေကြောင့်ပဲ ဟီရိုရှီးမားနှင့် နာဂဆာကီ ပြာပုံအတိဖြစ်ခဲ့ရပြီ။ ကုန်သွယ်ရေးအဆောက်ဦ ညီနောင် မီးဟုန်းဟုန်းတောက် မြေပေါ်ပုံကျခဲ့ပြီ။ ကမ္ဘာစစ်ကြီး နှစ်ကြိမ်တိုင်တိုင်နဲ့လည်း ပယ်ပယ်နယ်နယ် တွယ်ခဲ့ကြပြီးပြီ။ စက်တင်ဘာလ(၁၁)ရက် မျက်ရည်စက်တွေနဲ့ ဘရိတ်မပါတဲ့စစ်ပွဲတွေလည်း ဒီနေ့ထိ ဖြစ်နေဆဲ။ ဘယ်ချိန်အထိ ဆက်ဖြစ်နေကြဦးမှာလဲ။ ညီညွတ်မှုလည်းမရှိ၊ ချစ်ခင်စိတ်လည်းမရှိရင် ကျွန်တော် တို့ဟာ လူ့လောက သာယာစည်ပင်တိုးတက်ခြင်းဆိုတာကို ဘာနဲ့သားဖေါက်မွေးမြူရမှာလဲ။

ကျွန်တော်ကတော့ဗျာ ရှိသမျှ အဆောင်ဆောင်အခန်းခန်းကို ခွာချ၊ ခြားနားချက် (တကယ့် တကယ်တော့ ဘာမှ ခြားနားနေတာမဟုတ်ဘဲ၊ ကိုယ့်စိတ်အထင်နဲ့ကိုယ် အတင်းကာရောကြီး ခြားနား ပြစ်ချင်တဲ့ စိတ်က ပိုပြီး လုပ်ရကိုင်ရခက်စေပါလိမ့်မယ်။) ဟူသမျှ ဖယ်ရှားလို့ ညီရင်းအစ်ကိုလို တစ်ညလုံး ထိုင်ပြီး စကားပြော နေချင်တော့တာပါပဲ။ ပြောရမယ့်နေရာဟာ အခန်းကျဉ်းလေးထဲမှာဆိုလည်း ကိစ္စမရှိပါဘူး။  ကျဉ်းမြောင်းမှု ဆိုတာကို စစ်မှန်သော ချစ်ခြင်းတရားနဲ့ ချဲ့ယူလိုက်ရင် စင်္ကြ၀ဠာလောက် ကျယ်ပြန့်တဲ့ တစ်နေရာ ရလာနိုင်ပါတယ်။

ချစ်ခြင်းဟာ မှောင်နေတဲ့ညကိုတောင် နေ့ခင်းကြောင်တောင်ဖြစ်အောင် ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ဖြင့်ယုံကြည်နေတော့တာပါပဲ။

ကျွန်တော်မယုံရဲတာ တစ်ခုတော့ရှိပါရဲ့။

“ညီ၍ချစ်သောနေ့များ  လာပါ” လို့ ကျွန်တော်တစ်ယောက်တည်း ကုန်းအော်နေရုံနဲ့ မနက်ခင်းဟာ လင်းပွင့်လာပါ့မလားဆိုတာကိုပါ။  ။

ငြိမ်းအေးအိမ်

No comments:

Post a Comment