Sunday, November 18, 2012

ဝေဒနာပန်းချီဆရာ ရာဟုလာ
(မော်ဒန်ခေတ်လယ်)






ရာဟုလာဟာ ၁၉၆၀ ကျော်နှစ်တွေမှာ ပန်းချီလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး
၁၉၆၄ ကနေ ၁၉၇၂ ထိ ကွယ်ပျောက်နေကာ ၁၉၇၂နောက်ပိုင်းကနေ ကနေ့ထိ တကယ့်ကို ဆင်းရဲကြမ်းတမ်းတဲ့ဘ၀ခရီးကို လျောက်လှမ်းရင်း ပန်းချီကို စွဲစွဲမြဲမြဲ ရေးဆွဲနေတဲ့
ပန်းချီဆရာ တစ်ယောက်ဖြစ်ပါတယ်။

သူဟာ မန္တလေး ပန်းချီကျောင်းကို ၁၉၆၂ နဲ့ ၁၉၆၃ (၂) နှစ် တက်ရောက်ခဲ့ပါတယ်။
သူ့ရဲ့ လက်ဦးဆရာတွေကတော့ ဦးချစ်မြဲ၊ ဦးအေးကျော်နဲ့
ဦးကံညွန့်တို့ ဖြစ်ကြပါတယ်။ အဲဒီနှစ်ပိုင်းမှာ သူဟာ အခြေခံ ပန်းချီရေးနည်းကို သင်ယူခဲ့ပြီးတဲ့နောက်
Realism ပန်းချီ ကိုသာ အဓိကထား ရေးဆွဲခဲ့ပါတယ်။ အဲဒီပန်းချီကျောင်း တက်နေတဲ့ ကာလမှာ
သူ့အတွက် အရေးကြီးဆုံးဖြစ်ခဲ့တဲ့ ဆရာဦးအေးကျော်နဲ့ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ ဆရာဦးအေးကျော်ရဲ့
သင်ကြားမှုတွေကို ငယ်စဉ်က သူ့နားထဲ မစွဲခဲ့သော်လည်း နောက်ပိုင်း သူ့ကိုယ်ပိုင်ပန်းချီကို
ဖန်တီးလာတဲ့အချိန်အခါမှာ သူ့အတွက် အလွန့်ကို အကျိုးပြုတဲ့သင်ကြားမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီအတွက် သူ ၁၉၉၈ ခုနှစ် လောကနတ်ပြခန်းမှာ တကိုယ်တော် ပန်းချီပြပွဲပြသတော့ ''ဆရာဦးအေးကျော်ကနေ တစ်ဆင့် ရာဟုလာစကားပြောခြင်း'' ဆိုတဲ့
ဂုဏ်ပြု ရည်ညွန်းချက်ကို အတိအလင်းကြေညာပြီး ပြပွဲကိုပြုလုပ်ခဲ့ပါတယ်။

သူဟာ သူ့ဘ၀ ရပ်တည်ရေးအတွက် ဆိုက်ကားနင်းရင်း ဆိုက်ကားတွဲခုံအောက်မှာ
ခဲတံတွေ၊ စက္ကူတွေထားပြီး ထန်းရည်သောက်လိုက်၊ ပန်းချီရေးလိုက် လုပ်ခဲ့ပါတယ်။ ရွှေဘိုတစ်ခွင်
ဆိုင်းဝိုင်းနဲ့လိုက်ပြီး တယောထိုးလိုက်၊ ဆက်ဇိုဖုန်းမှုတ်လိုက်နဲ့ အသက်မွေးခဲ့ပါတယ်။

သူ့ရဲ့ ကြမ်းတမ်းတဲ့ ဘ၀ဖြတ်သန်းမှုတွေက တစ်ပုံတစ်ပင်။ အလုပ်ကြမ်းတွေ လုပ်နေရပေမယ့် အနုပညာကို အမြဲစိတ်ဝင်စားနေခဲ့တဲ့ ၀တ္ထုထဲက ဇာတ်ကောင်တစ်ယောက်လို
ရာဟုလာဟာ သူ့ရဲ့ ဘ၀ကိုဖြတ်သန်းလာခဲ့ပါတယ်။

ပန်းချီဆရာ ရာဟုလာကို ၁၉၄၆ ခုနှစ် ရွှေဘိုမှာ မွေးဖွားခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်ကနေစပြီး ရွှေဘိုမြို့သားတွေရဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်နဲ့အတူ ကျင်းပတဲ့ ''နှင်းဦးသီခ'' ပန်းချီပြပွဲတွေမှာ အမြဲပါဝင်ပြသခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ သူဟာ အပြင်မှာ မြင်နေရတဲ့အတိုင်း ပုံတူကူးရေးတဲ့ပန်းချီမျိုးကို
စွန့်ခွာခဲ့ပြီး သူကြုံတွေ့ခဲ့ရတဲ့ ဘ၀တွေထဲက လူတွေရဲ့ဟန်ပန် အမူအရာတွေ၊ လှုပ်ရှားမှုတွေကို
စိတ်ကူးသက်သက်နဲ့ရေးတဲ့ ပန်းချီမျိုးကို ပြောင်းလဲရေးဆွဲလာခဲ့ပါတယ်။ သူဟာ နိုင်ငံခြား
ပန်းချီဆရာတွေထဲက ဗန်ဂိုးကို ကြိုက်နှစ်သက်ခဲ့ပြီး၊ ပြည်တွင်း ပန်းချီ ဆရာတွေထဲမှာ
ဦးဘကြည်နဲ့ ဦးအောင်ခင်ကို နှစ်သက်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီအတွက် သူ့ရဲ့ ပန်းချီကားတွေမှာ
အင်ပရက်ရှင်းနစ်ရေးဟန်တွေ လွှမ်းမိုးခဲ့ပါတယ်။

၁၉၉၈ ခုနှစ် ရန်ကုန်လောကနတ်ပြခန်းမှာ သူ့ရဲ့ တစ်ကိုယ်တော်ပြပွဲကို ပြသခဲ့ပါတယ်။
သူဟာ ပန်းချီလမ်းကြောင်းသစ်တစ်ခုကို ရှာဖွေရင်း
၁၉၆၂ ခုနှစ် လောက်က မန္တလေးပန်းချီကျောင်းမှာ ဆရာဦးအေးကျော် သင်ကြားခဲ့တဲ့ ပန်းချီအယူအဆတွေကို ပြန်ကြားယောင်၊ ပြန်စဉ်းစားမိကာ
ဟိုတုန်းက သူသတိမထားခဲ့တဲ့ ဦးအေးကျော်ရဲ့ အနုပညာသဘောတရားတွေကို
ပြန်လည်အမှတ်ရလာခဲ့ပါတယ်။

အဲဒီလို ပြန်သိလာခဲ့တဲ့ အနုပညာသဘောတရားကို အခြေခံပြီး သူရေးဆွဲခဲ့တဲ့
ပန်းချီကားသစ်တွေကို ''ဆရာဦးအေးကျော်မှတဆင့် ရာဟုလာ စကားပြောခြင်း'' လို့ အမည်တပ်ပြီး
လောကနတ်ပြခန်းမှာ တစ်ကိုယ်တော်ပြသခဲ့ခြင်း ဖြစ်ပါတယ်။

ဒီနောက်ပိုင်း ရာဟုလာဟာ မင်းကွန်းမှာနေထိုင်ရင်း သူ့စိတ်ထဲ ပေါ်လာတဲ့ သူ့ဘ၀လမ်းတစ်လျောက်ဆီက Image တွေကို ပန်းချီကားအဖြစ် ရေးဆွဲနေခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ သူ့ရဲ့ ''Rahula Exhibition'' ပြပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မြန်မာရော့ခ် အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ အစီအမံနဲ့ ပြသခွင့်ရခဲ့ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ဘ၀မှာ နေထိုင်နေရတဲ့ အသက်အရွယ် ကြီးရင့် လာပြီဖြစ်တဲ့
ရာဟုလာအဖို့ မထင်မှတ်ဘဲ ပြဖြစ်ခဲ့တဲ့ပြပွဲလို့ ဆိုနိုင်ပါတယ်။ နေလောင်ထားတဲ့ မျက်နှာ၊
အရေးအကြောင်းတွေနဲ့ မျက်နှာ၊ ကွမ်းတမြုံ့မြုံ့ဝါးနေတဲ့ ပါးစပ်၊ ကျိုးတို့ကျဲတဲ သွားတွေ၊
ကျယ်ကျယ်လောင်လောင် ရီလိုက်တဲ့ အသံတွေဟာ ရာဟုလာရဲ့ အမှတ်တံဆိပ်တွေပဲ ဖြစ်ပါတယ်။

သူဟာ မင်းကွန်း၊ ပုထိုးတော်ကြီး ဘုရားအနားမှာ နေထိုင်ပြီး မန္တလေးက သူ့မိတ်ဆွေပန်းချီဆရာတွေ
ဆီကို မကြာခဏ လာလည်တတ်ပါတယ်။ အခုနောက်ပိုင်း သူဟာ စိတ်ကူးထဲက figure တွေကို ဆွဲနေရာက စုတ်ချက်ချည်း သက်သက်ရေးတဲ့ ပန်းချီတွေကို ပြောင်းလဲရေးဆွဲနေပါတယ်။

သူ့ပန်းချီတွေကို သူ ဘာဝါဒ ခေါင်းစဉ်မှ မတပ်ခဲ့။ သူဆွဲချင်တဲ့ ပန်းချီကိုသာ
သူဆွဲပါတယ်လို့ ပြောပြနေတဲ့ ရာဟုလာရဲ့ဟန်ဟာ တကယ့်ကို အရိုးခံနဲ့
ပြောနေတဲ့ဟန် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ AbEx တွေ၊ ဟိုးအရင် နယူးယော့ကာတွေရဲ့ AbEx တွေဟာ သူ့ကို မသိမသာ ရိုက်ခတ်ခဲ့ဟန် ရှိပါတယ်။

အခုလက်ငင်း သူဟာ စုတ်ချက်ချည်းသက်သက် ပန်းချီကားတွေကို ရေးဆွဲနေရင်း ဆွဲထားတဲ့ သူ့ပန်းချီကားတွေကို ကြည့်ကာ ''မနက်ကြည့်ရင်တစ်မျိုး၊ နေလယ် ကြည့်ရင် တစ်မျိုး၊
ညဖက်ကြည့်ရင်တစ်မျိုး အမျိုးမျိုး ပြောင်းလဲနေတာဗျ'' လို့
တအံ့တသြ ပြောပြနေပါတယ်။

အညာမှာမွေးပြီး အညာမှာ နေထိုင်ကြီးပြင်းခဲ့တဲ့ အညာသားပီပီ ရာဟုလာဟာ
AbEx ပန်းချီဟန်ကို လွတ်လပ်စွာနဲ့ ရိုးရိုးသားသားရေးဆွဲခဲ့ပါတယ်။
ဒီပန်းချီတွေက သူဖြတ်သန်းခဲ့တဲ့ ဘ၀တွေ၊ သူ့အကြောင်းတွေပဲ ဖြစ်ရမယ်။

ဒါမှမဟုတ်ရင် သူ့မိတ်ဆွေတွေရဲ့ အကြောင်းပဲဖြစ်မှာလို့ ရာဟုလာဟာ သူ့ပန်းချီတွေကို ကြည့်ရင်း
ပြောပြနေပါတယ်။   

artistguide
..........................

ဝေဒနာပန်းချီဆရာ ရာဟုလာ ကွယ်လွန်ခဲ့ရှာပြီ

လည်ချောင်းကင်ဆာ ရောဂါကို ကာလ ရှည်စွာခံစားခဲ့ရတဲ့ မင်းကွန်းမှ နာမည် ကြီးပန်းချီဆရာ ရာဟုလာဟာ (အသက်၆၇နှစ်) ဒီကနေ့ 31-7-2011 မွန်းလွဲ 12:15 အချိန်မှာ မင်းကွန်းမှာရှိတဲ့သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်ရှိ ပြီဖြစ်တဲ့ ဆရာရာဟုလာဟာလည် ချောင်းကင်ဆာ ဝေဒနာကိုခံစားနေခဲ့ရတာတစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး ပန်းချီ ဆွဲရန်သာ စိတ်အားထက် သန်နေခဲ့တဲ့ အတွက် ဆေးရုံကိုတက် ပြီး ကုသဖို့ ငြင်း ဆန်ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်မြမြ၀င်း က ပြောပါ တယ်။

"ကျေးဇူးရှင်ကြီးပါ။ သေတဲ့အထိ ကျွန်မတို့ အားလုံးကိုကျေးဇူးပြုသွားပါ တယ်။ တစ်ရွာလုံး တစ်ရပ်လုံးကိုအကြံ ဉာဏ်တွေပေးနေကျ။ ရောဂါ ဖြစ်တာကို ခေါင်းမာပြီး အိမ်မှာပဲပန်းချီဆွဲချင်တယ် ပြောတဲ့သူ။ ပန်းချီမှ ပန်းချီဆိုတဲ့သူပါ" လို့ ပန်းချီကို အင်မတန်ချစ်ခဲ့တဲ့ ခင်ပွန်းသည် အကြောင်း ဇနီးဖြစ်သူက ၀မ်းနည်းမှု အပူမီးတွေကြားကပဲ ပြောပြပါ တယ်။

ပန်းချီရာဟုလာကို ရွှေဘိုမြို့၊ မုံအာ အရပ်မှာ ၁၉၄၆ ခုနှစ်က မွေးဖွားခဲ့ပြီး ငယ်စဉ်က ဂီတနဲ့ ပန်းချီပညာရပ်တွေကို လေ့လာလိုက် စားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာ မန္တလေးပန်တျာ ကျောင်းမှာ ပညာသင်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ် အထိ ရွှေဘိုမြို့က နှင်းဦးသီခ တီးဝိုင်းမှာ ကလဲရနက်၊ ဆက်ဆိုဖုန်း၊ ထရန်းပတ်၊ တယောစတဲ့ တူရိယာတွေ တီးခတ်ဖျော် ဖြေသူအနေနဲ့ရော၊ သီချင်း သီဆိုသူ အနေနဲ့ပါ အသက်မွေးဝမ်း ကျောင်းပြု ခဲ့ပါတယ်။

ဆရာဟာ ၁၉၆၂ ခုနှစ်မှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ကိုကိုးကျွန်း အကျဉ်း ထောင်ကို အပို့ခံခဲ့ရပြီး အင်းစိန်ထောင်နဲ့ ကသာထောင် တွေကို ပြောင်းရွှေ့ခဲ့ရ ကာ စုစုပေါင်း ခုနစ်နှစ်သုံးလ အကျဉ်းကျ ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆရာ ကွယ်လွန်တဲ့နေ့က ကိုကိုး ကျွန်း အကျဉ်းစခန်းကိုဖျက်သိမ်းတဲ့ အနှစ် (၄၀) မြောက်နေ့ပဲဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ဆရာ ရာဟုလာက ရွှေဘိုကနေ မင်းကွန်း ရပ်ကို ပြောင်း ရွှေ့လာပြီး ပန်းချီရေးတဲ့ အလုပ်ကိုပဲ ဇောက်ချလုပ်ခဲ့ပါတယ်။

အဲဒီနှစ်ကစပြီး ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ မန္တလေးနယ် အားလုံး ပါဝင်တဲ့ ပန်းဆယ်မျိုး သမ လီမိတက်ရဲ့ ဥက္ကဋ္ဌအဖြစ် နှစ်နှစ် တာဝန် ယူခဲ့ပါတယ်။ အဖေဖြစ်သူ ပြုလုပ်ခဲ့တဲ့ အလုပ်တွေ ကို ဆက်လုပ်သွားမယ်ဆိုတဲ့သားအကြီး ဆုံး ပန်းချီဇော်ဇူးဇင်(ခေါ်)ကိုဇော်ဇော် က "ကျွန်တော်တို့အတွက်အဖေ့ကျေးဇူး တွေက ကြီးလှပါတယ်။ အဖေဆုံးသွား တာ အလွန်ဝမ်းနည်းစရာကောင်းပါ တယ်။ ပန်းချီဆွဲတာ ရယ်၊ ကလေးတွေ အတွက် အခမဲ့ စာဖတ်ဝိုင်းထောင်တာ ရယ်၊ အဖေလုပ်ခဲ့တဲ့ပရဟိတလုပ်ငန်း တွေကို အများတကာနဲ့ ပူးပေါင်းပြီး ဆက် လုပ်သွားမှာပါ"လို့ ဆိုပါတယ်။

ဆရာ့ရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ လူရွှင် တော် ပါပါလေးကလည်း ဘက်စုံတော်တဲ့ သူငယ်ချင်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ အတွက် နှမြောတသဖြစ်ရင်း "ငယ်ငယ် လေးကတည်းက သူငယ်ချင်းတွေပါ။ သူငယ်ချင်းက ဂီတ၊ နိုင်ငံရေး၊ ပန်းချီ သုံးခုစလုံးမှာထူးချွန် တယ်။ သူ အမြဲတမ်း ပြောတာတစ်ခုရှိတယ်။ နောင်ဘ၀ဆို တာရှိခဲ့ရင် ပန်းချီဆရာပဲ ဖြစ်ချင် တယ် တဲ့။ အနုပညာမှာ ထူးချွန်သလို ပန်းချီ မှာလည်း ထူးချွန်တယ်။ နိုင်ငံ ရေးလှုပ်ရှား မှုမှာလည်း ရပ်တည်ချက်၊ ယုံကြည်ချက် ခိုင်မာတယ်။ သူငယ်ချင်း ဆုံးသွားတာကို အရမ်းနှမြောမိပါတယ်"လို့ ဆိုပါတယ်။

ဆရာရာဟုလာနဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးဖြစ်တဲ့ အဆိုတော်ဇော်ဝင်းထွဋ် ကတော့ ဝေဒနာကို အေးအေးချမ်းချမ်း နေထိုင်ပြီး ရင်ဆိုင် သွားခဲ့တဲ့အပေါ် "တန်ပါတယ်။ မင်းကွန်းလိုအေးအေး ချမ်းချမ်းနေရာလေးမှာ တစ်သက်လုံး ပန်းချီဆွဲပြီးနေသွားတဲ့ သူ့ဘ၀ကိုအား ကျမိပါတယ်။

သူနဲ့ကအရမ်းသံယောဇဉ် ရှိတယ်။ ရန်ကုန်ကိုခေါ်လာပြီး စမ်းချောင်းထဲမှာ အိမ်ငှားပေးတယ်။ ပန်းချီပြပွဲလုပ်ပေးတယ်။ ရန်ကုန်မှာအခြေချ နိုင်အောင်ကူညီပေးခဲ့တယ်။ ဒါပေမယ့် သူက ရန်ကုန်မှာမပျော်ဘူး။ မင်းကွန်းပဲ ပြန်ပြီးပန်းချီဆွဲချင်တယ်ဆိုတော့ မတား တော့ဘူးလေ။ သူ့ဘ၀ကမြတ်နိုးစရာကောင်းပါတယ်" လို့ပြောပါတယ်။

ပန်းချီဆရာ ဦးမျိုးခင်ကတော့ "ကိုရာ ဟုလာ ဆုံးသွားတာ ညီအစ်ကို အရင်း တစ်ယောက် ဆုံးရှုံးသွားသလို ခံစားရပါ တယ်။ ကိုရာဟု လာက ဝေဒနာ ပန်းချီ ဆရာပါ။ သူ့ဘ၀မှာ ဝေဒနာတွေ အများ ကြီးရှိခဲ့တယ်။ သူ့ရင်ထဲက ဝေဒနာတွေ က ပန်းချီကားတွေပါပဲ။ နောက်ဆုံး ဆွဲခဲ့တဲ့ကားတွေက တကယ့်စိတ်ခံစားမှု ပန်းချီ (Abstract)ပါ။ ကိုရာဟုလာ နောက်ဆုံးဆွဲခဲ့တဲ့ကားတွေက အကောင်းဆုံး တွေပါပဲ။ ပန်းချီအလုပ်ကို တစ်သက် လုံး ယုံယုံကြည်ကြည်နဲ့ လုပ်သွားတာပါ။ သူဖန်တီးခဲ့တဲ့အနုပညာအဆင့်အပေါ် သူကျေနပ်မှာ ပါ"လို့ ဆိုပါတယ်။ ပန်းချီရာဟုလာရဲ့ အမည်ရင်းက ဦးအောင်မြင့်ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှ၂၀၀၇ ခုနှစ်အထိ (တစ်ကိုယ်တော်)ပန်းချီပြပွဲ ပေါင်း ခုနစ်ပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အောင်ရှင်

..............................

ပန်းချီဆရာ ရာဟုလာ အကြောင်းကို ဆရာကျော်ရင်မြင့် ရေးသားပြုစုတဲ့ "ဘ၀ဇာတ်ခုံ"
စာအုပ်တွင်လည်း ဒီလို ဖတ်ရှုကြည့်နိုင်ပါတယ်။

".....နောက် ဒုတိယတစ်ယောက်က ပန်းချီဆရာ ရာဟုလာ...။ ပြောရရင် ဗင်းဆင့်ဗန်ဂိုးကို ဘယ်သူမှန်း မသိတဲ့သူပေါ့။ ကျွန်တော်သဘောကျတယ်။ သူက မိဘသဘောမတူသူနဲ့ အိမ်ထောင်ပြုတဲ့ပြီးနောက် လမ်းမှာ ကားနဲ့ ဖြတ်သွားတဲ့အဖေကိုတွေ့တော့ ဆိုက်ကားနဲ့ လိုက်ပြီး အမွေတောင်းတယ်။ ဒါနဲ့ သူငယ်ချင်းတွေက သူ့ကို ရာဟုလာ လို့ခေါ်ကြတယ်။ ပန်းချီဆွဲတော့ ပထမနာမည်ရင်း ဖြစ်တဲ့ အောင်မြင့်နဲ့ရေးသေးတယ်။ အောင်မြင့်တွေများတော့ သူက နာမည်ပြောင်းလိုက်တယ်။ သူငယ်ချင်းတွေ ခေါ်တဲ့နာမည်ပဲပြောင်းလိုက်တယ်။ ရာဟုလာ... လို့။ ဆီဒိုးနား ဟိုတယ်မှာ one man show ပြဖို့ ဇော်ဝင်းထွဋ်က ကူညီပေးတယ်။ ဟိုတယ်မှာ တည်းခိုင်းတော့ မတည်းနိုင်ဘူး။ ဘုန်းကြီးကျောင်းမှာပဲ တည်းမယ်လုပ်တဲ့သူပေါ့။ ရန်ကုန်မှာ အိမ်ဆောက်ပေးမယ်ဆိုတော့ တောပဲပြန်မယ်လုပ်သူလည်းဖြစ်တယ်လေ..."

ရသအလင်းအဖွဲ့သားများ
...........................

''Rahula Art Workshop''

"မင်းကွန်းပုထိုးတော်ကြီး ဘုရားဘေးက ''Rahula Art Workshop'' လို့ အမည်ပေးထားတဲ့ ခြံဝင်းကျယ်ကျယ်နဲ့ အိမ်ကလေးမှာ ပန်းချီရေးနေတဲ့ ''ပန်းချီဆရာ ရာဟုလာ''လို့ ပြောလိုက်ရင် မုတ်ဆိတ်ကျင်စွယ်တွေနဲ့ ဆေးလိပ်ခဲပြီး နေတတ်တဲ့ ပန်းချီ၊ ဂီတအနုပညာ အကြောင်းတွေ ပြောရင် မျက်ဝန်းတွေ တောက်ပလာတတ်တဲ့ ဆရာ ရာဟုလာကို ပြေးမြင်မိကြမှာပါပဲ။

ဒီမင်းကွန်းက ဆရာရာဟုလာရဲ့ ပန်းချီကားတွေကို ကုန်းတစ်တန်၊ ရေတစ်တန်၊ ဖြတ်သန်းပြီး ရန်ကုန်မြို့အထိ ယူလာတာ ''Untitled Life ''တစ်ကိုယ်တော်ပြပွဲကို စီစဉ်ကျင်းပပေးပြီး သြဂုတ်လ (၂၅)ရက်ကနေ စက်တင်ဘာလ (၂)ရက်နေ့ အထိ ခင်းကျင်းပြသ ပေးခဲ့ကြတာကတော့ ''မိုးခ'' ပန်းချီအနုပညာ ပြခန်းပိုင်ရှင် ဦးဘိုဘို၊ ဆရာဆန်နီညိမ်းနဲ့ မိုးခဝိုင်းတော်သားတွေ ဖြစ်ပါတယ်။

''မိုးခ''ကို ပိုပြီးကျေးဇူးတင်စရာကောင်းတာကတော့ ပန်းချီကားတွေ သာမက၊ ကျန်းမာရေးသိပ်မကောင်းတဲ့ ဆရာ ရာဟုလာကို မင်းကွန်းကနေ ရန်ကုန်အထိ သက်သောင့်သက်သာလာနိုင်အောင် စီစဉ်ပေးခဲ့တဲ့အပြင် စာနယ်ဇင်းတွေ၊ ပန်းချီဆရာတွေ၊ ပန်းချီမြတ်နိုးသူတွေနဲ့ ဆုံတွေ့ခွင့်ရအောင် ဖန်တီးပေးခဲ့ကြတာပါပဲ။

စာနယ်ဇင်းပွဲမှာ ဆရာ့ကျန်းမာရေးအရ စကားသိပ်မပြောနဲ့ ကုလားထိုင်မှာ ထိုင်ပြီးပြောဖို့ ပန်ကြားခဲ့ကြပေမဲ့ ဆရာက အားမရလို့ဆိုပြီး မတ်တတ်ရပ် ပြီးပြောတဲ့အပြင် ကျန်းမာရေးမကောင်းလို့ အားပျော့နေတဲ့ မျက်ဝန်းတွေပါ တလက်လက်တောက်ပလာပြီးမရပ်မနားပြောနေပါတော့တယ်။

ကျွန်တော်က ပန်းချီကို ဦးသန်းမောင်တို့နဲ့ ပိုစတာရေးခဲ့တာက စဝင်လာ ခဲ့တာပါပဲ။ ကားနံပတ်ရေးတာလည်း ပါတာပေါ့။ နောက်တော့ ဘကြီးတော်စပ် သူက အောင်မောင်းကြီးဇာတ်ထဲမှာ ပန်းချီရေးတော့ မဏ္ဍပ်ဆင်တာတွေ ဘာတွေမှာပါရင်း ဘုန်းကြီးပျံလောင်တိုက်တွေမှာလည်း ပန်းတွေဘာတွေ ဝင်ရေးရာကနေ မျက်စိရည်ဝပြီး ဦးသောင်းဖေနဲ့တွေ့တော့ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ ရေးဖြစ်ခဲ့ပါတယ်။

မန္တလေးမှာ ဦးချစ်မြဲတို့၊ ဦးအေးကျော်တို့ ဦးကံညွန့်တို့ဆီမှာတက်ရင်း ပန်းချီကျောင်းမပြီးခင် (၁၉၆၄)မှာ တစ်နေရာရောက်သွားပြီး အကြာကြီးနေခဲ့ ရတယ်။ အဲဒီက ပြန်လာတော့လည်း ပန်းချီရေးတာပဲ။

ကျွန်တော်အရင်ကတော့ Realism ရေးပါတယ်။ အရှိကိုအရှိအတိုင်း ရေးတာပေါ့။ Solo Show တွေကို ရန်ကုန်မှာ(၄)ပွဲ၊ မန္တလေးမှာ(၄)ပွဲလုပ်ခဲ့ တယ်။

နောက်တော့ Realism တွေကို သင်ကြားခဲ့ရတာတွေတဖြည်းဖြည်းပါး လာပြီး ရေးချင်တာတွေရေးလာခဲ့တာပါပဲ။ အနုပညာကို ကျွန်တော်ဆရာကြီးမြို့မငြိမ်းရေးတဲ့သီချင်း(၃)ပုဒ်နဲ့ တင်စားပြီးပြောချင်ပါတယ်။ ဆရာမြို့မငြိမ်းက သီချင်းကို Realism နဲ့လည်း ရေးတယ်။ နိမိတ်ပုံနဲ့လည်းရေးတယ်။ နောက် Abstract လို့ သူ့ကိုယ်တိုင် တောင် သိမသွားတဲ့ အမြင်သစ်၊ အတွေးသစ်တွေပါတဲ့ Abstract နဲ့လည်း ရေးသွားပါတယ်။

ပထမဆုံး ''စစ်ကိုင်းတောင်''သီချင်းပေါ့၊ အဲဒါဆိုရင် Realism ရေးနည်း နဲ့ ရေးတာ၊ ''စစ်ကိုင်းတောင် အထက်နားဆီက ရှေ့တလွှားရှုလိုက်ရင်လေ ဧရာဝတီ၊ ဒုဌာဝတီ . .'' ဆိုတဲ့ သီချင်း၊ ကျွန်တော်အခုမဆိုနိုင်တော့လို့ ဖြစ်နိုင်ရင် သံနေသံထားနဲ့ တောင်ဆိုပြချင်ပါတယ်။

ဒီသီချင်းက အနုပညာသဘောပြောရရင် Realism ပေါ့။ ပုညရှင် စေတီတို့၊ ဒုဋ္ဌာဝတီတို့ကို အရှိအတိုင်း၊ အမြင်အတိုင်းရေးတာ။ ကျွန်တော်တို့ ပန်းချီမှာ လည်း Realism ဆိုရင်ဘုရား၊ကျောင်း၊တန်ဆောင်းပြသာဒ်တွေ ရေးကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးကို Outdoor ထွက်ပြီး ဒါတွေရေးခဲ့ပါတယ်။

ဒုတိယနိမိတ်ပုံ တင်စားချင်တာက သင်္ကြန်သီချင်းပါ။

''ဖြူဖြူပြာပြာနီနီဝါဝါ၊ ဝေဆာမြူးလို့နေ'' ဆိုတာ

ဟိုတုန်းက မန္တလေးသင်္ကြန်ဆို မဏ္ဍပ်တွေက အနီရောင်ဝတ်စုံတွေ၊ အပြာရောင်ဝတ်စုံတွေ၊ အဝါရောင်ဝတ်စုံတွေ ဆိုပြီး မဏ္ဍပ်အလိုက် ဝတ်ကြတယ်။ ဆရာငြိမ်းက ဒါကိုပန်းတွေနဲ့ နိမိတ်ပုံတင်စားပြီးရေးခဲ့တာပါ။

''ဟောတစ်ရုံ၊ ဟောတစ်ရုံ၊ ပန်းမျိုးစုံလို့လေ''

''ညှင်းလေသွေး''တို့ဘာတို့လည်း နိမိတ်ပုံတွေပေါ့။

ဘယ်သူမှ မလုပ်သေးဘူး ဆရာငြိမ်းလုပ်သွားတာ။

နောက် Abstract ဆိုတဲ့ သိခြင်း၊ မသိခြင်းတွေရေးတာကတော့

''မပြီးသေးသော ပန်းချီကား''သီချင်းပါပဲ။''မျက်စေ့ကို မှေးမှိတ်၊ အိပ်စက်ရာတွင် . .

ချောင်းလိုလို၊ မြစ်လိုလိုတစ်ခုသော ကမ်းစပ်ရောက်လာသည်တွင် ထိုစဉ် လှော်ခပ်သူလည်း ရောက်မလာ''

ဆိုတာတွေက ခပ်ဝါးဝါးလေး ထင်နေတာတွေ ''Abstract'' တွေပါ။

အခု ကျုပ်တို့ ဒီနေ့ရေးနေတာ အဲဒါမဟုတ်လား။

ကျွန်တော့် ပန်းချီကားတွေကိုကြည့်(၁ဝ)ယောက်ကြည့်ရင်(၁ဝ)မျိုး ခံစားရတာပဲ။

ဟိုတုန်းကတော့ Technique တွေရေးတယ်။ မိန်းကလေးဆိုလည်း အချိုးအဆက်ပြေဖြစ်အောင် လှပအောင်ရေးတာ။

အိမ်မှာ ကင်းဘတ်(စ်)၊ စုတ်၊ ဆေးတွေ အဆင်သင့်အမြဲချထားတယ်။ ရေးချင်တာ၊ အာရုံရတာ ကောက်ရေးလိုက်တာပဲ။ မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းလဲ၊ မျဉ်းမတ် . . .ဒီ ဘောင်ထဲက ဘယ်လွတ်လိမ့်မလဲ။

ပြီးရင် ဆေးမခြောက်မချင်း ထိုင်ကြည့်တယ်။ တချို့က လေးဘက်လေးတန်လုံး ခံစားရတယ်။ တစ်ခါတရံ(၃)ဘက်၊ တစ်ခါတရံ (၂)ဘက်၊ တစ်ခါတရံ (၁)ဘက်တည်း ခံစားရတယ်။ တစ်ခါတလေကျတော့လည်း လုံးဝ ပျက်စီးသွားတာပဲ။

(၁ဝ)ချပ်ရေးရင် Masterpiece (၂)ချပ်ပဲထွက်တယ်။

အနုပညာဆိုတာ ပန်းချီမှမဟုတ်ဘူး။ ဂီတတို့စာပေတို့လည်း ရေးတိုင်း မရပါဘူး။ အာရုံရတဲ့အချိန် ''ဘတ်ခနဲ''ကောက်ရေးမှရတာ။ Emotion ဆိုတဲ့ ''ဈာန်''ရမှ ရေးတယ်။ တစ်ပတ်လောက်ထောင်ကြည့် ပြီး ပါးပါးလေးတစ်ချက်လုပ်လိုက်တာ။

Emotion နဲ့စပြီး Emotion နဲ့ ဆုံးတာရှိသလို Emotion နဲ့စပြီး Technique နဲ့ဆုံးတာရှိတယ်။ Technique နဲ့စပြီး Emotion နဲ့ ဆုံးတာလည်းရှိတယ်။ များသောအားဖြင့် Emotion နဲ့စပြီး Technique နဲ့ ဆုံးတယ်။

ပန်းချီနဲ့ပတ်သက်ရင် အချိန်မရွေးမေး၊ ရှိတာနဲ့ ဆွဲပြနိုင်တယ်။ ရေးချင်သလို ရေးပြီး ရချင်သလိုရတယ်။ ဒါပေမဲ့ ''အကြောင်းအရာတစ်ခု'' အဲဒါကြီးက ရင်ထဲမှာရှိတယ်။ ဒါကို ကြမ်းတမ်းသိမ်မွေ့မှုတွေ၊ ဝေဒနာတွေနဲ့ ပေါင်းစည်းလိုက်တော့ တစ်စုံတစ်ခု တွေ့သွားတာပဲ။

ပန်းချီကားဝယ်မယ်ဆိုရင် ပန်းချီဆရာရဲ့ နောက်ကြောင်းရာဇဝင်ကို သိကို သိရမယ်။ Abstract ကို ဗိုလ်စောလည်းရေးတယ်။ ဦးမျိုးခင်၊ ဦးထွန်းစိန်၊ Dr ကိုကိုကြီးတို့လည်း ရေးတယ်။ ကျွန်တော်လည်း ရေးတယ်။

ဒီလေးငါးယောက်မှာ ဘဝအတွေ့အကြုံခံစားချက်တွေ မတူတော့ Abstract တွေက ဘယ်လိုမှ မတူနိုင်ဘူး။

အရောင်ဆိုလည်း ကျွန်တော့်မှာ အရောင်စွဲမရှိဘူး။ ဒါပေမဲ့ ပန်းချီကား တစ်ချပ်မှာ Beauty တစ်ခုတော့ရှိတယ်။ အလှတရားတစ်ခုတော့ ရှိတယ်။ Colour နဲ့ Tone ဘယ်ဟာ အဓိကလဲ၊ ဒီနှစ်ခုက ဒင်္ဂါးပြားများလို ဟိုဘက်၊ ဒီဘက်ဖြစ်နေတာ။

ကျွန်တော့်အမြင်တော့ Tone က အဓိကလို့ မြင်တယ်။

အနုပညာရှင်ဟာ လောဘ၊ ဒေါသ၊ မောဟတွေကင်းရတယ်။ ဒါတွေ များနေရင် ဘယ်တော့မှ ပန်းချီကားမဖြစ်ဘူး။

ကျွန်တော်က ကိုယ်လုပ်ချင်ရာတွေ လုပ်ထားတာ၊ တစ်သိန်းနှစ်သိန်းပေးရင် တော်ပြီပေါ့။ '

'ရူးသွပ်ခြင်းများစွာနဲ့ အလုပ်လုပ်ရမှာပဲ''

''အနုပညာဆိုတာ တစ်စုံတစ်ခု ရူးသွပ်မှ ရတာ''

(ဆရာ ရာဟုလာ ပြောသွားတဲ့ စကားတွေကို အကျဉ်းချုပ် ပြန်တင်ပြထားတာပါ -စာရေးသူ)

ဆရာက မေးမြန်းဆွေးနွေးကြဖို့ ပြောတော့ ''ထူးအိမ်သင် portrait'' ကို Expressionism နဲ့ ရေးထားတဲ့ ဆရာ့ Emotion ကိုမေးဖြစ်ပါတယ်။

[ကျွန်တော်က ထူးအိမ်သင်ကို လေးစားခဲ့တာ၊ မန္တလေးစိန်ရတုမှာ သုံးည၊ ရန်ကုန်မှာ သုံးညကတော့ ထူးအိမ်သင်ကို တွေ့ခဲ့တာ၊ အဲဒီတုန်းက သူရှိသေး တယ်။ သူနဲ့ မသိပေမဲ့ ကြိုက်လည်းကြိုက်တယ်။ ကျွန်တော်က setting ကိုင်ရတော့ သူ့ကိုကားကြားထဲမှာ အိပ်နေတာတွေ့တယ်။ မိန်းမကိုတောင် ခေါ်ပြရသေးတယ်။

သီချင်းလည်း ဆိုလိုက်ရော၊ ဒိုင်းခနဲပဲ၊ တစ်ပုဒ်ပြီးတစ်ပုဒ် ဆိုသွားတာ၊ ဒီလူနဲ့ ပတ်သက်လို့ အဲဒီမှာ ရူးသွပ်သွားတာပဲ၊ တော်တော်လေးစားသွားတယ်။ သူ့သီချင်းတွေလည်း စုဆောင်းခဲ့ဖူးတယ်။ နောက် ဂျာနယ်တစ်ခုမှာ ဂစ်တာတီးတဲ့ပုံတွေ့တော့ ထူးအိမ်သင် portrait ရေးမှပဲဆိုပြီး ကောက်ပြီး Sketch ခြစ်ရင်း အပြာရောင်တွေ ရေဆေးအထူ ရေးနည်းတွေ ဖြစ်လာတာပါပဲ'

ချိတ်ထားတဲ့ ကားတွေထဲမှာ 46x33 inches အရွယ် Untitled (2010)ဆိုတဲ့ကားဟာ ကျွန်မမင်းကွန်းသွားတုန်းက တွေ့ခဲ့တဲ့ကားပါ။ ဆင်စီး ချင်းတိုက်ပွဲကို အနီတွေ အဝါတွေနဲ့ ရေးထားတာ တွေ့လို့ ဆရာ့ကို ဒီကားနဲ့ ပတ်သက်ပြီးမေးတဲ့အခါ ပြောပြခဲ့တာလေးကိုလည်း သတိရမိပါတယ်။

[မင်းကွန်းမှာ အခုနေနေပေမဲ့ ကျုပ်ရွှေဘိုသားလေ ဆရာမရဲ့၊ ဒီတော့ ကုန်းဘောင်ရာဇဝင်လှန်ဖတ်မိပြီး ဒီကားရးချင်စိတ်ပေါ်လာတယ်။ မုဆိုးဖိုရွာကို တလိုင်းတွေသိမ်းတော့ ထန်းလုံးခံတပ်တွေနဲ့ ပြန်တိုက်တာ။ ဝါးရင်းတုတ် တွေနဲ့ တပ်သားတွေစုပြီး မုဆိုးဖိုရွာသူကြီးဦးအောင်ဇေယျကိုယ်တိုင်ထွက် တိုက်တာကို ရေးတာ။

တိုက်တာမှ ဆရာမရေ မောင်းထုပြီးတော့ အားရပါးရ တရကြမ်းတိုက်တာ။ ကျုပ်မှာရေးနေရင်း ဘယ်ကအားအင်တွေ ဝင်လာမှန်းမသိဘူး။ အရောင်တွေက အနီတွေ၊ အဝါတွေရဲရဲရင့်ရင့် သုံးပြီး ကိုယ်တိုင် ဝင်တိုက်နေရသလို ပါပဲ'

ဆရာ့စကားတွေထဲက အမှတ်တရစကားလေးကိုလည်း သတိရမိလိုက် ပါတယ်။ အဲဒါကတော့

[နောက်ထပ် တစ်ကိုယ်တော်ပွဲ(၈)ကြိမ်မြောက် တစ်ပွဲလုပ်ဖို့တော့ မောင်း တင်ထားတာပဲ။ အခုတော့ ''ပုထိုးတော်ကြီးဘေးက Rahula Art Workshop မှာ ရာဟုလာ ပန်းချီရေးနေသည်ပေါ့'

ဆိုတဲ့စကားလေးပါပဲ။ ဒါကြောင့် ဆရာရာဟုလာရဲ့ ကားတွေနဲ့ (၈)ကြိမ်မြောက် တစ်ကိုယ်တော်ပွဲ လုပ်ပေးတဲ့အပြင် ''ပုထိုးတော်ကြီးဘေးက Rahala Art Workshop မှာ ပန်းချီရေးနေတဲ့ ရာဟုလာ''ကို မိုးခအနုပညာပြခန်း အထိ ခေါ်လာနိုင်တဲ့ မိုးခအနုပညာပြခန်း ဝိုင်းတော်သားတွေကို လေးစားစွာ ကျေးဇူးတင်မိခဲ့ရပါတယ်။

ဒါဟာ ဆရာရာဟုလာအတွက် အကောင်းဆုံးအားဆေး တစ်ခွက်လည်း ဖြစ်မှာပါပဲ။ (Congratulation ! ပါ ဆရာရာဟုလာ

ခင်သန်းဖြူ
(artist & writer)
လျှပ်တစ်ပြက် (Vol3. No.1)

.........................

ပန်းချီရာဟုလာ ကွယ်လွန်ခြင်း နှစ်လပြည့် အမှတ်တရ ပန်းချီပြပွဲ ကို ၃၈ လမ်း(အထက်) Asia Plaza ရှိ  Middle Manပန်းချီပြခန်းတွင် စက်တင်ဘာလ ၃ဝ ရက်နေ့မှ အောက်တိုဘာ ၆ ရက်နေ့အထိ ပြသလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီကားပေါင်း ၂၅ ကားကို ပြသထားပြီး အထူးသဖြင့် ပန်းချီဆရာကြီး H.Lwin ၏ ပန်းချီကား ၄ ကား လည်း ပါဝင်ကြောင်း၊ ပန်းချီဆရာကြီး H.Lwinသည် ပန်းချီရာဟုလာ၏ ဆရာတစ်ဦးဖြစ်ပြီး သက်ရှိထင်ရှား ရှိနေသေးကြောင်း သိရ သည်။

ပန်းချီပြပွဲ ပြသရခြင်းနှင့် ပတ်သက်၍လည်း Middle Man မှ ကိုရန်နောင်ဦးက ”ဆရာ ရာဟုလာကို ကျွန်တော်တို့ လူငယ် တော်တော် များများက ဖီလင် ရှိကြတယ်။ အဲဒါကြောင့် ဆရာ့ရဲ့ကားတွေကို ဝယ်စုထားတဲ့သူတွေ ပေါင်းပြီး ဒီပွဲလေးကို ပြဖို့စီစဉ်ဖြစ်ခဲ့တာပါ။

ပထမတော့ ရောင်းချင်တဲ့သူတွေ ရောင်းပေါ့ဆိုပြီး လုပ်တာ။ ဒါပေမဲ့ အားလုံးက ဝယ်စုထားတဲ့ သူတွေဆိုတော့ မရောင်းချင်ကြဘူး။ ဒါကြောင့် ဆရာ့ကို အမှတ်တအနေနဲ့ ကုသိုလ်ဖြစ်ပြတဲ့ သဘောပါပဲ” ဟုပြောသည်။

ပန်းချီရာဟုလာသည် အောင်မြင့်ဟူသော အမည်ဖြင့် ပန်းချီရေးခဲ့ခြင်းဖြစ်ပြီး သူ၏ဖခင်ထံမှ အမွေကို မကြာခဏ တောင်းသောကြောင့် ရာဟုလာ အမည်တွင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍လည်း ဆရာရာဟုလာ၏ ပန်းချီကက်တလောက်တွင် ကဗျာဆရာညွန့်သစ် က

”သိဒ္ဓတ္ထရဲ့သား ရာဟုလာ အမွေတောင်းသလို ပန်းချီအောင်မြင့်ခေါ် ရာဟုလာကလည်း အဖေ ဖြစ်သူကို အမွေတောင်းခဲ့ပါတယ်။ အဖေဖြစ်သူက အမွေမပေးလို့ အဖေ့ ရဲ့ဂျစ်ကားကို မီးရှို့တဲ့အခါ ဓာတ်ဆီ နဲ့ရေမှားပြီး ရှို့မိတဲ့အတွက် ကားက မီးမလောင်ဘဲသူသာ ရာဟုလာ အမည်တွင်ခဲ့တယ်။ ကျုပ်တို့ရဲဘော်တွေ သူ့ဆီသွားလည်တဲ့အခါ ယမကာနဲ့ အစားအစာတွေကို  ကိုယ်တိုင် ဝယ်ချမ်းပြုစုတယ်။ သူက တယောထိုး၊ ဇနီးမမြဝင်းက သီချင်းဆို၊ ဧည့်သည်တွေကို လှိုက်လှဲစွာ ကြိုဆိုဧည့်ခံတယ်။ သူ့အိမ်ကလေးထဲ ချိတ်ဆွဲထားတဲ့ ပန်းချီကား တွေကလည်း အစုံစုံအဖုံဖုံပါပဲ။ ဂီတပွဲလေး ပြီးတဲ့အခါ မြစ်ကမ်းနံဘေးက သူ့ပန်းချီပြခန်းဆီ ခေါ်ပြီး ပန်းချီကားတွေ မဲဖောက်ပေးတယ်။ အချိန်တန်လို့ အိမ်ပြန်ကြတဲ့ အခါ  ပန်းချီရာဟုလာက မြစ်ဆိပ်ကို လိုက်ပို့ရင်း ခါးမြုပ်တဲ့အထိ ရေထဲ ဆင်းနှုတ်ဆက်ရင်း ကျန်ခဲ့တယ်” ဟုအမှတ်တရ ရေးထားသည်။

 မင်းချစ်နိုင် 








(ရှင်ဒေ၀ီ ရိုက်ကူးခဲ့သော ရာဟုလာ။ဒေ၀ီသည် ရာဟုလာ Documentary ကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များစွာသို့ တင်သွင်းခွင့်ရသည်။ ၂၀၀၇ မှာ ဂျာမနီ ၊ ၂၀၀၉ မှာ ကိုရီးယား၊ ၂၀၁၀ မှာ ထိုင်းနိုင်ငံ ... ။ ရုပ်ရှင်ပွဲတော်များသို့ ဒေ၀ီကိုယ်တိုင်တက်ရောက်ခွင့်ရခဲ့သည်။ ဂျာမန်ကြီးပေါလ်ကလည်း နိုင်ငံတကာရုပ်ရှင်ပွဲတော်များနှင့် ဒေ၀ီ့ကို ချိတ်ဆက်ပေးသည်။ International Documentary Festival များမှာ ရှင်ဒေ၀ီ၏ ရာဟုလာ က လှပနေသည်။)

No comments:

Post a Comment