"အာဂ ဃကြီး"
ထွန်းမြင့်ဦး (၀ါ) ဃကြီး (၀ါ) ဟယ်ရီလင်း
(၇၊ ၇၊ ၁၉၆၂ - ၀၅၊ ၂၊ ၂၀၁၃)

ထွန်းမြင့်ဦး (၀ါ) ဃကြီး (၀ါ) ဟယ်ရီလင်း
(၇၊ ၇၊ ၁၉၆၂ - ၀၅၊ ၂၊ ၂၀၁၃)
ကျဆုံးသူပဲ ပင်လယ်ကြီးထဲ ရေလှိုင်းအောက်မှာ
ငါဟာ စုန်ဆန် စီးဆင်းနစ်မွန်းနေလည်း
ရှင်သန်ဆဲ
ယောက်ျားတစ်ယောက်ရဲ့ မျက်ရည် ချော်ရည်လိုပဲစီး......
အနာဂတ်ဗိမ္မာန် စီးရီးမှ ...
၁၉၇၀ ကျော် ၁၉၈၀ တ၀ိုက် လမ်းသရဲခေတ်နှောင်းပိုင်းတွင် သူ့ကို စတင်တွေ့ခဲ့သည်။ ဘောင်းလီဖင်ကြပ်၊ လည်ရှည်ဖိနပ်၊ ဖိနပ်ရှည်ရှည်နှင့် စက်ဘီးကို ကို့ရို့ကားယားနင်းပြီး သံသေးသံကြောင်ဟစ်အော်ပြီး ကျွန်တော်တို့နယ်မြေထဲ စည်းကျော်ဝင်ရောက်လာပါသည်။ သူ့မျက်နှာကား ရက်အင်ဒီယန်းဆန်ဆန်၊ နှာတံချွန်ချွန်၊ သူ့အသားအရေက ကြေးနီရောင် သမ်းနေသည်။
တစ်ည ကျွန်တော်၏ညီနှင့် သူနှင့် ကျားတစ်ပြန် ဘတစ်ပြန် ချနေကြသည်။ ကျွန်တော်ရောက်သွားတော့ ကျွန်တော့်ညီမှာ အခြေအနေမဟန်။ ကျွန်တော်က ဘေးမှ အုတ်ခဲကျိုးနဲ့ ၀င်ထုသည်။ သူက စက်ဘီးပေါ်ခုန်တတ်ကာ စက်ဘီးကို တရှိန်ထိုး နင်းပြေးရင်း ပါးစပ်မှ အော်ဟစ်ကြိမ်းဝါးသွားသေးသည်။ ဟေ့ကောင် ဇော်ကွဲ မင်းသိမယ်။
၁၉၉၀ တ၀ိုက်က ဖြစ်သည်။ ကိုဇော်ဝင်း METAL ZONE ရဲ့ ကမ်းထရီးဘွိုင်းဆိုင်မှာ ထိုင်နေတုန်း ကိုအောင်ဝင်း၊ သန်းနောင်တို့နဲ့အတူ သူပါ ရောက်လာသည်။ သူကား ကျွန်တော်တို့နှင့် မန္တလေးမှာ ရန်ဖြစ်ဖက် ထွန်းမြင့်ဦး(ခေါ်)ဃကြီး ဖြစ်သည်။ သူကား ဃကြီ မဟုတ်တော့။ ဟယ်ရီလင်း အဖြစ် ရန်ကုန်မှာ ပြန်တွေ့ရခြင်းဖြစ်သည်။ ကိုအောင်ဝင်းက သူ့အတွက် စီးရီးခွေတစ်ခွေ စီစဉ်နေခြင်းဖြစ်သည်။ စီးရီးအမည်က ဟယ်ရီလင်းရဲ့ဟယ်ရီလင်း ပဲဖြစ်သည်။ မိုးကြိုးသွားရဲ့ ပြင်းထန်တဲ့အလျင် (သို့မဟုတ်) ဟယ်ရီလင်းရဲ့ဟယ်ရီလင်း လူငယ်ထုရဲ့ နှုတ်ဖျားမှာ ရေပန်းစားခဲ့သည်။
ကျွန်တော်တို့ အတူနေ ကိုမျိုးက အဆောင်ကို ပြန်မအိပ်ဖြစ်တာများသည်။ ဟယ်ရီလင်း ငှားထားသော ကန်တော်လေးက သူ့အခန်းတွင် အိပ်တာများသည်။ သောက်လိုက်ကြ၊ ပျော်လိုက်၊ ပါးလိုက်ကြနဲ့၊ နယ်ပွဲရှိလျှင် နယ်ပွဲကို လိုက်အားပေးသည်။ သူ့အဆိုဒိတ်ရှိလျှင် စတူဒီယိုမှာ ညအိပ်လိုက်သွားဖြစ်သည်။ တခါတရံ (၁၉)လမ်းမှာ ထိုင်ဖြစ်ကြသည်။ ဟယ်ရီလင်းက အပေါင်းအသင်းကိုမင်တော့ အရက်မရွေးသောက်သည်။ အပေါင်းအသင်းတွေက BE သောက်လျှင် သူက BE လိုက်သောက်သည်။ တစ်ခါကတော့ မန္တလေးမှာ ပြန်ဆုံသည်။ သူက သူ့အမေ နေမကောင်းလို့ မန္တလေးကို ပြန်သွားသည်။ ကျွန်တော်က အလုပ်ကစ္စတစ်ခုဖြင့် မန္တလေးရောက်နေသည်။ ကျွန်တော်ရယ် ကိုသော်ရယ်၊ နရီမင်းရယ် သုံးယောက်သား အရက်သောက်ဖို့ စက်ဘီးကိုယ်စီနှင့် ထွက်လာသည်။ သူနဲ့ လမ်းမှာ သွားတွေ့သည်။ သူက အားရ၀မ်းသာ
''အောင်ဘညို''
''ဟာ ဃကြီး ကိုယ်တို့ အရက် သွားသောက်မလို့၊ မင်းဘယ်သွားမှာလဲ ဃကြီး''
''အမေ ဆေးရုံတင်ထားတယ်ကွာ။ ခု ဆေးရုံသွားမလို့။ မင်းတို့နဲ့ ခဏ လိုက်ခဲ့ဦးမယ်ကွာ''
''ဖြစ်ပါမလား''
''ဖြစ်ပါတယ်။ ခဏပဲကွာ''
အဲဒီနေ့က ဆရာဦးအုန်းတို့ရဲ့ ရွှေတြိဂံမှာ သောက်ဖြစ်ကြသည်။ ဃကြီးပြန်တော့ ညတော်တော်နက်နေပြီ။ ဃကြီးက အပေါင်းအသင်းတွေကို အဲလိုချစ်တာ။
ကျွန်တော်နှင့် ဃကြီးဟာ မန္တလေးက အင်းဝဟိုတယ်မှာ၊ (၁၉)လမ်း ရွှေပြည်ဓမ္မာရုံ အရှေ့ဘက် ကစားကွင်းမှာ၊ (၃၆)လမ်းမှာ၊ ပိုက်ကျုံးက မမူဆိုင်မှာ သူငယ်ချင်းတွေနဲ့ တရုန်းရုန်း၊ ဃကြီးနဲ့ ကျွန်တော်က မွေးတဲ့နှစ် အတူတူ၊ မွေးတဲ့လ အတူတူ၊ သူက ကျွန်တော့်ထက် (၁၆)ရက်ပဲ ကြီးသည်။ သူ့မွေးနေ့က ဂျူလိုင် (၇)ရက်နေ့။ သူ့မွေးနေ့ရောက်တိုင်း အပေါင်းအသင်းတွေကို ဖိတ်ပြီး တော်ဝင်နှင်းဆီမှာ နိုင်ငံခြားအရက်တွေနဲ့ ဧည့်ခံတတ်သည်။ သူ့မွေးနေ့ညမှာ ကျွန်တော်တို့ တစ်ညလုံး မအိပ်တော့ဘဲ သူ့ကားနဲ့ ရန်ကုန်မြို့ကြီးကို မွှေနှောက်ပျော်ပါးကြသည်။ ကားကို ဘသက်က မောင်းသည်။ မျိုးမျုး(ကွယ်လွန်)၊ သိန်းသန်း(ကွယ်လွန်)၊ ကိုတင်မောင်ဦး(ပန်းချီ) တို့ အမြဲလိုလိုပါဝင်ဆင်နွှဲကြသည်။ နောက်တော့ သူ အိမ်ထောင်ကျသွားသည်။

[ကိုဃကြီး
ကလေးမြို့ သို့ မိန်းမတောင်းသွားစဉ်က ကလေးဝ ဘုရားတောင်ခြေတွင် ကိုစီယံ၊
ကိုနိုင်းနိုင် တို့ နှင့် အတူ အမှတ်တရ (Photo - AndyChan)]
သူ့ဇနီးက ခပ်အေးအေး တိုင်းရင်းသူ။ သမီးကလေးဖွားမြင်သည်။ သမီးကလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲကို မဟာသိဒ္ဒိသုခကျောင်းမှာ လုပ်သည်။ သူက သူငယ်ချင်းများကို ကျွေးချင်မွေးချင်သည်။ ဒါက သူ့နှလုံးသားပေါ်က ရိုးသားဖြူစင်မှုပင် ဖြစ်သည်။
တစ်ရက် METAL ZONE ရောက်သွားတော့ ကိုဇော်ဝင်းက ဆီးပြောသည်။ အောင်ဘညို မင်းသူငယ်ချင်း ဃကြီး ရွှေဂုံတိုင်ဆေးခန်းမှာ တင်ထားရတယ်။ အခြေအနေမကောင်းဘူး။ မင်းသူငယ်ချင်းက ပေပါတယ်ကွာ။ ဒါတောင် ငါ သူ့အိမ်ရောက်သွားလို့။ မင်း သွားဖြစ်အောင် သွားလိုက်ပါဦးကွာ။ ကိုဇော်ဝင်းရဲ့ စကားသံတွေထဲမှာ သောကတွေ၊ စိုးရိမ်စိတ်တွေနဲ့ တုန်ခါနေတာကို တွေ့ရသည်။ ဆေးရုံကို ကျွန်တော်ရောက်သွားတော့ သူ့ညီမ၊ သူ့ညီ၊ သူ့အဖေကို တွေ့ရသည်။ ဃကြီးကတော့ ကျွန်တော့်ကိုလည်း မမှတ်မိတော့။ ဒါ အခြေအနေကောင်းသွားတာလို့ ဃကြီးအဖေက ကျွန်တော့်ကို ပြောပြသည်။ ဃကြီးဇနီးကတော့ ကလေးတစ်ဖက် ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ဆိုတော့ လူမမာကို မပြုစုနိုင်ပေ။
ဃကြီး ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံကဆင်းပြီး မကြာမီ သူ့ဇနီးက သားလေးကို မျက်နှာမြင်သည်။ ကျွန်တော့်မှာ သူ့ရဲ့အပြင် ဆေးရုံစရိတ်၊ ကလေးမီးဖွားစရိတ်ကို တွေးပြီး မောနေမိသည်။ သူက ကျောက်မြောင်းဘက် ပြောင်းနေတော့ အရောက်အပေါက် နည်းသွားသည်။ ကန်တော်လေးတုန်းကတော့ အရောက်စိပ်သည်။ သူ့သတင်းကိုပဲ နားစွင့်နေရမည်။ ကြားသည့်သတင်းကလည်း စိုးတထိတ်ထိတ်၊ အဆိုတော် တစ်ယောက်မှာ သီချင်းဆိုမှ ပိုက်ဆံရသည်။ သူ့ကျမ်းမာရေးမကောင်းတော့ သီချင်းလည်း မဆိုနိုင်။ ဂီတလောကကလည်း ခိုးကူးခွေတွေနဲ့ ခွင်ပျက်နေသည်။
တစ်ရက် ကျောက်မြောင်းဓမ္မ၀ိဟာရလမ်းက
သူ့အိမ်ကို ရောက်သွားသည်။ ကျွန်တော်ရောက်သွားတော့ သူက ဘုရားစင်ရှေ့မှ ထစ။
ဘညို လာ လာ ။ သူက ၀မ်းသာအယ်လဲ ဆီးကြိုပြီး။ သူ့ဇနီးနဲ့
သူ့သားလေးက မြန်မာကားကြည့်နေသည်။


[ဆောင်းပါးလေး ဖတ်ကတည်းက ခင်ဝမ်းနေ့(ဖေ ၀၃) နေ့ပြီးရင် မျှမယ်လို့ တေးထားတာလေး။ ML]
''သမီးရော''
''သမီးက ကျောင်းသွားတယ်။ ကန်တော်လေးမှာ ထားတယ်ကွ။ ဒီနှစ်မှ စတတ်တာပါ''
...သူ့မျက်နှာက ဖြူရော်ရော်...
''မင်း ကျမ်းမာရေးရော''
''ကောင်းသွားပါပြီကွာ။ အခုတော့ ဘာသာရေးပဲ ဖိလုပ်နေတယ်။ အသက်ဆိုတာ ကြီးတယ်၊ ငယ်တယ် မဟုတ်ဘူး။
ကျမ်းမာရေးမကောင်းမှ ဘုရားကို သတိရတာ။ ငါ့ကို ဘုရားတရားလုပ်ဖို့ သတိပေးလိုက်တာ ကောင်းတယ်။
ဘာသာရေးက လူတိုင်းလုပ်ရမဲ့အလုပ်ပဲကွ''
သူနဲ့ ကျွန်တော် လက်ဘက်ရည်ဆိုင်ထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြသည်။ သူ့မျက်နှာက နုပျိုလန်းဆန်းလျက်။ အတိတ်ကားချပ်များ ထင်ဟပ်နေလည်း သူ့အပြုံး၌ သူ့မျက်နှာပြင်ပေါ် ပန်းနုရောင်များ ဖြတ်ပြေးနေသည်။ သူငယ်ချင်း ဃကြီးကို နှုတ်ဆက်ကာ ကျောက်မြောင်းမှ ပြန်လာခဲ့ကြသည်။ သူ့သီချင်းသံများက ကျွန်တော့်နောက်မှ ကပ်ငြိပါလာကြသည်။
♪ ''ယောက်ျားတစ်ယောက်ရဲ့မျက်ရည် ချော်ရည်လိုပဲ စီးးးးးးးးးး'' ♫
အောင်ဘညို
( မြန်မာသစ်မဂ္ဂဇင်း ဇွန် ၂၀၀၉ )
--------------------------------------------------------------
ဆောင်းပါးလေး
တမြန်နေ့လောက်က ဖတ်ပြီး ခင်ဝမ်းနေ့ကို စိတ်ရောက်နေတာမို့ ခင်ဝမ်းနေ့ (ဖေ
၀၃) ပြီးမှပဲ ပြန်မျှမယ်လို့ စိတ်ထဲ တေးထား၊ တွေးထားပါတယ်။ တေး၊ တွေးလို့မှ
မဆုံးခင် စိတ်ထဲ ရှိနေတဲ့ ဦးဃကြီး ဆုံးပြီ ဆိုတဲ့ သတင်းရတယ်။ လတ်တလော
စိတ်တွင်း တည်နေတဲ့အကြောင်းလေးဖြစ်နေတော့ စိတ်ထဲပိုလို့
မှိုင်းညို့ဖြစ်ရပါတယ်။ ကိုယ်တို့နိုင်ငံမှာ အထင်ကရ အနုပညာသည်တွေ ငွေကြေးအခက်အခဲများကြောင့် ဘယ်လောက်တောင် ဆုံးရှုံးနေသလဲ ဆိုတာတွေ စိတ်ထဲမှာ အမြဲ ကြိတ်ခဲမရ ဖြစ်တည်မိပါတယ်။ တခြားတိုင်းပြည်မှာ အနုပညာသည်တွေ(ဂီတ) သူတို့ကိုယ်ပိုင်ဆရာဝန်တွေနဲ့။ အဲဒါတွေ ဖတ်မိ သိမိရင် ငါ့နိုင်ငံက ... ဆိုပြီး အမြဲ စိတ်တွေမရှည် ဖြစ်မိတယ်။
တေးရေးမင်းချစ်သူက '''စိတ်မကောင်းခြင်းကြီးစွာနဲ့  ကျွန်တော် တွေးမိတာက သူတို့ အတွက် ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ ၊ ဂီတလောကကြီးက ဘာလုပ်ပေးနိုင်မလဲ ၊ ကျွန်တော်တို့ တိုင်းပြည်က ရော ဘာလုပ်ပေးနိုင်မလဲ''' ... တဲ့ ...
ကိုယ့်စိတ်ထဲ ရှိနေတဲ့ အကြောင်းအရာကလေး ချရေးမိခဲ့တယ်။
''ဂီတ(အနုပညာ) ဆိုတာ တိုင်းပြည်တစ်ခု ရဲ့ ပြယုဂ်တစ်ခုပါပဲတိုင်းပြည်တစ်ခု ရဲ့ အဆင့်အတန်းပါပဲ။ '' လို့ . . .
အနုပညာတွေ အတွက် ကျေးဇူးတင်ပါတယ် ဦးဃကြီး လို့သာ . . .
ကိုယ်ချစ်သော ၇၀ ၈၀ ၉၀ ခုနှစ် သီချင်းသည်များ တဖြုတ်ဖြုတ် ကြွေကျသွားတာကတော့ဖြင့် . . .
(အမ်အယ်လ်)
Ma Lynn
Ma Lynn
ဖေ ၀၅ အေဒီ ၂၀၁၃ ၊ ၂၁း၀၄ ဂျီအမ်တီ
( Photos Credit to anyone who originally owned )
-----------------------------------------------------------------------------

သူ့ပုံလေး ပြန်ပြီး စကက်ခ်ျ လုပ်ထားတာပါ

[ကျန်ရစ်သူ ဇနီး မသိင်္ဂီမြင့်(ကျုံးဒီပါရ်) ၊ သားငယ်
မောင်လင်းအောင်ခန့် ၊
သမီးကြီး မယွန်းခင်ခင်လင်း
(Photo - Composer MinChinThu)]
(Photo - Composer MinChinThu)]

[ရော့ခ်တော့ရော့ခ်ပဲ ဃဆိုဟန်က အညာလေတွေ ရှေးဇာတ်မင်းသားကြီးတွေရဲ့ လေတွေပါနေခဲ့တာပဲ
(သုခမိန်လှိုင်၊ ၀၅ ဖေ ၂၀၁၃)]
(သုခမိန်လှိုင်၊ ၀၅ ဖေ ၂၀၁၃)]

[သစ်ရွက်ကလေးတွေလည်း တဖြုတ်ဖြုတ် လွင့်ကြွေတယ်
မင်းမင်းလတ် ကို လိုက်ပို့ကြတုန်းက သူတွေ
ခင်ဝမ်းနေ့ဆိုပြီး(၀၃ ဖေ) လွမ်းလို့မှ မဆုံးသေးဘူး အလွမ်းရယ်မှ မပြေသေးဘူး ဦးဃကြီးကို ထပ်လွမ်းရပြန်ပေါ့]
ခင်ဝမ်းနေ့ဆိုပြီး(၀၃ ဖေ) လွမ်းလို့မှ မဆုံးသေးဘူး အလွမ်းရယ်မှ မပြေသေးဘူး ဦးဃကြီးကို ထပ်လွမ်းရပြန်ပေါ့]
သူ့ကို ချစ်သောသူ နှင့် သူ့ပရိတ်သတ်တွေရဲ့ ခံစားချက် စကားလုံးတချို့များ
- " ဃ " ...................... ရေ ... ... ... (Naing Kyaw)
- ဘယ်ခါမှအဆုံးမရှိ ဆင်းသက်ခဲ့အကြောင်းများ ဂြိုဟ်ကြီးထဲမှာလှုပ်ရှား ဆုံးရှုံးမှုကအများသား (Thukhamei Hleing)
- ရော့ခ်တော့ရော့ခ်ပဲ ဃဆိုဟန်က အညာလေတွေ ရှေးဇာတ်မင်းသားကြီးတွေရဲ့ လေ တွေပါနေခဲ့တာပဲ (Thukhamei Hleing)
- အအောင်မြင် ဆုံး အချိန်မှာ အားလုံး ကိုသိမ်းပိုက်ခွင့် အခွင့်အရေး ရှိခဲ့ ရခဲ့ တာကို လုပ်မစား ခဲ့သူလို့ နာမည် ကြီး တေးရေးတစ်ဦးက မှတ်ချက်ပေးဖူးပါတယ် (Sithu Aung)
- ကျနော်သာ ပိုက်ဆံရှိရင် ကိုဃကြီး ကို ကိုယ်ပိုင်သံစဉ် ရော့ခ် သီချင်း တခွေလောက်တော့ ဖြစ်အောင် ထုတ်ပေးချင်တယ်ဆိုတဲ့ စိတ်လည်း အမြဲရှိခဲ့တယ်...။ ခုတော့ သွားပြီပေါ့... ကိုဃကြီးရေ။ (Nyein Chan Aye)
- ကျနော်တို့ ခေတ်မှာ ဗမာပြည်ရဲ့ နိုင်ငံခြား အပြင်းစား သံစဉ်မှီး ရော့ခ် ဘုရင် နှစ်ပါး နန်းတက်ဖူးခဲ့တယ်..။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တဦးတည်းသော နိုင်ငံခြား အပြင်းစား သံစဉ်မှီး ဗမာ ရော့ခ်ဧကရာဇ် က ကိုဃကြီးပါ..။ “ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း” အခွေကို နားထောင်လွန်းလို့ တိတ်သားကြေသွားလို့ အကိုက နားမထောင်ရလို့ အိမ်မှာ အမိန့်ထုတ်ခဲ့ဖူးတယ်..။ ခုတော့ သွားပြီပေါ့.. ကိုဃကြီးရေ..။ သူအောင်မြင်ချိန်တုန်းက မန္တလေးသား လူငယ်တွေဆို အခွေ ထုတ်ဖို့ အမြဲ ကူညီခဲ့တယ်လို့ ကြားရတယ်..။ မနှစ်ကမှ မိတ်ဆွေ အကိုတယောက် ပြောလို့ ကျွန်တော်တို့ လူငယ်ဘဝ လွှမ်းမိုးခဲ့တဲ့ အဆိုတော်ကြီး အငှားယာဉ်မောင်းနေတယ်ဆိုလား ကြားရတော့ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရတယ်..။ ဗမာပြည်မှာ အထာမသိ၊ လမ်းကြောင်းမတတ်၊ မဝင်ဆန့်ရင် လမ်းဘေးမှာ ရေခဲရောင်းရင်တောင် အဆင်မပြေဘူး ကိုဃကြီးရေ..။ (Nyein Chan Aye)
- အရည်အချင်းရှိလျက်နဲ့ စန်းမရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီး.. ခုတော့ သွားပြီပေါ့.. ကိုဃကြီးရေ..။ (Nyein Chan Aye)
- သူက လေးဖြူ တို့လို စံနစ်တကျ ငွေမရှာတတ်ခဲ့တော့ အသက်ကြီးလာတော့ အဆင်မပြေ ဖြစ်တာပေါ့။ ကျနော် သူ့ကို ကန်တော်ကြီး ပတ်လမ်းက နတ်မောက်လမ်းပေါ်မှာ နာရီဝက်လောက် စကားပြောဖူးတယ်။ သူက ဘုရားပေါ်တက်ဖို့သွားတာ။ သူ့ကို ဗြူးဗြဲလုပ်ပြီးတော့ စကားတွေအတင်းပြောတာပေါ့။ သူကလဲ သူနဲ့သိဖူးတဲ့ အသိမှတ်ပြီး လေတွေဖောနေတာ။ စကားပြတ်သွားမှ သူနဲ့ လုံးဝမသိတဲ့သူ ဖြစ်နေတာ။ (Myo Thaw Tun)
- အခု သူ့သီချင်းတွေနားထောင်ရင်း မျက်ရည်ကျမိနေပြီ။ (Mgthura Nyunt)
- ကျွန်တော်တော့ ဧည့်ခန်းဆောင်မှ အသံကို နားထောင်ရင်း ဟန်ပန်ကို ကြည့်ရင်းနဲ့ ... (Ma Lynn)
- အဆိပ်ငွေကြေးများနှင့်မိုင်တွေများစွာဝေးရာအရပ်အနာဂတ်ဗိမာန်ဆီသို့  ပေါင်မုန့် တစ်လုံးယူဆောင်ပြီးအိပ်မက်မီးရထားကြီးစီးနင်းထွက်ခွာသွားတဲ့ ဂျစ်ပစီဂြိုလ်သားတစ်ယောက် (Doney MP)
- အချစ်ရယ် ပေါင်မုန့်တစ်လုံးရယ် ဘဝကို ငါရောင့်ရဲတယ် ကိုဃကြီး ကောင်းရာသုကတိလားပါစေ။ RIP :( (Min Htaw)
- သူခေါ်တယ် လာပါ လာပါ..." ဃ " ရေ... ခေါ်သံကြားလို့ သွားသလား... (Linn Htwe Thaw)
- ကျနော်ကတော့ ၉၄-၉၅ လောက်က စိန်ပေါလ်ကျောင်းထဲမှာ လုပ်တဲ့ ပွဲတွေကို သတိရတယ်။ အဲဒီတုန်းက ပွဲတွေကို ကျနော်က ကြက်ပွဲ လို့ ခေါ်တာ။ ဟိတ်တွေ ဟန်တွေ ၀ိတ်တွေ မာန်တွေ မရှိဘူး။ အားလုံး မတ်တပ်ရပ်ပဲ။ အရမ်းပျော်ဖို့ ကောင်းတယ်။ တစ်ကွင်းလုံး ဖုံတစ်ထောင်းထောင်းနဲ့။ စင်အောက်မှာ မြိုသိပ်စရာတွေ ပေါက်ကွဲစရာတွေ အားလုံးကို သီချင်းတွေနဲ့ မေ့ပျောက်ပြီးနေတဲ့အချိန် စင်ပေါ်မှာ ကိုယ်ကြိုက်တဲ့ အဆိုတော်က ၀ုန်းဒိုင်းကြဲနေ။ အဲဒီ ဖီလင်မျိုးက အဲဒီလို အချိန်မှာပဲ ရှိတယ်။
- ဘ၀ရဲ့ခရီးသည် သီချင်း နားထောင်ရင် အရမ်းခံစားရတယ်။ အမြဲတမ်း အလံထူ ထားတဲ့ ဃကြီး ဘ၀ကြီးကို အရှုံးပေးသလို ခံစားမှုမျိုးနဲ့ ဆိုထားလို့။ (Myo Thaw Tun)
- ရင်နာစရာအကောင်းဆုံးက သူ့ရှိုးပွဲတွေ တစ်ခါမှ မကြည့်ဖူးလိုက်တာပဲလေ...။ တကယ် ရင်နာနေပါတယ်...။ (Ming Pauk)
- အော်........ရှင် နည်း....ရာ.....အဂ္ဂ...လူထွက်... မနေ့က...အနုပညာ ချစ်သူ မိတ်ဆွေရင်း တစ်ယောက်...တိမ်းပါးလို့....စိတ်မကောင်းဖြစ်နေရတုံး....သည် ညနေ........လေးစားတဲ့..အနုပညာရှင်...တစ်ယောက်... (Kyawlwin San)
- အကိုကြီးရေ ... ဆရာကျောင်းနဲ့ အကိုကြီးတို့နဲ့ လမ်း ၄၀ ထိပ်မှာလက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တုန်းက မကော်သီချင်းစာအုပ်အတွင်းဒီဇိုင်းလုပ်တော့ သီဟက မကော်စာအုပ်ဒီဇိုင်းလုပ်တာ ဖီလင်လာမှာပေါ့ ကော်နီခေတ်မှာ လူဖြစ်တာကိုး လို့ပြောတာမှတ်မိနေပါသေးတယ်။ အဲဒီလိုပါပဲ အကိုကြီးရေးပြီး ကိုဃဆိုတဲ့ ဂြိုဟ်သားတယောက်ခေတ်မှာ ဖြတ်သန်းခဲ့ ကြီးပြင်းခဲ့ လူဖြစ်ခဲ့သူပါ ... အရမ်းဝမ်းနည်းမိပါတယ် ... (Thiha Maung Maung)
- အစားထိုးမရတဲ့သူတစ်ယောက် ဆုံးရှုံးပြန်ပါပီ R I P U Herry Linn ... :'( (Thet Aung)
- ၉၄ ကျောင်းစတက်တော့ မှတ်မှတ်ရရ ကိုညီထွဋ် နေရာသစ်ထွက်တယ်။ ကိုဃ ဂြိုလ်သားထွက်တယ်။ ဘီလီထွန်း သက္ကရာဇ်ရထားထွက်လာတယ်။ လေးဖြူ ကန္တာရလမင်းလည်း ထွက်ပြန်တယ်။ ရော့ခ်သီချင်းကောင်းတွေ အီစိမ့်သွားအောင် နားထောင်လိုက်ရတဲ့ မှတ်မှတ်ရရ နှစ်တနှစ်ပဲဗျာ။ ကိုဃ ကို အင်တာဗျူးတစ်ခုမှာ ခင်ဗျား အဆိုတော်တယောက် မဖြစ်ခဲ့ရင် ဘာဖြစ်နေလိမ့်မလဲမေးတုန်းက ဇာတ်မင်းသားဖြစ်နေမယ်လို့ ဖြေခဲ့ဘူးတယ်။ (Zaw Wai Linn)
- ကျွန်တော့် crazy artist list ထဲမပါပေမယ့် စိတ်မကောင်းဘူးဗျာ။ လွန်ခဲတဲ့ ၂ပတ် ၃ပတ်လောက်က ဇော်ဝင်းထွဋ် 9'night dvd မှာ သူ့ပုံတွေ့တော့ ဟာ ဟယ်ရီလင်းကြီးဆိုပြီး ရေရွတ်မိသေးတယ်။ (Aung Zayar Paing)
- အမှန်အတိုင်းပြောရရင် ဘာမှ မစဉ်းစားချင်ဘူး.. သူများတွေလိုလဲ မဖွဲ့နွဲ့တတ်ဘူး... ဒီဘဲကြီးကိုလွမ်းတယ်၊ သူ့သီချင်းတွေကို ပြန်နားထောင်နေမိတယ်။ စိတ်ထဲလဲ တော်တော်ထိခိုက်သွားတယ်။ သူ့ကြိုက်တာကိုးဗျ.. ကျွန်တော်နဲ့ ၁၉၉၈ခုနှစ်က ရွှေတိရုံဘုရား မြောက်ဖက်မုဒ်နားက လင့်လမ်းခေါ်လားဗျာ၊ အဲဒီနားမှာ မြန်မာထမင်းဆိုင်တွေရှိတော့ ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ စားဖူးတယ် ရှိအောင် ပထမဆုံး ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း သွားကျိတ်တာ။ ဆိုင်ထဲအ၀င်မှာ သူနဲ့ ၀င်တိုက်မိတယ်။ ကျွန်တော့် ပါးစပ်က “ဟာ.. ကိုဃ” ညီလေး မင်း ငါ့သိလို့လားကွ တဲ့။ ဟုတ်ကဲ့ XXXX စကားတွေ ခနပြောဖြစ်ကြတယ်။ နောက်တော့ သူ့လဲ သူ့မိတ်ဆွေနဲ့ ထမင်းစားအပြီး၊ ကျွန်တော်လဲ ထမင်းစားအပြီးလောက် ဆိုင်ထဲကနေ အထွက်မှာ သူ့ပါးစပ် တပြင်ပြင်ဖြစ်နေတာနဲ့ အစ်ကို ကွမ်းစားမလားဆိုတော့ .. မင်းဘယ်လိုသိတုန်းတဲ့.. ကျွန်တော်ရယ်နေလိုက်တယ်... သူ ကွမ်းတစ်ယာယူစားတယ်။ ဘာနဲ့လဲတောင် မမေးပါဘူး.. ပြီးတော့မှ မင်း စင်ကနယ် ကောင်းတယ်ကွ၊ နောက်သွားတာပဲ တဲ့။ အမှတ်တရပါပဲ... (Poe Thar)
- ဂြိုဟ်သားတစ်ယောက်ရန်ကုန်မြို့ ကြီးကမန္တလေးမြို့ ကြီးကကမ္ဘာမြေကထွက်ခွာတော်မူခန်းကို
- ကျနော်ထိုင်ကြည့်နေမိတာပဲ။ကျေ နာ် ထို င် ကြ ည့်  နေ မိ တာ ပဲ ။ (Nay Myo Aung)
- လူတွေချက်ပြုတ်လို့ ဒီသမိုင်းရာဇ၀င်များ သိမှတ်ဖို့ နောက်လူမြည်းရင် (အ) ချိုစေဖို့ ချက်ပြုတ်စို့ ငါတို့အားလုံးပဲ ဒီသမိုင်း ရာဇ၀င်များ သိမှတ်ဖို့ နောက်လူမြည်းရင် ချိုပါစေ . . . ချိုပါတယ် ဦးဃကြီး အနုပညာအတွက် ကျေးဇူးပါ (Ma Lynn )
- မတားပါနဲ့
ဧည့်သည်တစ်ဦးရဲ့ အိမ်ပြန်လမ်းခရီးကိုမသွားချင်လည်း ချိန်းချက်လာသော
တစ်နေ့ ရောက်ခဲ့ရင် ... ဘယ်အိမ်ကို ပြန်သွားမှန်း မသိသော
ဦးဃ
သီချင်းတွေ အနုပညာကို
ချစ်မြတ်နိုးသောသူတွေ ရင်ထဲမှာ အမြဲ ရှင်သန်နေမှာပါ ၀မ်းနည်းမှုများစွာဖြင့်
... (Ma Lynn)
- စိတ်မကောင်းဘူး မလင်းရေ... (Naymyo Say)
- စိတ်မကောင်းစရာပဲ..ဝမ်နည်းခြင်းများစွာဖြင့်.... (Nay Win)
- Harry lynn?
:( (Ko Myo )
- ဘယ်အိမ်ကို ပြန်သွားတာလဲ ဦးဃ ဂန္တ၀င်မြောက် အိမ်အပြန် တဲ့လေ . . .တောင်နံရံကြီးဘေးမှာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး သူ့ခေတ် သူ့အခါက ဒွေးအင်္ကျီ ရယ်လို့ ခေတ်စားခဲ့တဲ့ ရှပ်အင်္ကျီလက်မောင်းကနေ ဖြတ်ထားတဲ့ အင်္ကျီလေးနဲ့ `မိုင်တွေဝေးးး ... အချစ်ဆုံးနဲ့ အဝေးဆုံးဝေးး ... အချိန်တွေကို ထပ်မစောင့်ချင်ဘူး´ ဆိုပြီး အော်တဲ့ ပုံကို ကြည့်ရင်း ဦးဃကြီး သီချင်းကို စသိခဲ့တာပဲ ...။ အဲ့နောက် သီချင်းတွေကို သေချာနားထောင်တတ်လာတော့ အဆိပ်ငွေကြေး ကို ပက်ပက်စက်စက် ကြိုက်ခဲ့ဖူး ....။ ပေါက်တူးတလက်နဲ့သုဘရာဇာ ဆိုတဲ့ သီချင်းဟာ ကျနော်တို့ ကလေးဘ၀အတွက်တော့ အဆန်းဆုံး သီချင်းလို့ ပြောရမယ်။ ဘယ်ပန်းချီရေးလို့မမှီ ဆိုတဲ့ သီချင်းကို သူ့အသံနဲ့ဆိုတာ လွှတ်ကြိုက်ခဲ့ဖူး။ `မောင်မောင် မငိုနဲ့ ပြောလိုက်ဦး ... သူမငိုအောင် အားပေးလိုက်ဦး´ ဆိုပြီး ဘယ်သူနဲ့လဲမသိဘူး တွဲဆိုခဲ့တာလဲ ကြိုက်ခဲ့တာပဲ။ နဲနဲ အရွယ်ရောက်လာတဲ့အချိန် `သူခေါ်တယ် ... လာပါလာပါ ... ညညဆို ကြားရ ကြားရ´ နဲ့ ကျုပ်တို့ အချိန်ပြည့် အဲ့သီချင်း ညည်းဖြစ်အောင် လုပ်ခဲ့တဲ့ ဦးဃကြီး ...။ ခု ဆုံးပြီတဲ့ ...။ တခါတလေ ပရဟိတ Show ပွဲ တချို့တလေမှာ တွေ့တတ်ပေမယ့် သူ သီချင်းမဆိုတော့တာ ကြာပြီ ထင်တာပဲ ..။ ဘာပဲဖြစ်ဖြစ်ဗျာ နှမြောတယ်။ ဟယ်ရီလင်းဆိုတဲ့ နာမည်နဲ့ အဆိုတော်တယောက်ဟာ ဘာတွေ ဆိုခဲ့တယ်ဆိုတာ မသိတဲ့ကောင်တွေအတွက် ဒါ လူတယောက်သေတာပဲ။ ဒါပေမယ့် ကျုပ်တို့အတွက်တော့ ဒါ အနုပညာရှင် တယောက် ဆုံးရှုံးလိုက်ရပြန်တာ။ ကဗျာဆရာ စောဝေ ရဲ့ စာသား ငှားပြောလိုက်ရရင် ...`သေမင်းက အကောင်းကြိုက်လွန်းတော့အလွမ်းတွေကို ရွက်ကုန်လွှင့်ထားရတယ်´ (Hein Zaw Aung)
- ၁၉၉၀ နှစ်ပြည့်ကာလတွေဟာ ကျနော်တို့ဘ၀ အတွက် ရွေးချယ်စရာ အင်မတန်ရှားတဲ့ အချိန်ကာလပါ။ အဲဒီတုန်းက ခံစားရတဲ့ အားငယ်မှု၊ သိမ်ငယ်မှုတွေကို ဟယ်ရီလင်း က သူ့ရဲ့ ဟယ်ရီလင်း ရဲ့ ဟယ်ရီလင်း သီချင်းအခွေ နဲ့ ကျနော်တို့ကို အားအင်တွေပေးခဲ့တာပါ။ သူ့ရဲ့ ဂီတ က ကျနော်တို့ကို လွတ်မြောက်ခြင်း ဆိုတဲ့ ခံစားမှုကို ပေးတယ်။ စင်ပေါ်မှာ အမြဲတမ်း လွတ်မြောက်နေတဲ့ ဟယ်ရီလင်း က အဲဒီတုန်းက ကျနော်တို့အတွက် ဘုရားသခင် လိုပါပဲ။ စင်အောက်မှာ ရန်ဖြစ်နေရင် သူက ပြေးဆင်းလာပြီး ဆွဲတယ်။ သူက စင်ပေါ်မှာ လုပ်ချင်တာလုပ်တယ်။ ဘ၀မှာ ဘာကို အလေးထားရမယ်၊ ဘာကို လျှစ်လျှူရှုရမယ် ဆိုတဲ့ နည်းလမ်းတွေကို သူ့ဆီက ရခဲ့တယ်။ ဒီသီချင်းခွေဟာ ကျနော်တို့ရဲ့ ဘ၀တစ်လျှောက်လုံးမှာ အတူတူလိုက်ပါလာခဲ့တာပါ။ ဃကြီးရေ ရော့ခ်အင်ရိုး နဲ့ ဘ၀တစ်ခုကို ပျော်ရွှင်အောင် နေတတ်ဖို့ အားပေးအားမြှောက် ပြုပေးခဲ့သမျှ အတွက် တစ်သက်တာ ဦးညွှတ်လျက်ပါ။ ခင်ဗျားရဲ့ Fan Page လေးကို ခင်ဗျားကို ချစ်မြတ်နိုးစွာ နဲ့ ကျနော် ထိမ်းသိမ်းလာခဲ့တာပါ။ လာမည့် ဧပြီလမှာလုပ်မယ့် ပွဲမှာ ပြန်ကြည့်နိုင်ဖို့ အားခဲထားပေးမယ့် သေခြင်းတရားက ခွဲခွာပြီမို့ ရင်ထဲမှာ ကြေကွဲရပါတယ်။ မန္တလေး စတိတ်ရှိုးမှာ စင်ပေါ်မှာ စီးကရက်သောက်ပြီး အဆိပ်ငွေကြေး သီချင်း ဆိုပြတဲ့ ခင်ဗျားမျက်နှာကို အမြဲ သတိရမြင်ယောင်နေမှာပါ။ (Myo Thaw Tun)
- ကခဂ င စဆဇစ်ည...... (El Naung )
- ကျွန်တော် တွေးမိတာက သူတို့ အတွက် ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ ၊ ဂီတလောကကြီးက ဘာလုပ်ပေးနိုင်မလဲ ၊ ကျွန်တော်တို့ တိုင်းပြည်က ရော ဘာလုပ်ပေးနိုင်မလဲ (Composer Min Chit Thu)
- ခဏတာအလည်လာခဲ့တဲ့ ဂြိုဟ်သားတစ်ယောက်ဲဂြိုဟ်ကမ္ဘာကြီးရဲ့ အတိုင်း မငြင်းပဲ ခရီးဆက်သွားခဲ့ပြီပေါ့ ။စကြ်ာဝဠာ မီးပြတိုက်ဆီ အရောက်သွားနိုင်ပါစေ ကိုဃ ရေ R E S T I N P E A C E :'( (Ye Myint Thu)
- ကိုဟယ်ရီလင်း ဆုံးသွားပြီ ။ အခု အရမ်းလူကြိုက်များတဲ. မြန်မာ လူငယ်အဆိုတော်တယောက်လည်းလေဖြတ်သွားတယ် ။ ပြီးခဲ.တဲ.တပတ်က ။ (Htin Kyaw)
No comments:
Post a Comment