Sunday, February 3, 2013

ငှက်ကလေး



    ကျွန်တော်၏ အသက်မွေဝမ်းကြောင်း အလုပ်သဘောအရ ကျွန်တော်သည် လူပေါင်းစုံ ထိုင်သော လက်ဖက်ရည်ဆိုင်သို့ ဝင်လေ့မရှိပါ။ ကျွန်တော် ကျင်လည်ရသောအလွှာမှ အနေစရိုက်မှာ သီးသန့်ဆိုင်များတွင်သာ စားသောက်လေ့ရှိပါသည်။ ကျွန်တော်တို့ သွားလေ့ရှိသော လက်ဖက်ရည်ဆိုင်များမှာ အအေးခန်းဆိုင်များဖြစ်၍ စားပွဲထိုးများသည် သန့်စင် သေသပ်သော ဝတ်စုံဖြင့် တိတ်ဆိတ်လင်သာစွာ ဝန်ဆောင်မှုပြုလေ့ရှိကြပါသည်။
   
တနေ့တွင် အကြောင်တခုအရ မလွှဲသာသဖြင့် လူပေါင်းစုံထိုင်သော ဆိုင်တစ်ဆိုင်သို့ ရောက်သွားခဲ့ပါသည်။ အချိန်အတန်ကြာ ထိုင်နေရန်လည်း အကြောင်းဆိုက်လာပါသည်။ ဤအချက်နှစ်ချက်သည် ကျွန်တော်နှင့် ငှက်ကလေးတို့ စတင်တွေ့ဆုံရန် အကြောင်းဖြစ်လာပါသည်။
  
အပေါ်ပိုင်းတွင် အဝတ်မပါပဲ လုံချည် ညစ်ညစ်နွမ်းနွမ်းဝတ်ထားသော လူငယ်လေးတစ်ယောက်က လာမေးပါသည်။
  
ဘာသောက်မလဲ ဦးလေး၊ လက်ဖက်ရည်လား၊ ကော်ဖီလား၊နတ်(စ်)လား၊ ဆဲဗင်အပ်လား၊ ပတ်ပစီလား၊ ပဲပလာတာရတယ်၊ ဘာမှာမလဲ ဦးလေး။
    မေးနေကျအသံဖြင့် သွက်သွက်ကလေး မေးပါသည်။ ကျွန်တော်လည်း ပြီးလွယ်စေကြောင်း လက်ဖက်ရည်ပဲ ပေးကွာဟု ဖြေလိုက်ပါသည်။

    ရှယ်လား၊ ရိုးရိုးလား ဟု ထပ်မေးပြန်ပါသည်။ ရှယ်ပေါ့ကွာ ဟု ဖြေလိုက်သည်။ အမှန်စစ်စစ် ထိုလက်ဖက်ရည်ကို ကျွန်တော် သောက်မည်မဟုတ်ပါ။ ထိုလူငယ်လေးသည် အသက် ၁၂ နှစ်ခန့် ရှိပါသည်။ သူသည် ပါးစပ်မှ ရှယ်၊ ရှယ်၊ ရှယ် ဟု မြည်ကာ လက်နှစ်ဘက်ကို လေယာဉ်ပျံ တောင်ပံသဖွယ်ဖြန့်၍ လက်ဖက်ရည် ဖျော်သူထံ ပြေးသွားပါသည်။ အမှန်စင်စစ် ပျံသန်းသွားသည်ဟုပင် ပြောနိုင်ပါသည်။ သူ၏ပြုမူပုံကလေးမှာ ဆန်းကြယ်ပြီး ချစ်စရာကောင်းသဖြင့် သူ့ကို ကျွန်တော် စိတ်ဝင်စားသွားမိပါသည်။

    မကြာမီပင် ကျွန်တော့်ထံသို့ လက်ဖက်ရည်တစ်ခွက်ကို လက်တစ်ဖက်မှကိုင်ပြီး လက်တစ်ဖက်မှ လက်ညှိုးနှင့်လက်မကို ပါးစပ်ထဲတွင်ထည့်ကာ ကားစပယ်ယာများ လက်ခေါက်မှုတ်သကဲ့သို့ ရွှီးကနဲမြညိအောင်မှုတ်ကာ လာချပေးပါသည်။

    ဘာလိုသေးလဲ ဦးလေးဟု မေးပြန်ပါသည်။ ရပါပြီကွာ၏ ပြည့်စုံပါပြီဟု ကျွန်တော်ဖြေလိုက်လျှင်ပင် အင်း  ရေနွေးကြမ်းလေးတော့ သောက်ဦးမှဟု သူ့ကိုယ်သူပြောကာ ကျွန်တော်နှင့်မလှမ်းမကမ်းမှခုံတွင် ဝင်၍ထိုင်ချလိုက်ကာ၊ ရေနွေးကြမ်းတခွက် ငှဲ့သောက်လိုက်၍ ဆိုင်တွင် လက်ဖက်ရည်လာသောက်သူတစ်ဦး၏ ဟန်ကိုဖမ်းကာ အခုမှပဲ အမောပြေသွားတယ်ဟု သူ့ကိုယ်သူ ပြောလိုက်ပါလေသည်။

    ထိုအချိန်တွင် ဆိုင်တွင်းသို့ လူတစ်ယောက်ဝင်လာသဖြင့် ထိုလူငယ်လေးသည် သူ၏ ကိုယ်ပိုင်အလျှင်နှုန်းဖြင့် ထိုသူ့ထံသို့ ရောက်သွားပြန်ပါသည်။

    ဝင်လာသူက ပဲပလာတာတစ်ချပ်၊ ရှယ်တစ်ခွက်ဟု မှာလိုက်ရာ လူငယ်လေးက ပဲပလာတာကို ညှပ်ဦးမလား ဥိးလေးဟု မေးလိုက်ရာ အေး ညှပ်ကွာဟု ဖြေလိုက်လျှင် ညှပ်၊ ညှပ်၊္ဒညှပ်၊ ညှပ်ဟု ပါးစပ်မှမြည်ကာ ပလာတာကြော် နေရာသို့ ပြေးသွားပါသည်။ ထိုလက်ဖက်ရည်ဆိုင်သည် ပဲပလာတာ စားသောသူ များပြားသောဆိုင် ဖြစ်ဟန်တူပါသည်။ ကျွန်တော် ထိုဆိုင်တွင်ရှိသော တစ်ချိန်လုံး ထိုလူငယ်လေး၏် ညှပ်၊ ညှပ်၊္ဒညှပ်၊ ညှပ်ဟု မြည်သံကို မပြတ်ကြားရပါသည်။

    ထိုအသံလေး၏သာယာပုံမှာ ကျွန်တော့်အတွက် ကြား၍မဝနိုင်။ သူ၏လှုတ်ရှားပုံလေးမှာ ကြည့်၍မဝနိုင်သောကြောင့် ထိုဆိုင်သို့ နောက်တစ်ခေါက်လာရန် ကျွန်တော် ဆုံးဖြတ်မိပါပြီ။ ကျွန်တော်သောက်ရန် မရည်ရွယ်သော လက်ဖက်ရည်ကိုလည်း ထိုလူငယ်လေး စိတ်ထဲတွင် တစ်စုံတစ်ခု မဖြစ်စေလိုသဖြင့် အတော်အသင့် သောက်လိုက်မိပါသည်။

    ထိုဆိုင်မှပြန်လာချိန်တွင် ထိုလူငယ်လေး၏ ချစ်စဖွယ် အပြုအမူလေးများနှင့် အမြဲမပြတ် အသံမျိုးစုံထွက်နေပုံကို ကျွန်တော် တော်တော်နှင့် မေ့၍မရခဲ့ပါ။ ရိုးသားသော မျက်လုံးလေး၊ ဖြောင့် မှန်သော စိတ်ထားလေးတို့မှာ သူ့တွင် အတိုင်းသားပေါ်လွင်လျှက် ရှိပါသည်။

    နောက်တစ်ကြိမ် ထိုဆိုင်သို့သွားခြင်းမှာ အလုပ်ကိစ္စဖြင့်မဟုတ်ဘဲ ထိုလူငယ်လေးအား တွေ့မြင်လို၍ သွားခြင်းသာဖြစ်ပါသည်။ ဤတစ်က်ြမ်တွင်လည်း သူ၏ အပြုအမူလေးများ၊ သူ့ထံမှ အမြဲထွက်နေသော အသံလေးများသည် ကျွန်တော့်အား အကြိမ်ကြိမ် လာရောက်ရန် ဆွဲဆောင်ခဲ့လေသည်။ ဤသို့ဖြင့် ထိုဆိုင်သို့ အကြိမ်ကြိမ် ရောက်ခဲ့၍ ထိုလူငယ်လေးနှင့် ခင်မင်ရင်းနှီးသော အဆင့်သို့ တိုင်ခဲ့ပါသည်။ သူ့နံမည်ကိုလည်း ကျွန်တော်သိနေပါပြီ။

    သူ့တွင် အဖေမရှိကြောင်း၊ အမေက ဟင်းရွက်ရောင်းကြောင်း၊ သူကတစ်ဖက်တစ်လမ်း အလုပ်ရှိသဖြင့် သားအမိ အဆင်ပြေကြောင်း ပြောပြရင်း သူ့လက်နှစ်ဖက်ကို အသေအချာကြည့်ပြီး အသားတောင် အတော်ဖြူလာပြီ၊ အင်းလေ ဖြူမှာပေါ့ အရိပ်ထဲ အလုပ်လုပ်ရတာကိုးဟု သူ့ကိုယ်သူ ပြောပြန်ပါသည်။ ကျွန်တော်သူ့ကို မချစ်ဘဲ မနေနိုင်တော့ပါ။

    ထိုအချိန်တွင် သူ၏ အခက်အခဲတစ်ခုကို ကျွန်တော် သိခွင့်ရလာပါသည်။ သူသည် အခြားကလေးငယ်များကဲ့သို့ ဂျင်းဘောင်းဘီ ဝတ်လိုပါသည်။ သို့သော် ဂျင်းဘောင်းဘီမရှိမဟုတ်၊ သူ့တွင် ဆိုင်ရှင်ဝယ်ပေးထားသော ဂျင်းဘောင်းဘီ တစ်ပတ်နွမ်းလေးရှိပါသည်။ ထိုမျှမက ဂျင်းဘောင်းဘီနှင့်တွဲဝတ်ရန် တီရှပ်တစ်ထည်လည်း တစ်စုံတစ်ယောက်က ဝယ်ပေးဖားပြီး ဖြစ်ပါသည်။ ထို့အတူ ခါးပတ်လည်း ရှိနေပါပြီ။ အပြီးသတ် ကင်းဘတ်ဖိနပ် တစ်စုံလည်း ရှိနေပါသည်။ အလုပ်အားချိန်တွင် လည်ပတ်ရန် ဝတ်စုံတစ်စုံစာ အသေအချာ ရှိနေပါသည်။

    ဦးလေးမယုံလျှင် ကျွန်တော်ယူပြမယ်ဟု ပြော၍ယူပြ၏။ အမှန်ပင် ထိုအရာအားလုံး သူ့တွင် ရှိနေပါသည်။ သို့သော် သူ၏ဖိနပ်တွင် ဖိနပ်ကြိုး မရှိပါ။ ထိုအချက်သည် သူ၏ အခက်အခဲဖြစ်ပါသည်။
    ကျွန်တော်က ဖိနပ်ကြိုး ဝယ်ပေးပါမည်ဟု ကတိပေးလိုက်သောအခါ ဒီလိုဆိုတော့လည်း အဆင်ပြေပြီပေါ့ ဟူသောအတွေးကလေး သူ၏မျက်နှာပေါ်တွင် ဖြတ်သန်းသွားပါသည်။
    မကြာမီ ဖိနပ်ကြိုးလေး တစ်စုံ ဝယ်ပေးလိုက်ပါသည်။ နောက်တစ်နေ့တွင် သူသည် ဝတ်စုံပြည့် ဝတ်ဆင်၍ ကျွန်တော့်အာပြပါသည်။ ကျွန်တော်တို့နှစ်ဦး ကြည်နူးခဲ့ကြရပုံကို ယခုပင် ကျွန်တော် ခံစားရပါသည်။

    တစ်နေ့တွင် ထိုဆိုင်သို့ ကျွန်တော် ရောက်သွားသောအခါ ထိုလူငယ်လေးအား မတွေ့ရပါ။ ဆိုင်ရှင်က နေမကောင်း၍ အလုပ်မဆင်းကြောင်းပြောပါသည်။ ကျွန်တော့်စိတ်ထဲမှာ အော် ဒီလောက်ညှော်တဲ့ နေရာမှာ ကလေးတစ်ယောက် အလုပ်လုပ်ရတာကြာတော့ ဖျားမှာပေါ့ဟု တွေးလိုက်မိပါသည်။ အမြန် နေကောင်းလာပါစေဟု ဆုတောင်းမိပါသည်။

    နောက်တစ်ပတ်၊ နောက်တစ်ပတ်နှင့် ထိုလူငယ်လေး ပြန်မလာနော့ပါ။ ဤသို့ဖြင့် ထိုဆိုင်သို့ ကျွန်တော် မရောက်ဖြစ်တော့ပါ။ ထိုအချိန်တွင် အလုပ်ကိစ္စများအလါန်များလာ  သောကြောင့် ကျွန်တော့်မှာလည်း အလုပ်ကိစ္စထဲ တဝဲဝဲလည်နေခဲ့ရသည်။

    တစ်နေ့တွင် လက်လုပ်လက်စားများနေသော ရပ်ကွက်တစ်ခုကို ဖြတ်သွားရပါသည်။ လမ်းမှာကျယ်သော်လည်း မြေလမ်းဖြစ်သဖြင့် ကားကို ခပ်နှေးနှေးသာ မောင်းနိုင်ပါသည်။ ထိုလမ်း တစ်နေရာတွင် ဦးလေး ဦးလေးဟု ကျွန်တော်မှတ်မိသော အသံတစ်ခုက ခေါ်လိုက်သဖြင့် လှည့်ကြည့်လိုက်ရာ လူငယ်တစ်စုနှင့် ဘောလုံးကစားနေရာမှ ကျွန်တော်ရှိရာသို့ ပြေးလာနေသော ထိုလူငယ်လေးကို မြင်လိုက်ရပါသည်။ ကျွန်တော်လည်း ဝမ်းသာအားရ ကားကိုရပ်၍ သူ့အား ဆင်းတွေ့လိုက်ပါသည်။

    မင်းနေကောင်းသွားပြီလား ဟု မေးလိုက်ရာ၊ ဟုတ်ကဲ့ နေကောင်းသွားပြီ ဦးလေးဟု ပြုံးရွှင်စွာ ပြန်ဖြေပါသည်။ စိတ်ပူခဲ့ရသမျှ အေးသွားပါပြီ။ ကျွန်တော်သူ့ကို သတိရသကဲ့သို့ သူလည်း သတိရပုံ ပေါ်ပါသည်။

    မင်းအလုပ်ပြန်ဆင်းနေပြီလားဟု မေးကြည့်ရာ သူတို့က ကျွန်တော်နေမကောင်းတုန်း လူစားခန့်လိုက်ပြီ ဦးလေးရ၊ ကျွန်တော်အခု အလုပ်မရှိသေးဘူးဟု ဖြေစဉ် သူ့မျက်နှာ အတန်ငယ် ညှိုးသွားပါသည်။ ချက်ချင်း စကားဆက်၍.......
    ဒီမှာလေ ကျွန်တော်တို့အိမ် ဦးလေးရဲ့၊ အားရင်လာလည်ပါဦး ဟု တဲအိုတစ်လုံးကို လက်ညှိုးထိုးပြပါသည်။ လိမ္မာလိုက်တဲ့ကလေးရယ်။ သူ့အတွက် ကျွန်တော် စိတ်အဆင်းရဲမခံပါ။
    ကျွန်တော်လည်း ငွေတချို့ထုတ်ယူပြီး သူ့အားပေးလိုက်ပါသည်။ မင်းတို့ဒီကြားထဲ သုံးဖို့ပေါ့ကွာဟု ပြောလိုက်ရာ၊ မယူချင် ယူချင်ဖြင့် ယူရှာပါသည်။ ကျွန်တော့်စိတ်တွင်းမှ အမှန်တကယ် ယုံကြည်သော စကားတစ်ခွန်းကိုလည်း ပြောလိုက်ပါသည်။

    မင်းလိုလူမျိုးအတွက် အလုပ်မရှားဘူး သားရေ မင်း ဒီထက်ပိုကောင်းတဲ့ အလုပ်ကိုတောင် ရမှာပါ။
    ဟုတ်ကဲ့ ဥင်္းလေးဟုသာ သူဖြေပါသည်။ ကဲ ဦးလေးလည်း ကိစ္စရှိလို့သွားဦးမယ် အားရင်လည်း လာခဲ့ဦးမယ်။

    မကြာမီ ကျွန်တော်သည် တစ်မြို့တစ်ရွာသို့ ပြောင်းရွှေ့ခဲ့ရသဖြင့် သူ့ထံသို့ ထပ်မရောက်ဖြစ်တော့ပါ။ သူအလုပ် မရသည် ရသည်ကိုလည်း အပ်ချမတ်ချ မသိခဲ့ရပါ။ သို့သော် ဤကလေးကဲ့သို့ လိမ္မာရေးခြားရှိသေ၊ အလိုက်သိတတ်သော၏ ချစ်ဖွယ်ကောင်းသော ကလေး တစ်ယောက်အား လူတို့သည် ဂျင်းဘောင်းဘီဖြစ်စေ၊ တီရှပ်ဖြစ်စေ၊ ဖိနပ်ဖြစ်စေ၊ ဖိနပ်ကြိုးဖြစ်စေ၊ ထိုမျှမက အလုပ်ဖြစစေ၊ သူလိုရာကို ရစေမည်ဖြစ်ကြောင်း ကျွန်တော့်အသက်အရွယ် ဘဝအတွေ့အကြုံအ၇ သိနေပါပြီ။

    ယခုအချိန်တွင် သူ့နာမည်ကို ကျွန်တော်မေ့သွားပါပြီ။ သ်ု့သော် သူ့ကိုမမေါသေးပါ။ သူမြည်တတ်သော ညှပ် ညှပ် ညှပ် ညှပ် ဟူသော အသံကလေးသည် ငှက်တစ်ကောင်၏မြည်သံနှင့် တူလှသဖြင့် သူ့အား ငှက်ကလေး ဟူသော ချစ်စနိုး အမည်ဖြင့် အစဉ်အမှတ်ရ နေတော့မည်ဖြစ်ပါသည်။

ခင်ဝမ်း   
၂၇၊ ၁ဝ၊ ၉၄

(ခင်ဝမ်း ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် သတိတရ တင်ဆက်ပါသည်)

No comments:

Post a Comment