Sunday, February 3, 2013

ပါရမီရှင် ခင်ဝမ်းသို့ တမ်းချင်းဆုတောင်း



    ခင်ဝမ်း
    မင်းကိုငါသိခဲ့တာ ၁၉၆၉ ခုနှစ်ကတည်းက။
    အဲဒီတုန်းက မင်းက ပန်းချီဆရာ ခင်ဝမ်းမဟုတ်။ သီချင်းရေးဆရာ ခင်ဝမ်းမဟုတ်။ အဆိုကျော် ခင်ဝမ်းမဟုတ်။ မဟုတ် မဟုတ် မဟုတ်။ ဘာမှမဟုတ်တဲ့ ခင်ဝမ်း။ ဒါပေမယ့် မကြာခင်မှာ သိပ်ဟုတ်တော့မယ့် ခင်ဝမ်းအဖြစ် သန္ဓြေွတည်နေတာကိုတော့ ငါ ရိပ်ဖမ်း သံဖမ်း သိခဲ့ရ။

    တက္ကသိုလ် ရောက်ရောက်ချင်း မင်းနဲ့ငါ ခင်ခဲ့တယ်။ ငါသာမဟုတ်ပါဘူး ၁၉၆၅ ကနေ ၁၉၆၉ ခုနှစ်အတွင်းမှာ မင်းကို ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ မသိတဲ့သူ ရှားပါတယ်။ "လူရွှင်တော် ခင်ဝမ်း" အနေနဲ့လေ။ တွေ့သမျှလူကို မင်းအမျိုးစုံ ပြောင်နောက်တတ်တယ်။ သတ္တဗေဒက ခင်ဝမ်းဆိုရင် လူပျော်လူနောက်" ကောလိပ်ဂျင်" အနေနဲ့ တက္ကသိုလ် ဝန်းကျင်မှာ ကျော်ကြားခဲ့တယ် မဟုတ်လား။

    အပြင်မှာ နောက်နောက်ပြောင်ပြောင် ပေါ့ပေါ့တန်တန် နေတတ်တဲ့မင်းကို အနီးကပ် ပေါင်းကြည့်တဲ့အခါကျတော့ အင်မတန် စာဖတ်တဲ့သူမှန်း သိလိုက်ရတယ်။ မင်းရဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ စာအုပ်တွေအပြည့်။ စာကိုသဲသဲမဲမဲဖတ်သလို စာရေးတော့လည်း အဖြောင့်။ ပထမဆုံး မင်းရဲ့စာကို ငါတို့ သတ္တဗေဒ မဂ္ဂဇင်းမှာ ဖတ်လိုက်ရတယ်။ တက္ကသိုလ် ဘုန်းနိုင်ရဲ့ စာသားတွေကို အရေကျိုသောက်၊ နဝဒေးရတု၊ နတ်ရှင်နောင် ရတုတွေကိုပါ အလွတ် ကျက်ခဲ့တဲ့ မင်းဟာ စကားပြေသစ်တစ်ရပ်ကို ဖန်တီးနိုင်ခဲ့တယ်ဆိုတာ မင်းရဲ့ ပထမဆုံးလက်ရာ မှာတင် အကဲဖြတ်လို့ ရခဲ့တယ်။

    နောက်တော့ မင်းက မောင်သိန်းလွင်ရဲ့ ရေးဟန်ကို အတုခိုးပြန်ရော။ ဘဝသရုပ်ဖေါ် ရေးတဲ့ မောင်သိန်းလွင်ရဲ့ နောက်ပိုင်း ရေးဟန်မဟုတ်ဘူး။ ရှေ့ပိုင်းက ကဗျာလင်္ကာ စကားပြေ ပုံစံမျိုး။ မှတ်မိသေးတယ်။ မောင်သိန်းလွင်ရဲ့ "လွမ်းပွင့်ကြွေ့ကြွေ့ တဖွေ့ဖွေ့" ဝတ္တု။" ဖြေသာကြွေလာ နှင့်နှင့်စေ" ဝတ္တုတွေထဲက စာသားတွေက်ု အလွတ်ရွတ်ပြခဲ့နိုင်တာတွေ။

    စကားပြေမှာသာမဟုတ်ဘူး။ မင်းက ပထမ ဂီတာတီးတယ်။ နောက်တော့ မင်းဘာသာမင်း မယ်ဒလင် ဝယ်လာပြီး ကိုယ့်ဘာသာကိုယ် (ဆရာမရှိဘဲ) စမ်းတီးရင်းနဲ့ တစ်ပတ်လောက်အတွင်းမှာ မယ်ဒလင် ကောင်းကောင်း တီးတတ်လာတာ ငါတို့ရှေ့မှာတင်ပဲ။စန္ဒယား ကျတော့လည်းယုဒသန်ရိပ်သာမှာ တစ်နာရီ ငါးကျပ်ပေးပြီး စမ်းတီးတာ ဟုတ်လို့ပဲ။ ပန်းချီကျတော့လည်း ဘာသင်တန်းမှ မတက်၊ ဘယ်ဆရာဆီမှာမှ မသင်ဘဲ စုတ်တံတွေဝယ်၊ ဆေးတွေဝယ်ပြီး ဆွဲလိုက်တာ ဖြောင့်လို့။ မင်းရဲ့ရှေ့က ဆရာကြီးတွေကိုတောင် ကျောသွားသေး။

    သီချင်းဆိုတာကျတော့ မဟန်ဘူးဟေ့။ မင်းအသံကြီးက ခြေက်ကပ်ကပ် ကွဲအက်အက် ကြီးမို့ ငါနဲ့ မောင်လီလွတ်ကပဲ ဝိုင်းဆိုပေးခဲ့ရတယ် မဟုတ်လား။ ဒါပေမယ့် နောက်ပိုင်းကျတော့ မင်းအသံကိုပဲ လူတွေက ကြိုက်လှတယ်ဆိုပြီး နိုင်ငံကျော် အဆိုတော်ကြီး ဖြစ်သွားတယ်လေ။

    ပြောစရာ တစ်ခုကျန်သေးတယ်။ မိုးဝေမဂ္ဂဇင်းမှာ မင်း "စံကြည်ကျော့" ဆိုတဲ့ ကလောင်နံမည်ယူပြီး ဘာသာပြန်ရေးခဲ့တာလည်း အတော်ကောင်းတယ်ကွာ။ အနုပညာမှာတော့ မင်းက တကယ့်ကို စွယ်စုံပဲ။ လူကတော့ နည်းနည်းကြောင်တယ် ပြောရမှာပေါ့။ လူမှုရေး နားမလည်တာတို့၊ ပိုက်ဆံကို မကပ်သင့်တဲ့ နေရာမှာကပ်ပြီး မကုန်သင့်တဲ့နေရာကျတော့ အလွန်အကျွံ ဖြုန်းပစ်တာတို့၊ ခင်ပွန်းတာဝန်၊ ဖခင်တာဝန်မကျေတာတို့။ ဒါပေမယ့် မင်းကို ငါ သိပ်အားကျတယ်။ အင်္ဂလိပ်လို ပြောရရင် I'envy you (မင်းကိုငါ မနာလိုဘူး) ငါက တခြား နေရာတွေမှာ သိပ်မဆိုးလှပေမယ့် အနုပညာပိုင်းကျရင်တော့ မင်းခြေအစုံက မြေတစ်မှုန်တောင်မှ မဖြစ်မြောက်တဲ့သူကိုး။

    မင်းကိုငါ အချစ်ဆုံးပါ။ မင်းရဲ့ အချစ်ဆုံးတွေထဲမှာလည်း ငါတစ်ယောက် အသေအချာ ပါတယ်ဆိုတာ ငါ ကောင်းကောင်းသိတယ်။ မင်းကို အခုလူတွေ တတမ်းတမ်း တတတ ဖြစ်နေကြတာကို ကြည့်ပြီး မင်းရဲ့ သူငယ်ချင်း အရင်းအခြာ ဖြစ်ရတာ ငါ သိပ်ဂုဏ်ယူတာပါပဲ။

    မင်းဟာ သက်တမ်းတိုတိုပဲ လူ့ပြည်မှာနေခဲ့ပေမယ့် မင်းလုပ်နိုင်တာတွေ အများကြီး မင်းလုပ်ပြခဲ့တယ်။ ပန်းချီမှာ ကြည့်မလား၊ ဂီတမှာကြည့်မလား။ မင်းက ဘဝကို အနိုင်နဲ့ ပိုင်းသွားခဲ့တယ်။ မင်းလုပ်ချင်တာတွေကို အသာလေး ပေါ့ပေါ့ပါးပါး လုပ်ပြသွားခဲ့တယ်။ မင်းဘာမှ သိပ် ပင်ပင်ပန်းပန်းကြီး မရင်းနှီးခဲ့ရဘူး။ မင်းဟာ ပါရမီရှင်ပဲ။ မင်းလိုလူမျိုး နေရာမှားမွေးလာတာကိုတော့ ငါ ယူကြုံးမရ ဖြစ်ခဲ့တယ်။

    တကယ်တော့ မင်းအရည်အချင်းဟာ နိုင်ငံကျော်၊ မြန်မာကျော် မဟုတ်ဘူးကွ ကမBာကျော်ရမယ့်သူ။ အေးကွာ ကမBာကျော် ခင်ဝမ်းရဲ့ သူငယ်ချင်း မဖြစ်ရတာတော့ ငါ့ကိုယ်ငါလည်း ဝမ်းနည်းမိတယ်။ သံသရာကို ယုံကြည်တဲ့ ငါ့အနေနဲ့ကတော့ မင်းဖြည့်ခဲ့တဲ့ ဒီဘဝရဲ့ ပါရမီတွေကြောင့် နောင်ဘဝမှာ မင်းကမBာကျော်မှာသေချာတယ်။ အဲဒီအခါမှလည်း ငါဟာ မင်းရဲ့ ကမBာကျော် အနုပညာရှင် ဘဝမှာ ပါရမီဖြည့်နိုင်တဲ့ သူငယ်ချင်း ဖြစ်ချင်သေးရဲ့။
    ရွှေရောင်တောက်ခဲ့တဲ့ ကောလိပ်ရက်များက သူငယ်ချင်း ခုနှစ်ယောက်ထဲက တစ်ယောက်....။

          ဟိန်းလတ်
         ၁၊ ၂၊ ၂ဝဝ၂
(၃၊ ၂၊ ၂ဝဝ၂ နေ့က ပြည်မြို့တွင် ကျင်းပခဲ့သော ခင်ဝမ်းကွယ်လွန်ခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ)
(ခရမ်းနုရောင်နှင်းမှ)

ကောလိပ်နေ့ရက်များ

No comments:

Post a Comment