ကိုခင်ဝမ်း လွမ်းချင်း

ကိုခင်ဝမ်းကို သူ့ရဲ့ ‘နှင်းဆီဖြူရဲ့ အဝေးကလူ’ စီးရီးမှာ စပြီး ကြားဖူးပါတယ်။ အဲဒီနောက်တော့ ‘ပြည်မှာဆောင်း’ စီးရီးတို့ ဘာတို့ပေါ့။ နောက်တော့ သူ့သူငယ်ချင်းတွေက မိတ်ဆက်ပေးလို့ ကိုခမ်ဝမ်းနဲ့ ကျွန်တော် လူချင်းခင်သွားကြပါတယ်။ အဲဒါကတော့ ခရမ်းပြာ အဆောင်မှာပါ။ အဲဒီတုန်းက ကိုရဲလွင်က ခရမ်းပြာ အဆောင်မှာ နေတယ်။ ကိုခင်ဝမ်းနဲ့ ကိုရဲလွင်တို့က ကျောင်းနေဖက်တွေ ဆိုတော့ ကိုခင်ဝမ်းက ကိုရဲလွင်နဲ့ ပက်သက်ပြီး ခရမ်းပြာ အဆောင်မှာ လာနေတယ်။
ညနေစောင်းဆိုရင် ကျွန်တော်တို့ အင်းလျားကန်စောင်းပေါ်တတ်ပြီး ဂစ်တာနဲ့ သီချင်းတွေ ဆိုကြတယ်။ ကိုရဲလွင်ပါတယ်။ ကိုခင်ဝမ်းပါတယ်။ ကိုမောင်မောင်လည်းပါတယ်။ ၁၉၈၄၊ ၁၉၈၅ ၀န်းကျင်လောက် ဖြစ်မယ် ထင်ပါတယ်။
ကျွန်တော့်သီချင်းတွေကို ကိုခင်ဝမ်း စဆိုဖြစ်တာကတော့ ‘ပန်းနုရောင်ခံစားချက်များစီးရီးမှာပါ ။
အဲဒီတုန်းက ကျွန်တော် ကီလီမှာ နေပါတယ်။ ကိုခင်ဝမ်းက ကျွန်တော့်သီချင်းတွေ ဆိုချင်တယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ ပန်းနုရောင် ခံစားချက် တေးစီးရီးမှာ ကျွန်တော်ရေးတဲ့ ‘မကြေငြာတဲ့ သိမ်းဖျက်ခြင်း’ နဲ့ ကျွန်တော်နဲ့ စောဂျက်ဆင် တွဲရေးတဲ့ ‘မငိုမိတယ်’ သီချင်းတွေကို ကိုခင်ဝမ်း သီဆိုခဲ့ပါတယ်။ အဲဒီ စီးရီးမှာ ကိုမောင်မောင် ရေးတဲ့ ‘မရှိခဏ’ သီချင်းလည်း ပါ ပါတယ်။
ကျွန်တော့်သီချင်းတွေချည်း ကိုခင်ဝမ်း ဆိုဖြစ်သွားတာကတော့ ‘အမှောင်ကိုထွန်းညှိမယ့်မီးအိမ်’ တေးစီးရီးပါ။ ကိုခင်ဝမ်းက ကျွန်တော့်သီချင်းတွေ တစ်ခွေစာ ဆိုချင်တယ်။ သီချင်းတွေရှိလား လို့ မေးပါတယ်။ ‘အမှောင်ကိုထွန်းညှိမယ့်မီးအိမ်’ သီချင်းက တကယ်တော့ ကိုခင်ဝမ်းကို ရောင်းဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုခင်ဝမ်းက အဲဒီသီချင်းကို သူတကယ်ဆိုချင်ပါတယ် လို့ ပြောပါတယ်။ အဲဒီအခွေမှာပဲ စိုင်းထီးဆိုင် ဆိုထားတဲ့ ‘နေမင်းပြုံးမယ့်နေ့’ ဒန်းနစ်စ် ဆိုထားတဲ့ ‘ခွဲခွာခြင်းကိုနှစ်သိမ့်သည့်အပြုံး’ ခိုင်ထူးဆိုထားတဲ့ ‘အစောဆုံးပြန်ခဲ့ပါ’ သီချင်းတွေကို ကိုခင်ဝမ်း ပြန်ဆိုထားပါတယ်။
‘လွမ်းရတဲ့ညတွေ လွန်ပါစေ’ သီချင်းကိုလည်း ကိုခင်ဝမ်း အရင်ဆိုခဲ့တာပါ။ ကျော်ဟိန်းရဲ့ ‘ကိုယ်ချစ်တာ တစ်ယောက်တည်း’ ရုပ်ရှင်ကားမှာပါ။ အဲဒီတုန်းက ခရမ်းပြာမှာ ကိုခင်ဝမ်းတို့နဲ့ အတူနေကြတဲ့ ကာလပေါ့။ နောက်မှ ဒန်းနစ်စ်က လွမ်းရတဲ့ညတွေ သီချင်းကို ဆိုပါတယ်။
ကျွန်တော်က စင်ပေါ်မှာ ‘လွမ်းရတဲ့ညတွေ…’ သီချင်းဆိုနေတာကို ဒန်းနစ်စ် ကြားသွားပြီး ဒန်းနစ်စ်လည်း အဲဒီသီချင်းကို ဆိုဖြစ်သွားတယ်။ လွမ်းရတဲ့ညတွေ သီချင်းကို ဒန်းနစ်စ် ဆိုတာ အသံနည်းနည်းမာပြီး ကိုခင်ဝမ်းကတော့ အေးအေးငြိမ့်ငြိမ့်လေး ဆိုသွားပါတယ်။ ကိုခင်ဝမ်းက လွမ်းရတဲ့ညတွေ သီချင်းကို E ကီးနဲ့ ဆိုပါတယ်။ ကျွန်တော်လည်း E ကီးနဲ့ ဆိုပါတယ်။ ဒန်းနစ်စ်ကတော့ G ကီးနဲ့ ဆိုတော့ အသံ နည်းနည်း မာသွားတယ်။
ကိုခင်ဝမ်းဟာ ‘ပန်းခရမ်းပြာ’ တေးစီးရီးကနေ စပြီး မဇ္ဈိမလှိုင်း တီးဝိုင်းနဲ့ လက်တွဲခဲ့ပါတယ်။ ‘ပန်းခရမ်းပြာ’ အခွေမှာ ကိုရဲလွင် သီချင်းတွေချည်း ကိုခင်ဝမ်း သီဆိုခဲ့ပါတယ်။ အဲဒီစီးရီးကို လင်း စတူဒီယိုမှာ သွင်းပါတယ်။ အဲဒီနောက်ပိုင်း ကိုခင်ဝမ်းဟာ မဇ္ဈိမလှိုင်းနဲ့ စတိတ်ရှိုးတွေဆိုပြီး မဇ္ဈိမလှိုင်း တီးဝိုင်းရဲ့ ပင်တိုင်လို ဖြစ်သွားပါတယ်။
ပန်းခရမ်းပြာ အခွေဟာ ပေါက်သွားပါတယ်။ လူငယ်တွေက ပန်းခရမ်းပြာကို ကြိုက်ကြတယ်။ ကိုခင်ဝမ်းကိုလည်း လက်ခံသွားကြတယ်။ တကယ်တော့လည်း ကိုခင်ဝမ်းကို သူတို့ အစောကတည်းက လက်ခံပြီးသားပါ။ ပန်းခရမ်းပြာခွေထဲမှာ ‘နောက်ဆုံးအိပ်မက်’ သီချင်းကို ကျွန်တော် ကလပ်ဆီကယ်ဂစ်တာ တီးထားပါတယ်။ ‘ကစားမလား နားမလား ’တေးစီးရီးထဲက ကိုခင်ဝမ်းရဲ့ ‘မျှော်တလင့်လင့်’ သီချင်းကိုလည်း ကျွန်တော် ကလပ်ဆီကယ် ဂစ်တာ တီးထားပါတယ်။
ကိုခင်ဝမ်းနဲ့ ကျွန်တော် စတိတ်ရှိုးတွေဆိုရင်း ခရီးသွားခဲ့တာတွေ ရှိပါတယ်။ မန္တလေးမှာ မဇ္ဈိမလှိုင်း တီးဝိုင်းနဲ့ ဆိုကြတဲ့ အချိန်မှာ ကိုခင်ဝမ်း ပါတယ်။ မန္တလေးမှာ ကိုခင်ဝမ်းဟာ သူ့ရဲ့ ‘ယိမ်း’ သီချင်းကို အတီးမပါဘဲ ဆိုသွားပါတယ်။ ရန်ကုန် ရပ်ကွက်ဘုရားပွဲတွေမှာလည်း နှစ်တိုင်း ကိုခင်ဝမ်း ပါပါတယ်။ ပြည်မှာ ကိုခင်ဝမ်း ပွဲလုပ်တော့ လိုက်သွားဖူးတယ်။ မဇ္ဈိမလှိုင်းတီးဝိုင်းနဲ့ပါ။ ကျွန်တော်လည်း သီချင်းတွေ ၀င်ဆိုခဲ့ပါတယ်။
ကိုခင်ဝမ်း သီချင်းတွေထဲမှာ ‘ပြည်မှာဆောင်း၊ မြစ်’ စတဲ့ 6/8 တိုင်ပင်သီချင်းတွေကို ကြိုက်တယ်။ ‘ဆယ်လါမွန်ငါးတို့အပြန်၊ ခုနှစ်ပြည်ထောင်၊ နှုတ်ဆက်ခဲ့ပါတယ်’ စတဲ့ သီချင်းတော်တော်များများလည်း ကြိုက်ပါတယ်။ ‘အိုဆာကာလေဆိပ်’ ဆိုတဲ့ သီချင်း တစ်ပုဒ် ရှိသေးတယ်။ အဲဒီသီချင်းကို ကျွန်တော် နားထောင်ဖူးတယ်။ အခွေထဲမှာတော့ မပါဘူး။ သီချင်းအကြောင်းအရာက ဂျပန်ကို သွားတဲ့အကြောင်းလေးပါ။ နီပွန်ကော်ဇော ဆိုတာကိုတော့ မှတ်မိတယ်။
ကိုခင်ဝမ်းက ကလပ်ဆီကယ်ဂစ်တာလည်း တီးခဲ့ဖူးတယ်။ ရန်ကုန် ၄၅ လမ်း Y.M.C.A မှာ ကိုရဲလွင်နဲ့အတူ နေကြသေးတယ်။ သူ မကွယ်လွန်ခင်က ဂျပန်က မှာလို့ သူ ပန်းချီဆွဲတာကိုတော့ ကျွန်တော် မြင်ဖူးတယ်။
ကိုခင်ဝမ်းဟာ စိတ်သဘောကောင်းတယ်။ ပြည့်တယ်။ သီချင်းတွေလည်း ကောင်းတယ်။ ကိုယ်ပိုင်သံစဉ် သီချင်းတွေ အားနည်းနေတဲ့အချိန်မှာ သူလည်း တတပ်တအား အားဖြည့်သွားခဲ့တယ်။ ကိုခင်ဝမ်း သီချင်းတွေဟာ စာသားကောင်းတယ်။ မယ်လိုဒီလည်း ကောင်းတယ်။ ကိုခင်ဝမ်းက ဂစ်တာတီးပြီး သီချင်းတွေ ရေးခဲ့တယ်။ ပန်းချီဆရာလည်း ဖြစ်နေတော့ သူ့သီချင်းတွေမှာ အရောင်တွေ ပါတယ်။
ကိုခင်ဝမ်း ဆုံးသွားတော့ ကျွန်တော် ၀မ်းနည်းတာရော နှမြောတာပါ ခံစားရတယ်။ နောက်ထပ်လည်း ကိုခင်ဝမ်းလို လူမျိုး မရနိုင်တော့ပါဘူး။ ကျွန်တော်တို့ အတွက်ကတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပါ။ စိုင်းထီးဆိုင် ဆုံးရှုံးသွားတာလည်း အဲဒီလိုပါပဲ။ ကိုခင်ဝမ်းလည်း အတူတူပါပဲ။ သူတို့ကို အစားထိုးလို့ မရနိုင်တော့ပါဘူး။
ကိုနေ၀င်း
၂၅၊ ၁၂၊ ၀၉
( မြန်မာသစ် မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ ၂၀၁၀)
.................................
မပြန်လာတော့မဲ့လမ်းကို ကျွန်တော်သွားတော့မယ် လို့ အကြာကြီးကြိုနှုတ်ဆက်ခဲ့သူ ခင်ဝမ်းရဲ့ (၁၃) နှစ်မြောက် အမှတ်တရမှာ မြည်သံစွဲစကားသံ တချို့အနေနဲ့ ကိုနေ၀င်း ရဲ့ ကိုခင်ဝမ်း လွမ်းချင်းကို ပြန်လည် ဝေမျှလိုက်ပါတယ်။
၀၃ ဖေဖော်ဝါရီ ၂၀၁၃
(ကိုDoney MP ကလည်း ပုံတင်လို့ ဒီဆောင်းပါးလေးကို မျှဝေပါတယ်။ ဖိုင်လ်တစ်ခုအနေနဲ့ ဆက်ပြီးတော့ သိမ်းထားပါရစေ။ ကိုယ်တိုင် ပိုမှတ်မိဖို့ ပြန်ရိုက်ထားတဲ့ စာလေးပါ။)
ခင်ဝမ်း (၁၀) နှစ် ပြည့်တုန်းက ကိုနေ၀င်းရဲ့ လွမ်းဆွတ်သံတွေပါ။
ခင်ဝမ်း သက်တော် ရာကျော် ရှည်ပါစေ
(အမ်အယ်လ်)
ဖေ ၀၂ အေဒီ ၂၀၁၃| ၀၄း၃၃ ဂျီအမ်တီ
No comments:
Post a Comment