Sunday, February 3, 2013


ကျွန်တော့်သူငယ်ချင်း ကိုခင်ဝမ်း



          ကိုခင်ဝမ်းနဲ့ စပြီး ခင်တာကတော့ ကျွန်တော် ကိုးတန်းကျောင်းသား ဘ၀မှာပါ။ ကိုခင်ဝမ်းက ပြည်ကနေ ရန်ကုန်ကို ကျောင်းလာတတ်တယ်။ အလုံမှာရှိတဲ့ Unidted Christian High School (U.C.H.S) ကျောင်းမှာ ကျောင်းအိပ်၊ ကျောင်းသား (ဟောစတယ်) လာနေပါတယ်။ အဲ့ဒီကျောင်းကတော့ အခု အလုံ အမှတ်(၄) ကျောင်းပါ။ ကျွန်တော်ကလည်း အဲဒီကျောင်းကို ကိုးတန်းနှစ်မှာ စရောက်တယ်။

ကိုခင်ဝမ်းနဲ့ အတန်းသားချင်းခင်တဲ့ သဘောပါ။ ဒီလောက်ကြီး မတွဲမိကြသေးဘူး။ ကျောင်းစာကတော့ အဓိကပေါ့။ ကျွန်တော်က အဲဒီတုန်းက အင်းစိန်မှာနေတယ်။ အင်းစိန်ကနေ ကျောင်းတတ်ရတော့ ကျောင်းချိန်မှာ ကိုခင်ဝမ်းနဲ့ သိသွားတယ်။ ကျွန်တော်က အဲဒီအချိန်မှာ ဂစ်တာစတီးနေပြီ။ အခု မင်းသားဖြစ်နေတဲ့ ကျော်ဟိန်း(ကျော်ဌေး) နဲ့ စတွဲမိတယ်။ ကျောင်းမှာ တစ်ပတ်တစ်ခါလုပ်တဲ့ Assembly ရှိတယ်။ ကိုယ့်အတန်း အလှည့်ကျတဲ့အချိန်မှာ ကျော်ဟိန်းက သီချင်းဆိုတယ်။ ကျွန်တော်က ဂစ်တာတီးပေးတယ်။

ကျွန်တော်က အဲဒီကျောင်းမှာ (၆) လပဲ နေခဲ့တယ်။ ပထမပိုင်း (၆)လပေါ့။ အဲဒီအချိန်မှာ ကိုခင်ဝမ်းနဲ့ သူငယ်ချင်းဖြစ်တယ်ဆိုတာလောက်ပဲ ရှိတယ်။ နောက်တော့ သူနဲ့ ကျွန်တော်မတွေ့ဖြစ်တော့ပါဘူး။ ကိုခင်ဝမ်းက ပြည်ကပါ။ တက္ကသိုလ်တတ်တော့ ရန်ကုန်တက္ကသိုလ် မိန်းထဲကို ရောက်လာတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဂစ်တာလှည့်တီးနေပြီး ကျောင်းထဲက သူငယ်တွေနဲ့လည်း တွဲမိနေပြီ။ ရန်ကုန်တက္ကသိုလ် မိန်းထဲမှာ ခင်ဝမ်းနဲ့ ပြန်တွေ့တယ်။ အဲဒါနဲ့ ကျွန်တော်က ကိုယ့်သူငယ်ချင်း ခင်ဝမ်း ဆိုပြီး နှုတ်ဆက်လိုက်တယ်။

နောက်တော့ ကျွန်တော်အပြင်မှာ ဂစ်တာတီးပြီး သီချင်းတွေ သွင်းနေတဲ့အချိန်မှာ ကိုခင်ဝမ်း အခွေတစ်ခွေထုတ်တယ်။ ဟာ … ခင်ဝမ်း တဲ့။ ကျွန်တော်သူငယ်ချင်းပဲ ဖြစ်မှာပဲလို့ ကျွန်တော်ထင်မိတယ်။ အဲဒီအချိန်တုန်းက ကိုခင်ဝမ်းဟာ ပန်းချီဆွဲတယ်။ ပန်းချီဆရာ တစ်ယောက်အနေနဲ့ နာမည်ပိုထွက်တယ်။ ပန်းချီဆရာ ခင်ဝမ်းပေါ့။ နောက် ကျွန်တော်တို့ ပြန်တွေ့ကြတယ်။ သူကလည်း မှတ်မိတယ်။ ကျွန်တော်ကလည်း မှတ်မိတယ်။ တရင်းတနှီးပါပဲ။ ဖက်လှတကင်း တရင်းတနှီးတော့ မဟုတ်ဘူး။ ခပ်တည်တည် တရင်းတနှီးပါပဲ။ ခွေထွက်ပြီးမှ ထပ်တွေ့ကြတယ်။ အဲဒီနောက် ကိုခင်ဝမ်းရဲ့ ပြည်မှာဆောင်း ထွက်လာတယ်။ သူက ပြည်သားပဲ။  အဲဒီအချိန်မှာ ကိုခင်ဝမ်းဟာ ဂီတလည်း လုပ်နိုင်သားပဲလို့ ကျွန်တော်တွေးမိတယ်။

ကျွန်တော် ဂစ်တာတီးတာကို ကိုခင်ဝမ်း သိတယ်။ ကျွန်တော်က အဲဒီအချိန်မှာ E-Machine တီးဝိုင်းမှာ တီးတယ်။ ကျွန်တော်က အဲဒီအချိန်မှာ ကိုနေ၀င်း၊ ကိုမောင်မောင်၊ ခင်မောင်တိုး တို့နဲ့လည်း တွဲမိနေပြီ။ ကျွန်တော်တို့ တီးဝိုင်းရဲ့နာမည်က လစ္စ၀ီပါ။ အဲဒီအချိန်မှာပဲ ကိုခင်ဝမ်းကို ကျွန်တော်တို့ အဖွဲ့တွေနဲ့ ဒါ ကျွန်တော့်သူငယ်ချင်း ခင်ဝမ်း ဆိုပြီး မိတ်ဆက်ပေးတယ်။ အဆောင်ရှေ့မှာတွေ့ကြတာပါ။ ကိုခင်ဝမ်းက သူ့အုပ်စုနဲ့သူ၊ သူ့စတိုင်နဲ့သူပေါ့။ ကျွန်တော်တို့ အုပ်စုနဲ့ မတွဲဖြစ်သေးပါဘူး။

ကိုခင်ဝမ်းဟာ ပန်းခရမ်းပြာ အခွေကစပြီး မဇ္ဈိမလှိုင်း အဖွဲ့နဲ့ လက်တွဲဖြစ်သွားပါတယ်။ သူ အရင်က အခွေသွင်းကြတဲ့ သူငယ်ချင်းတွေ နယ်မှာ တယောက်တကွဲနဲ့ ပါမလာကြတော့ပါဘူး။ တနေ့မှာတော့ ရဲကြီး မင်းသီချင်းတွေ ငါဆိုချင်တယ် လို့ သူကပြောတယ်။ ကျွန်တော်က အဲဒီအချိန်မှာ ခရမ်းပြာအဆောင်မှာ နေတယ်။ သူက ခရမ်းပြာကို လာခဲ့မယ်လို့ ပြောတယ်။ လာခဲ့ပေါ့။ မင်း သီချင်းတွေ ငါဆိုချင်တယ်။ ဆိုပေါ့။ မင်းက ငါ့သူငယ်ချင်းပဲ။ ကျွန်တော်နဲ့သူနဲ့ ငွေကြေး ကိစ္စတွေ ဘာတွေ မပြောဘူး။ အဲဒီအချိန်မှာ သူ့ကို ညိုညိုတေးသံသွင်းက ထုတ်ပေးနေပြီ။

ကိုခင်ဝမ်းလည်း တခြားသွားမနေတော့ဘူး။ ကျွန်တော်တို့ ပန်းခရမ်းပြာ အဆောင်ကိုပဲ လာနေတော့တယ်။ သီချင်းတွေ Practice လုပ်ကြတယ်။ ကျွန်တော်က သူ့ကို သီချင်းတွေ ဆိုပြတယ်။ တစ်တွဲတွဲဖြစ်သွားတယ်။ အဲဒီတုန်းက ခရမ်းပြာမှာ ကိုနေ၀င်းရှိတယ်။ ကိုမောင်မောင်ရှိတယ်။ ခင်မောင်တိုးလည်း ရှိတယ်။

အဲဒီတုန်းက ခရမ်းပြာမှာ ကျွန်တော်က အဓိက ငှားနေတဲ့သူပေါ့။ ကျွန်တော့ဆီကို လာစုကြ၊ ဆုံကြတဲ့ သဘောပါပဲ။ အဆောင်က အခန်းကြီး တစ်ခန်း ငှားပေးထားတယ်။ ကိုနေ၀င်းတို့ ကိုမောင်မောင်တို့က အဲ့ဒီအချိန်မှာ နာမည်ရနေကြပြီ။ ခရမ်းပြာ ဆိုတာ တကယ်တော့ အဆောင်ရဲ့နာမည် မဟုတ်ဘူး။ အဆောင်နာမည်က တစ်ခု။ နယ်ကနေ ကျောင်းလာတတ်တဲ့ လူငယ်တစ်ယောက်က လက်ဖက်ရည်ဆိုင်လေး လာဖွင့်တယ်။ အဲဒီမှာ ခရမ်းပြာ ဆိုပြီး နာမည်ပေးလိုက်တယ်။ လူငယ်တွေ ပါးစပ်ဖျားမှာလည်း ခရမ်းပြာကိုသွားမယ်ဆိုပြီး နာမည်တွင်သွားတယ်။ အဲဒီကစပြီး အဆောင်က ခရမ်းပြာ ဆိုတဲ့ နာမည်ဖြစ်လာတယ်။ လက်ဖက်ရည်ဆိုင်ဖွင့်တဲ့သူက လက်ဖက်ရည်ဆိုင်ကို ခဏလေးပဲ ဖွင့်လိုက်ရတယ်။ ၀ိုင်းလုပ်ဝိုင်းစားရင်းနဲ့ ဆိုင်က ပြုတ်သွားတယ်။ ဒါပေမဲ့ ခရမ်းပြာ ဆိုတဲ့ နာမည်ကတော့ ကျန်ရစ်တယ်။

အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟာ သီချင်းတွေ ရေးနေကြပြီ။ ကိုယ်ဘာသာကိုယ်ရေးတာလည်း ရှိတယ်။ တွဲပြီး ရေးတာလည်း ရှိတယ်။ ပန်းခရမ်းပြာသီချင်းကတော့ ခရမ်းပြာ အဆောင်နဲ့ ပက်သက်တဲ့ ခံစားမှုလေးပါ။ နာမည်ကလည်း ပန်းခရမ်းပြာ။ သူ့ရဲ့သဘာဝ အတိုင်းလေးပါပဲ။ အဆောင်မှာ နေ၀င်တဲ့ အချိန်လေးကို ကြည့်ရင်းနဲ့ ရေးဖြစ်သွားတာပါ။ ပန်းခရမ်းပြာ သီချင်းမှာ ‘ဗေဒါ’ ဆိုတာ ပါတယ်။ ကျွန်တော်က ဆရာဇော်ဂျီရဲ့ ဗေဒါကိုလည်း ခံစားခဲ့တော့ ခရမ်းပြာဆိုတဲ့ ဗေဒါ ကိုပဲ ခံစားရေးဖွဲ့လိုက်တာပါ။ ဒီမြင်ကွင်းလေးကတော့ ကိုယ့်စိတ်ကူးနဲ့ ဖန်တီးလိုက်တာလည်း ပါတာပေါ့လေ။

ကိုအောင်ဝင်းတို့အဖွဲ့တွေလည်း အဆောင်ကို လာနေကြတယ်။ ကျွန်တော်တို့နဲ့ ရင်းနှီးသွားတယ်။ ကိုအောင်ဝင်းက ကျောက်ပန်းတောင်းသားပါ။ သူတို့တွေထဲက လူငယ်လေးတစ်ယောက်ကို ဂစ်တာသင်ပေးဖို့ ပြောတယ်။ ခရမ်းပြာ အဆောင်မှာ ကျောက်ပန်းတောင်းသားတွေများတယ်။ ကျွန်တော့်အခန်းကတော့ စုရပ်လို ဖြစ်နေတယ်။ ကျွန်တော့်အခန်းက သီချင်းသံကြားရင် သူတို့ တတ်လာကြတယ်။ အိပ်ချိန်ရောက်မှ ကိုယ့်အခန်းကို ပြန်အိပ်ကြတယ်။

ကိုခင်ဝမ်းရဲ့ အသံကတော့ ကျွန်တော်တို့ကြိုက်တဲ့ အသံပါ။ သူ့အသံက Sweet ဖြစ်တယ်။ ကိုခင်ဝမ်းက စိုင်းထီးဆိုင် နာမည်ကြီးတဲ့ အချိန်မှာ ပေါ်လာတာပါ။ စိုင်းထီးဆိုင်ရဲ့ Flow မျိုးနဲ့ သွားဆိုရင် သူ အောင်မြင်မှာ မဟုတ်ဘူး။ စိုင်းထီးဆိုင် အောင်မြင်နေတဲ့အချိန်မှာ သူ ဖြစ်လာတာဟာ ဘာပဲဖြစ်ဖြစ် သူ့မှာ ကိုယ်ပိုင်ဟန် ရှိလို့ပါ။

သူ့သီချင်းတွေကို ကျွန်တော်တို့က ကဗျာ လို့ပဲ မြင်တယ်။ အင်မတန်လှတဲ့ ကဗျာလေးတွေပါ။  ပြည်မှာဆောင်း ၊ ဧရာဝတီ တို့ကို ကြိုက်တယ်။  ကျွန်တော်တို့ Type နဲ့လည်း ကိုက်တယ်။ ကျွန်တော်တို့ သီချင်းတွေကလည်း သဘာဝကို ဖွဲ့တာ များတယ်။ ဒါကြောင့်လည်း ကိုခင်ဝမ်းနဲ့ ပိုပြီးတွဲဖြစ်သွားတာပါ။

ကိုခင်ဝမ်း သီချင်းတွေကို ကျွန်တော်တို့ ဆိုရင် မကောင်းဘူး။ ဆိုလို့လည်း မရဘူး။ သူ့ Flow နဲ့ သူသွားတယ်။ ဒါပေမဲ့ နားထောင်လို့တော့ ကောင်းတယ်။ တခါတလေကျတော့ ရိုးရိုးရှင်းရှင်းကြီး လုပ်သွားတာတွေလည်း ရှိတယ်။

ကိုခင်ဝမ်းဟာ ပန်းချီဆရာ တစ်ယောက်ပါ။ သူ့ပြပွဲတွေကို ရှေ့ပိုင်းတုန်းက ခဏ သွားကြည့်ဖူးတယ်။ မိန်းထဲမှာ သူ လုပ်တယ်။ ခင်ဝမ်းဆိုတာ  ငယ်သူငယ်ချင်း ဆိုပြီး အဲ့ဒီသဘောလေးနဲ့ သွားကြည့်ဖြစ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့က ကျောင်းနားမှာပဲ နေတယ်။ ကျောင်းဝန်းကျင်မှာပဲ ကျင်လည်ကြတယ်။ ကျောင်းသားတွေတော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမဲ့ ကျောင်းသားလိုပဲ နေနေကြတယ်။

၁၉၉၇ တုန်းက ၄၅ လမ်း Ivy ဂယ်လာရီမှာ လုပ်တဲ့ METALLURGY ပန်းချီပြပွဲကို ရောက်ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က တွဲနေကြပြီ။ ၁၉၉၃ လောက်တုန်းက ကိုခင်ဝမ်း Y.M.C.A မှာ လာနေသေးတယ်။ အခု ကျွန်တော်နေတဲ့ အခန်းရဲ့ ဟိုဘက်အခန်းပေါ့။ ခင်မောင်တိုးလည်း အဲဒီတုန်းက Y.M.C.A မှာပဲ နေတယ်။

ကျွန်တော်က ကိုခင်ဝမ်းအိမ် လိုက်နေဖူးတယ်။ ပြည်မှာလည်း သွားနေဖူးတယ်။ သူက ကျွန်တော်နေတဲ့ ခရမ်းပြာဆောင် လိုက်နေတယ်။ ကျွန်တော့်မှာ တတ်တတ်တဲ့ ရောဂါရှိတော့ ကိုခင်ဝမ်းက ကျွန်တော့်ကို ၂၄ ပစ္စည်း ပဌာန်း ရအောင်ကျက်ကွာ တဲ့။ ကျွန်တော်လည်း ကျက်မယ်ပေါ့။

ကျွန်တော် ပြည်လိုက်သွားတော့ သူက သူ့အိမ်မှာ မနေဘူး။ ဘုန်းကြီးကျောင်းမှာနေတယ်။ အဲဒါနဲ့ ကျွန်တော် ဘုန်းကြီးကျောင်းကို လိုက်သွားတယ်။ လမ်းဘေးရေဘုံဘိုင်တစ်ခု ကျွန်တော်ရေခံပြီး သောက်နေတုန်း သူ ကျွန်တော့်ကိုတွေ့သွားတယ်။

ဟာ မင်းဘာလုပ်နေတာတုန်း။ အေး … ငါ မင်းဆီလာတာ။ အေး လိုက်ခဲ့ ဆိုပြီး ကျွန်တော့်ကို ဘုန်းကြီးကျောင်း ခေါ်သွားတယ်။ ဘုန်းကြီးကျောင်းမှာ တစ်လလောက်ကြာတယ်။ ကျွန်တော်တို့ နှစ်ယောက် စားစရာရှိတာစား၊ စကားတွေပြောကြတယ်။ တစ်လလောက်ကြာတော့ ငါပြန်မယ်ကွာ ဆိုပြီး ပြောတယ်။ ကျွန်တော်က ပုံဆွဲဝါသနာပါတော့ ပုံလေးတွေ ဆွဲဖြစ်တယ်။ မင်းကမှ အလုပ်ဖြစ်သေးတယ်။ ငါ ပန်းချီဆရာလုပ်နေပြီး ဘာမှ မလုပ်ဖြစ်ဘူးလို့ ပြောတယ်။ ဒါနဲ့ ကျောက်ပန်းတောင်းကို ကျွန်တော်တို့ သွားကြတယ်။ ကိုအောင်ဝင်းတို့ကလည်း ကျောက်ပန်းတောင်းမှာ ရှိနေတယ်။ သွားတာကတော့ အပျော်ခရီးပါပဲ။ ဟိုမှာကလည်း ထန်းပင်တွေက ပေါတယ်။ ကျောင်းပန်းတောင်းမှာ (၁၀)ရက်လောက် ကြမယ်ထင်တယ်။

ပြည်မှာလည်း ကျွန်တော်တို့ စတိတ်ရှိုး သွားလုပ်ကြတယ်။ မဇ္ဈိမလှိုင်း အနေနဲ့ပေါ့။ ကိုခင်ဝမ်းလည်း ဆိုတယ်။ ကိုခင်ဝမ်းဟာ မဇ္ဈိမလှိုင်း အဖွဲ့အနေနဲ့ နောက်ဆုံးအချိန်ထိ လက်တွဲခဲ့ကြတယ်။ ကိုခင်ဝမ်းဟာ နောက်ပိုင်း ၄၅ လမ်းကို ပြောင်းတယ်။ သူ့မိသားစုနဲ့ပေါ့။ ညနေ ညနေဆို မြို့ထဲ လမ်းလျှောက်ထွက်ရင်း တွေ့ကြတယ်။ သူလည်း ပျင်းရင် Y.M.C.A ရောက်လာတတ်တယ်။ ကျွန်တော်လည်း သူ့အခန်းကို သွားတယ်။  နောက်ပိုင်း သူ့အခန်းထဲမှာ ပန်းချီဆွဲနေတာ တွေ့ရတယ်။ စပရေးဘူးတွေနဲ့ ဆွဲတယ်။ ကျမ်းမာရေးလည်း နည်းနည်းချွတ်ယွင်းလာတယ်။ တနေ့တစ်ကြိမ်လောက်တော့ တွေ့ကြတယ်။ ဒီကြားထဲ နှစ်ရက်လောက် မသွားဖြစ်တော့ သူနေမကောင်းဘူး ဆိုတဲ့ သတင်းကြားရတယ်။ အဲဒါနဲ့ သွားမေးတယ်။ ပြန်လာတယ်။ နောက်နေ့မှာ သူဆုံးသွားတယ်လို့ သတင်းရတယ်။

ကိုယ့်သူငယ်ချင်းတစ်ယောက် ဆုံးသွားတာကိုလည်း ခံစားရတယ်။ ကိုအောင်ဝင်းရဲ့ သူငယ်ချင်း ကိုတင်ဝင်းကလည်း ကိုခင်ဝမ်းအကြောင်းနဲ့ ခရမ်းပြာအကြောင်းတွေ ရေးထားတယ်။ အခုဆို ကိုခင်ဝမ်းဆုံးတာ (၁၀) နှစ် ရှိသွားပြီ။ ကျွန်တော်တို့ အားလုံး ကိုခင်ဝမ်းကို အမှတ်တရ ရှိနေကြပါတယ်။
 
ကိုရဲလွင် (မဇ္ဈိမလှိုင်း)
( မြန်မာသစ် မဂ္ဂဇင်း ၊ ဖေဖ၀ါရီလ ၂၀၁၀)

.............................................................

 ပြန်မလာမဲ့လမ်းခရီးကို သွားခဲ့ပြီးသူ ခင်ဝမ်း ရဲ့ (၁၃)နှစ်မြောက် အမှတ်တရ
တမ်းတ မြည်သံတစ်ခုအနေနဲ့ ကိုရဲလွင် လွမ်းဆွတ်သံ ဆောင်းပါးတစ်ပုဒ်ပါ။

သူတို့ ဖြတ်သန်းကျော်ဖြတ်ခဲ့သည်များကို သူတို့ပြောသော အကြောင်းအရာများဖြင့် ဆက်လက်လွမ်းဆွတ်ရင်းးးး

ခင်ဝမ်း အလွမ်းပြေ အတွက် ခင်ဝမ်းရဲ့ (၁၀) နှစ်ပြည့်တုန်းက (၂၀၁၀) ဆောင်းပါးပါ။

ခင်ဝမ်းသရဲ (ခင်ဝမ်းသူရဲ) တွေအတွက် အမှတ်တရ ။
၀၃ ဖေဖော်ဝါရီ ၂၀၀၀ - ၀၂ ဖေဖော်ဝါရီ ၂၀၁၃

•ခင်ဝမ်း ပိုလို့ လွမ်းဆွတ်နိုင်ရပါစေ။

•ခင်ဝမ်း သက်တော် ရာကျော် ရှည်စေသတည်းပေါ့။

•ခင်ဝမ်းသည် အနုပညာကို ချစ်မြတ်နိုးသူတို့ရင်ထဲ ဆက်လက်တည်ရှိနေမည်သာ အတိ။

ပိုလို့ လွမ်းဆွတ်မှုများဖြင့်
(အမ်အယ်လ်)
 ဖေ ၀၂ အေဒီ ၂၀၁၃ | ၀၄း၅၂ ဂျီအမ်တီ

No comments:

Post a Comment