အခြေခံပညာရေးကို ပိုင်ပိုင်နိုင်နိုင်ပြုပြင်
ခိုင်ခိုင်ခံ့ခံ့တည်ဆောက်

မြန်မာနိုင်ငံ၏ ပညာရေးအကြောင်း ကမ္ဘာနှင့် တစ်ဝန်း လူသိရှင်ကြား ပြောဆိုဆွေးနွေးမှု အများအပြား ပေါ်ထွက်လာခဲ့သည်။ အကြောင်းမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် နိုင်ငံတကာ စင်မြင့်တွင် အလေးထား ပြောဆိုခဲ့သောကြောင့်ပင် ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံများသို့ ရောက်စဉ်ကလည်းကောင်း၊ အမေရိကန် ပြည်ထောင်စု ခရီးစဉ်တွင်လည်းကောင်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည် မြင့်မားရေးအတွက် အကူအညီ တောင်းခံမှုများ၊ ဆွေးနွေးမှုများ ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဥရောပ ငါးနိုင်ငံခရီး၊ အမေရိကန် ပြည်ထောင်စုခရီးတွင်လည်း ပညာရေး အကူအညီများရရှိရန် ဆွေးနွေး ပြောဆိုမှုများ ရှိခဲ့ပါသည်။
စင်စစ် မြန်မာ့ ပညာရေးသည် အခြေခံမှ စ၍ စနစ်တကျ ထိထိမိမိ ပြင်ဆင်ရန် လိုအပ်နေခြင်းပင်ဖြစ်သည်။ အဓိကပြုပြင် ပြောင်းလဲရ မည်မှာ သင်ရိုး ညွှန်းတမ်းများ၊ သင်ကြားနည်း စနစ်များနှင့် လိုအပ် သော အခြေခံ အဆောက်အဦများ (Infrastructure) ပြည့်စုံရေး၊ ဆရာ ကျောင်းသားအချိုး ညီမျှရေး စသည်တို့ပင် ဖြစ်သည်။ သာမန်အား ဖြင့် ဤသို့ သုံးသပ် နိုင်သော်လည်း အရင်းစစ် အမြစ်မြေက ဆိုသကဲ့ သို့ အခြေခံကျကျ လေ့လာ ဆန်းစစ်ကြည့်လျှင် ဆရာ ၊ ဆရာမများ ၏ ကိုယ်ရည်ကိုယ်သွေး (Personality) မြင့်မားမှုနှင့် ၄င်းတို့၏ စိတ်ထား Mind Set များ ပြုပြင် ပြောင်းလဲရေးပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည်မှာ မူလတန်း အဆင့် တွင် ငါးနှစ်၊ အလယ်တန်း အဆင့်တွင် လေးနှစ်၊ အထက်တန်း အဆင့် တွင် ၂ နှစ်၊ စုစုပေါင်း ၁၁ နှစ်ဖြစ်ပါသည်။ မူလတန်းအဆင့် ပညာသင်နှစ် ငါးနှစ်သည် အဓိက အရေးကြီးဆုံးဖြစ်ပါသည်။ ငယ်စဉ်ကပင် မိမိအတန်းနှင့် လိုက်ဖက်သည့် အသိဉာဏ် ပညာရရှိ နိုင်ရေးသည် ဆရာ၊ ဆရာမများ၏ အဓိက တာဝန်ပင်ဖြစ်သည်။ ယင်းငါးနှစ်တာ ကာလ အတွင်း ကျေညက်သင့်သည့် သင်ခန်းစာများ ကို မပိုင်နိုင် ခဲ့လျှင် ကလေးသည် အတန်း အသီးသီးတွင် စာမလိုက် နိုင်သည့် အဖြစ်နှင့် အကြီးအကျယ် ရင်ဆိုင် ရနိုင်၏။ စာမလိုက်နိုင် ၍ ကလေးများစွာ ကျောင်းပြင်ပသို့ (အတန်း အသီးသီးမှ) ရောက် ရှိသွားသည်မှာ နှိုင်းဆမရသော ပညာရေး အဟောသိကံ ဖြစ်မှုပင်ဖြစ်သည်။
မူလတန်း အဆင့် ပညာရေးသည် မိဘ အများစု ဂရုစိုက်သော အတန်းဖြစ်သည်။ ငွေကြေးကြွယ်ဝ ချမ်းသာသူများ အတွက် သဲသဲလှုပ်နေသော အတန်းလည်းဖြစ်သည်။ ထို့ကြောင့် မိဘများ တတ်နိုင်လျှင် တတ်နိုင်သလောက် ကလေး အတွက် အပံ့အပိုး ပြုကြပါသည်။ ဤသို့ဖြင့် တတ်နိုင်သူနှင့် မတတ်နိုင်သူ မိဘများအတွက် ဆရာ၊ ဆရာမတို့၏ အလေးပေးမှု ကွာခြားလာသည်ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရ၏။
ဆရာ၊ ဆရာမ အချို့သည် မိမိတို့ အနေဖြင့် ဘာသာရပ်ကောင်း ကိုင်ရခြင်း၊ အတန်းပိုင် ကိုင်ခွင့်ရသည့်အခါ ဉာဏ်ကစားသည်များလည်းရှိ၏။ မိမိအတန်းမှ ကလေးများအား မိသားစု အကြောင်းရေးခိုင်း၏။ မိဘနှင့် ပတ်သက်၍ အသေအချာ ကြည့်၏။ ရာထူးရာခံရှိသော ပုဂ္ဂိုလ် စာရင်း၊ သင်္ဘောသား၊ အင်ဂျင်နီယာ၊ ဆရာဝန်၊ တရားရေး စသည်တို့၏ အမည်နာမကိုကြည့်၏။ ၄င်းတို့၏ သားသမီး များကို ရှေ့နားတွင် ထား၏။ မိဘများကို ကျောင်းသို့ လာစေ၏။ ကလေး၏ ပညာရေး ဆွေးနွေး၏။ အဆုံးသတ် လိုက်သော် ဆရာမ၏ ဝိုင်းကျူရှင် တွင်လူပြည့်သွား၏။ ယင်းကလေးများသည် အခွင့်ထူးခံ ကလေးများ ဖြစ်ကြ၏။ မေးခွန်းကိုသာ သင်၍ မေးခွန်းကိုသာ ဖြေရ၏။ ဆရာမအား အပြိုင်အဆိုင် ပေးနိုင်သူက ပထမ ရ၏။ ဤသို့ ဖြစ်နေသည်မှာ နှစ်ပေါင်းများလှစွာ ရှိ၏။
ယခုအခါတွင် Reform Strategy ခေါ်ပြုပြင် ပြောင်းလဲရေး ဗျူဟာများ ချမှတ်အကောင်အထည်ဖော်နေချိန် ဖြစ်သည်။ သင်ကြားမှုတွင်လည်း ဆရာဗဟိုပြု သင်ကြားနည်းစနစ်မှ ခေတ်နှင့် ညီသည့် ကလေး ဗဟိုပြု သင်ကြားနည်း (Child Centre Approach) ကိုပြောင်းလဲ သင်ကြားရန် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်၍ စတင် အကောင်အထည်ဖော်နေပြီဖြစ်၏။ လက်ရှိ အနေအထားတွင် စာမေးပွဲများစွာ ဖြေနေရဆဲ ဖြစ်၏။ ဆရာ၊ ဆရာမ သင်သည့်အတိုင်း အာဂုံဆောင် နေရဆဲဖြစ်၏။ မောင်ရွှေဂဲ၊ မရွှေဂဲလေးများ ဘဝပင်ရှိသေး၏။ ဆရာမ ကျူရှင်တက်၍ ဆရာမအား များများ ပံ့ပိုးနိုင်သူသာ အတော်ဆုံး ဖြစ်နေသေး၏။ မျက်နှာရဆဲဖြစ်၏။ ကမ္ဘာဦးက သင်ကြားမှု နည်းစနစ်များကို တွယ်တာနေဆဲဖြစ်၏။
မကြာသေးမီကပင် ဆင်ဟွာ သတင်း တစ်ပုဒ်တွင် ‘တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မြူနီစီပယ် ပညာရေး ကော်မရှင်က မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမများ ပညာရေး ကောလိပ်အောင် လက်မှတ်တစ်ကြိမ် ရပြီးနောက် ကျောင်းဆရာ တစ်သက်လုံး လုပ်ကိုင်နေခြင်းကို အဆုံးသတ် လိုက်ကြောင်း၊ ကျောင်းဆရာ၊ ဆရာမတိုင်း ငါးနှစ်တစ်ကြိမ် ဘာသာရပ် ငါးခုပါ၊ အရည်အချင်းစစ် စာမေးပွဲဝင်ရောက်ဖြေဆို အောင်မြင်မှသာ အလုပ် ဆက်လက် ခန့်ထားနိုင်မည် ဖြစ်ကြောင်း၊ စစ်ဆေးမည့် ဘာသာရပ် ငါးမျိုးမှာ ဆရာအလုပ်၊ ကျင့်ဝတ်နီတိ၊ သင်ကြားမှု စွမ်းရည်၊ သင်ကြားမှု ပမာဏနှင့် ကလေးစိတ်ပညာတို့ဖြစ်သည်။ ထိုဘာသာရပ် ငါးမျိုးကို အောင်မြင်ခြင်း မရှိပါက အလုပ်မှ ထွက်ရမည် ဖြစ်သည်။
ထိုအစီအစဉ်ကို တစ်နိုင်ငံလုံးရှိ ကျောင်းဆရာ၊ ဆရာမ အားလုံးအတွက် မကြာမီ အကောင်အထည် ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။ ဆရာဖြစ် လက်မှတ်တစ်ခုသည် ငါးနှစ်သာ သက်တမ်း ရှိမည့် သဘောပင်။ သတ်မှတ် စာမေးပွဲ အောင်မြင်မှ ဆက်လက် အမှုထမ်းခွင့်ရမည်။ ထို့ကြောင့် ဆက်လက် အမှုထမ်းနိုင်ဖို့ ဆရာ၊ ဆရာမ များ သည် စွမ်းရည် အမြဲ ထက်မြက်နေအောင် လေ့ကျင့်မှု၊ လေ့လာမှု အမြဲ ရှိနေရမည်ဖြစ်သည်။ ထာဝရ ကျောင်းသားကြီး (Permanent Student) ဖြစ်အောင် လုပ်လိုက်ခြင်းပင် ဖြစ်သည်။ အမြဲတမ်း သစ်လွင်တောက်ပနေသည့် အတွေးအမြင် ရှိသူများ၊ တက်ကြွ နိုးကြားသူများ၊ သင်ကြားမှု စွမ်းရည်မြင့်သူ ထက်မြင့်သူများ၊ ကလေး၏ သဘောသဘာဝကို နားလည်၍ ဆရာကျင့်ဝတ်နှင့် ပြည့်စုံ သူများဖြင့် ကလေးများကို ပြုစုပျိုးထောင်နိုင်မည့် အစီအမံ တစ်ရပ်ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆရာဖြစ် လက်မှတ် တစ်ခုသည် အသက် ၆၀ ထိ လုပ်စားနိုင်ပါသည်။ ထို့ထက်ပို၍ ဆိုးသည်မှ ဆရာဖြစ် လက်မှတ်မရှိဘဲ ဘွဲ့တစ်ခုဖြင့်ပင် လုပ်စားနိုင်ပါသည်။ အသက်ကြီးရင့်လာသည်နှင့် သင်ကြားမှု စွမ်းရည်များ ကျလာ၏။ နည်းစနစ်များက ခေတ်မမီ Parrot Teaching Parrot Learning က မတက်နိုင်။ ကျင့်ဝတ်နီတိ ဆိုသည်မှာလည်း အသပြာ ငွေကြေး လက်ဆောင်ပစ္စည်းများဖြင့် တွေ့ထိသောအခါ အရည်ပျော် သွားတတ်၏။ ကလေးများသည် စာအော်ဖတ်ခြင်း၊ ကျက်ခြင်း အလုပ်သာ အများဆုံး လုပ်ရ၏။ ကလေး ကိုယ်တိုင် စဉ်းစား တွေးခေါ်ခြင်း Critical Thinking ၊ တီထွင်ဖန်တီးခြင်း Creative Thinking နည်းပါး၏။ ကလေး ကိုယ်တိုင် ပါဝင်ပတ်သက်မှု မရှိ။ စာမေးပွဲအောင်ရေး တစ်ခုကိုသာ အမြဲ စူးစိုက် နေရသည်ကို တွေ့ရ၏။ စင်စစ် ပညာရေးလောကကြီး တစ်ခုလုံး တောင့်တင်းခိုင်မာစေရန်အတွက် အခြေခံ ပညာရေး ကဏ္ဍသည် အဓိကကျကျ ပြုပြင်ရမည့် အပိုင်းဖြစ်ပါသည်။
ဤသို့ အခြေခံပညာရေး ကဏ္ဍအား မပြုပြင် မပြောင်းလဲနိုင်ဘဲနှင့် အလယ်တန်းဆင့်၊ အထက်တန်းဆင့်မှအစ အဆင့်မြင့်ပညာအထိ စာသင်နှစ်များတိုး၍ သင်ကြားသော်လည်း စူးရှ ထက်မြက်သော Capacity Building ကို ဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်မှု ထင်တိုင်းပေါက်မြောက်ရန် ခက်ခဲနိုင်ပါသည်။ စာမလိုက်နိုင်၍ ထွက်သွားသော ကလေးများ၊ တိုးမြင့်လာသော စာသင်နှစ်အတွက် ကုန်ကျစရိတ် မတတ်နိုင်၍ ထွက်ရသော ကလေး အရေအတွက် တိုးပွားလာမှုကြောင့် ဆုံးရှုံးရနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များကို ထည့်သွင်း စဉ်းစားရန် လိုပါလိမ့်မည်။ (၄ တန်း၊ ၅ တန်း ရောက်သည်ထိ စာကောင်း ကောင်းမရေးတတ်၊ မဖတ်တတ်သူများ ဒရွတ်ဆွဲ၍ လိုက်နေသူ အများအပြား ရှိနေပါသည်။)
အဓိကအားဖြင့် အခြေခံပညာရေးကို ပိုင်ပိုင်နိုင်နိုင် ပြုပြင်ပြောင်းလဲရာတွင်
- နိုင်ငံတကာ သင်ရိုးများနှင့် တန်းညှိခြင်း
- စစ်ဆေး အကဲဖြတ်သည့် စနစ်ပြောင်းခြင်း
- လိုအပ်သည့် အခြေခံ အဆောက်အဦများ တိုးချဲ့ခြင်း
- သင်ကြားမှု အထောက်အကူ ပစ္စည်းများ Teching Aids သုံးခြင်း
- သင်ကြားမှု သင်ယူမှုတွင် ကလေးများ ကိုယ်တိုင် ပါဝင်စေခြင်း
- ဆရာ၊ ကျောင်းသား အချိုးမျှတခြင်း စသည့် အခြေခံကျသည့် အချက်များကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကျောင်းများသို့ တစ်ပြေးညီ အကျိုးသက်ရောက်မှု ရှိစေသင့်ပါသည်။ ယင်းတို့ကို ဖော်ဆောင်ရာတွင် ရှေ့တွင် ဖော်ပြခဲ့သည့် အတိုင်း ဆရာ၊ ဆရာမများ ၏ Mild Set များ၊ Personality များ ပြုပြင်ပြောင်းလဲရေးပင် ဖြစ် သည်။ ဆင်ဟွာဌာနမှ ဖော်ပြသကဲ့သို့ ဆရာ၊ ဆရာမများ သွေးသစ်လောင်းသည့် အစီအစဉ်မျိုး စီစဉ် ကြမည်လား။ သို့တည်းမဟုတ် တန်းပိုင်စနစ် ကြီးစိုးမှု၊ ဘာသာရပ်ဆရာ ကြီးစိုးမှုကို ပြင်ကြမည်လား၊ မေးခွန်း ပေးသင်သည့် စနစ်ကိုပဲ အမြစ်ဖြုတ်မည်လား။ လာဘ်လာဘကို မျှော်ကိုး၍ မျက်နှာသာပေး၊ အဆင့်ပေးသည့် စနစ်ကို ပြင်မည် လား။ စသည် ... စသည်တို့မှာ ပညာရေးလောကအတွက် စိန်ခေါ် မှုများပင်ဖြစ်သည်။
အခြေခံပညာရေး ကဏ္ဍကိုပင် နိုင်အောင် မကိုင်နိုင်သေးလျှင်၊ ခိုင်ခံ့မှု မရှိသေးလျှင် ယင်းကဏ္ဍအပေါ်တွင် တည်မှီ ဖွံ့ဖြိုးရမည့် အထက်တန်း၊ အဆင့်မြင့်ပညာ စသည့် အဆင့်များတွင် လိုအပ်ချက်များစွာ ရှိနေဦး မည်သာ။ တစ်နည်းအားဖြင့် တောင့်တင်း ခိုင်မာမှုမရှိသော အခြေခံအဆောက်အအုံ ပေါ်တွင် မည်သို့သော အပေါ်ထပ် အဆောက်အအုံကို တည်ဆောက်နိုင်ကြမည်နည်း ဆိုသည်ကိုလည်း တွေးဆနေမိ၏။
ခင်မောင်ဌေး(ပညာရေး)
source........ http://www.thevoicemyanmar.com/
No comments:
Post a Comment