Sunday, February 3, 2013

ခင်ဝမ်း (ဆန့် ကျင်ဘက်တို့ ဆုံဆည်းရာ)
(၃၊ ၂၊ ၂၀၁၃ ခင်ဝမ်း ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် သတိတရ)



၁၉၇၀ခုနှစ်များအတွင်းဇင်္ဂမီMovement
ပန်းချီပြပွဲတွေနှစ်စဉ်ကျင်းပနေတဲ့ကာလ
တွေမှာပဉ္စမဇင်္ဂမီမှာထင်ပါရဲ့ ခင်ဝမ်းပါဝင်
ပြသပါတယ်။လိပ်ခုံးမှာလုပ်တဲ့ပွဲပါ၊ စစခြင်းတော့မမတင်စန်း၊ခင်မြင့်မြင့်နဲ့ 
ကျွန်မတို့ အမျိုးသမီးတစ်သိုက်ကသူ့ ရဲ့  ခပ်ညှဉ်းသိုးသိုး ပုံစံကို အကဲခတ်
နေကြတယ်။
မကြာခင်မှာပဲ ဒီလူဟာစိတ်
ထားဖြူစင်တယ်၊ဖြောင့်မတ်တယ်၊ဖန်တီးအားကောင်းတဲ့ပန်ချီ
ဆရာတစ်ယောက်ဖြစ်တယ်ဆိုတာတွေ သိလာတာနဲ့ ဖော်ဖော်ရွေရွေခင်မင်လာ
ကြတယ်။ခင်ဝမ်းနဲ့တစ်နှစ်တည်းရန်ကုန်
တက္ကသိုလ်တက်ခဲ့တဲ့ ခင်မြင့်မြင့်က ခင်ဝမ်းဟာ ဗမာလိုရော အင်္ဂလိပ်လိုပါ
ကဗျာရေးတာတော်ကြောင်း ပြောပြပါ
တယ်။ဒြပ်မဲ့ပန်းချီ မော်ဒန်ပန်းချီတို့ 
မှာလက်ရာမြောက်ရုံမက photo realism နည်းမှာလဲအံ့သြရအောင် ထူးချွန်သေး
တယ်။
အဲဒီပြပွဲမှာ ၅ပေ၈ပေလောက်ရှိမယ်ထင်တယ်၊
ခင်ဝမ်းတင်တဲ့မှန်တံခါးကနေမြင်နေရတဲ့အစိမ်းရောင်မျိုးစုံပါတဲ့သစ်ရွက်တွေ
ချည့်ပဲ၊သစ်ပင်တွေ ချုံတွေမျိုးစုံပေါက်
နေတဲ့ပန်းခြံတစ်ခုပုံကိုPhoto realism
စနစ်နဲ့ ရေးထားတာ ခုထိမျက်စိထဲမြင်
ယောင်နေတုန်းပဲ။မြင်နေမှာပေါ့ ပြပွဲကာလတစ်ပတ်လုံး အဲဒီကားရှေ့ အ
ကြာကြီးသွားသွားရပ်ကြည့်ခဲ့တာကိုး။
အဲဒီတုန်းက ပြပွဲတွေပြီးရင်ကျန်နေတဲ့
ကားတွေကို ပန်ချီဆရာ အချင်းချင်း
ကြိုက်သလိုသဘောတူလဲကြ ဖလှယ်ကြ
တယ်။မဟုတ်ရင်လဲတောင်းယူကြတာပဲ၊ဒါပေမဲ့ဒီလောက်ကောင်းတဲ့ကားကြီးကို
ကျမဘယ်တောင်းရဲမှာလဲ။နောက်ခင်ဝမ်း ဂျပန်ပြည်ကိုဘယ်နှစ်
ခုနှစ်ကလဲမသိဘူး၊ အလည်သွားတော့
အဲဒီကားကိုယူသွားပြီးဆွေမျိုးတွေကို
လက်ဆောင်ပေးခဲ့တယ်လို့ ပြောတာပဲ
သူ့ ရဲ့ တစ်ကိုယ်တော် မျက်နှာစိမ်းနဲ့ 
မြားဘုရင်ပွဲတွေမှာကြည့်ရတဲ့ကားတွေ
ကအဲဒီအချိန်တုန်းက မြန်မာပြည်မှာ
အတိုက်အခိုက်တွေကြားကအားယူနေရတဲ့ ခေတ်သစ်မော်ဒန် ပန်ချီလောကအ
တွက်အင်အားကောင်းတစ်ခုပါပဲလို့ 
ကျမတို့ စဉ်းစားမိကြတယ်။
နောက်အင်အားတစ်ခုက ခင်ဝမ်း၂၄နှစ်မှာရေးတဲ့စိတ္တဇပန်းချီစာ
အုပ်ဖြစ်ပါတယ်။
အဲဒီပြပွဲတစ်ခုမှာ မြားဘုရင်ထင်တယ် found objects နဲ့ ပန်းပုလုပ်ပြခဲ့တာ
လည်း မှတ်မိပါသေးတယ်။
ခင်ဝမ်းဟာအေးအေးဆေးဆေးနေရတာကိုကြိုက်ပေမဲ့ သူ စိတ်အနှောင့်အယှက်
ဖြစ်စရာကြုံလာရင် လက်မနှေးပဲတွေ့ 
ရာပစ္စည်းနဲ့ ကောက်ထုတတ်တာ
နာမည်ကိုကြီးလို့ ။
ဘယ်သူဖြင့်ခေါင်းကွဲသွားပြီ စသည်ဖြင့်
ကြားရလို့  ဘယ်လိုဖြစ်တာလဲဟဲ့
လို့ကျမတို့ ကသူ့ ကိုဝိုင်းမေးကြရင် ငါ့ကိုလာပြီးနားပူနေလို့  ဆိုတာမျိုး
တိုတိုတုတ်တုတ် အေးအေးဆေးဆေး ဖြေပါလိမ့်မယ်၊ဖြစ်တုန်းကအနားမှာ
ရှိသူတွေကလည်း သူတို့ ဘာမှ
တောင်သတိမထားမိခင်မှာပဲ ခင်ဝမ်းကထသွား တွယ်ထည့်ခဲ့ပြီး
သူ့ နေရာသူပြန်ထိုင်ရင်းပြောလက်စ စကားတောင်ဆက်ပြောနေပြီတဲ့။ဖြေးဖြေးဆဆ လမ်းသွားလေ့ရှိသူက
ဘယ်လိုကိုမြန်မှန်း မသိဘူးတဲ့။
ကျမတို့ က နင်ဆာမူရိုင်းတွေလို
ဓားလွတ်မကိုင်တာတော်သေးရဲ့ လို့ 
စကျတော့ ဘာမှပြန်မပြောပေမဲ့ ဒီလောက်တော့ ငါလုပ်ပါ့မလားဆိုတဲ့
မျက်လုံးနဲ့ တော့ကျမတို့ ကိုတစ်ချက်
ကြည့်သေးတယ်။ရှည်ရှည်ဝေးဝေးတော့ ဘာကိုမှဘယ်တော့မှ ရှင်းမပြ။
သူများနဲ့ ပက်သတ်လို့ လဲဘာမှမဝေဖန်။no complaining noexplaining နေတတ်
တယ်။တစ်နည်းအားဖြင့် ပြန်မပြောနားမ
ထောင် လို့ လည်းခေါ်လို့ ရမယ်ထင်ပါရဲ့ 
ဒါပေမဲ့ လက်မြန်တယ်ဆိုတဲ့နာမည်နဲ့ 
မလိုက်အောင်အပြောအဆိုညင်သာသိမ်
မွေ့ ပါတယ်။
ပြပွဲတွေမှာ ခင်ဝမ်းလာထိုင်နေတာတွေ့ 
ရခဲပါတယ်၊တစ်ခါတလေစိတ်လိုလက်ရ
သို့ မဟုတ် တစ်ယောက်ယောက်ကိုလာ
စောင့်ရင်းသူရောက်လာလို့ အရောင်း
ကောင်တာမှာအမြဲထိုင် ပေးရတဲ့
မမတင်တင်စန်း၊ခင်မြင့်မြင့်နဲ့ ကျမတို့ 
တစ်သိုက်နဲ့ စကားပြောဖြစ်ရင်
ခင်ဝမ်းဟာတော်တော်စာဖတ်ပြီးတော်
တော်ဥာဏ်ကောင်းပါလားလို့ သတိ
ထားမိပါတယ်။
၁၉၈၀ခုနှစ်တွေမှာတော့ ခင်ဝမ်းတစ်ယောက်ပန်းချီလောက က
နေပျောက်သွားပါတယ်။ဂီတလောကထဲရောက်သွားပြီးတဲ့၊အဲဒီ
မှာတော့ကျမတို့ ဟာပရိတ်သတ် သက်သက်ဖြစ်သွားပြီး သူ့ သီချင်းတွေ
ကိုကြိုက်ကြပေမဲ့သူ့ ပန်ချီလက်ကို တော်တော်နှမြောကြ တာကြောင့်
(မှန်တာပြောရရင် တခြားဘဝထဲ
ဝင်ရောက် ပျောက်ကွယ်သွားတာကို
မကျေနပ်တာလည်း ပါပါလိမ့်မယ်)
သူ့ သီချင်း တွေကိုတကူးတက နားမထောင်ခဲ့ကြပါဘူး။
၁၉၉၄လောက်မှာခင်ဝမ်းပန်ချီ ပြန်ရေးတော့မှ ပြန်ဆုံကြတော့တယ်။
ဒါပေမဲ့ ဂီတကိုလည်းမစွန့် ပါဘူး၊နောက်မကြာမီကျမသူ့ သီချင်းသစ်
“ယိမ်း” ကိုကြားရတော့ ခင်ဝမ်းဟာသူ့ 
ပန်းချီအင် အားတွေ ရသတွေကို ဂီတထဲ
မှာသွားနှစ်ထားတာ ပါလားလို့ စဉ်းစားမိ
တယ်။ဒီသီချင်းက ဒြပ်မဲ့ပန်းချီရေးသလို
ဖွဲ့ ထား သီဆိုထား တဲ့သီချင်းပဲ
“ယိမ်း” ကိုကြားကြားချင်းပဲ
အနှစ်နှစ်ဆယ်နီးပါးဂီတ
လောကထဲမှာ ပျောက်နေခဲ့တာကို ကျမလုံးလုံးကျေအေးလိုက်ပါတယ်၊
တခြားပန်းချီလောကသားတွေလည်းဒီလိုပဲခံစားကြမလားလို့ တွေးမိပါတယ်။
ပန်းချီပြန်ရေးတော့လည်း ဘဝဟောင်း
ကသူငယ်ချင်းတွေကိုနှိပ်စက်တော့တာ
ပါပဲ၊တစ်ခါတလေကျက်ပြီးသားအောက်
ခံprimer စသဖြင့်ပြုပြင်ပြီးသား canvas တွေနဲ့ ဆေး၊စုတ်တံ၊တာပင်တိုင် စသည်
တို့ ကိုဘယ်အချိန်မဆို တောင်းပြီး
(မတောင်းလည်းအလိုက်တသိ ချပေးကြ
ရလေရဲ့ )အိမ်တကာလည် ပန်းချီရေး
တော့တာပဲ။
အောင်မြင်တို့ ၊ဂျင်မီတို့ ၊အေးကိုတို့ ကို နှိပ်စက် တာကတော့ ထမင်းစား
ရေသောက်ရိုးနေပြီ။သူတိုကလည်းဒီလို
နှိပ်စက်တာကိုပဲကြည်နူးလို့။တခြား
ကျမ မသိလိုက်သူတွေလည်းရှိဦးမှာပါ။
ကျမကတော့လေးငါးခါလောက် canvas ဆေးစသည်တို့ ပေးရ ဖူးတယ်။
တစ်ကားကိုတော့ ဒါနင့်အတွက် ဆိုပြီးစိတ်လိုလက်ရပေးထားခဲ့တယ်။
attributes လို့ သူ့ ဟာသူခေါင်းစဉ် ပေးသွားပါတယ်။
သူငယ်ချင်းတွေကလည်းဘယ်လောက်ပဲ နှိပ်စက်ခံရ ခံရ ဘယ်လောက်ပဲ
ညည်းပြနေနေ ခင်ဝမ်းပန်းချီပြန်ရေးတာ
ကိုပဲဝမ်းသာကြလွန်းလို့ တစ်ယောက်ကို တစ်ယောက်ဒီသတင်းကိုဝမ်းပန်းတသာ
ပေးကြတယ်။ကြားရသူတွေကလည်း ဟုတ်လား ဟုတ်လား နဲ့ ပျော်လို့ ။
ခင်ဝမ်း တစ်ယောက်ကတော့ ထုံးစံ
အတိုင်းဘယ်သူဘာပြောပြောကောင်း
တာပြောပြော မကောင်းတာပြောပြော သူလုပ်ချင်တာလုပ်စရာရှိတာကို ဘေးဘီငဲ့ကြည့်မနေဘဲအာရုံဝင်စားပြီးလုပ်နေတာပဲ။
၁၉၉၄ မှာ ကျမခုနေတဲ့ တိုက်ခန်းကို
ပြောင်းပြီး မကြာခင်အိမ်အဝင်တံခါးဝ
နားက ငါးထပ်သားပေါ်မှာ ခင်ဝမ်းက ပန်းချီရေးပေးပါတယ်။ဒြပ်မဲ့နည်းနဲ့ 
ရေးထားပြီး ဂျပန်ရိုးရားတံခါးစောင့်နတ်
ပုံတဲ့။ခပ်တည်တည်နဲ့ ရှင်းပြသေးတာက “ဒီနတ်ကနင့်အိမ်ကိုလာတဲ့လူတွေကို
စစ်ပြီးမှပေးဝင်မှာ”တဲ့“ဥာဏ်ကောင်းတဲ့လူ ၊တော်တဲ့လူ၊ ဖြူစင်ရိုးသားတဲ့လူ၊ မရူးတဲ့လူတွေပဲဝင်လို့ ရမယ်”
(only intelligent,skillful ,sincere and sane people can enter)
လို့ ပြောပါတယ်။
ကျမက “ဟဲ့ sane people ဆိုရင် နင်လည်းဝင်လို့ ရမှာမဟုတ်ဘူး
ငါလည်းဝင်လို့ ရမှာမဟုတ်ဘူး”ဆိုတော့ ရယ်နေပါတယ်။
တစ်ခါတော့ရေတံခွန်ပုံ ကားတစ်ကားကို ဒြပ်မဲ့ဆန်ဆန်အဖြူအပြာအစိမ်းတွေနဲ့ 
ခပ်သွက်သွက်ရေးနေတာ ကျမထိုင်
ကြည့်နေတုန်း တစ်ခဏလေး၊စက္ကန့် 
ပိုင်းလေး အတွင်းမှာသိပ်ကိုအသက်
ဝင်ပြီး ရေတွေတဝေါဝေါစီးနေသလို မြင်လိုက်ရပြီး၊လက်က brush strokes သုံးလေးချက် ဆက်ရေးလိုက်တာ အဲဒီ
အသက်ဝင်မှုက ပျောက်ပျက်သွား
ပါတယ်။ဒါကိုခင်ဝမ်းလည်းသိတာပေါ့။
ခဏနေတော့ canvas ပေါ်ကဆေးတွေ
လျှောက်ရောပစ် ခြစ်ပစ် စုတ်တံကို
ပစ်ချပြီး “ငါသွားတော့မယ်” ဆိုပြီးထပြန်
သွားတော့တာပါပဲ၊နောက်ထပ်ပေါ်မလာတော့ဘူး။
၂၀၀၀ခုနှစ်ဇန်နဝါရီလမှာ ကျမရဲ့ 
ခရီးသွားစာအုပ် The Native
Tourist in search of turtle eggs ကို Swiftwind Books ကထုတ်ဝေပါတယ်။၁၉၉၆ ဖေဖော်ဝါရီလလောက်ကကျမတို့ 
ဘုရားဖူးအဖွဲ့ မိတ္ထီလာမြို့ မှာကားပျက်လို့
သောင်တင်နေတုန်းလဖက်ရည်ဆိုင်က
ခင်ဝမ်းသီချင်း ဖွင့်ထားတာကြားမိတော့
သူ့ အကြောင်းဒီလိုထည့်ရေးခဲ့ပါတယ်။
“I went out alone to sit at a teashop next door and drink strong tea while listening to Myanmar pop music.
They were playing a tape by a friend
of mine,Khin One a well-known artist,composer and singer a gentle
mannered-man but wild by nature.In him hight intelligence is mixed with
great foolishness.”
စာအုပ်ထွက်ပြီး နောက်တစ်လမှာပဲ ခင်ဝမ်း ဆုံးပါတယ်။
သူ့ ဖြူစင်မှုနဲ့ အနုပညာခွန်အား
မြင့်မားမှုတွေကို နားလည်တန်ဖိုး
ထားသူတွေက(သူလက်သံပြောင်တာခံခဲ့ရသူတွေအပါအဝင်) ဝမ်းနည်းကြေကွဲ
ကြပါတယ်၊နှမြောတသကြတယ်။
သူ့ ဂီတပရိတ်သတ်ကလည်းနည်းမှ
မနည်းပဲ။သူ့ အိမ်မှာချပေးထားတဲ့ မှတ်တမ်းစာအုပ်မှာကျမဒီလိုရေးခဲ့တယ်
“သိပ်တော်တဲ့ လူ၊သိပ်ဥာဏ်ကောင်းတဲ့လူ၊သိပ်မိုက်မဲတဲ့လူ”လို့ 
(သူလို့ မရေးပါ ကျမလက်ရေးညံ့လို့ 
အမှတ်မှားကြပါတယ်)
စိတ်ပညာရှင်တွေပြောတာဖတ်ဖူးပါ
တယ်။လူဆိုတာကောင်းတာ ဆိုးတာ
ဒွန်တွဲနေပြီး ဒါမှ လည်းအဲဒီလူရဲ့ ရုပ်သွင် identity ဟာပြီးပြည့်စုံတာတဲ့။
ဒီလိုပဲဆန့် ကျင်ဘက်တွေပေါင်းစည်းပြီး
မှသာ ခင်ဝမ်း ဆိုတဲ့ အစားထိုးမရတဲ့
ဖန်တီးမှု အားကောင်းသူတစ်ယောက်
ပေါ်ထွန်းခဲ့တာဆိုရင်ဖြင့် သူမိုက်မဲခဲ့သမျှ
ကိုလည်းရှိပါစေတော့လို့ ခွင့်လွှတ်ကြရ
အုံးမယ်ထင်ပါရဲ့ ၊သူဖန်တီးမှုအားကောင်းတယ်ဆိုတာသူ့ 
ပြပွဲတွေကိုမမီလိုက်သူတွေအတွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်က
FMI Centreရဲ့ ဆယ်ထပ်ကပန်းချီကား
တွေက သက်သေထူပေးနေပါတယ်။
ဒီလိုဖန်တီးမှုအားကောင်းခြင်းကလည်း သူ့ ဘဝအဆက်ဆက်မှာပါသွားလောက်
အောင်ကို ပြင်းထန်စူးရှပါတယ်။
တစ်နေ့ နေ့ တစ်ချိန်ချိန် တစ်တိုင်းပြည်
ပြည်မှာတော့ ထိပ်တန်း ပန်းချီဆရာ
တစ်ယောက်မွေးဖွားလာပြီး၊သူငယ်ချင်း
တွေကိုနှိပ်စက်ရင်းနဲ့ အနုပညာအဝဝကို ဖန်တီးနေဦးမှာမြင်ယောင်ပါသေးတယ်။

မင်္သိဂီ

No comments:

Post a Comment