Sunday, July 8, 2012

ကိုနေ၀င်း
(ရင်ကိုအေးမြရစေသား)



အသက် ၆၀ ရှိပြီဖြစ်သော ကိုနေ၀င်းသည် ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့က မွေးဖွားသော ရှမ်းပြည်နယ် နမ္မတူမြို့နယ်သားဖြစ်သည်ဟု 7DAY တွင် ရေးသားထားသည်။ မိဘများမှာ ဦးကိုကိုလေး ဒေါ်ခင်လှမြင့်တို့ ဖြစ်သည်။

၁၀ တန်းအောင်မြင်သည့်အခါ တက္ကသိုလ်မတက်ဘဲ ဂီတလုပ်ငန်းများကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သည်။

“ဂီတအလုပ်ကို ဘွဲ့ရပြီးမှ လုပ်မယ် ဆိုရင် ကျွန်တော့်အတွက် နောက်ကျသွားပြီ။ အဲဒီတော့ တစ်ခါတည်းပဲ ဒီအလုပ်ကို လုပ်တော့မယ် ဆိုပြီး လုပ်ဖြစ်ခဲ့တာ” ဟု ကိုနေ၀င်းက 7DAYကို ပြောသည်။

ကိုနေ၀င်းသည် စိုးပိုင်၊ ခိုင်ထူး၊ ခင်မောင်တိုး၊ ခင်ဝမ်း၊ မွန်းအောင်၊ ဖိုးချို၊ မေဆွိ၊ မီမီဝင်းဖေ တို့အတွက် သီချင်းများ ရေးဖွဲ့ပေးခဲ့သည်။

“မိုးမခပင်တွေ တို့သက်သေတည် စိမ်းယဉ်သော အေးမြကန်သာမြေ၊ ရိုးမတောင်ခြေ ရင်ဝယ်အလှသစ္စာတည် ငြိမ်းအေးစေ” စသည့် ၀ါကျ ပါဝင်သော “လွန်ခဲ့သောနေ့” သီချင်းသည် “လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်စဉ် မိုင်းရယ်မြို့လေး၌ နေထိုင်ရင်း ငြိမ်းချမ်းရေးကို မက်မော တောင့်တကာ မိုးရယ်မြို့အ၀င်ရှိ မိုးမခ အပင်ကြီးများအား သက်သေပြု၍” ရေးဖွဲ့ခဲ့သည်ဟု ဆိုသည်။

"ဒီတစ်ညမှာ မြင်ရခဲတဲ့ ... မောင့်လပြည့်ဝန်း...သာလွန်းတဲ့ အရင်ည
က ... မောင့်လပြည့်ဝန်း၊အမှောင်ညကိုစွန့်သွားခဲ့ ...မောင့်လပြည့်ဝန်း"
အဓိပ္ပာယ်ပြည့်ဝလွန်းလှတဲ့ တေးရေးကိုနေ၀င်းရဲ့ ဒီ'မောင့်လပြည့်ဝန်း' သီချင်းလေးက တေးချစ်သူတွေအကြား မှာ ရေပန်းစားသလို တေးရေး ဆရာက လည်း ဒီသီချင်းလေးက သူ့ရဲ့ အကောင်းဆုံးလက်ရာပါလို့ ဆိုပါတယ်။

ချစ်သူက စွန့်ပစ်သွားပေမယ့် အမြဲ သစ္စာရှိနေတဲ့ ယောက်ျားတစ်ဦးရဲ့ အလွမ်းကို ဖွဲ့ဆိုထားတဲ့ သီချင်းလေး ဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်ခံစားချက် လည်း ဖြစ်တယ်လို့ ကိုနေ၀င်းက အပြုံးနဲ့ ဆိုပါတယ်။

"ဒီသီချင်းကို ၁၉၇၄ ခုနှစ်တုန်းက စရေးခဲ့တာ။ အပြီးသတ်ကိုတော့ နောက်တစ်နှစ် မန္တလေး တက္ကသိုလ်ဝင်း မှာ သွားနေတော့မှ အပြီး သတ်နိုင်ခဲ့ တယ်။ အဲဒီအချိန်ကတည်းက စိုင်းထီး ဆိုင်တို့နဲ့အတူ မိန်းကလေးအဆောင်ရှေ့တွေမှာ သွားသွားဆိုတော့ သူတို့က လည်း ကြိုက်ကြတယ်"လို့'မောင့်လပြည့်ဝန်းနဲ့ပတ်သက်တဲ့ အမှတ်တရတချို့ ကို ပြန်ပြောင်းပြောပြပါတယ်။


'မောင့်လပြည့်ဝန်း'အပြင် 'အားလုံး ကို ကျော်ဖြတ်ရမယ်''မောင်ငိုမယ်
မိုးသည်းထဲမှာ' 'အဆင်သင့်ပဲဟေ့''ရင်ကိုအေးမြစေသား''မခြွေထိုက်တဲ့ ပန်း' စတဲ့ သီချင်းကောင်းများစွာနဲ့ နာမည်ကျော်လူသိများ ခဲ့တဲ့ တေးရေးကိုနေ၀င်းဟာ ခုဆိုရင် အသက် ၆၀ ပြည့်ခဲ့ပြီ။ ဒါပေမယ့်လည်း သူ့သီချင်း တွေကတော့ ယနေ့တိုင် ပရိသတ်တွေရင်ထဲ မှာ စွဲငြိနေဆဲ။

အောင်မြင်တဲ့တေးရေးဆရာအဖြစ် ကိုယ်ပိုင်သံစဉ်အပုဒ် ၃၀၀ ကျော်နဲ့ ကော်ပီသီချင်းအပုဒ် ၂၀၀ ကျော် ရေးသားခဲ့တဲ့သူ့ရဲ့တေးရေး ဘ၀ကို အစပြုခဲ့တဲ့ သီချင်းလေးကတော့ 'ချိုသဲ က ပြုံးနေလို့' ဆိုတဲ့သီချင်းလေးပါတဲ့။

"ကျွန်တော် အဲဒီသီချင်းကို စရေးဖြစ် တုန်းက အသက် ၁၅ နှစ် အရွယ်လောက်ပဲရှိသေးတယ်။ ပထမဆုံးရေးဖြစ်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းဆိုတော့ စာသားတွေကို Beatles ရဲ့ "Because"သီချင်းစာသားတွေကို ဘာသာပြန်ပြီးကိုယ့်စာသားတချို့နဲ့ ရောလိုက်တယ်" လို့ သူ့ရဲ့ပထမဆုံးရေးဖြစ်တဲ့ အတွေ့ အကြုံကို ပြောပါတယ်။

"ပထမဆုံးရေးတဲ့သီချင်းလည်းဖြစ်၊ အသက်ကလည်း ငယ်သေးတော့ အဲဒီ သီချင်းက အရမ်းရိုးလွန်းအားကြီးပြီး ကလေးဆန်နေ တာပေါ့" လို့လည်း လူကြီးပိုင်းအရွယ်တစ်ဦးအနေနဲ့ သူ့ သီချင်းအပေါ် သုံးသပ်ပါတယ်။


ကိုယ်ပိုင်သံစဉ်၊ ကော်ပီသီချင်းတွေ နဲ့ နာမည်ရနေပေမယ့်လည်း အခုဆိုရင် ကော်ပီတေးသီချင်းတွေကို မရေးဖြစ်တာ နှစ်အစိတ် ကျော်ပြီလို့လည်း ဆိုပါတယ်။

"ကိုယ်ပိုင်သံစဉ်အရေးများလာတော့ ကော်ပီရေးချင်စိတ် နည်းသွားတာလည်းပါတယ်။ ပြီးတော့ နာမည်ဘယ်လောက်ပဲရရ စိတ်ထဲမှာ မလုံဘူး။ အဲဒါကြောင့် ပိုင်ရှင်ဆီကခွင့်ပြုချက်ရပြီး ရေးဖို့အခွင့် အရေးရှိမှပဲ ရေးတော့မယ်လို့ ဆုံးဖြတ် လိုက်တာ" လို့ သူ့ရဲ့ခံယူချက် ကို ပြောပါတယ်။

၃၆ နှစ်တာကာလ သီချင်းတွေရေးခဲ့ တဲ့အချိန်အတွင်း ကော်ပီသီချင်းတွေကို ရပ်တည်မှုတစ်ခုအတွက် ရေးဖြစ်ခဲ့တာ ပါလို့ဝန်ခံပြီး အဲဒီလို ကော်ပီရေးအတတ် ပညာကို ဇာတိဖြစ်တဲ့ ရှမ်းပြည်နယ်ကနေ ရန်ကုန်ရောက်လာမှ တတ်လာခဲ့ရတာလို့လည်း ပြောပါတယ်။

ရင်ကိုအေးမြရစေသား


"အရင်တုန်းကတော့ ကော်ပီသီချင်း တွေရေးရင်လည်း သီချင်းတစ်ပုဒ်လုံးကို ကျေညက်နေအောင် ရပြီးမှ စာသားအတွက် စစဉ်းစား တယ်။ ဒါပေမယ့် ရန်ကုန်က တေးရေးဆရာတွေ ရေးတဲ့ ပုံစံက ကက်ဆက်ကိုဖွင့်လိုက်၊ တစ် ကြောင်းရေးလိုက်နဲ့ တစ်ပုဒ်လုံး ကျေ ညက်စရာမလိုဘူး။ အဲဒါမှလည်း အချိန်မစားဘဲ အဆင်ပြေတာ။ ကျွန်တော် အရင်သုံးခဲ့တဲ့ နည်းကျတော့ အချိန် အရမ်းပေးရတော့ ရပ်တည်မှုအတွက် လုပ်ရတဲ့အခါ အဆင်မပြေတော့ဘူး"လို့ သူက ဆိုပါတယ်။

ဒီလိုအချိန်တိုအတွင်းမှာ ဘ၀ရပ် တည်မှုအတွက် သီချင်းတွေကို ဖန်တီး ပြီးရေးရတော့ အဆင်ပြေတဲ့စာသား၊ ရုတ်တရက် ခေါင်းထဲ ရောက်လာတဲ့ စာသားတွေကိုပဲ ထည့်ရေးရတာဖြစ်လို့ အေးအေးဆေးဆေး အချိန်ပေးရေးခဲ့တဲ့ သီချင်းတွေကပဲ ရေရှည်ကျန်ခဲ့တယ် လို့ သုံးသပ်ပြခဲ့ပါတယ်။
"ကိုယ်ပိုင်သံစဉ်တွေကျတော့ ကိုယ်တစ်ယောက်တည်းရဲ့လက်ရာဆိုတော့ သံစဉ်နဲ့စာသားကို စိတ်တိုင်းကျ ဖန်တီး လို့ရတယ်။ ပြီး တော့ တန်ဖိုးချင်းလည်းကွာတယ်" လို့လည်း ဆိုပါတယ်။

ကိုနေ၀င်းဟာ တေးရေးအပြင် အဆိုဘက်မှာလည်း ပါရမီထူးသူပါ။ ဒါကြောင့် ၁၉၇၆ ခုနှစ်မှာ 'အားလုံးကိုကျော်ဖြတ်ရမယ်'၊ ၁၉၈၅ ခုနှစ်မှာ 'ယာဉ်အမီ ရီရီပြုံးပြန်ပါ'၊ ၁၉၈၉ ခုနှစ်မှာ ခင်မောင်တိုး၊ စိုင်းထီးဆိုင်တို့နဲ့အတူ 'မိုးသောက်ခဲ့ပြီ'၊ ၁၉၉၁ ခုနှစ်မှာ 'ယိမ်းနွဲ့တဲ့ လှိုင်း' အစရှိတဲ့ တေးစီးရီးတွေကို သီဆိုဖြန့်ချိခဲ့ပြီး အခု ၂၀၁၁ ခုနှစ်အတွင်းမှာလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကသွင်းထား ခဲ့တဲ့တေးသီချင်းသစ်ကိုးပုဒ်နဲ့ 'မောင့်လပြည့်ဝန်း'ကိုversion အနည်းငယ် ပြောင်းပြီးပြန်ဆိုထားတဲ့ 'ဆောင်းသို့လွမ်းချင်း' တေးစီးရီး ကိုလည်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။




သစ္စာ
♫ ♪....
သစ္စာသည်ကား ♫ ♪ ....အသွေးအသား၌ ♫ ♪.... မတည်ရှိ
သစ္စာဟူသည်
♫ ♪ ♫ ♪....အသည်းနှလုံး၌ တည်၏
"သစ္စာဓမ္မတော ပဝရံ ဓမ္မံနတ္ထိ"
သစ္စာတရားထက်
♫ ♪ ♫ ♪.... မြတ်သော အယူဝါဒသည်မရှိ ♫ ♪...
(တေးရေး..ကိုနေ၀င်း။ တေးဆို...ခိုင်ထူး)
(သီချင်းရေးဆရာ ကိုနေ၀င်းက သူရေးသားခဲ့သည့် နာမည်ကျော် သီချင်း “မောင့်လပြည့်ဝန်း”ကို သီဆိုအသံသွင်းပြီး ထုတ်ဝေရန် အသင့်ဖြစ်နေပြီဟု ဇန်န၀ါရီ ၂၈ ရက်နေ့ထုတ် 7DAY ဂျာနယ်တွင် ရေးသားထားသည်။

ထုတ်ဝေမည့် စီးရီးကို ဆောင်းသို့လွမ်းချင်း ဟု အမည်ပေးထားပြီး သီိချင်းသစ် ၉ ပုဒ်လည်း ပါဝင်မည်ဟု ဆိုသည်။ သို့သော်လည်း မည်သည့် ကုမ္ပဏီက မည်သည့်အချိန်တွင် ထုတ်ဝေမည် ဆိုသည်ကို ဖော်ပြထားခြင်း မရှိပေ။

“မောင့်လပြည့်ဝန်း” သည် ကွယ်လွန်သူ နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင် သီဆိုခဲ့သည့် သီချင်းဖြစ်သည်၊ ထိုသီချင်းကို ကိုနေ၀င်းက ၁၉၇၃ ခုနှစ်ခန့်တွင် ရေးဖွဲ့ခဲ့ပြီး နောက် ၂ နှစ်အကြာတွင် စိုင်းထီးဆိုင်၏ စိတ္တဇအလွမ်း သီချင်းခွေတွင် စတင် ထည့်သွင်းခဲ့သည်ဟု 7DAY က ဆိုသည်။

ကိုနေ၀င်းသည် သီချင်းပုဒ်ရေ ၅၀၀ ခန့် ရေးဖွဲ့ခဲ့သူဖြစ်သည်၊ ထိုအထဲတွင် မောင်ငိုမယ် မိုးသဲထဲမှာ ကဲ့သို့သော ကော်ပီသီချင်းများလည်း ပါဝင်သည်။)

သင့်ကိုယ်စား

♫ ♪....ငြိမ်းချမ်းမှု အလုံးစုံကို ပေးစွမ်းနိုင်တဲ့ ♫ ♪ ....သင့်လက်များမှ  ♫ ♪....မည်သို့သောအရာကို 
သင်အပ်နှင်းခဲ့ပြီလဲ♫ ♪ .... စောင့်မျှော်ခြင်းရှိသည့်အရပ်သို့.... ဖြတ်သန်းရင်း သင့်ခြေလှမ်းတို့  
♫ ♪....စိုက်စိုက်နှင်ရင်း
ငါသည် မည်သူ့ထံမှ ♫ ♪....သင့်ကိုယ်စားက်ုမရနိုင်ပြီ ♫ ♪....

 ကိုနေ၀င်း၏ ဆယ်နှစ်နီးပါးအချိန်ယူ ပြင်ခဲ့ရသော ဆောင်းသို့လွမ်းချင်း စီရီးအယ်လဘမ်အား လာမည့်ဒီဇင်ဘာလအတွင်း စတင်ဖြန့်ချီနိုင်တော့မည် ဖြစ်သည်။ အဆိုပါစီးရီးတွင် ကိုနေ၀င်း၏ Country, Classic, Roga Rock, Folk စသည့် ကိုယ်ပိုင်သံစဉ် သီချင်းသစ်များအပြင်၊ ယခင်က ပရိသတ်ကြားတွင် ရေပန်းစားခဲ့သော စိုင်းထီဆိုင် သီဆိုခဲ့သည့် မောင့်လပြည့်ဝန်း သီချင်းအားပုံစံသစ်ဖြင့် ပြန်လည်သီဆိုထားကြောင်းသိရသည်။

ဒီအခွေလုပ်ခဲ့တာကြာပြီ၊ ပရိုဂျူစာရှာရင်းနဲ့ ကိုးနှစ်ကျော်ကြာသွားတယ်။ ဒါပေမယ့်သီချင်း အားလုံးက ကိုယ်ပိုင်သံစဉ် ဖြစ်နေတဲ့အတွက် ဒီသီချင်းတွေရဲ့ ခေတ်ဆိုတာ သူထွက်တဲ့အချိန်က သူ့ခေတ်ပါဘဲ။ တချို့ လည်းမျှော်ရတာ အရမ်းကြာနေပြီ။ ကျွန်တော်လည်း စီရီးသစ် ထွက်ချင်နေပါပြီ။ အမြန်ဆုံးထွက်ဖို့ လုပ်နေပါတယ်။ ဟုကိုနေ၀င်းကပြောကြားသည်။

ကိုနေ၀င်း၏ ကျော်ကြားသော မောင့်လပြည့်ဝန်းသီချင်းအား ၁၉၇၃ခုနှစ်က စတင်ရေးသားခဲ့ရပြီး ၁၉၇၆တွင် ပရိသတ်အတွင်း လူကြိုက်များရေပန်းစားခဲ့ရာမှ ဂီတလောက၌သမိုင်းမှတ်တိုင်တစ်ခု အဖြစ်စိုက်ထူခဲ့ခြင်း ဖြစ်သည်။

ဒီအခွေမှာ စုစုပေါင်း သီချင်း ၁၀ ပုဒ်ပါတယ်။ အခွေထွက်တဲ့အခါ မဇ္ဈိမလှိုင်း အနေနဲ့ကတော့ စတေ့ခ်ျရှိုးတွေ မတက်တော့အတွက် စားသောက်ဆိုင်တွေနဲ့ တခြားပွဲတွေမှာဘဲ ပရိုမိုးရှင်းလုပ်ဖို့ စီစဉ်ထားပါတယ်။ ဟုကိုနေ၀င်းက 7 Day News သို့ပြောကြားသည်။
အတွဲ ၈၊ အမှတ် ၂၇. 7Day News Journal

မောင့်လပြည့်ဝန်း (English Version)



ကိုနေ၀င်းနှင့် မဇ္ဈိမလှိုင်း တေးဂီတ

မဇ္ဈိမလှိုင်း(myintzima) သည် မြန်မာနိုင်ငံရှိ တီးဝိုင်းအဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅ နှစ်ကျော်ရှိသည်။ တခြားအဖွဲ့များကဲ့သို့ အတီးသမား တွေချည်းပဲမဟုတ်ဘဲ အဆို၊ အရေး၊ အတီးတွေပါ အဖွဲ့တစ်ခုအနေနှင့် စတင်ခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမလှိုင်းဟု စတင်ဖြစ်မလာခင်ကတည်းက အဖွဲ့သားများက လစ္ဆ၀ီများ ဆိုသော အဖွဲ့နာမည်နှင့် အယ်လ်ဘမ် သုံး လေးချပ် အရင်ထွက်ခဲ့ဖူးပါသည်။

မဇ္ဈိမလှိုင်း အဖွဲ့သားများ
အဆိုနှင့် ရစ်သမ်ဂစ်တာ ခင်မောင်တိုး၊ လိဒ်ဂစ်တာဇော်မျိုးထွဋ်၊ ဘေ့စ်ဂစ်တာ ကိုရဲလွင်၊ ဒရမ် တွတ်ကီ၊ ကီးဘုတ် မျိုးခင်တို့ပါဝင်သော မဇ္ဈိမလှိုင်း၏ အခြေခံက ကိုရဲလွင်၊ တေးရေး ကိုမောင်မောင် (အဉ္ဇလီ မောင်မောင်)၊ ခင်မောင်တိုးတို့ ဖြစ်ကြသည်။ ပင်တိုင်အဆိုတော်မှာ ခင်မောင်တိုး ဖြစ်သည်။ အဖွဲ့၏ ကီးဘုတ်သမား မျိုးခင်သည် ၁၉၉၆ ခုနှစ်တွင် ကွယ်လွန်ခဲ့၍ ဇော်မျိုးထွဋ်က ကီးဘုတ်နှင့် ဂစ်တာကို တွဲတီးခဲ့ပါသည်။

အဖွဲ့နာမည်ကို မဇ္ဈိမလှိုင်းဟု ပေးပြီးနောက် ပထမဆုံးပရိသတ်များ နားဆင်ခဲ့ရသည့် အခွေမှာ ၁၉၈၅ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့မှာ ထွက် ရှိခဲ့သည့် ခင်မောင်တိုး၏ မဟာဆန်သူ တေးစီးရီး ဖြစ်သည်။

ထိုအချိန်က ရေပန်းစားခဲ့သော မဟာဆန်သူသီချင်းသည် ယခုခေတ်တိုင် ကြိုက်နှစ်သက်နေ ကြဆဲဖြစ်သည်။

"အနောက်တိုင်းမဆန်၊ မြန်မာဟန် မပျက်တာက ကျွန်တော်တို့ မဇ္ဈိမလှိုင်း ရဲ့ အနှစ်သာရပဲ။ အဲဒါကို အဓိကထား ပေးချင်တာ။ မြန်မာ ပြည်မှာနေထိုင်ပြီး သွေးသားထဲမှာရှိနေတဲ့ မြန်မာဆန်တဲ့ ခံစားမှုတွေကို ကျွန်တော်တို့က အနောက်တိုင်းတူရိယာတွေနဲ့ ပုံဖော်တဲ့ အခါ မှာကိုယ့်ရဲ့မူလခံစားမှုကို ဦးစား ပေးတယ်။ နည်းစနစ်ပိုင်းဆိုင်ရာမှာတော့ အနောက်တိုင်းတူရိယာတွေကို ယူတယ်။ အဲဒီနှစ်ခုကို အမြဲ ချိန်ထိုးပြီး လုပ်တဲ့ အစဉ်အလာတော့ ရှိပါတယ်။ ကျွန်တော်တို့က တူရိယာတွေရဲ့လွှမ်းမိုး မှုကို မခံဘူး" လို့ သူက ပြောပါတယ်။

အဖွဲ့ကို ခိုင်မြဲစေတဲ့ နောက်ထပ် အကြောင်းရင်းတစ်ချက်ကတော့ ကိုယ် လျှောက်မယ့် လမ်းကြောင်းကို အသေ အချာ သိတာပါပဲ။

"တချို့တွေက လုပ်ရင်းလုပ်ရင်းနဲ့ လမ်းကြောင်း ပျောက်သွားကြတာတွေ ရှိတယ်။ ကျွန်တော်တို့ ကတော့ ကိုယ် လျှောက်မယ့် လမ်း ကြောင်းကို အမြဲတမ်းရှင်သန်နေအောင် လုပ်နိုင်တယ်။ နောက်တေးရေးအင်အားတောင့်တင်းတယ်"လို့ ခင်မောင်တိုးက ဆိုပါတယ်။

ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်းပဲ တောက်လျှောက်ဖန်တီးခဲ့တဲ့ ကာလ တွေမှာ တေးရေးတွေဖြစ်တဲ့ ကိုနေ၀င်း၊ အဉ္ဇလီမောင်မောင်၊ ရဲလွင်၊ နိုင်မင်း၊ ခင်မောင်ပါ၊ အောင်ဝင်း၊ ကေမျိုး၊ သား ထွေး စတဲ့တေးရေးတွေရဲ့ ပင်တိုင် ရေးပေးတဲ့သီချင်းတွေက တစ်ခါ တလေ သွင်းရမယ့် အရေအတွက် ထက်တောင် ပိုနေတယ်လို့ဆိုပါတယ်။

အဖွဲ့သားတွေက အသက်က ငါးဆယ်၊ ခြောက်ဆယ်ဝန်းကျင် ရောက် ထိတိုင် သူတို့ရဲ့ ရွယ်တူပရိသတ်တွေရော၊ နောက်ပိုင်း လူငယ် တွေအပေါ်မှာ သူတို့ဂီတက ပျံ့နှံ့ဆဲဖြစ်နေတဲ့အပေါ် ခင်မောင်တိုးရဲ့အမြင်က "နိုင်ငံခြား ရောက်နေတဲ့ မြန်မာတွေ၊ ဒီမှာလည်း ခေတ် အရမ်းဆန်တဲ့ မြန်မာတွေလည်း ရှိပါတယ်။ ခေတ်အရ ဒီလိုနေရပေမယ့် သူတို့ရဲ့ အသွေးအသားထဲက မြုပ်နေ တဲ့ ခံစားမှုတွေကြောင့် ကျွန်တော်တို့ သီချင်းတွေကို နှစ်သက်တယ် ထင်ပါတယ်။

"နောက်တေးရေးတစ်ယောက်ချင်း စီရဲ့ သီချင်းဖွဲ့စည်းပုံက သူတို့ သန်ရာ သန်ရာလိုင်းပေါ်မူတည်ပြီး မတူကြဘူး။ ကိုနေ၀င်းရဲ့ အဖွဲ့ အနွဲ့ကိုကြိုက် တဲ့ ပရိသတ်ရှိတယ်။ ကိုမောင်မောင် ရဲ့ ဒဿနဆန်တဲ့အရေးအသားကို ကြိုက်တဲ့ပရိသတ် ရှိတယ်။ သီချင်းတွေ ရဲ့ပုံစံ ကအထဲမှာ ရသတွေအများကြီးရှိပါတယ်။ အဲဒါကလည်း ပရိသတ် နှစ်သက်စေတဲ့ အကြောင်းတစ်ခုလို့ ထင်ပါတယ်"လို့ ပြောပါတယ်။

ကိုနေ၀င်းရေးခဲ့တဲ့'ဒီတစ်ကြိမ်ဒီနွေ' သီချင်းကို ဟစ်ပ်ဟော့အဖွဲ့ အက်ဆစ်က သူတို့ရဲ့ ပထမဆုံးအယ်လ်ဘမ်ထဲက မီးမဲ့လောင်မြိုက် သီချင်းမှာ အဆျွိုဇာနည်ကို မယ်လိုဒီ ပြန်ဆို ခိုင်းတော့ လူငယ်တွေကြား အတော်လေး ပျံ့နှံ့ခဲ့ ပါသေးတယ်။ ဖန်တီးရတာကို ကြိုက် နှစ်သက်သူတွေပီပီ တခြားသူတွေရဲ့ ဖန်တီးမှုတွေအပေါ်လည်း လက်ခုပ် တီးပေးခဲ့သူတွေပါ။

ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်

ဘေ့စ်ဂစ် တာတီးတဲ့ ဦးရဲလွင်ရဲ့ အဆိုအရဆိုရင် "အနုပညာဆိုတာက တော့ အမြဲတမ်း ရှင်သန်နေတာပါပဲ။ ကျွန်တော်တို့က နောက် လာမယ့် လူ ငယ်တွေကို လက်ဆင့် ကမ်းပေးနိုင် တယ်ဆိုရင်တော့ ၀မ်းသာစရာပေါ့။ အက်ဆစ်အဖွဲ့က ဦးတို့ရဲ့ ဒီတစ်ကြိမ် ဒီနွေကို ဟစ်ပ်ဟော့ပုံစံပြောင်းဆိုတော့ သူတို့ဖန်တီးတာကောင်းပါတယ်။ ဆန်းသစ်တယ်။ ဂီတဆိုတာအများကြီး ဆင့်ပွားဖန်တီးလို့ရပါတယ်။ ဒါပေမယ့်ကိုယ်စလုပ်ကတည်းက ကိုယ့်ရဲ့ကိုယ်ပိုင်လည်းဖြစ် ပရိသတ်လည်း လက်ခံ နိုင်မယ့် ဖန်တီးမှုကို လုပ်နိုင်ရင်တော့ပိုကောင်း တယ်" တဲ့။

တခြားခေတ်ပြိုင်အဖွဲ့တွေနဲ့မတူ တစ်မျိုးတစ်ဖုံ ကွဲထွက်နေတဲ့ အဖွဲ့ရဲ့ ထူးခြားချက်ကို အဖွဲ့မှာ ဂစ်တာတီးတဲ့ ဦးဇော်မျိုးထွဋ် ပြောပြ တာကတော့ "ကိုယ်ပိုင်သံစဉ်ဖြစ်တာက အဓိက ထူးခြားချက်လို့ ထင်တယ်။ ကျွန်တော် တို့ ကော်ပီသီချင်းတီးတာ တစ်ခါမှမရှိ ဘူး။ ဒီလိုဆိုလို့ အင်္ဂလိပ် သီချင်းတွေကို အထင်မကြီး တာတော့ မဟုတ်ဘူး။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ အင်္ဂလိပ်သီချင်းတွေကို နားထောင်တယ်။ အဲဒါတွေ လိုက်တီးရင်းနဲ့လည်း ဒီလိုအနေအထားမျိုး ဖြစ်လာတာ။ ဒါပေမယ့် ကိုယ်ပိုင်သံစဉ် ဖန်တီးရတဲ့ အခါကျ တော့ ကိုယ့်ဘာသာကိုယ် ကိုယ့်ဦးနှောက်ကနေ ထုတ်ပြီးတော့ ကိုယ့်အတွေးနဲ့ကိုယ် တီးရတဲ့အတွက် ကိုယ့်ရဲ့စတိုင်ပဲ။ သူများဟာ မပါဘူး။ အခု အသက်ငါးဆယ်ကျော်လာပြီ။ ကိုယ်တီးခဲ့တာတွေကို ပြန်နားထောင် တဲ့အခါမှာ ဒါငါ့အတွေးနဲ့ ငါ့လက်နဲ့ ငါစဉ်းစားပြီး တီးခဲ့တာပဲဆိုတဲ့အသိက အမှတ်တရဖြစ်တယ်။ ကိုယ်ငယ်ငယ်တုန်းကအသက်၂၀လောက်တုန်းက ဘယ်လိုတီးခဲ့တာပေါ့။အဲဒီအသိ အတွက် ပီတိဖြစ်တယ်။ အမှတ်တရ လည်း ဖြစ်တယ်။ ကျေလည်း ကျေနပ်တယ်" လို့ပြောပါတယ်။

ဇော်မျိုးထွဋ်၏ သားဖြစ်သူ ရွှေထွဋ်ကလည်း လိုအပ်သောအခါ အဖွဲ့မှာ ၀င်ရောက် တီးခတ်ပေးနေသည်။

ယခုအခါ မဇ္ဈိမလှိုင်းသည် အယ်လ်ဘမ် ပေါင်း ၄၀ နီးပါး တီးခတ်ထားပြီး အဆိုတော်ခင်မောင်တိုး၏ တေးစီးရီးများ ၃၀ နီးပါးရှိတယ်။ တခြားအဆိုတော်များအတွက် တီးခတ်ပေးလေ့ သိပ်မရှိပေမယ့် ခင်ဝမ်း၊ ကိုနေ၀င်း၊ မီမီဝင်းဖေ၊ မွန်းအောင်စသော ကိုယ်ပိုင်သံစဉ်အုပ်စု များအတွက်လောက်သာ တီးပေးဖြစ်ခဲ့သည်။
မြန်မာတိုင်း အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၄)

No comments:

Post a Comment