စာကြည့်တိုက်ပညာရှင်ကြီးများအကြောင်း
ဒီနေ့တော့ မြန်မာနိုင်ငံက စာကြည့်တိုက်ပညာရှင်ကြီးများအကြောင်းကို ပြောပြချင်ပါ
တယ်။ စာကြည့်တိုက်ပညာရှင်ဆိုတာ စာကြည့်တိုက်မှုးကြီးများကို ဆိုလိုပါတယ်။ စာကြည့်တိုက်
မှုးဆိုတာ (နာသုံးနာဆိုတဲ့ ကျောင်းဆရာများလိုပဲ) အများအကျိုးဆောင်ရသူ စေတနာရှင် ဝန်ထမ်းတွေ ဖြစ်ပါတယ်။ သူတပါး ဘာစာအုပ်တွေ ဖတ်ချင်သလဲ၊ ဘယ်စာအုပ်ဟာ ဘယ်လိုလူတွေ
ဖတ်တဲ့၊ ဖတ်သင့်တဲ့ စာအုပ်မျိုးလဲ ဆိုတာတွေကို အမြဲတွေးပြီး အလုပ်လုပ်နေရသူတွေ ဖြစ်ပါတယ်။
ဒီလိုအလုပ်မျိုးလုပ်ရတာ စာဖတ်ဝါသနာပါသူတွေအဖို့ ဟန်ကျတာပေါ့လို့လဲ မထင်လိုက်ပါလေနဲ့။ စာကြည့်တိုက်မှုးတယောက်ဟာ ကိုယ်ဖတ်ချင်တဲ့စာအုပ်တအုပ်ကို ဇိမ်ဆွဲပြီး ဖတ်နေရတာမဟုတ်ပဲ ရှေ့က စာအုပ်မာတိကာနဲ့ နောက်က စာအုပ်အညွှန်းလောက်ပဲဖတ်ပြီး သူများအတွက် စာအုပ်
မှတ်တမ်းတိုလေးတွေကို ကတ်တလောက် ကပ်ပြားပေါ် တင်ပြီး ညွှန်းပေးတဲ့ အလုပ်ကိုသာ လုပ်ပေး
ရတာပါ။ ဒီလိုလုပ်နိုင်ဖို့ရာကလဲ ဝိဇ္ဇာသိပ္ပံ ဘာသာရပ်မျိုးစုံနဲ့ဆိုင်တဲ့ ကမBာသုံး ထိပ်တန်းပညာရပ် တမျိုးဖြစ်ပါတယ်။
စပ်မိလို့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ တက္ကသိုလ်ပါမောက္ခတချို့တောင် စာကြည့်
တိုက်ပညာရဲ့ သဘောသဘာဝနဲ့ အဆင့်အတန်းကို မသိဘူးလို့ပြောရင် အောင်မင်းလွန်ရာကျ
မယ်လို့ ပြောရမလိုပါပဲ။ ရန်ကုန်တက္ကသိုလ် ဗဟိုစာကြည့်တိုက်အတွက် စာကြည့်တိုက်မှုးကို
ပါမောက္ခအဆင့်နဲ့ ပါမောက္ခလစာပေးပြီး ခန့်တာကိုကြားသိရတော့ တက္ကသိုလ်ကောလိပ်တခုရဲ့ ကျောင်းအုပ်ပါမောက္ခကြီးက အလွန်အံ့သြ သတဲ့။
စာကြည်တိုက်မှူးဆိုတာ လေးတန်းလောက်
အောင်ရင်လုပ်လို့ရနိုင်တဲ့ အလုပ်မျိုးကို ဘာဖြစ်လို့ ပါမောက္ခအဆင့် ပေးစရာလိုသလဲတဲ့။ (သူသိတာက ကျေးလက် စာကြည့်တိုက်မှုးတဦး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တက္ကသိုလ်မှာတော့ ပါရဂူဘွဲ့ မဟာပါရဂူဘွဲ့တွေ အတွက်ကိုပါ စာအုပ်ညွှန်းရတာဆိုတာ သူမသိရှာလို့နေမှာပေါ့) တချို့ပါမောက္ခများဟာ စာကြည့်တိုက်ကို လုံးဝမရောက်ဘူးတဲ့အပြင် သုံးလဲ မသုံး တတ်ရှာဘူးလို့ ပြောသူကပြောရင် တချို့က ယုံကောင်းမှ ယုံပါမယ်။ မယုံရင်တော့ တချို့ပါမောက္ခတွေကို ကိုယ်တိုင်လိုက်မေးကြည့်ရင် သိပါလိမ့်မယ်။ မအားလို့ မရောက်ဖူးဘူးလို့ပြောသူမျိုးကို မုချတွေ့ရမှာပါ။
ကျနော်က ကိုယ်တိုင်တွေ့ဖူးလို့ ပြောတာပါ။
(ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်) တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှုး
ဒေါက်တာဦးသော်ကောင်း
ဒေါက်တာဦးသော်ကောင်း
ကျောင်းသား ကျောင်းသူတချို့ကတော့ စုံတွဲထိုင်ဖို့ကောင်းလို့ စာကြည့်တိုက် အသုံးချ
နည်းတခုကိုတော့ဖြင့် သိထားလေရဲ့လို့ ဆိုနိုင်ပါတယ်။ ကတ်တလောက် ဘီရိုအံဆွဲလေးတွေထဲမှာ သီတံနဲ့တွဲထားတဲ့ ကတ်တလောက်ကဒ်ပြားလေးတွေပေါ်မှာ ဘယ်စာအုပ်ကို ဘယ်လိုရှာပြီး ဘယ်သူ့ဆီက ဘယ်လိုငှားရမယ်ဆိုတာ မသိတဲ့ တက္ကသိုလ်ကထိကတွေကို လက်ဆွဲခေါ်ပြီး ကျနော်ကိုယ်တိုင် လိုက်ပြရဖူးပါတယ်။ (ဆရာ စိတ်မဆိုးပါနဲ့နော်။ ကျနော်နာမည်မဖေါ်ပါဘူး) တချို့ကဆိုရင် စာကြည့်တိုက်မှုးချုပ်ဆီကိုတောင် ဓမင်းစေဓ ကို စာနဲ့လွှတ်ပြီး ဘာစာအုပ် ငှားလိုက်ပါလို့ ခိုင်းတတ်ကြပါသေးတယ်။
တကယ်တော့ စာကြည့်တိုက်ဆိုတာ တိုင်းပြည်ထူထောင်ရာမှာ အရမ်းအရေးကြီးပါ
တယ်။ တက္ကသိုလ်အတွက်သာမဟုတ် ကျေးလက် တောရွာတွေအတွက်ပါ အရေးကြီးတယ်ဆိုတာ
ကို နိုင်ငံခေါင်းဆောင်ကောင်းတွေ သိကြပါသတယ်။ ဝန်ကြီးချုပ်ဦးနုဆိုရင် ကျောင်းသားလူငယ် ဘဝကတည်းက နဂါးနီစာအုပ်အသင်း တည်ထောင်ပြီး စာအုပ်တွေကို ကျေးလက်အထိရောက်
အောင် ပို့ဆောင်ခဲ့တာ မဟုတ်လား။ သူလဲ ဝန်ကြီးချုပ်ဖြစ်လာရော မြို့တိုင်း နယ်တိုင်းမှာ ပြန်ကြားရေး စာကြည့်တိုက်တွေ တည်ထောင်ဖွင့်လှစ်ပြီး စာပေဗိမ္မာန်စာအုပ်တိုက်က တောင်သူ
လယ်သမားလက်စွဲ စာအုပ်ကလေးတွေကနေ စွယ်စုံကျမ်းတွေအထိ ရိုက်ထုတ်ဖြန့်ချိပေးခဲ့တာ မဟုတ်လား။
ဒီအလုပ်တွေကို ဦးနုက စာကြည့်တိုက်ပညာရှင် ဦးသိန်းဟန် (ဆရာဇော်ဂျီ)၊ စာပေပညာရှင် ဦးဝန်(ကဗျာဆရာကြီး မင်းသုဝဏ်)၊ ဦးထင်ဖတ် (စာရေးဆရာကြီး မောင်ထင်)၊ စာကြည့်တိုက်ပညာရှင် ဦးထင်ကြီး၊ ဦးသန်းထွတ် (တိုက်စိုး) စတဲ့ စာပေပညာရှင်ကြီးတွေနဲ့ တိုင်ပင်လုပ်ဆောင်ခဲ့တာ မဟုတ်လား။ ဒီလုပ်ငန်းတွေဟာ စစ်အစိုးရတွေ အဆက်ဆက်တက်လာ
ပြီး ချောင်ထိုးခံခဲ့ရပါတယ်။ ပြည်သူလူထု အသိပညာတိုးလေ လွတ်လပ်ရေး နဲ့ ဒီမိုကရေစီရေးရဲ့
တန်းဖိုးကို သိလေဖြစ်မှာကို စစ်အစိုးရတွေ နားလည်တာကိုး။
စပ်မိလို့ ကိုလိုနီခေတ်က ဘိလပ်ပညာတော်သင်တွေ အကြောင်းကိုလဲ ပြန်ပြောင်းပြီး နည်းနည်းလောက်ပြောပါရစေ။ ကိုလိုနီခေတ်မှာ ဘိလပ်ပညာတော်သင်ဆိုတာ သူတို့အင်္ဂလိပ်တွေ
အတွက် ကíန်ကြီး ကíန်ကောင်း ကíန်လောင်းလျာတွေဖြစ်တဲ့ အိုင်စီအက်ခေါ် အိန္ဒိယ ပဋိဥာဉ်ခံ ဝန်ထမ်းကောင်းတွေကို ရွေးချယ်ပို့ပေးတာ မဟုတ်လား။ ဒါပေမဲ့ ဆရာဇော်ဂျီလို ပုဂ္ဂိုလ်မျိုးကတော့ အမျိုးသားရေးအတွက် အရေးကြီးတဲ့ စာကြည့်တိုက်ပညာဘွဲ့ကိုပဲ သွားယူခဲ့ပါတယ်။ တခြားမျိုးချစ်
ပုဂ္ဂိုလ်များလဲ ဆရာဇော်ဂျီကိုအားကျပြီး စာကြည့်တိုက်ပညာကို နိုင်ငံခြားမှာ သွားရောက်ဆည်းပူး ကြတာတွေ ရှိလာပါတယ်။
ဆရာတိုက်စိုး (ဦးသန်းထွတ်)၊ ဦးသော်ကောင်း၊ ဒေါ်ကျော့ကျော့၊ ဒေါ်နုနုစသဖြင့် အမျိုးသား အမျိုးသမီး စာကြည့်တိုက်မှုးတွေ အများကြီးတိုးပွားလာတဲ့အပြင် ဆရာ့
ဆရာများက စာကြည့်တိုက်ပညာသင်တန်းတွေ ဖွင့်လှစ် သင်ကြားပြုစုပျိုးထောင်ပေးကြလို့ ဆရာကောင်း တပည့်ပန်းကောင်းပန်ဆိုသလို စေတနာထက်သန်တဲ့ ပြည်သူ့စာကြည့်တိုက်မှုးတွေ
ကို နိုင်ငံတော်အတွက် အတော်များများ ထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ စာကြည့်တိုက်တွေ တိုးတက်ပွားများလာဖို့တော့ အများကြီးလိုပါသေးတယ်။
စာကြည့်တိုက်ပညာရှင်ကြီးတွေ အနားယူ
ကုန်ကြရာမှ အငယ်ဆုံးတဦးလို့ဆိုရမယ့် ဦးသော်ကောင်းတောင်မှ ခုအခါ အသက် ၇၅ နှစ်ပြည့်မြောက်တဲ့ စိန်ရတုပွဲဆင်နွှဲနေပြီ ဖြစ်ပါတယ်။ ဦးသော်ကောင်းနဲ့တကွ စာကြည့်တိုက်မှူး စာကြည့်တိုက်ပညာရှင် အပေါင်း အသက်ရာကျော်ရှည်ပြီး ပြည်သူလူထု အများအကျိုးကိုလဲ အသက်ထက်ဆုံး ဆောင်ရွက်သွားနိုင်ကြပါစေသောဝ်လို့ ဆုတောင်းလိုက်ရ ပါ တယ်ခင်ဗျား။
မောင်စွမ်းရည်
No comments:
Post a Comment