Sunday, July 15, 2012

တစ်သက်တာစာပေဆုနှင့် စည်သူဘွဲ့ရ
ဆရာကြီးဦးသော်ကောင်းနှင့်တွေ့ဆုံခြင်း




အငြိမ်းစား စာကြည့်တိုက်မှူး၊ စာရေးဆရာ၊ ဒေါက်တာ ဦးသော်ကောင်း ဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ အမျိုးသားစာပေဆု ချီးမြှင့်ပွဲမှာ တစ်သက်တာစာပေဆု ဂုဏ်ပြုချီးမြှင့် ခံခဲ့ရပြီး ဒီနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)မှာလည်း စည်သူဘွဲ့ထပ်မံ ချီးမြှင့်ခံရတာကြောင့် စာပေခရီးရှည်ကြီးကို ပျော်ရွှင်စွာ လျှောက်လှမ်း နေတဲ့ ဆရာကို မြန်မာတိုင်း(မ်)မှအကြီးတန်း သတင်းထောက် ဇွန်ပန်းပွင့် ကတွေ့ဆုံ အင်တာဗျူးထားပါတယ်။

* ဆရာက ပခုက္ကူစာပေဆုလည်း ချီးမြှင့် ခံထားရတာနော်။ ခု .. အမျိုးသား စာပေဆုနဲ့ စည်သူဘွဲ့ကလည်း ရှေ့ဆင့်နောက်ဆင့် ဂုဏ်ပြုခံရတယ်ဆိုတော့ စာပေအလုပ်တွေ လုပ်ဆောင် ရာမှာ အရင်ကထက်ပိုပြီး တာဝန်ကြီး လာတယ်လို့ ထင်ပါသလား။

တာဝန်အနေနဲ့တော့ မဟုတ်ပါဘူး။ ဆရာ အသက် ၇၅ နှစ်ရှိပြီ။ အသက်၂၀ ကျော်လောက်ကတည်းက အစိုးရ ၀န်ထမ်းအဖြစ်နဲ့ စာပေအလုပ်တွေ လုပ်လာတာ နှစ်ပေါင်း ၅၀ ကျော်တာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုတွေချီးမြှင့်တာလို့ ထင်ပါတယ်။

* စာပေကို ချစ်မြတ်နိုးပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် တတ်နိုင်တဲ့ ဘက်က အကျိုးပြုနေတဲ့စာပေပညာရှင်တစ်ဦး အနေနဲ့ ခုလို အသိအမှတ်ပြုခံရပြီး ဆုတွေချီးမြှင့်ခံရတော့ ဆရာ့ရဲ့ခံစားချက်ကို ဝေမျှပေးပါဦး။

တိုင်းပြည်က ချီးမြှင့်တဲ့ အမြင့်ဆုံး စာပေဆုကိုရရှိတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ နိုင်ငံခြားကပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို ရဖူးပါတယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ကပေးတဲ့ ဒီဆုကိုတော့ ပိုပြီးတန်ဖိုးထားပါတယ်။

* ဆရာရေးတဲ့ ဆောင်းပါးနဲ့ စာအုပ်တွေက မြန်မာ့သမိုင်းအကြောင်းတွေ၊ ယဉ်ကျေးမှုအကြောင်းတွေ များတယ်နော်။

ဆရာက သမိုင်းအဖွဲ့မှာ တာဝန် ထမ်းဆောင်တဲ့အခါ ၁၆ ရာစု တောင်ငူ ခေတ်ကနေ ၁၈ ရာစုအလယ် ညောင်ရမ်းခေတ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ရေးတာများပါတယ်။ ဥပမာ၊ဘုရင့်နောင် အကြောင်း၊ အရေးတော်ပုံကြမ်းတွေကို ပေ၊ ပုရပိုက်တွေပေါ်မှာ ရေးတာတွေကို လေ့လာပြီးရေးတယ်။ ကာလပေါ်ဝတ္ထုတွေထဲ ဘ၀သရုပ်ဖော်ဝတ္ထုတိုတွေ အကြောင်း အရေးများတယ်။ ပြီးတော့ သမိုင်းနောက်ခံဝတ္ထု၊ အတ္ထုပ္ပတ္တိစာပေအကြောင်းကို စာရေးဆရာတိုက်စိုးနဲ့ တွဲရေးတာများတယ်။ စာပေဝေဖန် ရေးအကြောင်းလည်း ရေးပါတယ်။



ဦးသော်ကောင်းပြုစုသော ဇင်းမယ်ရာဇ၀င်စာအုပ်

* ဆရာရေးတဲ့ ဆောင်းပါးတွေကို ပြည်ပတက္ကသိုလ်ကြီးတွေမှာ ဖတ်ကြားကြတယ်နော်။ ဘာဖြစ်လို့ ဆရာ့ရဲ့ဆောင်းပါးတွေရွေးပြီး ဖတ် ကြတယ်လို့ထင်လဲ။ သူတို့ဆီကရော ဘယ်လိုတုံ့ပြန်မှုတွေ ရရှိလေ့ရှိလဲ။

ဆရာက တတ်နိုင်သလောက် မူရင်း အထောက်အထား၊ ခေတ်ပြိုင်အထောက် အထားတွေကိုသုံးပြီး သုတေသနစာတမ်းတွေကို အင်္ဂလိပ်ဘာသာနဲ့ရေးလို့ ဆရာ့ကို နိုင်ငံခြားတက္ကသိုလ်တွေက စာတမ်းဖတ်ပွဲတွေမှာ တက်ရောက်ဖတ်ကြားပေးဖို့ ဖိတ်ခေါ်ခံရတယ်။ ဥပမာ မနှစ်က ထိုင်းနိုင်ငံက တက္ကသိုလ်မှာ ယိုးဒယားနိုင်မော်ကွန်းအကြောင်း စာတမ်းဖတ်တယ်။ အယုဒ္ဓယကျဆုံးတာကို ဆရာက မူရင်းအထောက်အထား ဖြစ်တဲ့ပေကို အသုံးပြုပြီး သုတေသန စာတမ်းရေးတော့ သူတို့က အဲဒါကို အရမ်းတန်ဖိုးထားတယ်။ အများကလည်း ဒါကို မသိကြတာလည်း ပါတာပေါ့လေ။

* ဆရာ စာကြည့်တိုက်မှာ တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံတွေကိုလည်း ခုခေတ်လူငယ်တွေ သိရအောင် ပြောပြပေးပါလား။

ဆရာ့ရဲ့အဓိက ဘာသာရပ်က စာကြည့်တိုက်နှင့်သုတပညာ။ စာကြည့်တိုက်မှူးအလုပ်အပြင် ရန်ကုန်တက္ကသိုလ်မှာ စာကြည့်တိုက်နဲ့ သုတပညာဌာန အသစ်ဖွင့်ဖို့ တာဝန်ယူရတယ်။ ၁၉၇၁ ခုနှစ်မှာ ဌာနဖွင့်လိုက်တော့ အဲဒီဘာသာရပ်အတွက် သင်ရိုးညွှန်းတမ်းအသစ် တွေ ဆွဲပေးရပါတယ်။ အဲဒီဌာနမှာပဲ ဌာနမှူးနဲ့ ပါမောက္ခအဖြစ် တာဝန်ထမ်း ဆောင်ရတယ်။ အဓိကရာထူးကတော့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ စာကြည့်တိုက်မှူး ရာထူးပါ။

* တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ ဆရာတာဝန်ထမ်းဆောင်စဉ်ခဲ့က ပေ၊ ပုရပိုက်တွေ၊တော်တော်များများ ရှာဖွေစုဆောင်း ခဲ့တယ်နော်။ အဲဒီလို ရှားပါးပစ္စည်းတွေကို ဘယ်လိုရှာဖွေ ခဲ့ရလဲဆိုတာ ပြောပြပါလား။

မြန်မာနိုင်ငံအနှံ့အပြားက ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက် စုဆောင်းတယ်။ တချို့လည်း ၀ယ်ရပါတယ်။ နောက်ပြီး စာကြည့်တိုက်မှာ microfilm ဌာနစိတ်ကို တည်ထောင်ပါတယ်။ အထက်မြန်မာပြည်ကို သိမ်းပိုက်စဉ်က မြန်မာပြည်ကနေ ယူဆောင်သွားတဲ့ ရှားပါးပေနဲ့ ပုရပိုက်တွေကို လန်ဒန်က ဗြိတိသျှစာကြည့်တိုက်ကနေ အလှူ ပြန်လည်ရရှိအောင် လုပ်ခဲ့တယ်။ ပြီး တော့ ရှေးဟောင်းပေတွေကိုလည်း မပျောက်ပျက်အောင် ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းလည်း လုပ်ပါတယ်။ ဒါကြောင့် အရင်က ပေစာထုပ် ၂,၀၀၀ ကျော် လောက်ရှိရာက ဆရာတာဝန် ထမ်းဆောင်တဲ့အချိန်မှာ ပေ၊ ပုရပိုက် ၁၆,၀၀၀ လောက်ထိစုဆောင်း မိခဲ့တယ်။

* လူငယ်တွေရဲ့ သမိုင်းနဲ့ ရှေးဟောင်း စာပေလေ့လာမှုအားကိုရော ပညာရှင် တစ်ဦးအနေနဲ့ ကျေနပ်မှုရှိရဲ့လား။

သမိုင်းနဲ့ ရှေးဟောင်းစာပေကို လေ့လာတဲ့ လူငယ်တွေ နည်းသွားပါပြီ။ ဒီဘာသာရပ်တွေက အလုပ်ရဖို့လည်း ခဲယဉ်းပါတယ်။ နောက်ပြီး ပေ၊ ပုရပိုက် တွေကလည်း တက္ကသိုလ်ကြီးက စာကြည့်တိုက်တွေကလွဲရင် တခြားမှာ လေ့လာလို့ မရပါဘူး။ ၁၀ တန်း အောင်ပြီးရင် လူငယ်တွေက သမိုင်းနဲ့ မြန်မာစာပေ ဘာသာရပ်ကို လျှောက်ထားသူ အလွန် နည်းပါတယ်။ နယ်မှာဆို ပိုတောင် နည်းပါသေးတယ်။ ဟိုတလောက တောင်ငူတက္ကသိုလ်က သမိုင်းဆရာ တစ်ယောက်က သူတို့တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ယူတဲ့ ကျောင်းသား ငါးယောက်ပဲ ရှိတယ်လို့ဆိုတယ်။ ဆရာအရေအတွက်ထက်တောင် နည်းပါသေးတယ်။ ပါဠိဘာသာပါဝင်တဲ့ အရှေ့တိုင်း ပညာဟာ အသုံးနည်းသလို လေ့လာတဲ့သူလည်း တက္ကသိုလ်မှာ နည်းလာပါတယ်။

Myanmar Time
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

No comments:

Post a Comment