Friday, July 13, 2012

 ကြေကြေကွဲကွဲ


စစ်ကိုင်းလမ်း
(တစ်)

တောင်ထိပ်မှာ တိုက်ခတ်မြဲလေက အခါများစွာကလိုပင် အေးမြမြဲ... လန်းဆတ်မြဲ။
အဲဒီတောင်ထိပ်မှာ အမြဲပျော်ရွှင်ရင်မောနေကျ မိန်းမတယောက်ကတော့ဖြင့် ခုချိန်မှာ ရှိုက်ကြီးတငင် ငိုကြွေးလို့။
ဒီနေရာကနေ မတ်မတ်ရပ်လို့ အောက်ဘက် ခတ်လှမ်းလှမ်းမှာ ဆီးမြင်ရသော မြို့ကလေးကို သဲသဲကွဲကွဲ မမြင်နိုင်ပြီ။ မြို့ကလေးကို အပေါ်စီးမှ အပြည့်အဝ မြင်နိုင်သော ဒီတောင်ထိပ် အစွန်းကလေးမှာ လွတ်လွတ်လပ်လပ် ရပ်ရင်း လေအဟုန်ဖြင့် အဝတ်တို့ တဖြတ်ဖြတ် လွင့်လျှင် သူမ ပျော်ရွှင်ပေါ့ပါးစွာ ရယ်မောနေကျ။ အဲဒီအခါ... စိတ်ထဲမှာ လေဟုန်စီးနေရသည်ဟုပင် ထင်သေးတာ။ အဲဒီအချိန်ဆို သူမက လေဟုန်စီး ငှက်ကလေး တကောင် ဖြစ်သွားကာ အလွတ်ရနေသော မြို့ကလေး၏ နေရာအနှံ့ကို ပျံဝဲကြည့် နိုင်ခဲ့တာ။ ဘယ်တော့မှ မေ့မရနိုင်သည့် သတိတရတွေပဲ ဖြစ်ပါသည်။

ဟော... ဟိုးမှာ မြွေလိမ်မြွေကောက် မြို့ပတ်လမ်း။ (သူမနှင့်မောင် အပါအဝင် ချစ်သူများကို ဖမ်းစားနေကျ ကုန်းတက် ကုန်းဆင်းများနှင့်......)

ဟိုနေရာကလေးက စိုက်ပျိုးရေးကျောင်းပိုင် လယ်ကွင်းတွေပေါ့။ မညီမညာမြေသားတွေကြောင့် စက်ဘီး ဖြတ်နင်းသွားတဲ့အခါ ဒုတ်ဒုတ်ခုန်လို့။ စက်ဘီးမစီးတတ်သော သူမက ကြောက်ကြောက်နှင့် မောင့်ပုခုံးကို အားကုန်ဆုပ်ဆုပ်ထားရတဲ့ ရင်ခုန်သံကိုပင် ပြန်ကြား ရသေးသည်။

ကြည့်စမ်း..... ဟိုမှာ မြို့ထဲကို ပြည်ထောင်စု ရပ်ကွက်ကနေ သွယ်လာတဲ့ လမ်းကလေး.... မြို့ကလေးရဲ့ ထုံးစံအတိုင်း ကုန်းတက်တွေဆို လူကို စက်ဘီးကစီး၊ ကုန်းဆင်းဆို စက်ဘီးရဲ့ အရှိန်နဲ့ ပြေးဆင်းလို့ တမောမောနှင့်ပင် ပျော်ခဲ့ကြရဖူးသည်။

ကန်သာယာနှင့် ဆေးရုံတဝိုက်မှာရှိသော လမ်းဆွယ်လေးတွေကတော့ သူမကို အဖမ်းစားခဲ့ဆုံးပင်။ သူမကို မိန်းမောရူးသွပ်သွားစေခဲ့သော တရားခံတွေထဲမှာ ထိုနေရာလေးတွေကလည်း ကျိန်းသေ ပါ၏။

တွေ့လား.... မြေနီလမ်းကလေးတွေ။ ရေကန်ကျယ်ကျယ်တွေကို ဘယ်ညာခြံရံလို့... ကြာတွေလည်း ပွင့်ကြသည်။ ဒါ့ထက်ပို၍ သက်ဝင်ပြည့်စုံမည့် ရှုခင်းပန်းချီကားတချပ် ဘယ်မှာမှ မရနိုင်တော့။

ထန်းပင်တွေ၊ အုန်းပင်တွေ၊ ကုက္ကိုပင်အုပ်ကြီးတွေကြောင့် စိမ်းရိပ်နေသော ဟောသည် ကမ်းနားကလေး ကလည်း ဆောက်တည်ရာမရခဲ့ဖူးသည့် မိန်းမတယောက်၏စိတ်တို့ကို ငြိမ်ဝပ် သွားစေခဲ့ဖူးသည်။ သံလွင်မြစ်ကို ဖြတ်တိုက်လာသည့် လေညှီညှီစိမ်းစိမ်းကို ရှူရှိုက်ရင်း အေးရိပ်ခိုခဲ့ဖူးသည်။ ဖြစ်ချင်ရာဖြစ်ဆိုသော စိတ်ဝေဒနာဖြင့် ကမ်းနဖူးမှာ ရပ်ရင်း မြစ်ရေညိုညိုထဲ ငုံ့ကြည့်မိစဉ်မှာ မြစ်ရေစီးကြောင်းသန်သန်ထဲ ထင်းတုံးတွေ ခက်ခဲတကြီး လိုက်ဆယ်နေသည့် ကလေးတစုကို အမြင်မှာ.... “အသက်တာ” ရဲ့ တန်ဖိုးကို သတိဝင်သွားခဲ့ရဖူးသည်။

အဲဒီနေ့ရက်တွေတုန်းက မြို့ကလေးဆီကို ရောက်စ... ဒဏ်ရာအနာတရ ပလပွနှင့် မိန်းမ သည် သူမရဲ့ နေ့ရက်တွေကို မြို့ကလေးရဲ့ ရင်ခွင်ထဲကနေ တမေ့တလျော့.... ဖြတ်ခဲ့... လွယ်လွယ်ငိုခဲ့.... ပြီးတော့ လွယ်လွယ် ပျော်ခဲ့တာ... ရက်များစွာ......။

တကယ်တော့ သူမကိုက.... မြို့ကလေးကို .... အသုံးချခဲ့တာလေ။

တခါတလေများ သူ့ရင်ခွင်ဆီကနေ သူနှင့် အလွန်နီးသည့် နယ်ခြားဒေသမြို့ကလေးများဆီအထိပင် ခြေဆန့်လို့ သူမက ပျံဝဲခဲ့သေးတာ....။ ပြီးတော့ စိတ်ရဲ့ဖြေရာတဲ့လေ။ သူ့ရင်ခွင်ထဲမှာ လိုသလို ပျံဝဲခွင့်ရခဲ့တာ.... သုံးနှစ်..... တဲ့။ သူမစိတ်ထဲမှာတော့ နာရီပိုင်းလောက်သာ ကြာခဲ့သည်ဟု ထင်သည်။

ခုတော့ဖြင့် သူ့ကို ထားခဲ့ရတော့မည်။
သူနဲ့ ဝေးရာ.... ဇာတိမြေဆီကို သူမ ပြန်ရတော့မည်။
“ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခွင့်” တဲ့။
အဲဒီ အမိန့်စာလေးက သူမကို မီးလျှံလိုပဲ ပူလောင်စေလှသည်။

......................

ခုချိန်ကျမှတော့ သူ့ခြေရင်းမှာ ဒူးထောက်ငိုကြွေးရုံကလွဲ၍ သူမအတွက် အခွင့်အရေး တစုံတရာ မရှိတော့ပါ။ “ကျမကို ခွင့်လွှတ်ပါ” ဆိုရုံမျှနှင့်တော့ မလုံလောက်တော့ပြီ။ သို့ပေမဲ့ သူမ တောင်းပန်ချင်လှပါသည်။

.....................

ထိုမိန်းမက တောင်ထိပ်ရဲ့ အဖျားလေးမှာ ဒူးထောက်ထိုင်ချလိုက်သည်။ မြို့ကလေးကို လှမ်းကြည့်တော့ မှုန်းဝါးလို့နေ၏။ လေတိုးသံမှအပ တိတ်ဆိတ်နေသော ဝန်းကျင်မှာ သူမ ရှိုက်ငင်သံကသာ ကျယ်ကျယ်လောင်လောင် ရှိနေသည်ထင်၏။ သူမက ကိုယ်ကို လျော့ချပျပ်ဝပ်ကာ မြေပြင်ကို နဖူးနှင့် ထိကပ်လိုက်သည်။ ပြီးမှ သူရူးတယောက် လို ထိပ်လန့်တကြားနိုင်စွာ ကောင်းကင်ကို မော့မျှော် တိုင်တည်သလို.......
“ကျမကို ခွင့်လွှတ်ပါ။ ကျမရဲ့ အသည်းနှလုံးတွေ ဒီအရပ်မှာပဲ ကျန်ရစ်ခဲ့ပြီ ဆိုတာကို ကျမ သစ္စာ ဆိုပါတယ်။ အဲဒီ မှန်တဲ့သစ္စာကြောင့် မြို့ကလေးက ကျမကို ခွင့်လွှတ်နိုင်ပါစေ”
ဟု တုန်တုန်ယင်ယင် ရေရွတ်လိုက်လေသည်။

......................

အတ္တကြီးသည့် ထိုမိန်းမက ဘဝထဲမှာပင် မခံစားချင်သော ကာလတွေ၊ အဖြစ်အပျက်တွေ ဆိုလျှင် မည်မျှပင် အရေးကြီးပါစေ တမင်မေ့ချန်ထားပစ်ခဲ့တတ်သူပဲ ဖြစ်သည်။ ခုလည်း မြို့ကလေးကို ခွဲချန်ထားခဲ့ရတော့မည့် နောက်ဆုံးနှုတ်ဆက် ညနေလေးမှာ ထိုမိန်းမက မိမိ နှလုံးသည်းပွတ် တည်နေရာကလေးကိုပင် ကျောခိုင်း မေ့လျော့ဖို့ ကြိုးစားခဲ့တာ။ သူမ၏ ဒယိမ်းဒယိုင်ခြေလှမ်းတို့က အိမ်အပြန် အဆောင်ဝင်းဆီ ဦးတည်.........။

သို့ပေမဲ့ တောင်ထိပ်ဆီမှာ ကျန်ခဲ့ပြီဟု သူမ မှတ်ထင်ခဲ့မိသည့် .....
‘ကျမကို ခွင့်လွှတ်ပါ.... ကျမရဲ့ အသည်းနှလုံးတွေ ဒီအရပ်မှာပဲ ကျန်ခဲ့ပြီဆိုတာကို ကျမ သစ္စာ ဆိုပါတယ်...... အဲဒီ မှန်တဲ့ သစ္စာကြောင့် မြို့ကလေးက ကျမကို ခွင့်လွှတ်နိုင်ပါစေ..’
ဟူသော သူမ၏ ငိုကြွေးတိုင်တည်သံက ညနေလေပြေနှင့်အတူ မျောလွင့်ကာ တောင် နံရံတွေကို ရိုက်ခတ်၊ တဖန် ပဲ့တင်ပြန်ကာ သူမထံကို လိပ်ပြာတွေအဖြစ် အုပ်ဖွဲ့ပျံလာကြ၏။ ပြီးတော့ သူမ မျက်နှာဆီ.... အဓမ္မ တိုးဝင်.... ရှောင်တိမ်း ဖယ်ရှားမရ....။

RC
အို.... လိပ်ပြာမဲမဲတွေ.... အဖြူလွလွလေးတကောင်တလေများ ပါလိုပါငြားဖြင့် သူမ ရှိုက်ငင် မောပန်းရှာဆဲ.... ဖြူလျော်လျော်လိပ်ပြာလေးတကောင်က လှစ်ကနဲ ပျံပြေးလေသည်။ တကယ်မှာ လိပ်ပြာလေးက သူမကို ဖမ်းခေါ်သွားခဲ့တာ။ လိပ်ပြာလေး ပျံသန်းရာ နောက်ကိုပင် ပယ်ငြင်းမရဘဲ သူမ လိုက်ပါသွားခဲ့ရတာ.... လိပ်ပြာကလေးက သူမကို မေ့ထား မရနိုင်သည့် ဘဝကလေးတခုထဲကို တွန်းပို့ခဲ့လေသည်။

ဟော... ဟိုရှေ့မှာ စက္ကူပန်းရုံ ရောင်စုံခင်းတွေ၊ တရုတ်စကားပင်ပျိုတွေ၊ ကံ့ကော်တွေ ဝေနေတဲ့ ခြံဝိုင်း ကလေးလေ.....။ (ထိုဝင်းကလေးသည် သူမ မေ့လျော့အထားချင်ဆုံး နေရာ၊ တချိန်တည်းမှာပဲ သူမ အစွဲလန်းဆုံး နေရာ။ သူမ ထွက်အပြေးချင်ဆုံးဘ၀၊ တချိန် တည်းမှာ ဘယ်လိုမှ ချန်ထား မေ့လျော့ထွက်ပြေးမရသော ဘဝ။ ထိုနေရာကလေးသည် သူမ၏ အဖြစ်အားလုံးတို့ သိုလှောင်ရာ နှလုံးသည်းပွတ်ဖြစ်သလို မြို့ကလေး၏ အသည်းနှလုံးကဲ့သို့လည်း အရေးပါလေသည်။) တရုတ်စကားပွင့်တွေက တဖွဲဖွဲကြွေလို့။ ကံ့ကော်တွေကလည်း သူမရောက်ခါစကလို ပင်ညွန့်တွေနီလို့။ စက္ကူပန်းတွေကလည်း သိပ်သိပ်ဝေလို့။ ခုတော့ တံခါးပိတ် တိတ်ဆိတ်နေတဲ့ စာသင်ခန်းတွေ.....။

တရုပ်စကားပွင့်များနှင့်သစ်ပုတ်ပင်

ဟင့်အင်း....။
သူမ မျက်စေ့စုံမှိတ် ငြင်းဆန်တော့ သူမ ပါးပြင်မှာ လိပ်ပြာကလေး လာနား၏။ ပြီးတော့ “ဒီလို ထွက်ပြေးလို့ မလွတ်ပါဘူး” ဟု တိုးတိုးဆိုသည်။

ဟင့်အင်း..... ဟင့်အင်း......။
နှလုံးတို့ နာကျင်လာကာ စိတ်ကို လျှော့ချဖြေလွှတ်လိုက်တော့ ခန္ဓာကိုယ်က သူမရဲ့ ရုံးခန်းလေးရှေ့ မြက်ခင်းပြင်ပေါ် ပုံကျသွားခဲ့ပြီ။ နောက်ဆုံးတော့လည်း ထပ်မံ ဒူးထောက်ရပြန်တာပါပဲ။ ဒီနေရာလေးမှာ ဆိုရင်တော့ သူမသည် အသနားခံစာ တင်သွင်း၍ပင် မရနိုင်လောက်အောင် အပြစ်ကြီးလေးသည့် တရားခံ တစ်ယောက် ဖြစ်ပါသည်။

လေပြေလေးတဝှေ့မှာ ကံ့ကော်ရွက်နုရနံ့ စိမ်းစိမ်းပျံ့ပျံ့လေးကို ရှုရှိုက်လိုက်ရသည်။ ဟင့်အင်း.... အဲဒါကိုလည်း မေ့ပါရစေ။ နှလုံးသားတို့ ခုန်ထွက်မတတ် ဆတ်ဆတ်ခါသည် ထင်၏။ မျက်စေ့တို့ကို မဖွင့်ရဲစွာ တင်းတင်းပိတ်ထားဆဲ.... ကံ့ကော်ပန်းရနံ့၊ သရက်ရွက်နုနံ့၊ တရုတ်စကားရနံ့ အဲဒါတွေကိုတော့ စုံမှိတ် ငြင်းဆန်မရဘဲ ရှိလေသည်။

ဟော.....
ရယ်သံလွင်လွင်လေးတွေ.... မုန့်တွေ လုစားကြ....
စက္ကူမြားတွေနဲ့ ..... စကားသံဝဲဝဲလေးတွေ....
ဟော.....
စက်ဘီးအစီးပေါင်းများစွာရဲ့ ဘဲလ်သံချိုချိုလေးတွေ.....
တစီးနဲ့ တစီး တွန်းတိုက်ကြတော့မလို.... စီရီလို့....
ဟော....
ယောက်ျားလေး အဆောင်ရှေ့ မြေကွက်လပ်ဆီက
ဘောပွဲ အားပေးသံတွေ...
ဟော.....
ခန်းမ “နှစ်” ဆီက ဂစ်တာ ကြိုးညှိသံတွေ.... မိုက်ခရိုဖုန်းစမ်းသံတွေ.....
ဟော.....
မိန်းကလေးဆောင်ရှေ့မှာ ဂစ်တာ သီချင်းသံသဲ့သဲ့....
မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပြီ တဲ့။
ရှက်ပြုံးလေးတွေနဲ့ ကောင်မလေးတချို့ရဲ့ ခေါင်းမှာ ကံ့ကော်တွေ ဝေလို့။
‘လဂွန်းအိမ်’ ဆိုတဲ့ ခေါင်းစဉ်ကိုသာ သင်ရပေမဲ့ “မင်းတို့ လဂွန်းအိမ်နဲ့အတူ ရာဇာဓိရာဇ်ကို သိရမယ်.... ဘုရင်မင်းခေါင်ကို သိရမယ်... သူရဲကောင်းဆိုတာကို သိရမယ်.... စစ်ရဲ့ အကျိုးအပြစ်တွေကို သိရမယ်” တဲ့။ ဒါက ခန်းမ ‘တစ်’ဆီက... သူမရဲ့ (တချိန်က) စာသင်သံ။

ခုတော့ဖြင့်... အားလုံးကို ချန်ထားခဲ့ရပြီ။ ဘာတခုမှ ပေးချေခွင့် မရှိတော့ပြီ။ လိပ်ပြာ ကလေးက လူးလူးလှိမ့်လှိမ့်။ ကျမကို ခွင့်လွှတ်ပါ။

....................

(နှစ်)

လွန်ခဲ့တဲ့ သုံးနှစ်မှာ.....
အသည်းကွဲနေ့ရက်တွေထဲ လူးလှမ့်နေရတဲ့ မိန်းမတယောက်ဟာ သူမရဲ့ ထွက်ပေါက် (ဒါမှမဟုတ်) ခေတ္တိုနားခိုရာအဖြစ် (မြို့တော်ကြီးကို ကျောခိုင်းဖို့) မြို့လေးတမြို့ကို ရွေးချယ် ခဲ့ပါတယ်။ အဲဒါ... ဟောဒီ မြို့ကလေးပေါ့။ အဲဒီ မြို့ကလေးဆီကို တခါမှ မရောက်ဖူးပါဘဲနဲ့ အဲဒီမိန်းမက ယုံယုံကြည်ကြည် ကျေကျေနပ်နပ် နဲ့ ရွေးချယ်ခဲ့တာ။

သူမဘဝကို ဆေးကုရင်း အဲဒီမြို့ကလေးကိုပါ ရှင်သန်ဖွံ့ဖြိုးအောင် စိုက်ပျိုးမယ်တဲ့လေ။
အဲဒီတုန်းက အညိုရောင် ဖျော့ဖျော့မြို့ကလေးကို သူမက မြေသြဇာကျွေးချင်ခဲ့... ပေါင်းတင် ပေးချင်ခဲ့.... ရေလောင်း၊ ပိုးသတ်၊ ပျိုးထောင်ပေးချင်ခဲ့.....။ သူမရဲ့ ပန်း များစွာကို ပွင့်ဖူးစေ ခဲ့တဲ့ လက်တွေအားကိုး နဲ့ပေါ့။ အဲဒီမြို့ကလေး စိမ်းလန်းဝေဆာဖို့၊ နေသာဖို့၊ မိုးကောင်းဖို့၊ လေပြေလေညှင်းတွေ မွှေးပျံ့ဖို့အတွက်ဆိုရင် ကိုယ့်နှလုံးသားကိုပါ ချကျွေးချင်ခဲ့တဲ့ မိန်းမပေါ့။
တကယ်တမ်းကျတော့ မြို့ကလေးကသာ သူမကို ထွေးပွေ့နှစ်သိမ့် ခဲ့ရလေသည်။
..........................

နံနက်ခင်းဆိုတာနဲ့ ထင်းကနဲ လင်းပြက်ဆူညံသွားတတ်တဲ့ အဲဒီမြို့ပူပူကလေးမှာ သူမရဲ့ အေးခဲခဲ့သွေးတွေက ပြန်နွေးခဲ့သည်။ အဲဒီမြို့ကလေးမှာ ကလေးတွေကို စာသင်ရင်း ... မြို့ပြယန္တရား၊ လူမှုယန္တရား၊ စနစ်ယန္တရားဆိုတာတွေကို ပို့ချရင်း မြို့လေးရဲ့ တိမ်းမူးဖွယ် ညှင်းညံ့သော လေပြေသွေးထဲမှာ သူမ လူးလိမ့်မျောပါနေခဲ့သည်။ “ကျောင်းဆရာမ တယောက်ရဲ့ တာဝန်ဟာ စာသင်ရုံမဟုတ်၊ ဘဝတွေကိုပါ သင်ပေးရမယ်” ဟု ကြွေးကြော် ရင်းနှင့်ပင် သင်ပေးလို့မရသော ဘ၀တွေကို ကြုံကြိုက်ခဲ့ရတာ။ သူမ ငြင်းဆန်ဖို့.... တိုက်တွန်းဖို့ မတတ်သာခဲ့။ စပါးစိုက်ရင်း ကျောင်းတက်၊ အဝေးပြေးကားမောင်းရင်း ကျောင်းတက်၊ အထည်ဆိုင်ထွက်ရင်း ကျောင်းတက်။ အဲဒီနယ်စပ် မကျတကျ မြို့ကလေး က သူမထက်ပင် ဘဝဆိုတာ ဘာလဲဟု သူမရဲ့ ကလေးတွေက ပြန်သင်ပေးနိုင်ခဲ့တာ....။ သူမကိုယ်တိုင် ဒါကိုပဲ လက်ခံနေရပြီ။

................................

အဲဒီမြို့ကလေးမှာ မနက်ခင်း အလင်းရောင်လာသည်နှင့် အလုပ်ခွင်စဝင်ကြ၊ အလုပ်ကလည်း ပုံသဏ္ဍာန်မျိုးစုံ၊ အမျိုးအစားပေါင်းစုံ။ ညနေခင်းးကျတော့ အပန်းဖြေကြ၊ ညကျတော့ ရုပ်မြင်သံကြားကြည့်.... ဒါမှမဟုတ် ဗွီဒီယိုရုံပွဲတွေကြည့်။ ဟော.... အလုပ်နားရက် ကျတော့ အသက်ကြီးသူ တချို့က ဘုရားပုထိုး၊ ကျောင်းသင်္ခန်းသွား..... လူငယ်တချို့က လက်ဖက်ရည်ဆိုင်ထိုင်၊ အလည်အပတ်ထွက်ကြ၊ တချို့သော လူကြီးလူငယ်တွေက တစုံတရာကို သုံးလို့ မူးယစ်ရီဝေကြ။ ရင်နာစရာကောင်းတာတခုက မြို့ကလေးရဲ့ ညနေခင်းတိုင်းဟာ ထန်းရည်နံ့၊ အရက်ဖြူနံ့တွေ စိုရွှဲနေတတ်တာပဲဖြစ်သည်။

စာသင်ခန်းထဲမှာ သူမက ‘တယောက်ကအစ တရာ’ ဆိုသည့် အင်အားသဘောကို ယုံကြည်စွာ စာသင်ခန်းထဲမှာ ဗိုလ်ချုပ်အကြောင်းပြော၊ ရာဇာဓိရာဇ် အကြောင်းပြော၊ အနော်ရထာနဲ့ ကျန်စစ်သား အကြောင်းပြော၊ ဂျိုဆေရီဇော် အကြောင်းပြော၊ ပြင်သစ် သူရဲကောင်းမလေး ဂျုံးအကြောင်းပြော၊ ဘိုးရာဇာအကြောင်းပြော၊ မဟတ္တမဂန္ဓီ အကြောင်း ပြော.....ပြော....ပြော....။
သူမစိတ်ထဲမှာတော့ ပျိုးခင်းတွေကို ပေါင်းလိုက်၊ မြေသြဇာကျွေး ပေးနေရသလို နှစ်သိမ့် ကြည်နူးလို့။

သို့ပေမဲ့ သူမရဲ့ မြေသြဇာတွေကပဲ အဆမတန်ဖြစ်လေသလား၊ အချိန်ပဲ မတန်လေသလား၊ သူမရဲ့ ပျိုးပင်လေး တွေက ခေါင်းတောင် လန်းစွင့်မလာကြပါ။ ထိုစဉ်က စိတ်ဓါတ်ကျခဲ့တာ ခုထိ သတိရနေမိသေးသည်။ ထိုအခါ စိတ်ကျကျထဲမှာ ဗိုက်ဆာတာကပင် ပိုဆိုးလာသည် ထင်၏။ ကိုယ်တိုင်လက်ပန်းကျ၊ စားဝတ်နေရေးထဲ အလဲလဲ အပြိုပြို။ သည်လိုနှင့် ကိုယ်တိုင်ပင် ငွေသာပဓါနဟု ထင်ယောင်လာသည်။ ရင်ထဲမှာ အဆမတန် မောဟိုက် ပင်ပန်း နွမ်းနယ်......။

အဲဒီအချိန်တွေမှာပဲပေါ့။ အင်မတန် စိတ်ကူးယဉ်သော သူမက ခိုလှုံချင်စဖွယ်သော မြို့ကလေးရဲ့ ရင်ခွင်ကို အသုံးချခဲ့တာ။

သူ့ရဲ့ ရင်ခွင်ထဲမှာ.......
ညနေတွေမှာ ကမ်းနားစပ် ကုက္ကိုပင်တွေ အောက်မှာ ဟိုးဝေးဝေးဆီက တောင်ညိုတန်း တွေဆီ ငေးမောရင်း အလွမ်းတွေကို ဆေးကြော.......။
ပူပြင်းလောင်မြိုက်နေတဲ့ ဘဝကို မြစ်ရေအေးအေးလေးနဲ့ စိမ်ဆေး။
မြို့ကလေးကို ပွေ့ပိုက်ထားတဲ့ တောင်တွေရဲ့ အရိပ်မှာ နာကျင်ကြေမွတဲ့ နှလုံးသားကို မြှုပ်နှံ....။
တကယ်ကို အနာတွေ သက်သာရာရသည် ထင်၏။
အဲဒီအချိန်တွေမှာ မြို့ကလေးက တကယ့်ကိုပဲ နွေးထွေးတဲ့ ရင်ခွင်နဲ့ သူမကို ထွေးပိုက်ခဲ့တာ သေချာလှပါသည်။

အဲဒီမြို့ကလေးဟာ မှော်အောင်တဲ့ မြို့ကလေးဟုလည်း သူမက ယုံသည်။ ကြည့်လေ.... ကုန်းတက်ကုန်းဆင်း လမ်းကလေးတွေကို ခြေဖဝါးနဲ့ နင်းရင်း အဲဒီ မြို့ကလေးရဲ့ သွေးသား မြို့သူမြို့သားတွေနဲ့ သူမ သွေးနီးခဲ့တာ..... တသားတည်းကျလို့။ အဲဒီမြို့လေးနှင့် ထပ်တူ ပေါ့ပေါ့ပါးပါး ပျော်ရွှင်နေတတ်ခဲ့ပြီ။
ဘဝဆိုတာ
တိုတိုလေးမို့
ငှက်ကလေးတွေလို
ပျော်ကြစို့
ဆိုသော ကဗျာလေးပါသည့် ပို့စ်ကဒ်တခု သူမထံမှာ ငယ်ငယ်က ရှိခဲ့ဖူးသည်။ ခုတော့ အဲဒီ ကဗျာကို ကောင်းကောင်း ထောက်ခံသော လူတွေရှိရာ မြို့ကလေးကို သူမ လက်တွေ့ ရောက်ဖူးခဲ့ပြီ။ သူမက အင်မတန် ထိလွယ်ရှလွယ် ငိုလွယ် ရယ်လွယ်သူ......။

မြို့ကလေးကတော့ဖြင့် နာခဲ၊ ငိုခဲလှသည်။ မြို့ပြမှာ ကြားရလေ့ရှိသော ညည်းညူသံ၊ ညည်းတွားသံတွေကို မြို့ကလေးမှာတော့ ကြားရခဲမည်။ တကယ်တမ်းကျတော့ ဒဏ်ရာရ ကြပုံချင်း အတူတူ။
“ဘာမှ မထူးဘူး ဆရာမ... နာလှချည်ရဲ့လို့ အော်နေတော့လည်း ဆွဲထူမယ့်လူမှ မရှိဘဲ။ ဒီတော့ အော်နေမယ့်အစား ကိုယ်တတ်နိုင်သလောက် ကုန်းထရမှာပဲ။ ထ မရတော့လည်း လှဲအိပ်နေလိုက်ရုံပေါ့”
ဟူသော ကလေးတယောက်ရဲ့ တုံ့ပြန်စကားအကြားမှာ သူမ မျက်ရည်ကျချင်ခဲ့ဖူးသည်။ ဒါဖြင့် သူမက ဆွဲထူမည့် သူလား၊ လဲကျနေသူတွေက အများကြီး။ ပြီးတော့.... ဆွဲကူ ထူမည့် သူမကိုယ်တိုင်က အင်အားချိနဲ့နေသူ။ ယိုင်လဲကျလုမျှ တဲတဲလေး....။
“စာဖတ်ကြစမ်းပါကွယ်... မင်းတို့အရွယ်လောက်မှာ ဘယ်လောက်မှ မဖတ်နိုင်ရင်တောင် လက်လှမ်းမီ သလောက် ဗဟုသုတ ရမယ့်စာအုပ်တွေ ရှာဖတ်ကြပါ.....”
ထိုမျှ အားပေးရုံလောက်တော့ သူမ တတ်နိုင်ပါသည်။ ကလေးတွေရဲ့ မျက်လုံးတို့ တောက်ပြောင်လာ၏။
“လွမ်းမောဖွယ် တက္ကသိုလ်နွေညများ”၊ “ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်”၊ “ယောနသံစင်ရော်” တို့.....။ သူမပင် စကားမဆုံးသေး ကလေးတွေ ဆူညံဆူညံဖြစ်လာသည်။
“ဘယ်ဆိုင်မှာ ရှာရမလဲ ဆရာမ”
ဟုတ်ပါရဲ့။ ထိုမြို့လေးမှာ စာအုပ်ဆိုင် ကောင်းကောင်း မရှိပေ။ ဒါဖြင့် သူမက ရှာပေးရင်ကော....။ ကျောင်းသူကျောင်းသား ထောင်ကျော်အတွက် သူမက စာအုပ် ဘယ်နှအုပ် ပေးနိုင်မှာလဲ။
“မင်းတို့အသက် နှစ်ဆယ်ကျော်ကြပြီ။ တက္ကသိုလ် ပညာသင်နေကြတာ။ တက္ကသိုလ် ပညာရေး စနစ်ဟာ ဆရာဆရာမ သင်ပေးသမျှကိုပဲ လက်ခံယူဖို့ မဟုတ်ဘူး။ ကိုယ့်ဘာသာ ပိုကျယ်ကျယ် ပြန့်ပြန့် ရှာဖွေလေ့လာ ကြရတာ”
ကလေးတွေက မျက်လုံးဖျော့ဖျော့တွေနှင့်။ သူတို့က မှတ်စုပေးလျင်တော့ တက်တက် ကြွကြွ ကူးချင်ကြ၏။ Lecture (လက်ချာ) သဘောကိုမှ နားမလည်နိုင်ကြ။ ပြီးတော့ စာတစ်ပုဒ် သင်တိုင်း တက်ညီလက်ညီဖြင့်.... “ဒီအပုဒ်က စာမေးပွဲအတွက် အရေးကြီးလားဆရာမ” ဟု မေးတတ်ကြသည်။ ဒါပဲလေ... သူတို့ရဲ့ ရပ်တည်မှု။

အဲဒီလှိုင်းတွေကို သူမ ခက်ခက်ခဲခဲ ကူးခတ်ကျော်ဖြတ်ရ၏။ ကူဖော် အားပေးဖော် မရှိ။ ကြာတော့လည်း လက်ပန်းကျချင်ပြီ။

ညနေ ညနေတွေမှာတော့ သူမရဲ့ တင်းအားတွေ လျော့ပြေနိုင်၏။ ကောင်လေးတွေက ဂစ်တာကိုယ်စီနှင့် ကျောင်းဝင်းစပ် ကံ့ကော်ပင်ရိပ်မှာ....။ ကောင်မလေးတွေက မလှမ်းမကမ်းတွေမှာ ၀ိုင်းဖွဲ့ထိုင်လို့.... အဆောင်မပိတ်ခင် ခြောက်နာရီထိ.... နေအ၀င်ကို စောင့်ကြိုနေကြသလို...။
“ပန်းခရမ်းပြာ ဗေဒါလေး ကမ်းစပ်နားမှာ ငြိတွယ်
လမ်းတံတားဖြူ နေရာလေး တေးသံလွှမ်းစေကွယ်
ငြိမ်းအေးရာ ဖွေရှာရင်း မိန်းမောငေးကာကြည့်နေ
ပိန်းပိတ်အောင် မမှောင်ခင်လေး ဆည်းဆာအလှဖြာဝေ”
ကောင်လေးတွေ ပြိုင်တူအော်ဆို.... ကောင်းမလေးတွေက တီးတိုးလိုက်ညည်း။ တကယ်တမ်းကျတော့ အဲဒီ တံတားဖြူ အင်းလျားကမ်းပါးစပ်ကို သူတို့ထဲက တချို့တလေသာ ရောက်ဖူးကြမည်ထင်၏။ တက္ကသိုလ် ပရိဝုဏ်ဆိုတာက ဒီမြို့ကလေးဆီမှာတော့ ကျောင်းဆောင် လေးငါးဆောင်နှင့် သုံးဧကခန့်သာ ကျယ်ဝန်းသော ‘၀င်း’ တစ်ခုသာ ဖြစ်သည်။ ထိုကောလိပ်ကလေးကို ရောက်စက သူမ စိတ်ကူးယဉ်ခဲ့သေးသည်။
ဒါထက် ပိုကျယ်ဝန်းဖို့ပဲလိုမည်။ အဆောက်အဦး ကောင်းကောင်းတွေ မရှိလျှင်နေပါစေ.... သစ်ရိပ် ၀ါးရိပ် ကောင်းကောင်းနှင့်ဆို.... ထိုကျောင်းကလေးက သူမ ကြားဖူးသည့် တဂိုးရဲ့ ရှန္တိနိကေတန်လို ဖြစ်လာနိုင်တယ်.....
သူမရဲ့ တပည့်လေးတွေကတော့ သူတို့နေရာလေးမှာ ပျော်နေကြသည်။ ဘာကိုမှလည်း ပိုမမက်မောကြ။ အဆောင်ထမင်းဟင်း မကောင်းလည်း ရယ်စရာလုပ်ပစ်ကြသူလေးတွေပါ။ နေ့လယ်ဗိုက်ဆာတော့ လက်ဖက်ရည် သောက်ပြီး ရေနွေးကြမ်းနှင့် စိမ်ကြ၏။
“ဗိုက်ဆာတဲ့အချိန် လက်ဖက်ရည်သောက်ရင် အတော်ပဲဆရာမရဲ့ ရင်ခံပြီး ဗိုက်ပြည့်သွားရော”
သူတို့နည်းနှင့်သူတို့ လောကဓံကိုလည်း ရင်ဆိုင်တက်ကြလေသည်။ ဘယ်လိုက ဘယ်လို ရသော အရည်အချင်း များလဲ....။ သိုနှင့်ပင် သူမပါ ကလေးတွေနှင့် တသားတည်း ကျစပြုလာကာ အရာရာကို ရောင့်ရဲ ရင်ဆိုင် တတ်လာတာ။

ဒါဟာ.... အညံ့ပဲ.... အရှုံးတစ်မျိုးပဲဟု တွေးမိသည့်ကြားကပင် သူမက အဲဒီရေစီးကြောင်းထဲ မျှောလိုက်ချင် လာခဲ့တာ။

 ဦးချစ်ဆိုင်

.......................

စာသင်ခန်းထဲမှာ မှတ်စုကိုသာ လိုချင်သော ကလေးတွေများသော်လည်း လက်ဖက်ရည်ဆိုင်ထိုင်ကြ လျှင်တော့ဖြင့် သူမရဲ့ ကလေးတွေက သူမပြောသမျှ မြို့ပြအနာဂတ်တွေ၊ ကိုယ်ကျင့်တရားတွေ၊ ဖွံ့ဖြိုးခြင်းနှင့် တိုးတက်ခြင်းဆိုတာတွေကို စိတ်ဝင်စားကြသားပင်။ ဒါပေမဲ့.... အဲဒါကလည်း လူနည်းစုကလေးလေ။

နောက်တော့ ဝမ်းရေးဆိုတာလည်း ဆွေးနွေးဖူးသည်။ လွမ်းရေးလည်း ပါ၏။ ပြီးတော့ သူတို့လေးတွေဆီက “အိမ်မိုးဖက်” လှောင်တာ၊ မီးသွေးလှောင်တာ၊ မြေပဲလှောင်တာ တွေပင် သူက ပြန်လည် သင်ယူဖြစ်သေး။ စာသင်ရင်း ဆာလာသော ဝမ်းကိုဖြည့်ဖို့ သူမလည်း ‘ဖက်’ တွေ၊ ‘မြေပဲ’ တွေ လှောင်တတ်လာပြီ။ ငွေစက္ကူတွေ တွက်ချက်ရင်း စာဖတ်ချိန်နည်းနည်း လျော့လာသည်။ ဟော.... ငွေစက္ကူတွေ တွေ့တွေ့လာတော့လည်း အရင်က ငွေစက္ကူကြောင့်ပဲ ကျောခိုင်းချင်ခဲ့သည့် မြို့ပြဆီကို ပြန်ပြန်ပြေးချင် လာပြန်သည်။

တဖြည်းဖြည်းနှင့် သူမကိုယ်တိုင်ပင် အဆိပ်သင့်လာပြီ။ သည်လိုနှင့်ပင်... သူမက မြို့လေး ကို သိသိသာသာ အသုံးချနေခဲ့ပြီ။ မြို့ကလးကို စိုက်ပျိုးမည့်မိန်းမက မြို့ကလေးဆီမှ ရသလောက်ကို ရိတ်သိမ်းလျက် မြေသြဇာတွေကိုပင် ချက်ချင်းအသုံးမချဘဲ သိုလှောင်လို့သာ ထားနေခဲ့ပြီ။ အဲဒီ မြေသြဇာတွေ တချိန်တော့ အသုံးချမှာပေါ့....... တဲ့။

ခုတော့ဖြင့်......
မြို့ကလေးရဲ့ ရင်ခွင်ထဲမှာ ပန်းချီတွေရေး၊ ကဗျာ.... ဝတ္ထုတွေရေး၊ သီချင်းတွေဆို၊ တောင်တန်းများဆီ ပျံသန်းရင်း မြို့ကလေးဆီမှာ ငြိမ်းချမ်းသာယာမှုကို စုပ်မြို.... မြို့ကလေးကို အသုံးချခဲ့တာ။

ဘ၀တစ်ခုထဲမှာ အဆိပ်သင့်ခဲ့ဖူးသော မိန်းမတစ်ယောက်ကို မြို့ကလေးက အဆိပ်ပြေစေခဲ့ဖူးတာ ငြင်းဆန်မရ။

စိတ်ကူးအိပ်မက်တွေထဲမှာ ဖျက်ခနဲ လန့်နိုးလျှင်တော့ သူမက ရုပ်ပိုင်းမှာ တဖြည်းဖြည်း ဖွံ့ဖြိုးလာသော မြို့ကလေးကို စိတ်ပိုင်းအရပါ တိုးတက်လာအောင် ပြုစုဖို့ဆိုတာကို သတိရနေဆဲ...။
ခုတော့ဖြင့်....။

......................

(သုံး)
သူ့ရဲ့ ပွေ့ပိုက်လက်တွေကြားမှာ
အချစ်တေးသွား ကျိုးအပဲ့တွေကတောင်
မြိုင်ဆိုင်သာယာကြရဲ့....
သူဘယ်လို ဖမ်းစားသလဲဟင် !
ဒုက္ခတွေကိုတောင် ချိုမြိန်စေတဲ့အားနဲ့
သူ့ရဲ့ပါးပြင် လမ်းသွယ်တွေထဲ
တိုးဝင်ရဲစေခဲ့တာ.....
အဲဒီ မြို့ကလေးအတွက် သူမ ကဗျာရေးဖြစ်တော့လည်း ထိုကဗျာက ကိုယ်တိုင် ရေးတာ မဟုတ်.... ‘မှော်’ တမျိုးက ရေးလိုက်သလို.... သူမရဲ့ လက်ဖျားတွေဆီမှ စာကြောင်းတွေ အလွယ်တကူ မျောကျသွားခဲ့ကြ၏။

တကယ်ပါ..... စိတ်ငြိမ်းအေးတရား တို့နှင့် ဝင်းပနေသော ထိုမြို့ကလေးမှာ ဒုက္ခတို့ကပင် ချိုမြိန်ကြ၏။ သိပ်စနစ်မကျလှသည့် ဘာသာရေးနည်းလမ်းတွေကပင် ထိုမြို့ကလေးကို ရောင့်ရဲအေးချမ်းအောင် ထိန်းကွပ်ပေးနိုင်တာဟာ မြို့ကလေးရဲ့ ပျော့ပြောင်းမှုကြောင့်ပင် ဖြစ်ပါလိမ့်မည်။
“ဘာမှ များများ မတွေးချင်ပါဘူး ဆရာမရယ်... ဂုဏ်သိက္ခာအတွက် ဘွဲ့တခုရဖို့ ကျနော်တို့ ကျောင်းလာတက် တာ၊ ကျောင်းပြီးရင်... လယ်ပဲ လုပ်မှာ.....၊ ကုန်ကားပဲ မောင်းမှာ....၊ ဆိုင်ပဲ ဆက်ထွက်ရမှာ....။”
အရင်းအနှီးမရှိသူတွေ၊ မိဘလက်ငုတ်လက်ရင်း မရှိကြသူတွေကတော့ “တောင်ပေါ်ပဲ သွားရမှာပဲ” တဲ့။(သူတို့က နယ်ခြားဒေသကို တောင်ပေါ်ဟု ခေါ်ကြသည်)

မြို့ကလေးဆီမှာ တခါတခါတော့ ထိုသို့ သူမ အသက်ရှုရ ကျပ်တတ်သည်။ အဲဒီအခါ မှာတော့ အရှိန်ပြင်းပြင်း စီးဆင်းတတ်သည့် သံလွင်မြစ်ရေတွေကို သွားငေးနေလိုက် ရတာပါပဲ။ သူမကိုယ်စား စီးဆင်းသော မြစ်ရေတွေ အလျဉ်မပြတ် အင်တိုက် အားတိုက်။ အဲဒီ မြစ်ရေတလျှောက်မှာ ရင်ထဲက ဆဲရေးသံတွေ ပါပါသွားရတာ မကြာခဏ။

နောက်တော့ သူမကိုယ်တိုင် စကား နည်းနည်းလာသည် (မြို့ကလေးက လူတွေလိုပဲ)။ သံလွင်မြစ်၏ ရေစီးသံ ကတော့ တဖြည်းဖြည်း ပိုပို ကျယ်လောင်လာသလိုပင်။

.........................
မြကျွန်းညိုညို ကွန်းခိုရာ တက္ကသိုလ်မှာဆို
စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ.......
ဟော..... စာရှင်းပြလျှင် အိပ်ငိုက်တတ်သော ကလေးတွေက ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပွဲတွေမှာတော့ လှုပ်ရှားတက်ကြွကြလေသည်။ စိတ်မသက်မသာ ဖြစ်သည့် ကြားမှပင် ဒါဟာလည်း စည်းရုံးရေး လက်နက်တမျိုးပဲဟု တွေးကာ..... သူမက ကလေးတွေထဲ ကျွမ်းကျွမ်းဝင်ဝင် တိုးဝင်သွားရတော့သည်။ ကလေးတွေနှင့် အတူ လိုက်ပါရယ်မောပျော်ရွှင်။ သံယောဇဉ်တွေ စိုက်ပျိုးဖြစ်၊ အဲဒီ သံယောဇဉ်တွေကို ရင်းလို့ သူတို့ကလေးတွေကို သင်ကြားမည်ပေါ့။ ထိုရက်တွေမှာ ငယ်ငယ်က ကြည့်ဖူးသော “ဖက်ဖူးရောင်” ရုပ်ရှင်ကားထဲက သရုပ်ဆောင် ဇော်လင်းရဲ့ နေရာကို ခဏ ခဏ သတိရသည်။ ကလေးတွေနှင့်အတူ အရာရာလိုက်ပါ ခံစား....။ ထမင်းငတ်တာ၊ အချစ်ငတ် တာ၊ ရုပ်ဝတ္ထုပစ္စည်း ငတ်တာ၊ ဘဝငတ်တာ...။ ကိုယ်တိုင် ငတ်ခဲ့ဖူးသမျှကိုပင် ကလေးတွေ အားကိုးနှင့် ကုစားမိသေး၏။

 တက္ကသိုလ်ဓမ္မာရုံ

အဲဒီမှာ “ကျောင်းနေပျော်၍ စာတော်ရမည်” ဟူသော ဆောင်ပုဒ်ကို အိပ်မက်ဆဲ။ မြို့ကလေးထဲမှာ တစ တစ နစ်ဝင်....။ အဲဒီ အခိုက်အတန့်လေးမှာပဲ ဘဝထဲကနေ အသာခိုးကြည့်မိတုန်း တွေ့လိုက်ရသော “အချစ်” ဆိုတာကို မြို့ကလေး ရင်ခွင်ထဲမှာ.... လက်ခံလိုက်မိတာ... မြို့ကလေးနဲ့ ပတ်သက်သမျှမှာ သူမရဲ့ အကြီးဆုံးသော အပြစ်လည်း ဖြစ်ပါသည်။ အဲဒီရဲ့ နောက်မှာတော့ သူမက မြို့ကလေးကို ရေလောင်း ပေါင်းသင်ဖို့ မေ့၊ မြေသြဇာကျွေးဖို့ မေ့၊ တပည့်ကလေးတွေနဲ့ အပြိုင်ပင် မိုက်မဲနေခဲ့ပြီ။

တပည့်မလေးတွေက....
“မိုးရွာမယ်ဆိုရင်လေ သည်းလိုက်စမ်းပေါ့ကွယ်
ခြိမ်းပြီးတော့မှ မရွာရင်
မျိုးပင်ပျိုငယ်တွေကို ပျိုးမယ့် ရာသီမို့
မျှော်နေစဉ် သွန်းဖြိုးလိုက်ဦး"
ဟု ဆိုညည်းတော့ သူမသည် ကလေးတို့နှင့် အတူ ရွာမယ့်မိုးကို မျှော်ခဲ့တာ....။
နောက်တော့ ကောင်လေးတွေက......
“ပန်းချစ်သူ တို့လက်နဲ့ကွယ်.... ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်”
လို့ ဆိုပြန်တော့လည်း စိတ်မကောင်းဖြစ်ကာ သူကလေးတို့အကြားမှာ မိုးရွာစေချင်.... ပန်းကြွေစေချင်ခဲ့တာ။ သူမကိုယ်တိုင်ကပင် မရင့်ကျက်နိုင်ခဲ့တာလား။ တကယ်ဆို ဘဝက အသက်နှင့် မမျှ.. နာခဲ့ဖူးသူဖြစ်လျက်နှင့်။

ည ည... ကျောင်းရှေ့လက်ဖက်ရည်ဆိုင်ကလေးမှာ တပည့်တွေနှင့်အတူ ခင်ဝမ်းတွေ၊ ခင်မောင်တိုးတွေ၊ ချစ်ကောင်းတွေ၊ မာရဇ္ဇတွေ၊ ထူးအိမ်သင်တွေ၊ ဇော်ဝင်းထွဋ်တို့နှင့် စီးမျော.....။

ပြီးတော့ အဲဒီလက်ဖက်ရည်ဆိုင်လေးရှိရာ အဝေးပြေးလမ်းမရဲ့ ကြယ်စုံည ကောင်းကင်ကို မော့ကြည့်လွမ်းဆွတ်ရင်း ဗုဒ္ဓဒိုင်ယာရီတွေ၊ ဓမ္မပဒတွေ၊ The Lord Comes တွေလည်း ပြောခဲ့ ငြင်းခဲ့ကြ.....။ ဒါတွေ မြို့လေး သိလိမ့်မည်။ သူ့ပါးပြင်ပေါ်မှာ သောသောညံ ခဲ့သော စကားဝိုင်းတွေလေ။ တရက်ရက်မှာတော့ သူမရဲ့ စာသင်ခန်းထဲက ကလေးများစွာကိုလည်း ပြောပြချင်သေးသည်။ တနေ့နေ့တော့ အခွင့်ကြုံရမည်ဟု သူမ မျှော်စောင့်ခဲ့တာ....။ ရောင်စုံအိပ်မက်တွေလည်း မက်ရင်းနဲ့ပေါ့။

...........................

(လေး)

ခုလို မမျှော်လင့်ပဲ သူတို့လေးတွေနှင့် အချိန်မတိုင်မီ ခွဲရလိမ့်မည်ဟု သိလျှင် သူမ အချိန်ဆွဲဖြစ်ခဲ့လိမ့်မည် မဟုတ်ပါ။
ခုတော့....
မြို့ကလေးရဲ့ အလှထဲ နစ်မျောခဲ့ဖူးသမျှ....
ချစ်သူနှင့်အတူ မြို့ကလေးကို အသုံးချ ရွှင်ပျခဲ့သမျှ.....
ငွေစက္ကူတွေ ရေတွက် အချိန်ကုန်ခဲ့ဖူးသမျှ......
ကလေးတွေအတွက် နိဒါန်းပျိုးနေခဲ့သမျှ.....
အချိန်တွေ.... အချိန်တွေ.....

ခုတော့.....
ပြန်ယူလို့ မရတော့ပြီ။
ခုတော့.... တကယ့်ကို ဗြုန်းခနဲ သူတို့ကို ခွဲလိုက်ရပြီ။
တွဲလက်တွေ.... ပြေလျော့
မီးတွေ မှိတ်......
တံခါးရွက်တွေ ပိတ်....
တေးသံတွေ တိတ်.....
ခေါင်းလောင်းသံတွေ တိတ်.....
.......ပြန်းနှိုးဖို့ မဖြစ်နိုင်ဘူးလား......။

“ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခွင့်”ဆိုတာကို ရုပ်သိမ်းဖို့ဆိုတာလည်း စိတ်ကူးယဉ်ဆန်လှဘိသည်။ ခုတော့... သူမ၏ လက်အစုံတို့က တဆတ်ဆတ် တုန်ယင်... အားပျော့။
တခါကတော့ ဒီလက်တွေနဲ့ ပန်းတွေ ပွင့်စေခဲ့ဖူးပါတယ်။
တံခါးရွက်တွေ ဖွင့်ခဲ့ဖူးပါတယ်။
ခုတော့..... အားလုံး ငြိမ်သေ။
“အချိန်နဲ့ ဒီရေသည် လူကို မစောင့်”.. တဲ့။ သိပ်ကို ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဆိုရိုးကို ခုကျတော့သူမက တတွတ်တွတ် ရေရွတ်နေမိပြီ။

ခုတော့ .... သူမကို ဘယ်လို အရာကမှ မစောင့်တော့ပြီ။

မြို့ကလေးဆီမှ လောဘတကြီး ရိတ်သိမ်းခဲ့သမျှ သူမ ဘာမှ မယ်မယ်ရရ ပြန်လည် စိုက်ပျိုး မပေးလိုက်ရ သေးခင် ဘာတခုမှ အသစ်မွေးဖွား၊ တည်ထောင် မပေးရသေးခင်..... မြို့ကလေးကိုပါ.... သူမ ထားခဲ့ရတော့ မည်။

မြို့ကလေးကို ကုပ်တွယ်ဖက်နှောင်ခဲ့တဲ့ လက်ချောင်းတွေကို တကယ်တော့ ကံကြမ္မာ ဆိုတဲ့ အရာက ဆွဲဖယ် ဖြေလျှော့ပစ်ခဲ့တာပါ။

ကြည့်ပါဦး.....
အဲဒီမြို့ကလေးကို ကျမ တကယ်ချစ်ခဲ့... စေတနာထားခဲ့ပါတယ်... ဟု ရေရွတ်ရင်း သက်သေပြခွင့်မှ မရသေး ခင်.....မြို့ကလေးရဲ့ အသည်းနှလုံးဆီမှာ ပျိုးပင်ပေါက်လေးတွေကို အချိန်မတန်ခင်မှာပဲ ပစ်ထားခဲ့ရပြီ။ ထိုအတွက် သူမ စိတ်မလုံပါ။
သူမ မြေသြဇာကျွေး နှောင့်နှေးခဲ့တာ.......
ရေလောင်း ပေါင်းသင် နောက်ကျခဲ့တာ....
ပြီးတော့....
မြို့ကလေးကို အသုံးချလို့.... ချစ်သူနှင့် သာယာခဲ့၊ ကြေမွဘဝထဲကနေ လွင့်မျောလွတ်လပ်ခဲ့.......
အဲဒီ မြင်ကွင်းတွေက ခုချိန်မှာ သူမရဲ့ ညညတွေကို ခြောက်လှန့်ကြ၏။ သူမ နှစ်သက်ခဲ့ဖူးသော အမေရိကန်ရုပ်ရှင်တွေထဲက ဗီယက်နမ် စစ်ပြန်တွေရဲ့ ခြောက်အိပ်မက် တွေလိုပဲ.....။
ရယ်မော ပျော်ရွှင်နေသော ကလေးတွေ.....
ရယ်မော ပျော်ရွှင်ခဲ့သော သူမ....
ရယ်မော ပျော်ရွှင်ခဲ့သော နေ့ရက်များ.....
အဆိပ်တွေ မဟုတ်ခဲ့သော်လည်း အားဆေးတွေလည်း မဟုတ်ခဲ့။
သေချာသည်က သူမ ချို့ယွင်းခဲ့သည်၊ အားပျော့ခဲ့သည်၊ ညံ့ခဲ့သည်၊ အပြစ်ရှိခဲ့သည်။
ထိုအခါ သူမ၏ ခြောက်အိပ်မက်တွေရဲ့ နောက်ခံသီချင်းမှာ “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” ဖြစ်သည်။ ကလေးတွေက ဆွေးဆွေးမြေ့မြေ့ ဆိုလို့။
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ.... တခါတရံမှာ အိပ်မက်လို
တိမ်ညိုညိုရိပ်တွေ မြမြက်စိမ်းစိမ်းတွေ.....
ဘယ်ဆီမှာလဲ မသိတော့ပါ....
ဝေးခဲ့ပြီ...... ဝေးခဲ့ပြီ.... ဝေးခဲ့ပြီ.... ဝေးခဲ့ပြီ.....ဝေး.......

သီချင်းသံက သူမ ထံပါးမှာ မဆုံးနိုင်အောင်ဘဲ ပဲ့တင်ပြန်လျက်။

.........................

ကြေကြေကွဲကွဲ
နောက်ဆုံးတော့.....
အဲဒီ မိန်းမသည် မျက်ရည်ပင် မကျနိုင်တော့လောက်အောင် ပင်ပန်းဆို့နင့်စွာ ကျောင်းရှေ့မြေပြင်မှာ သူရူးတယောက်လို ဒူးထောက်ထိုင်ချလိုက်သည်။ သဲမြေမွမွကလေးက နူးညံ့လို့။ ပူနွေးလို့။ မြေတွေကို လက်ဖဝါးနှင့် ဖွဖွကျုံးယူတော့ အဲဒီ မြေမှုန့်တွေနှင့်အတူ တချိန်တုန်းက တပည့်လေးတွေရဲ့ ခြေလှမ်းတွေပါ ပါလာသည်ဟု ထင်နေမိသည်။ ဒီမြေမှုန့်တွေဟာ မြို့ကလေးကို ကိုယ်စားပြုကြတဲ့သူလေးတွေရဲ့ ခြေဖဝါးအောက်က မြေတွေပါ....။

သူမသည် မြေတွေကို တယုတယထွေးပွေ့လိုက်၏။
“တတ်နိုင်သလောက် တာဝန်ကျေခဲ့ပေမဲ့ ရည်ရွယ်မျှော်လင့်သလောက် မပေးနိုင်ခဲ့တဲ့ မဖြူစင်နိုင်ခဲ့တဲ့ မိန်းမတယောက်ကို နားလည်ခွင့်လွှတ်ပေးကြပါ”
(မျက်လုံးတို့ကို စုံမှိတ်လိုက်တော့ ပူနွေးသော မျက်ရည်တို့အကြားမှာ ပြန်မရနိုင်တော့သော မြို့ကလေးရဲ့ အတိတ်ထဲက မူးမူးရီရီ ငိုကြွေးနေသည့် ကိုယ့်ကိုယ်ကို တွေ့ရသည်။
ထိုအခိုက်မှာပင် လိပ်ပြာလေးတကောင် သူမ ပခုံးကို တွန်းတိုက်လျက် ပျံထွက်သွား၏။ ထိုလိပ်ပြာလေးကတော့ဖြင့် ဖြူလွလွကလေး ဖြစ်လေသည်။..................

မေငြိမ်း
(၁၉၉၇-မေ ၊ ၂၀၀၀- ဇန္နဝါရီ)


No comments:

Post a Comment