ဗကသ ဆိုတာ ဖြိုဖျက်၍ ရကောင်းသော အရာမဟုတ်ပါ

ရဲဘော် ညီအစ်ကိုများ ခင်ဗျာ...... ဒီနေ့ (၇၊ ၇၊ ၂ဝဝ၂)ရက်နေ့ဟာ ဗမာပြည်ရဲ့ အသည်းနှလုံးဖြစ်တဲ့ တကသ အဆောက်အဦ မိုင်းခွဲ ဖြိုချဖျက်ဆီးခံခဲ့ရတဲ့ အနှစ် (၄ဝ)မြောက်နေ့ဖြစ်ပါတယ်။
ဒီနေ့ကို အမှတ်ရ လေးစားစွာဖြင့် အချက်အလက်အချို့နဲ့ ကျနော် အတွေးစအချို့ကို တင်ပြဆွေးနွေးပါရစေ။
အလွန်ရှည်လျား ကျယ်ပြန့်ခမ်းနားလှတဲ့ ကျောင်းသားသမဂ္ဂသမိုင်းထဲက အစိတ်အပိုင်း
ငယ် တခုကို ဆစ်ပိုင်းကြည့်မိတဲ့ သဘောလည်းဖြစ်ပါတယ်။
စစ်အာဏာရှင်ဟာ ဗကသကို ဘာကြောင့်လန့်နေရတာလဲ။
ဘာကြောင့် ဒီလောက် အငြိုးကြီးနေရတာလဲ။ ကျနော် စဉ်းစားကြည့်မိတယ်။
၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့အခါ အချို့ နိုင်ငံရေး
အင်အားစုများက မျက်စိလည်ပြီး တွေဝေယိမ်းယိုင်နေဆဲမှာ.....
"စစ်အာဏာရှင်စနစ်က မြန်မာပြည်လူ့အဖွဲ့အစည်းကို နင်းချေဖျက်ဆီး ဖို့ အရှက်မဲ့စွာ အာဏာသိမ်းတာဖြစ်တယ်။ ဒါကြောင့် အစွမ်းကုန်ဆန့်ကျင် တိုက်ထုတ်ကြရမယ်"လို့ ဗကသက ပြတ်သားရဲရင့်စွာ ဖွင့်ချဆန့်ကျင်ခဲ့နိုင်တယ်။ ဒါကြောင့်လည်း ဗိုလ်နေဝင်းအစိုးရက ဗကသကို အလွန်နာကျည်းအာဃာတထားကာ တဘက်သတ် ကျောင်းစည်းကမ်းကိုပြဌာန်းပြီး အတင်းဖိနှိပ်
လာတော့တယ်။
ဒီလိုနဲ့ ကျောင်းစည်းကမ်းသစ်တွေ ပြန်လည်ဖျက်သိမ်းပေးရေးတောင်းဆိုလာတဲ့ ကျောင်းသားလှုပ်ရှားမှုဆိုတာ ဖြစ်လာတယ်။ ကျောင်းစည်းကမ်းဆိုတာ တက္ကသိုလ် အာဏာပိုင်တွေနဲ့ ကျောင်းသား တိုင်ပင်ပြီးထုတ်ရတဲ့
အစဉ်အလာရှိပေမယ့် အခုစစ်တပ် က ထင်ရာစိုင်းလာ
တာကို ကျောင်းသားထုက ဘယ်လိုမှ လက်မခံနိုင်ကြောင်း၊ ပြန်လည်ညှိ နှိုင်းပြောင်းလဲသင့်ကြောင်း
အေးချမ်းစွာ တင်ပြတောင်းဆိုခဲ့ကြတာပါ။
ဒါပေမယ့် အာဃာတကြီးလှတဲ့ ဗိုလ်နေဝင်းဟာ ဓဓားကိုဓားချင်း၊ လှံကိုလှံချင်းဓဆိုတဲ့ ဂန္တဝင်မိန့်ခွန်းများနဲ့အတူ ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွဲခဲ့တယ်။ ကျောင်းသား(၁ဝဝ)ကျော်
သွေးမြေကျခဲ့ရတယ်။ တဆက်တည်း တကသ အဆောက်အဦးကို မိုင်းခွဲဖြိုချခဲ့တယ်။
တက္ကသိုလ်နယ်မြေ လုံခြုံရေးတာဝန်ယူထားတဲ့ ဗိုလ်မှုးစိန်လွင်က ခါးထောက်ပြီး ကျောင်းဝန်း သံတိုင်ကို ဟန်ပါပါ ခြေထောက်တင်ထားတဲ့ ဓာတ်ပုံနဲ့ အဲဒီ ဓာတ်ပုံထဲက သူ့မျက်နှာကို ဘယ်လို့မှ မေ့လို့ မရနိုင်တော့ပါ။
သူကတော့ ရက်ရက်စက်စက်လုပ်လိုက်ပြီ။
ဒါကို ကျနော်တို့ ဘယ်လိုတုန့်ပြန်ခဲ့ကြပါသလဲ။
ကျနော်မှတ်မိသမျှဆွေးနွေးရလျှင် ၁၉၆၃ခုနှစ် ဇူလိုင်(၇)ရက်မှာ ကျဆုံးသွားတဲ့ ရဲဘော်များအတွက် နှစ်ပတ်လည်လှုပ်ရှားမှုတွေ ရန်ကုန်တက္ကသိုလ်မှာရော မန္တလေး တက္ကသိုလ်မှာပါ လုပ်ကြတယ်။ ရန်ကုန်မှာ ဘယ်သူတွေအဖမ်းခံရသလဲ။ ကျနော် ကောင်းကောင်းမဆွေးနွေးနိုင်ပေ
မယ့် မန္တလေးမှာ အဖမ်းခံရတဲ့ ကျောင်းသားတွေကို ကျနော်သိတယ်။ သူတို့ထဲက ကိုခင်မောင်
ဇော် (ကဗျာဆရာ ဇော်ဝင်းကို) နဲ့ ကိုသံချောင်း (လူထုဒေါ်အမာရဲ့ သားအလတ်) တို့ နှစ်ယောက်ကို စစ်တပ်က အငြိုးတကြီး ၁၉၆၃ကနေ ၁၉၇၃ထိ ထောင်ချထားခဲ့တယ်။ ထောင်ထဲထည့်ထားရုံနဲ့ အားမရသေးဘဲ ဒီကျောင်းသားငယ် နှစ်ယောက်ကို ကျွန်းအထိပို့ခဲ့တယ်။ အညွန့်ချိုးပစ်တဲ့သဘော
လို့ ကျနော်ယူဆပါတယ်။
၁၉၆၇ ခုနှစ် ရောက်လာတဲ့အခါ ဗမာပြည်သမိုင်းမှာ တခါမှ မကြုံဖူးတဲ့ ဆန်ရှားပါးမှု
ပြဿနာ ဖြစ်လာပါတယ်။ ဒါကိုစစ်အစိုးရက မဖြေရှင်းနိုင်ဘူး။ ဒီတော့ ထုံးစံ အတိုင်း တရုတ်ဗမာ
အရေးအခင်းအဖြစ် လမ်းကြောင်းလွှဲပစ်လိုက်ပါတယ်။ တရုတ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ
ပေါ်လာရေးအတွက် တဘက်လှည့်နဲ့ အားပေးတယ်။ မြို့တော်တော်များများမှာ လှုပ်ရှားမှုတွေ ပေါ်လာတယ်။ ဒီမှာ စစ်တပ်အရှိုက်ထိုးခံလိုက်ရသလို ဖြစ်သွားတာတခုရှိတယ်။ အဲဒါကတော့ မန္တလေးတက္ကသိုလ်နဲ့ မန္တလေး (RIT) က တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ကြွေးကြော်သံပြောင်းလိုက်တဲ့ ကိစ္စပဲ။
"စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး....တို့အရေး"
"နေဝင်း၊ စန်းယု ကျဆုံးပါစေ"
"ဆန်ပြဿနာ ဖြေရှင်းပေးပါ"
စတဲ့ ကြွေးကြော်သံတွေ ဖြစ်သွားတယ်။ မမျှော်လင့်တာ ဖြစ်လာတော့ သူတော်တော်
စိတ်ဆိုးတယ်။ တွေ့တဲ့ကျောင်းသား အကုန်ဖမ်းတော့တာပဲ။ ၁၉၆၇ခုနှစ်၊ ဇူလှိုင် ၈ ရက်နေ့က စစ်ကားကြီးတွေနဲ့ အပြည့်တင်ထားတဲ့ ကျောင်းသားတွေကို နန်းတွင်းထဲက ထောင်ကို တဝေါဝေါနဲ့
မောင်းပို့တာ မြင်လိုက်ရတဲ့ မန္တလေးသူ၊ မန္တလေးသားများက ဒီနေ့အထိ မမေ့ကြဘူး။
ဗကသ ဆိုတာ အဆောက်အဦ မရှိတော့ပေမဲ့ ဘယ်လိုမှ ပျောက်ကွယ်မသွားဘူး။ ပြည်သူတွေနဲ့အတူ ထာဝရရှိနေတယ်ဆိုတာ ပြည်သူတွေက ယုံကြည်နေသလို စစ်တပ်ကလည်း သဘောပေါက်နေတယ်။
၁၉၆၇ခုနှစ် သြဂုတ်လရောက်တော့ ရခိုင်ပြည်နယ်မှာ ဆန်လုပွဲတွေဖြစ်လာတယ်။ ပြည်တွင်းမှာ ဆန် တွေရှာမရဖြစ်လာပြီး အစိုးရကတော့ နိုင်ငံခြားကိုပို့ဖို့ သင်္ဘောတင်နေတယ်။ ရခိုင်ကျောင်းသားတွေက လှုပ်ရှား မှုမှာ ပါဝင်ခဲ့ကြတယ်။ စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခဲ့တယ်။ သွေးချောင်းစီးပဲ။ ရခိုင်ကျောင်းသားများက ဒါနဲ့ပတ်သက်ပြီး
" သြဂုတ်သွေး " စာစောင်ကို ဖြန့်ဝေရင်း ဆက်လက်ဆန့်ကျင်ခဲ့ကြတယ်။ ကျနော်တို့ ကျောင်းသားတွေဟာ ဘယ်လို အခက်အခဲမျိုးမှာမဆို နောက်ကျ ကျန်ရစ်ခဲ့မှာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။
အခွင့်သာရင် သာသလို အခြေအနေပေးရင် ပေးသလို စစ်အာဏာရှင်စနစ်ကို တောက်လျှောက်ဆန့်ကျင် တိုက်ခိုက်ခဲ့တယ်။ ၁၉၆၉ခုနှစ် ကျွန်းဆွယ်လှုပ်ရှားမှုမှာလည်း စစ်အစိုးရ
ရဲ့ ဒီမိုကရေစီမဲ့မှုနှင့် ကျောင်းသား အခွင့်အရေး ပိတ်ပင်တားဆီးမှုတွေကို အာရှအိမ်နီးချင်းနိုင်ငံ
တွေကို ဖော်ထုတ်ပြသပေးနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ မဆလစစ်အစိုးရက ပြည်သူကို တမျိုးတဖုံလိမ်ညာဖို့ ၁၉၇၄ခုနှစ် အခြေခံဥပဒေ
ဆိုတာကို လုပ်လာပြန်တယ်။ ဒီဥပဒေကို ပြည်သူ ၉ဝ ရာခိုင်နှုန်းကျော်ကျော်က ထောက်ခံတယ်ဆိုတဲ့
ºကွားလုံးနဲ့ ပြည်သူ့အစိုးရတရပ်ကို ပြည်သူတွေကိုယ်တိုင် စိတ်ပါလက်ပါ ထောက်ခံဖွဲ့စည်းလာ
လေဟန်ကမBာကို လိမ်ညာလိုက်တယ်။ ပြည်သူတွေ အတွက်တော့ ကျောချခံထားသူမို့ ဓားပြမှန်း ကောင်းကောင်းသိနေပါတယ်။
ကမBာ့ပြည်သူများကပါ ရှင်းရှင်းလင်းလင်း သိသွားနိုင်အောင် သွေးမီးမောင်းထိုးပြလိုက်
တာကတော့ ၁၉၇၄ခုနှစ် မေ၊ ဇွန် အထွေထွေ အလုပ်သမားသပိတ်ကြီးပါပဲ။ ဒီအလုပ်သမား သပိတ်
ကြီးမှာ ကျောင်းသားထုဟာ ပုံသဏာန်အမျိုးမျိုးနဲ့ ဆင်နွဲခဲ့တယ်။
ညာထားသမျှ အရှက်ရသွားတဲ့ စစ်အစိုးရဟာ အလုပ်သမားဘဲဖြစ်ဖြစ် ကျောင်းသားဘဲ
ဖြစ်ဖြစ် သူ့ရဲ့ လက်မရွံ့ကြေးစားတပ်ကို အစွမ်းကုန်ချေမှုန်းခွင့် ချပေးခဲ့တယ်။ ရန်ကုန်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့တယ်။ တိုင်းမှူး ဗိုလ်ချုပ်ခင်အုန်းကို ထင်တိုင်းကြဲခွင့် ပေးလိုက်တယ်။ ပုဒ်မ၁၄၄ ကြေညာပြီး ဒရကြမ်း ပစ်ခတ်နှိမ်နင်းခဲ့တယ်။ သမိုင်းချည်မျှင် နှင့် အထည်စက်ရုံ၊ ပြီးတော့ ဆင်မလိုက်သင်္ဘောကျင်းမှာ အလုပ်သမား(၂ဝဝ)ကျော် ကျဆုံးခဲ့ရပြီး အလုပ်သမားပေါင်းများစွာ ဖမ်းဆီးအရေးယူခံရတယ်။
သမိုင်းချည်မျှင်စက်ရဲ့ သပိတ်စကားပြောစင်မြင့်မှာ အလုပ်သမားတွေရဲ့ အသဲနှလုံးကို ဖဲ့ယူလိုက်သလို လှုပ်ခါစေခဲ့တဲ့ ကျောင်းသားတယောက်အကြောင်းကို ချည်စက်က အလုပ်သမား
ဟောင်းကြီးတွေ အခုထိ ချီးကျူးဂုဏ်ပြုလို့ မဆုံးဘူး။ ပြီးခဲ့တဲ့အခေါက် အင်းစိန်ထောင်မှာ အတူနေခဲ့ရတဲ့ (၇၄၊ ၇၅) တိုက်ပွဲဝင် အလုပ်သမားဟောင်းကြီးတွေ့ရဲ့ ပြောပြချက်အရ အဲဒီ ဆံပင်ရှည်ရှည်နဲ့ ကျောင်းသားဟာ (RIT) ကျောင်းသား ကိုတင်အေး (ယခု အမျိုးသားနိုင်ငံရေး
တပ်ပေါင်းစု အထွေထွေ အတွင်းရေးမှူး) ဖြစ်နေမှန်း သိရပါတယ်။ ကျောင်းသားဆိုတာ ဆံပင်ရှည်
ချင်ရှည်မယ်။ တိုချင်တိုမယ်။ ပြည်သူတွေနဲ့ အတူတိုက်ပွဲဝင်ရဲတဲ့ နေရာမှာတော့ တထပ်တည်းပဲ
ဆိုတာကို တွေ့ရပါတယ်။
ကျနော် ၁၉၇၄ အောက်တိုဘာမှာမှ ကျောင်းကိုရောက်တာပါ။ သမိုင်းကျောင်း ဆောင်မှာ နေရတာဆိုတော့ သမိုင်းချည်စက်က ယမ်းငွေ့တွေကိုရနေသေးတယ်လို့ အမြဲခံ စားရပါတယ်။ အလုပ်သမားတွေ ကျဆုံးခဲ့ရတာကို ကိုယ့်အကိုတွေ ကျဆုံးခဲ့ရသလိုမျိုး ခံစားနေမိ
တယ်။ ဒါဟာ ကျနော်တို့ ကျောင်းသားထုထဲမှာ တူညီစွာခံစားနေရတဲ့ (၇၄) ဝေဒနာလို့ကျနော်
တို့ သိနေမိတယ်။
"ဒါကို ဘာကြောင့်ပြောနိုင်သလဲ"ဆိုတော့ ၁၉၇၄ ဦးသန့် လှုပ်ရှားမှုကိုကြည့်ရင် တော်
တော်ရှင်းသွားမယ်လို့ ထင်ပါတယ်။
၁၉၇၄ခုနှစ် ဒီဇင်ဘာမှာ ဦးသန့်ဆုံးတယ်။ ဦးသန့်ကို ဗိုလ်နေဝင်းက အမုန်းရှိ တယ်။ ဒါကြောင့် အသိအမှတ်မပြုချင်ဘူး။ မတက်မကြွပဲ ဈာမနကိစ္စကို ဝတ်ကျေတန်းကျေ လောက် လုပ်ပေးထားတယ်၊။ ဈာပနကော်မတီကို ဦးသန့်ရဲ့အကို ဦးခန့်ကို မဏ္ဍိုင်ထား ပြီး အဖြစ်လောက်
ဖွဲ့ထားတယ်။
ဒီမှာ ကျောင်းသားထုက ဝင်ကူဖို့ဆုံးဖြတ်တယ်။ ဒီဇင်ဘာ(၅)ရက်နေ့ ရန်ကုန် ကျိုက္ကဆံမြင်ကွင်းဟာ ကျနော်တို့ ကျောင်းသားထုက ဗိုလ်နေဝင်းရဲ့ ရက်စက်မှုကို လက်တုန့်ပြန်ဖို့ ဘယ်လောက်ထိ ညီညွတ်နေသလဲဆိုတာကို ဖော်ပြလိုက်တာပါဘဲ။
ကျောင်းပေါင်းစုံက ကျောင်းသားတွေဟာ (Main) ကနေ ကျိုက္ကဆံကွင်း ဦးသန့် ရုပ်ကလာပ်ရှိရာကို ချီတက်ခဲ့ကြတယ်။ ကျိုက္ကဆံကွင်း ရောက်လုလုထိ ကျောင်းထဲကထွက် နေတဲ့ ကျောင်းသားတန်းက မဆုံးသေးဘူး။ ငါးယောက်တတန်း တန်းစီပြီး ချီတက်ကြတာပါ။ စစ်အစိုးရရဲ့ အစီအစဉ်အရ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ကြံတောသင်္ချိုင်းကို ပို့ဆောင် သင်္ဂြိုလ်မှာဖြစ်ပါတယ်။
ကျိုက္ကဆံကွင်းထဲမှာ ကျောင်းသားတွေနဲ့ ပြည်သူတွေဟာစုမိနေကြပြီး မကြာမီမှာဘဲ အသံချဲ့စက်က အလွန်ပီသတဲ့အသံတခု ပေါ်လာပါတယ်။
"မိဘပြည်သူများခင်ဗျား...."
"ခုချိန်ကစပြီး ကျနော်တို့ ကျောင်းသားတွေနဲ့ ရဟန်းသံဃာတော်များပါဝင်တဲ့ ပြည်သူ့
ဈာပနကော် မတီကို ဖွဲ့စည်းလိုက်ပါပြီ။ ဈာပနကော်မတီအဟောင်းကိုလည်း ဖျက်သိမ်းလိုက်ပါပြီ။ ပြည်သူ့ကော်မတီသစ်က ဆက်လက် တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် မဏ္ဍပ်အတွင်းမှ မသက်ဆိုင်သောသူများ ချက်ချင်းထွက်ပေးကြ ရန် ဖြစ်ပါတယ်။"
ဒီလိုနဲ့ ဦးသန့်ရဲ့ ရုပ်အလောင်းကို ဘုန်းကြီး၊ ကျောင်းသား၊ ပြည်သူ ပူးပေါင်းဖွဲ့စည်းထား
တဲ့ ပြည်သူ့ ဈာပနကော်မတီက သိမ်းပိုက်လိုက်ပါတယ်။ ဦးသန့်ရုပ်အလောင်းကို ကိုယ်ပိုင်တဲ့
ကျောင်းဝန်းထဲကို ပြန်သယ်ခဲ့တယ်။ ခြင်္သေ့နှစ်ကောင် တံခါးထိပ်က ကြည့်လိုက်ရင် တက္ကသိုလ်
ရိပ်သာလမ်းတလျှောက် ကျောင်းဆီကို ချီတက်လာ တဲ့ လူလှိုင်းကြီး တလိပ်လိပ် တက်လာတာကို တွေ့နေရတယ်။ တကသလို့ စာတမ်းထိုးထားတဲ့ အလံတွေရယ်၊ သင်္ဃန်းကို လွှင့်ထားတဲ့ အလံရယ်၊ ကုလသမဂ္ဂအလံအုပ်ထားတဲ့ ဦးသန့်ရဲ့ အခေါင်းတင်ထားတဲ့ ကားအထက်ပိုင်း ရယ်ကလွဲရင် လူပင်လယ်ကြီးကို မျက်စိတဆုံး တအိအိတွေ့နေရတယ်။ စစ်အစိုးရရဲ့ မဖွယ်မရာလုပ်မှုကို သည်းမခံ နိုင်တဲ့ လူထုကြီးနဲ့ ကျောင်းသားထုကြီးဟာ အင်အားရှိရှိ ပေါင်းစည်းမိသွားတာကို တွေ့ကြရတဲ့
သူတွေမှာ မျက်ရည် မဆည်နိုင်အောင်ပါပဲ။
ဒီလောက်များတဲ့ လူထုချီတက်ပွဲကြီးကို စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာပဲ ရဲဝံ့စွာ ဆောင်ရွက်လိုက်ကြ တာပါ။ အကြောက်အလန့်ဆိုတာ ရဲရင်တဲ့ ကျောင်းသားနဲ့ပြည်သူကြားမှာ ဘယ်လိုမှ ရှာလို့မတွေ့တော့ဘူး။ ကျောင်းထဲမှာ (ဘွဲ့နှင်းသဘင် ခမ်းမရှေ့မှာ) ပထမ ထားကြတယ်။ နောက်ခန်းမထဲကို ရွှေ့တယ်။ နေ့ရော၊ ညပါ လူထုတရားပွဲ ကျင်းပတယ်။ အစိုးရရဲ့ မတရားမှုနဲ့ ဒီမိုကရေစီ ဆိတ်သုဉ်းမှု
ကို ရင်ဖွင့်ကြတယ်။ လူထုလူတန်းစားပေါင်းစုံဘဲ။ စစ်ပြန်တွေတောင် ပါတယ်။
" ဦးသန့်အုတ်ဂူ ဘယ်မှာလုပ်မလဲ"
" ကန်တော်မင်ပန်းခြံမှာ ပေးမလား "
" ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဘေးမှာ ပေးမလား "
" ကြံတောမှာတော့ မထားနိုင်ဘူး "
" အချိန်မီအကြောင်းမပြန်ရင် သမဂ္ဂမြင်ခင်းပြင်မှာ ဂူသွင်းမယ် "
ဒါဟာ ပြည်သူ့ဈာပနကော်မတီရဲ့ တောင်းဆိုချက်ဘဲ။ ပြည်သူတွေရဲ့ ဆန္ဒလည်းဖြစ်
တယ်။ အချိန်မီ ပြန်ကြားည‡ိနှိုင်းမှု လုပ်မလာတဲ့အတွက် (၈၊ ၁၂၊ ၇၄)ရက်နေ့မှာ (RIT) ဗိသုကာ
ကျောင်းသားတွေက ပုံစံဆွဲပေးပြီး သမဂ္ဂမြက်ခင်းပြင်မှာ ဂူသွင်းလိုက်ပါတယ်။
နိုင်ငံတကာက သိနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက် မတို့ရဲ၊ မထိရဲ ခဏစောင့်ကြည့်နေတဲ့ စစ်အစိုးရဟာ ဒီဇင်ဘာ ၁၁ရက်နေ့ ညနေ ၂နာရီလောက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ပါတော့တယ်။
မျက်ရည်ယိုဗုံးနဲ့ခွဲ၊ သေနတ်နဲ့ပစ်၊ ဘက်နက်နဲ့ ထိုး၊ ဘူဒိုဇာနဲ့ တိုက်ဖျက်၊ ကရိန်းနဲ့ မချီပြီးထုတ်၊ ကျောင်းဝန်းတခုလုံး ငရဲပွက်တော့တယ်။
ဒါကိုမကျေနပ်တဲ့ လူထုကြီးက မြို့ထဲမှာ ဆူပူလှုပ်ရှားကြတယ်။ ကျောင်းသားတွေကို စာနာကြလွန်းလို့ပါ။ ဒီလိုနဲ့ ကျောင်းတွေရက်အကန့်အသတ်မရှိပိတ်ပြီး ရန်ကုန်မှာရော နယ်ပြန်တဲ့ ကျောင်းသားပါ ဒရကြမ်းဖမ်းတော့တာပါပဲ။ အဲဒီတုန်းက အင်းစိန်ထောင်တိုက် ခန်းတခန်း တခန်း
တိုင်းမှာ လူ(၁ဝ)ယောက်ကနေ (၂ဝ)ယောက်အထိထားခဲ့တာ လှဲမအိပ် လောက်လို့ ငုတ်တုတ်ငိုက်
ခဲ့ရတယ်။
၁၉၇၅ခုနှစ် မေလဆန်းမှာ ကျောင်းပြန်ဖွင့်တယ်။ စစ်အစိုးရဟာ စိတ်ကြီးကတော် တော်ဝင်ပုံရတယ်။ ကျောင်းသားထုဟာ ကြောက်သွားလို့ဘဲဖြစ်ဖြစ်၊ သူတို့ကို နားလည် သွားလို့ပဲဖြစ်ဖြစ်၊ ငြိမ်သွားလိမ့်မယ်လို့ ထင်ပုံရတယ်။ နောက်ဘယ်နိုင်ငံကို ပုံတူကူးချသလဲ မဆိုနိုင်ဘူး။"သက်ဆိုင်ရာဝန်ကြီးတွေက ဌာနအလိုက် အောက်ခြေဆင်းပြီး ဒူးတိုက်ဆွေးနွေး အဖြေရှာရေးပေါ်လစီ"ကိုချလိုက်တယ်။
ဒီလိုနဲ့ ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာလှဟန်
တို့ ၁၉၇၅ခု၊ ဇွန်၊ ၅ရက်နေ့မှာ တိမွေးကုတက္ကသိုလ်ကို လာတွေ့တယ်။ ဇွန်၆ရက်နေ့မှာ (RIT)ကို
လာတွေ့တယ်။
"အခက်အခဲရှိသမျှ ပွင့်ပွင့်လင်းလင်းတင်ပြပါ။ ဆွေးနွေးရင်း အဖြေရှာမယ်။ ကျနော်တို့ ကျောင်းသားတွေပြောတာကို တိတ်ရီကော်ဒါနဲ့ ဖမ်းထားမယ်။ လုံးဝအရေးမယူဘူး။" ဒီလိုဆိုတာကိုး။ အပြောကတော့ ရွှေမန်းပဲ။ ဒါပေမယ့် စေတနာက မမှန်ဘူး။ လုပ်တာကိုက အတုပဲ။ တကယ့်တကယ် ဆွေးနွေးပြီဆိုတော့ သူတို့ မျက်နှာပျက်ကုန်ပြီ။ သူတို့လိုချင်တဲ့ မေးခွန်းတွေက စတိုင်ပင်တိုးပေးပါတို့၊ အဆောင်စရိတ်မတက်ပါနဲ့တို့ လောက် မှန်းပုံရတယ်။ ကျောင်းသားအရေးမှ တကယ့်ကို ပေါ်ယံရှပ်ပြေးတဲ့ အနေအထားမျိုး။
ကျောင်းသားတွေ ဆွေးနွေးကြတာက....
"ဗမာပြည်ရဲ့ လက်ရှိအခြေအနေတိုးတက်ပြောင်းလဲသွားဖို့ဆိုရင် တနည်းပဲရှိပါ တယ်။ အစိုးရတဖွဲ့လုံး နှုတ်ထွက်ပေးဖို့ပါပဲ။ တခြားနိုင်ငံတွေမှာ စီမံကိန်းတခုမအောင်မြင် ရင် (သို့)အရှုံး
ပေါ်ရင် သက်ဆိုင်ရာဝန်ကြီး နှုတ်ထွက်ပေးရတယ်။ ကျနော်တို့ဆီမှာ စီမံကိန်းတွေပျက်၊ စီးပွားရေး
တွေ ကျဆင်းဖြစ်နေပေမယ့် အစိုးရကအပြုံးမပျက်ဖြစ်နေတာ သဘာဝမကျဘူး"ဆိုတာတွေ ဖြစ်လာတယ်။
သူတို့ထည့်ထားတဲ့ ကျောင်းသားတွေထဲက သူတို့မျှော်လင့်တဲ့ မေးခွန်းအပေါစား လေးတွေ မေးပေးကြပါရဲ့။ ကြာလာတော့ ဆက်နားမထောင်ရဲတော့ဘူး။ ဝန်းကြီးတွေ မျက်စိမျက်နှာ
ပျက်ပြီး တခါတည်း ပြန်ပြေးကြတော့တယ်။ ညနေ လှိုင်ကောလိပ်(Natural Science)မှာ ဆက်ဆွေးနွေးမယ်ဆိုတဲ့ ကတိလည်းပျက်သွားတယ်။ သူတို့မလာရဲကြ တော့ဘူး။ ကျောင်းသားတွေ
က တစောင့်စောင့်နဲ့ မိုးချုပ်ခါနီးလာတော့ ကျောင်းသားထုကို စော်ကားတာ၊ ချိန်းပြီးမလာဘဲ ထင်ရာစိုင်းတာတွေ့တော့ မေ၊ဇွန် နှစ်လည်လှုပ်ရှားမှုဆိုတာ ပေါ်လာတယ်။ အဲဒီမှာလည်း သူတို့ရဲ့ အတုဆိုတာထင်ရှားလာတော့သည်းမခံနိုင်တော့ပဲ ကျောင်းသားလှုပ်ရှားမှုဖြစ်လာတယ်။
ကြွေးကြော်သံတွေက
၁။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး
၂။ အဖမ်းခံကျောင်းသားများ ပြန်လွှတ်ပေးရေး
၃။ အဖမ်းခံ အလုပ်သမားများ ပြန်လွှတ်ပေးရေး
၎။ အလုပ်သမား ကျောင်းသား လက်တွဲရေး
၅။ ကုန်ဈေးနှုန်း ကျဆင်းရေး
ဒီလိုနဲ့ ရက်အကန့်အသတ်မရှိ ကျောင်းတွေပိတ်၊ ဖမ်းဆီးထောင်ချ အပြင်းအထန်လုပ်ခဲ့
တယ်။ ပူးပေါင်း ဖို့ပြင်ဆင်တဲ့ အလုပ်သမားတွေကို ဖမ်းဆီးထောင်ချ ပစ်ခဲ့ပါတယ်။
၁၉၇၆ ဖေဖော်ဝါရီလမှာ ကျောင်းပြန်ဖွင့်တယ်။ ကျနော်တို့ရဲ့ ဘေးခုံတွေမှာ ကျောင်း
သားကွက်လပ် တွေ များလာတယ်။ ဒီမြင်ကွင်းတွေက ကျောင်းသားတွေရဲ့ ရင်ကို နင့်စေတယ်။
ဒီလိုနဲ့ မတ်လထဲရောက်လာတယ်။ ဆရာကြီး ရာပြည့်ပွဲ လုပ်ချင်တယ်။ ဆရာကြီးဆိုတာ ဗမာပြည်ရဲ့ ဂုဏ်ဆောင် ငြိမ်းချမ်းရေး နမိတ်ဘဲ။ ဗမာပြည်သူများနဲ့ ဗမာပြည်ရဲ့သမိုင်းကို အစဉ်
လှပ်စေခဲ့သူ ဖြစ်တယ်။
ကျနော်တို့လည်း ရာပြည့်ပွဲလုပ်ချင်တာပေါ့။ ဆရာကြီးကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချင်
တာပေါ့။ အမေမာတို့လည်း ပြင်ဆင်နေကြပြီ။ ရန်ကုန်မှာလည်း ဂူဗိမ္မာန်စောင့်ရှောက်ရေး ကော်မတီက လှုပ်လှုပ်ရွရွ ဖြစ်နေပြီ။ ဣအိနြေ္ဒအကောင်းဆုံးကတော့ စစ်အုပ်စုကြီးပဲ။ ဗိုလ်နေဝင်းက ဆရာကြီးကို မုန်းတယ်။ တန်ဖိုး မထားဘူး။ ပြည်သူတွေ ရဲ့ အချစ်ခင်ဆုံး ပုဂ္ဂိုလ်က သူ့အတွက်တော့ ကြောက်စရာ၊ မုန်းစရာ အကောင်းဆုံးဖြစ်နေပြီပေါ့။
ဒါကြောင့် တချက်လွတ်အမိန့် ထုတ်လိုက်တယ်။
" ဘယ်သူမှ ရာပြည့်ပွဲမလုပ်ရ "
ကျနော်တို့က နားမထောင်နိုင်ဘူး။ ကိုယ့်ဘာသာကိုယ် လုပ်ဖို့ စီစဉ်ကြတယ်။ ဒီလိုနဲ့ မတ်လ ၂၃ရက် နေ့ မှိုင်းဂူချီတက် အလေးပြုကြတယ်။
ဒုတိယ (seven july) ဖြစ်ပြီလို့ အသံတွေ ထွက်နေတယ်။ ဂူဗိမ္မာန်ကို သွားရာလမ်း
တလျှောက်နဲ့ အသံလွှင့်ရုံထဲမှာ ဘက်နက်တပ်၊ (G3/G4)ကိုင် စစ်သားတွေက စိမ်းစိမ်းမှောင်နေ
တယ်။ တလမ်းလုံး ဓါတ်ပုံ ရိုက် ရန်စနေတယ်။ ဒါပေမဲ့ ကျောင်းသားတွေကတော့..... " ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး.......တို့အရေး၊ တို့အရေး၊ "
" ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ...... တို့ရန်သူ၊ တို့ရန်သူ၊ "
ဆိုတဲ့နှစ်ခုနဲ့ အေးချမ်းစွာ ချီတက်ခဲ့ကြတယ်။ ဂူမှာ အလေးပြုနေကြတုန်း ဝိုင်းထားတဲ့ စစ်တပ်က သတ်တော့မလို၊ ဖြတ်တော့မလို လုပ်လာတယ်။ ဒါနဲ့ ကျောင်းသားတွေက ပေါက်ကွဲလာ
ပြီး သပိတ်အဖြစ် ပြောင်းလဲလိုက်ကြတယ်။
ကြွေးကြော်သံက မေ၊ဇွန် ၁၉၇၅ နှစ်လည်မှာ ကိုင်စွဲတဲ့ (၅)ချက်ကိုပဲ ဆက်ကိုင် တယ်။ ဒီလိုနဲ့ ဗိုလ်နေဝင်းစစ်အစိုးရက ကျောင်းပိတ်၊ ဖမ်းဆီး၊ ထောင်ချ၊ သူကနေကျ ရသေ့ရှစ်သောင်း
ဇာတ်ပဲ ဆက်ခင်းခဲ့ပါတယ်။
ကျနော်က ၁၉၇၆ခုနှစ်၊ စက်တင်ဘာ(၂၈)မှာ အဖမ်းခံရတယ်။ ကျနော်တို့ မှိုင်းရာပြည့်
အမှုတွဲကို သြဂုတ်မှာ စီရင်ချက်ချပြီးပြီးမို့ အဲဒီတုန်းက မဆလ လုပ်ထုံးလုပ်နည်း အရ ကျနော့်ကို တလလောက်ချုပ်ပြီး မလွှတ်ချင်လွှတ်ချင်နဲ့ ပြန်လွှတ်လိုက်တယ်။ လာလွှတ်တာက (MI)က ဗိုလ်မှုး တယောက်ပဲ။ ကျနော် အပါအဝင် (RIT)က ၃ယောက် နဲ့ (Eco)က ၂ယောက်ကို ညနေတခုမှာ ထောင်ပိတ်ခါနီးမှ ပြန်လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့နေ့က ဗိုလ်မှူးလုပ်သူက ပြောလိုက်တဲ့ မိန့်ခွန်းက မှတ်သားလောက်တယ်။
"မင်းတို့ကို ခုံရုံးထပ်ဖွင့်ပြီး ထောင်မချတော့ဘူး၊ ခုလွှတ်လိုက်မယ်။ နောက်ပြီး ကျောင်းထုတ်မယ်။ ကျောင်းထဲကို လုံးဝပြန်မသွားပါနဲ့။ ခု ငါတို့ ပေါ်လစီပြောင်းလိုက်ပြီ။ (Strike) အဖြစ်လုံးဝ မခံဘူး။ မဖြစ်ခင်ကတည်းက မင်းတို့လိုလူတွေကို ကျောင်းထုတ်ပစ် မယ်၊ ဖမ်းမယ်"တဲ့၊ အလွန်ကိုပြောင်မြောက်တဲ့စကားပါပဲ။
မှိုင်းရာပြည့်လှုပ်ရှားမူမှာ အမြင့်ဆုံးအပြစ်ဒဏ်က သေဒဏ်၊ ချင်းကျောင်းသား ကိုတင်မောာင်ဦးကို (၂ဝ၊ ၃၊ ၇၆) မှာ ဖမ်းပြီး သေဒဏ်ချလိုက်တယ်။ သိပ်မကြာခင်မှာပဲ တကယ်
ကြိုးပေးသတ်ပစ်ခဲ့တယ်။ ကျောင်းသားအပေါ် အငြိုးကြီးပုံကတော့ အောချလောက် ပါရဲ့။
ဒီနောက်ပိုင်းမှာ (Strike)ထပ်မဖြစ်ရေး အမျိုးမျိုးလုံးပမ်းလာတယ်။
၁။ ကျောင်းသားတွေကို နိုင်ငံရေးနဲ့ ပတ်သက်ရင် ကျောင်းထုတ်၊ အဆောင်ထုတ် ပြင်းထန်စွာ သတိပေးခံရမယ်ဆိုတဲ့ စည်းကမ်းကို လက်မှတ်ထိုးခိုင်းတယ်။ ကျောင်းသားကိုယ် တိုင်တင် ထိုးရတာမဟုတ်ဘူး။ မိဘပါ ထိုးရတာပါ။
၂။ ကျောင်းသားကို လျှိုဝှက်စာရင်းနဲ အုပ်စု (၃)စု ကောက်ထားတယ်။ (က)အုပ်စုက နိုင်ငံရေးလှုပ်ရှားမှုတွင် ဦးဆောင်နိုင်သူ၊ (ခ)အုပ်စုက နောက်ကလိုက်ပါနိုင်သူ၊ (ဂ)အုပ်စုက နိုင်ငံရေးကို လုံးဝစိတ်မပါဘဲ ဘိန်း၊ ဆေးခြောက်၊ အရက်၊ အပျော်အပါးနဲ့ နေမည့်သူ။ အဲဒီစာရင်းအရ ကျောင်းသားတွေကို အသေအချာစောင့်ကြည့်တယ်။
၃။ ကျောင်းသားသတင်းပေးတွေ မွေးတယ်။ ကျောင်းသားအတုတွေ ကျောင်းသားထု
ကြားထဲမှာ လာထည့်ထားတယ်။
၎။ ဒေသကောလိပ်(၁၆)ခုဖွင်ပြီး ကျောင်းသားတွေကို ခွဲပစ်တယ်။
၅။ စာမေးပွဲစနစ်နဲ့ ဖိစီးတယ်။( ပထမနှစ်ရမှတ်၊ ဒုတိယနှစ်ရမှတ်တွေကို ဆယ်တန်းအမှတ်
ပေါင်းပြီး တက္ကသိုလ်ဝင်ခွင့်ကိုရွေးတယ်) အတန်းကြီးတွေလည်း ၁နှစ် ၃ ကြိမ်စစ်ရာကနေ တကြိမ်ထဲ စစ်တဲ့နည်းကို ပြောင်းပစ်တယ်။
၆။ နိုင်ငံရေးကလွဲရင် ကျန်တာ အကုန်လုပ်ခွင့်ပေးတယ်။ မသိချင်ယောင်ဆောင်ပြီး အား
ပေးတယ်။ (ဘိန်း၊ ဆေးခြောက်၊ အရက်၊ ဖဲ၊ ဖွန်)
ဒီလိုနဲ့ ကျောင်းသားထုကို အ သွားအောင်၊ နိုင်ငံရေးလှံသွား တုံးသွားအောင် လုပ်နိုင်ကိုင်
နိုင်စွမ်းတွေ နည်းသွားအောင် သင်းသတ်ပစ်တယ်။ ဒီကြားထဲကတောင် ကျောင်းသားတွေဟာ (၇၊ ၇၊ ၇၇)မှာ လှုပ်ရှားမှုတခု (၇၊ ၇၊ ၇၈) မှာလှုပ်ရှားမှုတခု ဖော်ထုတ်ဖို့ကြိုးပမ်းခဲ့ကြသေးတယ်။
ထောက်လှမ်းရေးတွေ ထူထပ်နေအောင် ချထားတဲ့အတွက် လူစုနေတုန်းမှာပဲ ဖြိုခွဲ ဖမ်းဆီးခံခဲ့ရသေးတယ်။
(၇၊ ၇၊ ၇၈)ရက်နေ့ လှုပ်ရှားမှုကို အစပျိုးသူ (RIT)ကျောင်းသား ကိုအေးသောင်းဆိုရင် စစ်ကြော ရေးဒဏ်နဲ့ တနှစ်ခွဲလောက်အထိ ညတိုင်း လန့်လန့်ပြီး ဂယောင်ခြောက်ခြားတွေ အော်နေရရှာတယ်။ စစ်ကြော ရေးပြင်းလို့ ရှော့ခ် (shock) ရသွားတာ။ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ်(၁/၈ဝ)လာမှပဲ လွတ်သွားရတော့ တယ်။ ကြောက်ပြီး နလန်မထူနိုင်အောင် လုပ်လိုက်တာ။ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီ လိုလားသူမှန်သမျှကို စစ်ကြောရေးစခန်းမှာ ဘဝပျက်သွား၊ ဒုက္ခဖြစ်သွား၊ တချို့ရူးသွပ်သွား၊ တချို့ အသက်ပါ ဆုံးရှုံးသွားအောင် အပြင်းအထန်နှိပ်ကွပ်ခဲ့ပါတယ်။စစ်အုပ်စုရဲ့ ဒီလို ဥာဏ်နီ၊ ဥဏ်နက်များဟာ ကျောင်းသားလှုပ်ရှားမှုကို ရပ်တန့်စေနိုင်ပါသလား။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိတ်သုဉ်းနေသမျှ ပြည်တွင်းစစ် မီးလောင်ကျွမ်းနေသမျှ၊ တရားမျှတမှု ၊လွတ်လပ်မှု၊ ညီညွတ်မှုတွေ မရှိသေးသမျှ၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ၊ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို လွတ်လပ် အမှီခိုကင်းမဲ့စွာ မတည်ဆောင်သေးသမျှ၊ ပြည်သူတွေရဲ့ဘဝ မလုံခြုံသေးသမျှ လူထု လှုပ်ရှားမှုများ၊ ကျောင်းသားလှုပ်ရှားမှုများဆိုတာတွေဟာ ဆက်လက်ရှိနေမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒီလောက်ဖြတ်တောက် အမှောင်ချထားတဲ့ကြားက ၁၉၈၇စက်တင်ဘာ
လမှာ ငွေစက္ကူ လှုပ်ရှားမှု တက္ကသိုလ်အနှံ့အပြားမှာ ပေါ်ခဲ့တာပါ။ အပြန်စရိတ်ပေး၊ ကျောင်းပိတ်ပေးပြီး ကြပ်ပူတိုက် ဆီမန်း မန်းပေးရုံနဲ့ လှုပ်ရှားမှုဟာ ရပ်တန့်မသွား ပါဘူး။ ခဏ ငုတ်ချင် ငုတ်နေမယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ဟာ နာတာရှည်ရောဂါလို ဖြစ်နေတဲ့ ဗမာပြည်ရဲ့ ကံကြမ္မာကို ဘယ်လိုတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်မှာလဲ။
ဒါကြောင့်လည်း ၁၉၈၈ခုနှစ် မတ်လ ၁၃ရက်နှင့် ၁၆ရက်မှာ ဘက်နက်တွေကြား၊ သေနတ်တွေကြား၊ ဒိုင်းတွေ၊ တုတ်တွေကြားမှာကိုဘဲ ရဲရဲရင့်ရင့် လှုပ်ရှားခဲ့တဲ့ ကျောင်းသားလှုပ်ရှား
မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဆက်တိုက် ဘဲ ၁၉၈၈ ဇွန် မြေနီကုန်းလှုပ်ရှားမှု၊ နောက်ဘယ်လိုမှ ငြိမ်းသတ် မရတော့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး အထိ ဖြစ်လာခဲ့ရတယ်။ ဒီနောက်ပိုင်းမှာလည်း ၁၉၉၃(NC)ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ၁၉၉၆ ဒီဇင်ဘာလှုပ်ရှားမှု၊ ၁၉၉၈ သြဂုတ်ဝန်းကျင်လှုပ်ရှားမှု၊ ၁၉၉၉ စက်တင်ဘာဝန်းကျင်လှုပ်ရှားမှု၊ ဆိုတာတွေဟာ ကာလဒေသနဲ့ ကိုက်ညီတဲ့ ကြွေးကြော်သံ
တွေနဲ ဆင့်ကဲဆင့်ကဲ မနားတမ်း ပေါ်ပေါက်လာနေတာတွေဟာ ကျောင်းသားနဲ့ ပြည်သူတထပ်
တည်း၊ တသားတည်းဖြစ်နေတယ်ဆိုတာ ရှင်းလင်းလှပါတယ်။
၁၉၈၈ ဇွန်လထဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းထဲမှာ ဗကသ အထွေထွေ အတွင်းရေးမှူး ကိုမိုးသီးဇွန်ပြောတဲ့ စကားရှိပါတယ်။
"ကျနော်တို့ ခုလှုပ်ရှားနေတဲ့ကိစ္စက ကွန်ပါဘူးမရတဲ့ကိစ္စ၊ စာအုပ်မလုံလောက် တဲ့ ကိစ္စ ကြောင့် မဟုတ်ဘူး။ ပြည်သူလူထုရဲ့ ဝေဒနာတွေကြောင့်၊ ပြည်သူတွေရဲ့ ဒုက္ခတွေ ကြောင့်ဖြစ်တယ်"ဆိုတဲ့ စကားဟာ အဖိုးတန်လှတယ်လို့ ကျနော်ယုံကြည်မိတယ်။
၁၉၈၉ခုနှစ်၊မတ်လ ၁၃ရက်နေ့ ဖုန်းမော်နှစ်လည် (RIT) မြက်ခင်းပြင်မှာ ဗကသ ဥက္ကဌ ကိုမင်းကိုနိုင်ရဲ့ စကားကလည်း... "ပြည်သူတွေရဲ့သွေးတွေ လမ်းမပေါ်မှာ မခြောက်သေးဘူး။ သွေးညှီနံ့တွေ ခုထက်ထိရနေတုန်းပဲ။ ဒီအချိန်မှာ ကျနော်တို့က ဒဂုံပန်းခြံမှာ သွားပြီး ပျော်သင့်ပါသလား။ ဂုဏ်တုဂုဏ်ပြိုင်ပြဇာတ်ကို သွားကြည့်နေသင့်ပါသလား။ ကျနော်တို့ အလုပ်တွေအများကြီး ဆက်လုပ်ကြရလိမ့်မယ်" ဒီစကားတွေ၊ ဒီရပ်တည်ချက်တွေကြောင့်လည်း စစ်အုပ်စုဟာ ကြောက်သထက် ကြောက် လာကြပြီး ဘောလီဘောတွေပုတ်ကုန်ကြပြီ။
အပြစ်တွေ ဟိုလွှဲချ ဒီလွှဲချ လုပ်လာကြပြီ။
သမိုင်းဆိုတာ ခဲဖျက်နဲ့ ဖျက်ပြီးပြန်ရေးလို့ ရကောင်းသောအရာ မဟုတ်ဘူးဆို တာတော့ သူတို့လည်း ရိပ်မိစပြုလာပါပြီ။ ဒါကြောင့် (Union)ကို မိုင်းခွဲဖြိုချခဲ့တာ ဘယ်သူလဲဆိုတာနဲ့ ပတ်သက်ပြီး ဗိုလ်အောင်ကြီးရဲ့ ၁၉၇၅ ဇွန်စာတမ်းမှာ ဗိုလ်ကျော်စိုး နဲ့ ဗိုလ်သန်းစိန်ကို လွှဲချထား
တယ်။ ဗိုလ်နေဝင်းရဲ့ (၂၃၊ ၇၊ ၈၈) အရေးပေါ်ညီလာခံ မိန့်ခွန်းမှာတော့ အဲဒါဟာ ဗိုလ်အောင်ကြီးရဲ့ လက်ချက်ပါလို့ ဆိုပြန်တယ်။ ဗိုလ်အောင်ကြီးကလည်း အင်းလျားကန်ဘောင် တံတားနီတိုက်ပွဲကို ကျူးလွန်တာဟာ (Human Right)ကိစ္စဖြစ်သွားပြီ။ အဲဒါ ဥက္ကဌကြီးနဲ့ မဆိုင်ဘူး တွဲဖက်ကြီး (ဗိုလ်စိန်လွင်) တာဝန်ဘဲလို့ ဆိုလာပြန်တယ်။
ဘယ်သူကို ဘယ်သူကလွှဲချချ။ သမိုင်းဆိုတာ ပျက်မသွားဘူး။ကိုယ်စိုက်ထားတဲအပင်ကို ကိုယ်ကိုတိုင်ပဲ ရိတ်ကြရပါလိမ့်မယ်။ဗိုလ်နေဝင်းလား၊ ဗိုလ်အောင်ကြီးလား၊ ဗိုလ်ကျော်စိုးလား၊ ဗိုလ်စိန်လွင်လား...။
ဘယ်သူပဲဖြစ်ဖြစ် တနေ့မှာ အသေအချာရှင်းကြရမှာပါ။ သမိုင်းဟာ သမိုင်းအဖြစ် ကမBာတည်သရွေ့ ရှိနေပါလိမ့်မယ်။
ကျနော့်ဆွေးနွေးချက် အတော်လေးရှည်သွားပါပြီ။
ကျနော် အလေးအနက် တင်ပြချင်တာကတော့ ဗကသ ဆိုတာ ထာဝရရှင်သန်နေမယ် ဆိုတာရယ်....။
ဘယ်လိုအာဏာရှင် ဘယ်လိုတန်ခိုးရှင်ကမှ ဖြိုဖျက်လို့ မပြိုဘူးဆိုတာရယ်ပါပဲ။
(Union) အဆောက်အဦ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဗကသ ကတော့ ထာဝရ ရှင်သန်နေမယ်ဆိုတာ စစ်အုပ်စုအနေနဲ့ သတိချပ်ထားဖို့ လိုလိမ့်မယ်ဆိုတဲ့အကြောင်းကိုတော့ ကျနော်အလေးအနက် သတိပေးလိုက်ပါရစေ။
ကျဆုံးသွားသူ အပေါင်းနဲ့ တိုက်ပွဲဝင်နေသူ အပေါင်းတို့ကို အထူးလှိုက်လှဲသောစိတ်နဲ့ ဦးညွှတ်အလေးပြုလျှက်..........။
ဇွန်မှိုင်း
(သာယာဝတီ အကျဉ်းထောင်ထဲတွင် ကျင်းပပြုလုပ်သည့် ဇူလိုင် (၇) ရက်နေ့ အခမ်းအနားတွင် ဖတ်ကြားသည့် စာတမ်းဖြစ်ပြီး အကျဉ်းထောင်ထဲတွင် ထုတ်ဝေသည့် ဒေါက်ဖြုတ်သံ စာစောင်တွင် ဖေါ်ပြခဲ့ပါသည်။)
(အလင်းအိမ်မဂ္ဂဇင်းမှ ထုတ်ဝေဖြန့်ချိသော (၇) ဇူလိုင် စာအုပ်မှ ပြန်လည်ဖေါ်ပြတင်ဆက်ပါသည်။)
No comments:
Post a Comment