Saturday, July 7, 2012
                                                            (၁)
(၇)ရက် ဇူလိုင်အရေးအခင်းဟာ..... ဗိုလ်နေဝင်းအာဏာသိမ်းပြီးလို့ လေးလကြာတဲ့အခါမှာ ပေါ်ပေါက်တာဖြစ်ပါတယ်။  ဒီအာဏာသိမ်းမှုဟာ  ခေတ်သစ် ဗမာပြည်သမိုင်းရဲ့ အပြောင်းအလဲ
အကွေ့ အချိုးကြီးတခုဖြစ်ပါတယ်။ ဗိုလ်နေဝင်းတို့စစ်အုပ်စုဟာ စစ်အုပ်စုမျိုးဆက်နဲ့ချီပြီး တိုင်းပြည်အာဏာကို သိမ်းပိုက်တော့မယ်။ တကယ့်ရည်ရွယ်ချက်ကိုမပြောဘဲ တိုင်းရင်းသားတွေ
အပေါ်  မတရားစွပ်စွဲပြီး  အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။  ဒါကြောင့် အာဏာရ ပထစ နဲ့ အဓိက
အတိုက်အခံ ဖဆပလတို့ဟာ တွေသွားပြီး (၁၉၅၈-၆ဝ) အာဏာသိမ်းမှုတုန်းကလို ဗိုလ်နေဝင်းက အာဏာပြန်လွှဲလေမလားလို့ လူတွေဟာ ဗိုလ်နေဝင်းပြောတဲ့ ဆိုရှယ်လစ်စကားကို သွားရည်ကျပြီး စစ်အစိုးရကို ထောက်ခံပြောလည်း စမ်းတဝါးဝါးရေးသားဖော်ပြနေကြပါတယ်။ သူတို့အနေနဲ့ အဖမ်းခံရမှာနဲ့ သတင်းစာတိုက်အပိတ်ခံရမှာကို သတိထားနေကြတဲ့ သဘောလည်းပါပါတယ်။
                                                 (၂)
    ဒီလိုအနေအထားမှာ တကသနဲ့ ဗကသ တို့ကနေ စစ်အစိုးရအာဏာသိမ်းတာကို ကန့်ကွက်ကြောင်း အတိအလင်း ကြေငြာလိုက်ပါတယ်။ ဒါဟာအာဏာရပြီးကာစ မာန်တက်နေတဲ့ စစ်အုပ်စုကို အမျက်ခြောင်းခြောင်းထွက်စေခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေးသမားကြီးတွေတောင် မပြောဝံ့တာကို ဒီမလောက်လေးမလောက်စား ကျောင်းသားလေးတွေက ရာရာစစ ပြောရစကောင်း
လား ဆိုပြီး စစ်ဦးဘီလူးသဖွယ်သမဂ္ဂနဲ့ ကျောင်းသားတွေအပေါ် ဦးဦးဖျားဖျား ရမ်းကားရက်စက်
ခဲ့တာဟာ  အဓိကအားဖြင့် ဒီအကြောင်းကြောင့်ပါ။ သူ့ဘဝမှာ ကျောင်းသားသမဂ္ဂတွေနဲ့ ယောင်လို့
မှ မပတ်သက်လို့မှ မပတ်သက်ခဲ့ထူးတဲ့ ဗိုလ်နေဝင်းဟာ သမိုင်းဝင်ရန်ကုန်တက္ကသိုလ်ကျောင်းသား
များ သမဂ္ဂအဆောက်အဦကြီးကို မိုင်းဗုံးနဲ့ဖြိုပစ်ခိုင်းခဲ့တာဟာ အထက်ကပြောခဲ့တဲ့ နာကျည်းချက်
ကြောင့်ဖြစ်တယ်လို့ဆိုရင် မမှားပါဘူး။ စစ်မဖြစ်မီက ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျနော့်မိခင်ဆိုရင် အဲဒီတုန်းက ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင်ဖြစ်သွားပြီး သူတို့နှယ် မိုက်ရိုင်းလိုက်လေလို့ တဖြစ်တောက်တောက် ပြောခဲ့တာ အခုအထိ မှတ်မိနေပါတယ်။
                                                    (၃)
    ဗိုလ်နေဝင်းက ကျောင်းသားတွေကို သတ်ပြလိုက်တာဟာ တကယ်က တပြည်လုံးကို ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။ ဓါးဓါးချင်း၊ လှံလှံချင်းရင်ဆိုင်မယ်လို့ ဒေါသမထိန်းနိုင်ဘဲ ပြောတဲ့အထိဖြစ်ခဲ့တယ်။ ဒီစကားကြားတော့ လက်နက်မဲ့ကျောင်းသားတွေအပေါ် မောက်မောက်
မာမာ စိန်ခေါ်နေတဲ့ တိုင်းပြည်ခေါင်းဆောင်ကြီးကိုလည်း လူထုက အံ့သြကြရပါတယ်။
အမှန်က ကျောင်းသားသမဂ္ဂတွေ အပေါ်မှာ ထားရှိတဲ့ ဗိုလ်နေဝင်းရဲ့ အာဃာတဟာ သမိုင်းနဲ့ချီပြီး သူ့ရင်ထဲ၊ ခေါင်းထဲမှာ ကိန်းအောင်းနေခဲ့တာဖြစ်ပါတယ်။  သခင်အောင်ဆန်းအပါ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်
တွေလို့ သူသတ်မှတ်ထားသူတွေအားလုံးလိုလိုဟာ သမဂ္ဂမှာ ထိပ်ပိုင်းက လှုပ်ရှားခဲ့သူတွေဖြစ်ပါ
တယ်။ နောက်ပြီး တို့ဗမာအစည်းအရုံးမှာ သူ့ဆရာ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့နဲ့အပြိုင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကျောထောက်နောက်ခံ အင်အားဟာ  ကျောင်းသားသမဂ္ဂဝင်
ဟောင်းတွေမဟုတ်လား။ ဒီလူသတ်ပွဲဟာ အဲဒီရန်ငြိုးတွေကို ဖောက်ခွဲလိုက်တာလို့ပြောရင်လည်း မမှားပါဘူး။  သူ့တလျှောက်လုံး  အရှုံးပေးခဲ့ရတဲ့ ကျောင်းသားသမဂ္ဂကို ပြန်အနိုင်ယူတဲ့သဘော
ဖြစ်ပါတယ်။
                                                        (၄)
    သူ့ရဲ့ ဒီလူသတ်ပွဲဟာ ကျောင်းသားတွေကိုသာ ဦးတည်တာ မဟုတ်ဘဲ တပြည်လုံးကို မြင်တယ်မဟုတ်လား ကြည့်ထားကြ လို့ စံပြလုပ်ပြလိုက်တာပါ။ တိုင်းပြည်ရဲ့ အညွန့်အဖူးလို့ဆိုတဲ့ အသက်ငယ်ရွယ်တဲ့ ကျောင်းသားတွေကိုတောင် သတ်ရဲတယ်။ ကျန်တဲ့ အလွှာ အသီးသီးကို တော့ ပြောစရာမလိုဘူး ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီလူသတ်မှုဟာ နောင်စစ်အစိုးရ အဆက်ဆက် အတွက်ရဲရဲသတ်ဖြတ်တဲ့ အစဉ်အလာကို ထူထောင်ပေးလိုက်တာ၊ ရဲဆေးတင်ပေးလိုက်တာဖြစ်ပါတယ်။
 အမှန်ဝန်ခံရရင် ကျနော့် တဦးချင်းရော၊ တခြား ကျနော်သိသမျှ အဖွဲ့ အစည်းတွေရော လူပုဂ္ဂိုလ်တွေပါ ဗိုလ်နေဝင်း ဒါလောက်မိုက်မိုက် ရိုင်းရိုင်း လုပ်လိမ့်မယ်လို့  မျှော်လင့်မထားတာ
အမှန်ပါ။ သာမာန်ဗမာပြည်သားတယောက်အနေနဲ့ ဒါလောက်ရက်စက်လိမ့်မယ်လို့ မတွက်မိခဲ့ပါ
ဘူး၊ ဒီလိုနဲ့ ဒီအဖြစ်အပျက် ပေါ်ပေါက်လိုက်တဲ့အတွက် အားလုံးဟာ စဉ်းစားမှုနည်းနာ၊ လက်တွေ့
ပြင်ဆင်မှု စတာတွေ အားလုံးမှာ အရင်ကနဲ့ မတူတာတွေချည်း ဖြစ်ကုန်ပါတယ်။ ဒီလိုနဲ့တချို့ ကျောင်းသားခေါင်းဆောင်တွေ တောခိုတာ အထိဖြစ်ခဲ့ပါတယ်။
                                                      (၅)
    ကျောင်းသားသမဂ္ဂတွေဟာ (၁၉၆၂)ခုနှစ်ကစပြီး သမိုင်းမှာ ပထမဆုံးအဖြစ် မြေအောက်
ခိုခဲ့ရပါတယ်။ ဒီအရင်တုန်းက ကျောင်းသားခေါင်းဆောင်တွေအဖမ်းခံရတာရော အဖမ်းမခံရတာ
ရော အဖမ်းမခံရအောင် ရှောင်ရှားကြတာပါရှိပါတယ်။  ဒါပေမယ့် ကျောင်းသားသမဂ္ဂတွေကတော့ ဆက်လက်လည်ပတ်နေခဲ့တယ်။ ကျန်နေသူတွေကဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊
ကျောင်းထုတ်ခံရသူတွေကို ကျောင်းနေခွင့်ပေးဖို့ ဆက်တိုက်ပွဲဝင်ကြပါတယ်။ ဒါပေမယ့် (၁၉၆၂) ခုနှစ်နောက်မှာ ကျတော့ အဓိက သမဂ္ဂရုံးများလို့ဆိုရမယ့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက် အဦကြီးနဲ့ မန္တလေး တက္ကသိုလ်က သမဂ္ဂတဲကြီးကို စစ်အစိုးရက ဖြိုပစ်လိုက်ပြီး ဘယ်သူ့ကိုမှလှုပ်ရှားခွင့် မပေးတော့ပါဘူး။
အဲဒီနောက်(၁၉၆၃) ခုနှစ်မှာ မဆလအစိုးရက တောတွင်းနဲ့ စေ့စပ်ဆွေးနွေးဖို့ လုပ်တယ်ဆိုတဲ့ အခါမှာ အဖမ်းခံထားရသူတွေကိုလည်း တော်လှန်ရေးကောင်စီအစိုးရက လွှတ်ပေးရပါတယ် အဲဒီနောက် ပုန်းအောင်းနေတဲ့ ကျောင်းသားတွေလည်း ပြန်ထွက်လာကြပြီး ကျန်နေတဲ့
အတူ သမဂ္ဂလုပ်ငန်းများကို ပြန်စကြပါတယ်။ ဒါပေမယ့် ဒါဟာ လအနည်းငယ်သာခံပါတယ်။ ဗိုလ်နေဝင်းက စေ့စပ်ဆွေးနွေးရေး မျက်လှည့်ပွဲတော်ချိန်တန်ပြီးလို့ ဆုံးဖြတ်လိုက်တာနဲ့
စာပွဲဝိုင်းတွေကို ဖျက်သိမ်းပြီး တောတွင်းအင်အားစုတွေကို တောထဲပြန်ခိုင်းကာ မြို့ပေါ်မှာ လူဖမ်းပွဲတွေ အကြီးအကျယ်လုပ်တော့တာပါ။ အဲဒီလိုနဲ့ ကျောင်းသားသမဂ္ဂတွေ
မြေအောက်လျှိုးသွားရတာဟာ ဒီနေ့အထိပါပဲ။
                                                       (၆)
    ဗိုလ်နေဝင်းက ဂမူးရှုးထိုးနဲ့ သမဂ္ဂအဆောက်အဦးကြီးကို ဖြိုခွဲလိုက်တာဟာ ဗိုလ်နေဝင်း
တို့ကို သမိုင်းတရားခံအဖြစ် သေတဲ့အထိ တောက်လျှောက် တစ္ဆြေွခြောက်ခဲ့ပါတယ် နောက်ပိုင်းမှာ သူတို့ချင်း  အပြန်အလှန်လက်ညှိုးထိုးရင်း  ဗိုလ်အောင်ကြီးနဲ့ကွဲရာမှာ အချက်အလက်ဖြစ်လာခဲ့
ပါတယ်။ တကယ်ဆို ဒီအချက်က အတွင်းသိဖြစ်တဲ့ ဗိုလ်အောင်ကြီးအနေနဲ့ ဗိုလ်နေဝင်းဆီမှာ မျက်နှာချိုသွေးရေးအတွက်ပဲ အသုံးချသွားခဲ့ပါတယ်။ သမိုင်းရဲ့ဖြစ်ရပ်မှန်တွေကို ထုတ်ဖော်လောက်
အောင် သတ္တိမရှိကြောင်း ပြသသွားပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် ဗိုလ်နေဝင်းအပါအဝင် ဘယ်စစ်အာဏာရှင်မဆို သူတို့ကိုယ်တိုင် ဆုံးဖြတ်တာပါ။  တော်တော်များများက သူတဦးတည်း
ဆုံးဖြတ်တာပါ။ ဘယ်သူမှ ပြန်ပြောဝံ့တာ မဟုတ်ပါဘူး။ ဒါကို အတွင်းသိလို့ဆိုရမယ့် ကတော်တွေက ပုဂံသီရိပစ္စယာ  ဟော်တယ်မှာ  အချင်းချင်းပြောကြတာကို  ကြားရပြီး  ဗိုလ်နေဝင်း တခါထပ်ပြီး
သွေးလန့် ရတယ်မဟုတ်ပါလား။
                                                      (၇)
    (၇)ရက် ဇူလိုင်ကျောင်းသားသတ်ပွဲကြီး ပြီးတဲ့ အခါမှာ ပြည်သူလူထုအတွင်း စစ်အစိုးရနဲ့
ပတ်သက်လို့ အမြင်ရှင်းသွားကြပါတယ်။ အဲဒီကာလက နိုင်ငံရေးနဲ့ ပတ်သက်လာရင် ဒီလူသတ်ပွဲအပေါ် ရှုမြင်ပုံ၊ ရပ်တည်ချက်ပုံ အပေါ်မူတည်ပြီး အကဲဖြတ်ကြပါတယ်။ ဒါဟာ အဲဒီတုန်း
က လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကိုတိုင်းတာတဲ့  စံတခုပါပဲ။ ပြည်သူလူထုဟာ မဆလနဲ့ ပေါင်းတဲ့ လူတွေအပါ် ဒီကိစ္စကြီးပေါ်ပြီးနောက်မှာ ပိုပြီးမေတ္တာပျက်သွားပါတယ်။
မြေပေါ်လက်ဝဲသမားတွေထဲမှာလည်း မဆလနဲ့ ပေါင်းသူနဲ့ မပေါင်းသူရယ်လို့ အတိ
အလင်း ကွဲပြားသွားပါတယ်။ မဆလနဲ့ တွဲသွားသူတွေအထဲမှာ နိုင်ငံရေး အစဉ်အလာကြီးသူတွေ၊ နာမည်ကြီးသူတွေ ပါကြပါတယ်။ ဒါပေမယ့် သူတို့ခမျာ အဲဒီခြေလှမ်းကစပြီး ပြည်သူလူထုနဲ့ ကင်းကွာ သွားလိုက်တာ နိုင်ငံရေးအရ လုံးလုံး ပြန်နာလံမထူတော့ပါဘူး။ ဒါကြောင့် ဒီအရေးအခင်းဟာ အဲဒီအခါက ဘီလူးစည်း လူစည်း ခွဲရာမှာလည်း အင်မတန် အရေးပါတဲ့ အခန်းက ပါရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
                                                   (၈)
    ဒါကြောင့် (၁၉၆၂)ခုနှစ် အာဏာသိမ်းမှုဟာ ဗမာပြည်နိုင်ငံရေးဇာတ်ခုံရဲ့ အခင်းအကျင်း တော်တော်များများကို ပြောင်းလဲသွားစေတယ်လို့ဆိုရင် မမှားပါဘူး။ (၁၉၆၆)ခုနှစ်မှာ ကျနော်ထောင်ထဲကို ရောက်တော့ ထောင်ထဲမှာ ကျနော့်အရင် ရောက်နှင့်တဲ့ သံဃာတော်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ ရှိပါတယ်။ ဒါပေမယ့် အရင်တုန်းက နိုင်ငံရေး အကျဉ်းသားအဖြစ် တွေ့ရလေ့ရှိတဲ့ ဆိုရှယ်နီတို့၊ ပြည်သူ့ရဲဘော်တို့ မတွေ့ရသလောက်ဖြစ်နေပါတယ်။
နောက်တနှစ်လောက်နေမှ ပြည်သူ့ ရဲဘော်ထဲက (အဲအချိန်မှာ မလညပ-မြန်မာနိုင်ငံ အလုပ်သမားညီညွတ်ရေး ပါတီလို့နာမည်ယူထားတဲ့) ပြည်သူ့ရဲဘော်က ခေါင်းဆောင်အချို့ လက်နက်ကိုင် တော်လှန်ရေးထဲ ပြန်ဝင်ဖို့ စည်းရုံးလှုပ်ရှားကြလို့ အဖမ်းခံရပြီး ထောင်ထဲရောက်လာ
ပါတယ်။ ဗိုလ်တင့်တယ် ခေါင်းဆောင်တဲ့ အဖွဲ့ပါ။ ဒီလိုနဲ့ ထောင်ထဲမှာ တိုက်ပွဲတွေဖော်ကြတဲ့ အခါကျတော့ မန္တလေး ခရိုင် ဗကသက ကျနော်တို့ဟာ ဖဆပလတို့၊ ပထစ၊ မလညပ၊ အလံနီ စတာတွေနဲ့ လက်တွဲပြီး ထောင်အာဏာပိုင်တွေကို တိုက်နေတာ တွေ့လာရပါတယ်။ ဗမာပြည် နိုင်ငံရေးရဲ့ အဓိက ပဋိပက္ခဟာ ပြောင်းသွားပြီကိုး။
                                                      (၉)
    နောက်ဆုံးတချက်  အနေနဲ့ပြောရရင်  ကျောင်းသားတွေဟာ  သမိုင်းမှာ  မကြုံဖူးတဲ့
မစဉ်းစား မမျှော်လင့်ခဲ့တဲ့  ရက်စက်သတ်ဖြတ်မှုကြီးနဲ့ အဖိနှိပ်ခံလိုက်ရပေမယ့် နောက်တွန့်ခြင်း လုံးဝ မရှိဘဲ သမဂ္ဂလုပ်ငန်းတွေကို မျိုးဆက် တဆက်ပြီးတဆက် ရတဲ့နည်းပေါင်းစုံနဲ့ ဆက်လက်
သယ်ဆောင်နေကြဆဲဆိုတဲ့ အချက်ပါပဲ။ ဗမာပြည်မှာ ကျောင်းသားဆိုတာရှိနေသရွေ့ ကျောင်းသား
သမဂ္ဂဆိုတာတည်ရှိနေမှာပါပဲ။
  ဖိုးသံ (လူထု)                         
No comments:
Post a Comment