မြန်မြန်သိပါစေ မြန်မြန်ကြားပါစေ
သူတို့လက်ဖက်ရည်ဆိုင်ကလေးမှာ လူငယ်တွေစုပြီး ဖွင့်ခြင်းဖြစ်၏။ ဆိုင်နာမည်ကိုလည်း ‘ကိုယ်တို့လက်ဖက် ရည်ဆိုင်’ဟု ပေးထားသည် လုပ်ငန်းကို နားလည်လို့လည်းမဟုတ်။ စီးပွားဖြစ်ကြံရွယ်ခြင်းလည်းမဟုတ်။ ဘွဲ့ရပြီး အလုပ်အကိုင် မရှိသေးသူ၊ ကျောင်းတက်နေဆဲဖြစ်သူ၊ ပညာတစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ထားသူတွေ ပေါင်းမိပြီး ထလုပ်ကြခြင်း ဖြစ်၏။
အသက်ကလေးတွေရလာတော့ အသုံးစရိတ်က ပိုလာသည်။ တချို့ကလည်း ချစ်သူတွေ ဘာတွေရှိနေ သဖြင့် စရိတ်စက လိုအပ်လာ၏။ မိဘဆီကချည်း လက်ဖြန့်တောင်းဖို့အချိန်မဟုတ်တော့။ မိဘတွေကလည်း တောင်းတိုင်း ပေးနိုင်သည့်အခြေအနေမှာမရှိကြ။ သူတို့သည် လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဘာလုပ်ရင်ကောင်းမလဲဟု တိုင်ပင်ကြရင်း အချိန်တွေ ကုန်ခဲ့သည်။
သူတို့ရပ်ကွက်မှာ အတွင်းပိုင်းကျသဖြင့် လက်ဖက်ရည်သောက်ချင်လျှင် လမ်းမကြီးအထိ ထွက်သောက်ရသည်။ တစ်ရက်မှာ သူငယ်ချင်းတစ်စု လက်ဖက်ရည်ဆိုင်သို့လျှောက်လာကြရင်း တစ်ယောက်က
‘လက်ဖက်ရည်တစ်ခါသောက်ဖို့ ထွက်ရတာကလဲ မလွယ်ပါလားကွာ၊ တစ်ခါတစ်ခါ မိုးရွာနေရင် လျှောက်ရတာ ဝေးတာနဲ့ပဲ သောက်ချင်ရက်နဲ့ အောင့်ထားရတယ်’
ထိုအခါ တစ်ယောက်က
‘ဟာ၊ ငါအကြံရပြီ ငါတို့ လက်ဖက်ရည်ဆိုင်ဖွင့်ရအောင်၊ ငါတို့ရပ်ကွက်ထဲမှာ တစ်ဆိုင်မှမရှိသေးဘူး၊ ငါတို့ ဖွင့်လိုက်ရင် အပြင် ဘယ်ထွက်သောက်မလဲကွ၊ ငါတို့ဆီမှာပဲ သောက်ကြမှာပဲ’
လူငယ်တွေဆိုတော့ ဆွေးနွေးတိုင်ပင်သည့်အချိန်မှာသာ ကြာချင်ကြာမည်။ တကယ်ထလုပ်ပြီဆိုလျှင် ချက်ချင်း တစ်ယောက်က စက်ဘီးရောင်းလိုက်သည်။ တစ်ယောက်က လက်စွပ်ပေါင်သည်။ နောက်တစ်ယောက်က နာရီ၊ နောက်တစ်ယောက်က အဒေါ်အပျိုကြီးဆီက ပိုက်ဆံချေးသည်။ တစ်ယောက်က သူ့အိမ်နေရာကို အသုံးပြုခွင့်ပေးသည်။
သူတို့နေရာလေးက မဆိုးလှ။ အိမ်ရှေ့ကွက်လပ်ကလေးက အတော်အသင့်ကျယ်သည်။ ကုက္ကိုလ်ပင် အရိပ်လည်းရသည်။ ခုမှ ဆောင်းဦးပေါက်ကာစဖြစ်သောကြောင့် မိုးရွာမှာလည်း မပူရသေး။ သစ်ပင်ရိပ်မှာ စားပွဲကလေးတွေ၊ ခွေးခြေကလေးတွေ ချလိုက်ရုံနှင့် လုံလောက်သည်။
ဒီလိုနှင့် လက်ဖက်ရည်ဆိုင်ကလေးကို စတင်ဖွင့်ဖြစ်သည်။
အစပိုင်းမှာတော့ လုပ်ငန်းမကျွမ်းကျင်သဖြင့် အဆင်မပြေတာလေးတွေရှိသည်။ လက်ဖက်ခြောက်စပ်တာ၊ နှပ်တာ၊ နို့ဆီ ပေါင်းတာ သူတို့ သိပ်မလုပ်တတ်သေး။ ကျွမ်းကျင်သူတစ်ယောက် ငှားဖို့ကျတော့လည်း ရှုံးမယ်၊ မြတ်မယ်၊ ဆိုင်က ဘယ်လောက်ကြာကြာခံမယ်မသိသေး၍ ငွေပိုအကုန်မခံနိုင်။ အရင် သူတို့သောက်နေကျလမ်းမကြီးဘက်က လက်ဖက်ရည်ဆိုင်မှ အဖျော်သမားကိုလည်း မေးရမှာ အားနာသည်။ ထိုဆိုင်ဆီသွားမည့်သူတွေကို ဖြတ်ရောင်းမည့် မိမိတို့ ဆိုင်အတွက် မေးရမှာ မျက်နှာပူသည်။
ရပ်ကွက်တွင်းရှိလူတွေက သူတို့ကို အားပေးကြသည်။ သူတို့ဖျော်ပုံက လက်မမှန်သေး။ ခါးချင်ခါး၊ ချိုချင်ချို၊ ပေါ့လိုပေါ့ ဖြစ်နေသည်။ သောက်သုံးသူတွေက သည်းညည်းခံသည်။ လိုအပ်သလို ပြင်ဆင်ဖျော်ခိုင်းရင်းဖြင့် သူတို့ကို သင်သွားသည်။
‘ဟေ့ကောင်တွေ ငါတစ်ယောက်တည်း သောက်တာကို ရေနွေးကြမ်းအိုးအပြည့်ကြီးထည့်ပေးထားတော့ ဘယ် ဟုတ်ဦးမလဲ၊ ငါကမကုန်ဘဲ ကျန်ရစ်တဲ့အခါ အေးကုန်ရင် အလကားဖြစ်ရောပေါ့’
စသည်ဖြင့် စေတနာနှင့်ပြောကြသည်။ တဖြည်းဖြည်း အသားကျလာသည်။ သူတို့ဆိုင်ကလေး လူစည်ကား လာသည်။ အထူးသဖြင့် လူငယ်ပရိသတ်က ပုံမှန်ထိုင်ကြ၏။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ မရှိမဖြစ်လိုအပ်သည့်အရာတစ်ခုမှာ ကက်ဆင်ပင်ဖြစ်၏။ သူတို့မှာ ကက်ဆက် ၀ယ်နိုင်အားမရှိ။ သူတို့ထဲက တစ်ယောက်မှာတော့ ကက်ဆက်အစုတ်ကလေးတစ်လုံးရှိသည်။ သူပိုင်တော့မဟုတ်။ နယ်မှာ အလုပ်သွားလုပ်နေသော သူ့ဦးလေး၏ပစ္စည်းဖြစ်၏။ မတတ်သာသဖြင့် ဒါကိုပဲ ယူသုံးရသည်။
သူတို့ကံကောင်းချင်တော့ ရပ်ကွက်အစွန်ရှိ မြေကွက်လပ်မှာ အစိုးရစီမံကိန်းတစ်ခုတည်ဆောက်ဖို့ရှိလာသည်။ အလုပ်သမားတွေရောက်လာပြီး သူတို့ဆိုင်မှာသောက်ကြသည်။
ထိုအခါ သူတို့ဆိုင်ကို တိုးချဲ့ရတော့သည်။ တဲတစ်လုံး ထိုးရသည်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အဖြစ် တကယ် ပီပြင်လာတော့သည်။
ရောင်းအားတက်လာသဖြင့် အမြတ်လည်း ပိုကျန်လာသည်။ သူတို့ဝင်ငွေလည်း သုံးလောက် စွဲလောက် ရှိလာသည်။
လုပ်ငန်းတိုးချဲ့သည့်အနေဖြင့် အီကြာကွေးနှင့် စမူဆာကြော်သူတစ်ယောက် ငှားရသည်။
တစ်နေ့တွင် သူတို့ဆိုင်၏ မျက်နှာချင်းဆိုင်အိမ်ရှေ့တွင် အဆောက်အအုံတစ်ခု ဆောက်လုပ်နေသည်ကို တွေ့ကြရသည်။ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ ဆိုင်တစ်ခုခုဖွင့်မည့်အနေအထား။ နောက်တော့ သိလာရသည်။ လက်ဖက်ရည်ဆိုင် ဖွင့်မည်တဲ့။
‘ကိုယ်တို့လက်ဖက်ရည်ဆိုင်’ ရောင်းကောင်းတာမြင်ပြီး ဈေးကွက်ဝင်လုဖို့ ကြိုးစားလာခြင်းဖြစ်၏။ ထိုဆိုင်သည် အဆောက်အအုံက ခိုင်ခံ့တောင့်တင်းသည်။ အပြင်အဆင်ကို သားသားနားနားလုပ်ထားသည်။ ကိုယ်တို့ဆိုင်လို ခွေးခြေ ကလေးတွေနှင့်မဟုတ်။ သပ်ရပ်သောစားပွဲကုလားထိုင်များနှင့်ဖြစ်၏။
မုန့်တွေကိုလည်း စုံအောင်ထားသည်။ ပဲပလာတာ၊ စမူဆာ၊ ခါဂျာမုန့်တွေပါလုပ်သည်။ ဆိုင်နာမည်ကိုလည်း ဒီထက်သာအောင် ‘သူ့ထက်ကဲ’ဟု ပေးထားသည်။
ဆိုင်သစ်လည်းဖြစ်၊ မုန့်တွေလည်းစုံသဖြင့် ဟိုဘက်ဆိုင်မှာ လူစည်ကားပြီး ကိုယ်တို့ဆိုင် နည်းနည်း အ သွားသည်။ သူတို့လည်း အေးအေးမနေနိုင်တော့ဘဲ တတ်နိုင်သလောက် အမှီလိုက်ရတော့သည်။
ဟိုဘက်ဆိုင်က ကက်ဆက်ကို ဆောင်းဘောက်စပီကာကြီးနှစ်လုံးဖြင့် ဖွင့်သဖြင့် အသံပိုကောင်းသည်။ သူတို့လည်း ဆောင်းဘောက်စပီကာတစ်လုံးဝယ်ပြီး ကက်ဆက်နှင့် ဆက်ဖွင့်ရသည်။ သူတို့စပီကာက အကောင်းစားတော့ မဟုတ်။ သေးလည်းသေးသည်။
သူ့ထက်ကဲဆိုင်မှာ ဖွင့်စမို့သာ လူကျခြင်းဖြစ်၏။ ဒါကို သတိမပြုဘဲ ရောင်းကောင်းတယ်ဆိုပြီး ထင်တစ်လုံးဖြစ်လာသည်။ ကိုယ်တို့ဆိုင်ကလေးကိုလည်း အပြတ်နိုင်လိုက်ပြီး မကြာခင် ဆိုင်ပြုတ်သွားတော့မည်ဟု ထင်လာသည်။
လောဘတက်လာပြီး အမြတ်ပိုကျန်အောင် လုပ်လာသည်။ လက်ဖက်ရည် ညံ့သွားသည်။ စမူဆာ သေးသွား သည်။ ပဲပလာတာမှာ ဆီခိုလာသည်။ ဆက်ဆံရေးလည်း နည်းနည်းကျဲလာသည်။ အကြမ်းအိုးထဲမှာ အကြမ်းခြောက် မထည့်တော့ဘဲ အချိုခြောက်နှပ်ရပ်တွေ ထည့်တာမျိုးလုပ်လာသည်။ အကြမ်းအိုး ခဏခဏ ထပ်ဖြည့်ခိုင်းလျှင် မကြည်ဖြူသောပုံစံမျိုးလုပ်လာသည်။
သို့ဖြင့် အချို့သောသောက်သုံးသူများ ကိုယ်တို့ဆိုင်ဘက် ခြေဦးပြန်လှည့်လာကြပြန်သည်။ နောက်ပြီး ကိုယ်တို့ ဆိုင်ကလေးက သစ်ပင်ရိပ်မှာ လွတ်လွတ်လပ်လပ် ထိုင်နိုင်သည်။
ဆိုင်ရှင်တွေက လူငယ်တွေချည်းဖြစ်သဖြင့် နောက်လိုက်၊ ပြောင်လိုက်၊ ရယ်မောလိုက်နှင့် ပျော်စရာကောင်း သည်။ ထို့ကြောင့် လူငယ်တွေက ဒီဆိုင်မှာပဲ ထိုင်ကြသည်။ ထို့ကြောင့် သူ့ပရိသတ်နှင့်သူ မျှသွားသည်။
ဒီဆိုင်က လူငယ်တွေကတော့ ခုလို မှန်တန်းလေးရောင်းနေရတာကို ကျေနပ်ရောင့်ရဲကြသည်။
စလုပ်ကတည်းက သူဌေးဖြစ်လုပ်တာလည်းမဟုတ်။ ပြီးတော့ ဆိုငမှာ လူတွေသိပ်ကျနေလျှင် လက်မလည်အောင် အလုပ်များကြသည်။ ဆိုင်မှာ အချိန်ပြည့်လူစုံရှိကြရသည်။ တခြားကိစ္စတွေ မလုပ်နိုင်တော့။
‘ငါတော့ ဆိုင်မှာ လူ သိပ်ကျမှာတောင် စိုးရိမ်တယ်။ ဘယ့်နှယ်ကွာ၊ ရည်းစားနဲ့တောင်ချိန်းတွေ့ဖို့ အချိန်မရတော့ဘူး။ ကောင်မလေးက စိတ်ဆိုးနေပြီ။ သူနဲ့တော့ အပြတ်မခံနိုင်ဘူးကွ’
‘ဟုတ်တယ်ကွာ၊ လူကျတဲ့နေ့ဆို ညကျ စာလေးဘာလေးတောင် မဖတ်နိုင်တော့ဘူး။ ထိုးအိပ်ချင်စိတ်ပဲ ပေါက်နေတယ်’
‘ငါတို့က တစ်သက်လုံးလက်ဖက်ရည်ဆိုင်ဖွင့်စားမှာမှမဟုတ်ဘဲကွာ၊ သုံးစွဲဖို့ရရင် တော်ပါပြီ’
သူတို့က ကျေနပ်ရောင့်ရဲနိုင်သော်လည်း ဟိုဘက်ဆိုင်ပိုင်ရှင်လူကြီးကတော့ လောဘကို မသတ်နိုင်။ ရှိသမျှ လူအားလုံး သူ့ဆီမှာပဲ သောက်စေချင်သည်။ ကောင်လေးတွေဆိုင်ကို အပြုတ်ချချင်သည်။
သူ့ဆိုင်ကကောင်လေးတွေဆိုင်လို တစ်ပဲခြောက်ပြား ရင်းထားသည့်ချောက်ချီးချောက်ချက်ဆိုင်မဟုတ်။ ငွေ အရင်းများစွာ မြှုပ်နှံထားရတာ။ ဒီလောက်သားသားနားနားလုပ်ပြီးမှ ဟိုဆိုင်နှင့်တန်းတူရောင်းရတယ်ဆိုရင် ဘယ်ဖြစ်မလဲ။
ခက်တာက သူ့သမီးတွေကလည်း တစ်ယောက်မှမလှကြ။ ချောချောလှလှတွေဆိုလျှင်လည်း တချို့ကို ကောင်တာ ထိုင်ခိုင်း၊ တချို့ကို စားပွဲထိုးခိုင်းလို့ရသေးသည်။ နောက်တော့ ရုပ်ချောချော ခပ်တောင့်တောင့်တူမတစ်ယောက်ကို ခေါ်ပြီး ကောင်တာထိုင်ခိုင်းသည်။
ထိုအခါ ဒါမျိုးဝါသနာပါသောသူအချို့ သူ့ဆိုင်ဘက်ကူးလာသည်။ သို့ရာတွင် များများစားစားမဟုတ်။ ပြီးတော့ ကောင်မလေးထိုင်သော ကောင်တာက ကောင်လေးတွေဆိုင်ဘက်ကကြည့်လျှင် ကောင်းကောင်းမြင်သာသည်။ ထို့ကြောင့် လူငယ်များက ဟိုဘက်ဆိုင်မှာထိုင်ပြီး ဒီဘက်ဆိုင်က သူ့တူမကို အခမဲ့ကြည့်ခွင့်ရနေတော့သည်။
သို့နှင့် နောက်တစ်မျိုးလုပ်ပြန်သည်။ ကောင်လေးတွေဆိုင်က စမူဆာတို့၊ အီကြာကွေးတို့ကို ၀က်ဆီနှင့် ကြော်ကြောင်း၊ ထိုဆိုင်မှာထိုင်သော ကောင်လေးတွေကလည်း ဆေးသမားတွေဖြစ်ကြောင်း သတင်းဖြန့်သည်။ ကိုယ်တို့ဆိုင်ကကောင်တွေ ဒေါကန်ပြီး အဘိုးကြီးကို ဆော်မယ် တီးမယ်ဖြစ်ကုန်သည်။ သူတို့ထဲမှာ လူကြီးလို ဖြစ်နေသောစိုးဝင်းက ကိုယ့်အလုပ်ကိုသာ ကောင်းအောင်လုပ်ဖို့ ပြောပြီး ထိန်းထားရသည်။
သူ့ထက်ကဲဆိုင်မှ လူကြီးသည် ကောင်လေးတွေ ဆိုင်ကိုပြုတ်အောင် ဆော်လို့မရမှန်း သိလာသည်။ ကောင်လေးတွေကလည်း သူ့ပရိသတ်နှင့်သူ မှန်မှန်ရောင်းရင်း ပျော်ပျော်ပါးပါးနေကြသည်။ ဒါကို သူကြည့်လို့မရ။ တတ်နိုင်သလောက်တော့ အနှောင့်အယှက်ပေးချင်သည်။
ထို့ကြောင့် သူ့ဆိုင်မှ ဆောင်းဘောက်စပီကာကို ဆိုင်ပြင်ထုတ်၊ ကောင်လေးတွေဆိုင်ဘက်လှည့်၍ ခပ်ကျယ်ကျယ်ဖွင့်လေတော့သည်။
ထိုအခါ ကောင်လေးတွေကလည်း မခံချင်စိတ်ဖြင့် သူတို့စပီကာကို ဒီဘက် မျက်နှာချင်းဆိုင်၍ ပြန်ဖွင့်တော့သည်။ ဟိုဘက်ကဖွင့်သည့်သီချင်းသံနှင့် ဒီဘက်ကဖွင့်သည့်သီချင်းသံ ရောထွေးကုန်သည်။ ဒီဘက်ဆိုင်က အသံကို ပိုကျယ်လိုက်သည်။ ဟိုဘက်ကလည်း အသံလိုက်မြှင့်သည်။
ဒီလိုနှင့် လက်ဖက်ရည်ဆိုင်များအတွင်း နားကွဲမတတ်အသံတွေ ဆူညံနေ၏။ ကောင်လေးတွေ၏စပီကာမှာ သေးလည်းသေး၊ ကက်ဆက်ကလည်း ခပ်စုတ်စုတ်ဖြစ်သဖြင့် အသံဆက်မမြှင့်နိုင်တော့။ တစ်ဘက်ဆိုင်က စပီကာကြီးများ၏ အသံအောက်တွင် နစ်မြုပ် မှေးမှိန်နေရလေသည်။
သူ့ထက်ကဲဆိုင်ရှင် အဘိုးကြီးမှာ အလွန်ကျေနပ်နေသည်။ ဒီလောက်နှင့် အားမရနိုင်သေးဘဲ သူ့စပီကာတွေကို အာဏာကုန် အသံမြှင့်ပြီးဖွင့်လေရာ တစ်ရက်တွင် သူ့ကက်ဆက် ပျက်သွားလေတော့သည်။ ကက်ဆက်ပြင်ဆိုင်သို့ သွားပြရာ
‘အန်ကယ်က အရမ်းအသံတင်ပြီး ဖွင့်တယ်ထင်တယ်။ အန်ကယ်သုံးတဲ့စပီကာနဲ့ ကက်ဆက်နဲ့ ‘အုံး’ချင်းလည်း မတူဘူး။ ဒါကြောင့်ဖြစ်တာပါ။ ကျယ်ကျယ်လည်းဖွင့်မယ်။ တစ်နေ့လုံးလည်း သုံးမယ်ဆိုရင် အမ်ပလီဖိုင်ယာခံပေးဖို့ လိုလိမ့်မယ်။ သိပ်မကုန်ပါဘူး။ ထောင့်ငါးရာ နှစ်ထောင်လောက်ဆိုရင် ရပါတယ်’
အဘိုးကြီး တွန့်သွားသည်။ ထောင့်ငါးရာ နှစ်ထောင်တဲ့။ ဒီလောက်ငွေ အကုန်မခံချင်။ နှမြောစရာကြီး။ ငွေကုန်ပြီး ထူးခြားလာရင်တော့ ကိစ္စမရှိ။ ခုဟာက သူ့ဆိုင်က ဘယ်လောက်အသံကျယ်ကျယ်ဖွင့်ဖွင့် ကောင်လေးတွေဆိုင်မှာ ဖောက်သည်တွေ လျော့မသွား။ ဘာထူးသလဲ။ ဒီတော့။
စိုးဝင်းသည် ဒီအဘိုးကြီး ဘာအကြံနဲ့ ငါ့ကိုခေါ်ပါလိမ့်ဟု တွေးနေသည်။ အေးအေးဆေးဆေး စကားပြောချင်လို့ပါဆိုပြီး ဒီဆိုင်ကို ခေါ်လာသည်။ ဆိုင်က အရက်ပါရောင်းသောစားသောက်ဆိုင်။ ‘မောင်စိုးဝင်း ဘာသောက်မလဲ’ဟု မေးသည်။ သူက ‘ကျွန်တော် အလုပ်ရှိသေးလို့ မသောက်ပါဘူး’ဟု ပြောသည။ ‘ဘီယာလောက်တော့လုပ်ပါ’ဆိုပြီး အတင်းမှာသည်။ စားစရာလည်း လေး၊ ငါးမျိုး။ စိုးဝင်းကတော့ ခုထိ ဘာမှ မတို့မထိသေး။
ငါ့ကိုဖဲ့ပြီး စည်းရုံးမလို့လား။ သူ့ဆိုင်မှာ လာကြီးကြပ်ပေးပါ။ မက်လောက်အောင်ပေးမယ်ဆိုတာမျိုး ပြောမလား။ သူ့သမီးနဲ့များ ပေးစားဦးမှာလား။ အမလေး ဒီပုံကြီးတော့မယူပါရစေနဲ့ဟု တွေးနေတုန်း
‘ငါ့တူလည်း သိပြီးဖြစ်တဲ့အတိုင်း ငါ့တူတို့ အန်ကယ်တို့ဆိုတာ ဒီရပ်ကွက်မှာ ရပ်ဆွေရပ်မျိုးတွေအဖြစ် နေခဲ့ကြတာ ကြာပြီမဟုတ်လား’
‘ခင်ဗျာ၊ ဟာ၊ ဟုတ်လိုက်လေ။ အန်ကယ်ပြောမှပဲ ကျွန်တော် သတိပြုမိတော့တယ်’
စိုးဝင်းက ရိလိုက်ခြင်းဖြစ်၏။ အဘိုးကြီးစိတ်ထဲက တော်တော်လူပါးဝတဲ့ကောင်ဟု တွေးသော်လည်း ပါးစပ်ထဲကတော့
‘အဲ ဟုတ်တာပေါ့။ ဒီလိုကွယ်၊ ခုဆိုရင် အန်ကယ်တို့ဆိုင်ကလဲ ကိုယ့်မိတ်နဲ့ကိုယ်၊ ငါ့တူတို့ဆိုင်ကလဲ အလားတူပဲလေ။ အဲဒီတော့’
‘ဒီတော့ အန်ကယ်ဘာဖြစ်ချင်သလဲဆိုတာသာ ပြောပါ။ ကျွန်တော် အချိန်မရဘူးခင်ဗျာ။ ဆိုင်ကို ပစ်ထားခဲ့ရတာ’
‘သောက်လိုက်ပါဦးကွာ ဘီယာတွေ အေးကုန်ပါ့မယ်’
‘ကျွန်တော် အလုပ်ချိန်အတွင်းမှာ လုံးဝမသောက်ပါဘူး။ ပြောစရာရှိတာသာ မြန်မြန်ကြားပါရစေ’
‘ဒီလိုရှိပါတယ်’
‘ဟုတ်ကဲ့၊ ဘယ်လိုများရှိပါလိမ့်ခင်ဗျာ’
အဘိုးကြိး တင်းခနဲဖြစ်သွားသော်လည်း စိတ်ကိုထိန်းပြီး
‘အခုချိန်မှာ ကိုယ့်ဖောက်သည်နဲ့ကိုယ် ရောင်းနေကြပြီဆိုတော့ တစ်ဆိုင်နဲ့တစ်ဆိုင် ထိခိုက်နစ်နာမယ့်ကိစ္စမျိုး မလုပ်ဖို့’
‘နေပါဦး အန်ကယ်၊ ကျွန်တော်တို့က အန်ကယ့်ဆိုင် ထိခိုက်အောင် ဘာလုပ်လို့လဲ၊ အန်ကယ်တို့ဘက်ကသာ’
‘ဟုတ်ပါပြီလေ၊ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒီနေ့ အန်ကယ်အဓိကပြောချင်တာက ကက်ဆက်နဲ့ သီချင်းဖွင့်တဲ့ကိစ္စ’
‘ဟုတ်ကဲ့ ပြောပါခင်ဗျာ’
‘တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင်အဆိုင်သီချင်းအကျယ်ကြီးဖွင့်ကြတော့ ဘယ်သူ့မှာမှ အကျိုးမရှိဘူး။ ကက်ဆက် နာတာပဲရှိတယ်။ နားထောင်ရတဲ့လူတွေလည်း သာသာယာယာမရှိဘူး။ ပြီးတော့ ဘေးပတ်ဝန်းကျင်ကလည်း နားမခံသာဘူးဆိုပြီး ပွစိပွစိ ပြောကုန်ကြပြီ’
‘ဒီတော့’
‘ဒီတော့ကွာ၊ တို့တွေ နားလည်မှုယူရအောင် အန်ကယ်ကလဲ ကက်ဆက်ကို အသံလျှော့ဖွင့်မယ်။ ကိုယ့်ဆိုင်အတွင်း ကြားရုံလောက်ပေါ့၊ ငါ့တူတို့ဘက်ကလဲ’
‘ဟာ ကိစ္စမရှိပါဘူးအန်ကယ်၊ ကြိုက်သလိုဖွင့်ပါ။ တကယ်တော့ အန်ကယ်သတိမထားမိလို့ပါ။ ကျွန်တော်တို့ဆိုင်က သီချင်းမဖွင့်တော့တာ နှစ်ပတ်လောက်ရှိသွားပါပြီ။ အန်ကယ်တို့ဆိုင်က သီချင်းအကျယ်ကြီးဖွင့်တော့ ကျွန်တော်တို့ဆိုင်က အတိုင်းသားကြားနေရတယ်လေ။ ကျွန်တော်တို့ဖွင့်ဖို့ မလိုတော့ဘူးပေါ့။ ကျွန်တော်တို့ဆိုင်မှာ သောက်တဲ့ လူတွေကလဲ အန်ကယ်တို့ဆီက ဖွင့်တဲ့သီချင်းကို နားထောင်လို့ရနေပြီပဲ။ ဒီတော့ ဖွင့်သာဖွင့်ပါ အန်ကယ်။ ကျယ်ကျယ်ဖွင့်လေ ကောင်းလေပါပဲ။ ကဲ ကျွန်တော်လည်း အလုပ်ရှိသေးလို့ သွားလိုက်ဦးမယ် ခွင့်ပြုပါဦး’
စိုးဝင်းက နှုတ်ဆက်ပြီး ထွက်သွားသည်။ အဘိုးကြီးသည် ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေ၏။ သူရယ်၊ ချန်းလီဘီယာနှစ်လုံးရယ်၊ ဘဲကင်ရယ်၊ နံရိုးကြော်ရယ်၊ ကိုက်လန်ရယ်၊ ယိုးဒယားဟင်းချိုရယ်တို့သာ ဆိုင်ထဲမှာ ကျန်ရစ်ခဲ့၏။
မင်းလူ
(သင်္ဘောသားမဂ္ဂဇင်း အမှတ် ၂၊ ဒီဇင်ဘာ ၁၉၈၉)
source..... မင်းလူ၏ ၀တ္တုတိုများ

No comments:
Post a Comment