ပန်းခရမ်းပြာ နှင့် တွေ့ဆုံခြင်း
(ပန်းခရမ်းပြာ ကိုရဲလွင်ကို တွေ့ဆုံမေး မြန်းခွင့်ရရန် ကိုဘိုဘိုဦးက သူ၏ ပန်းချီ ဂယ်လာရီတွင် ခေါ်ပေးထားခြင်းဖြစ်ပါ သည်။ ကိုရဲလွင်သည် တစ်ကိုယ်တော် နေထိုင်သည်။ ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းရေးအတွက် ကိုရဲလွင်ဂစ်တာတီး ပြီး သီချင်းဆိုနေသည်။)
ကျွန်တော့်ကို ပေါင်းထည်မြို့မှာ မွေး တယ်။ အဖေက စက်ရှင်တရားသူကြီး အဖေနဲ့ အတူမြို့တော်တော်များများမှာ ကျွန်တော်လိုက်ပါနေထိုင်ဖူးတယ်။
ကျွန်တော့်မှာ မောင်နှစ်မဆယ်ယောက် ရှိတယ်။ ကျွန်တော်တို့က ခရစ်ယာန်မိသားစု ဘုရားကျောင်းမှာ သီချင်းတွေဆိုကြတယ်။ အိမ်မှာ ၀တ်ပြုဆုတောင်းပွဲရှိရင် သီချင်း တွေဆိုကြတယ်။ ကျွန်တော်ဗီဇက ဆိုင်း သံဗုံသံကြားရင် လိုက်ကတာပဲ။ ကိုယ့် ရပ်ကွက်အဆုံးအထိ လိုက်ကတာ။ အိမ် ကလည်းလွှတ်ပေးထားတယ်။
ကျွန်တော်အလယ်တန်းကျောင်းသား ဘ၀မှာ ဂစ်တာတစ်လုံးကို မပိုင်နိုင်သေး ဘူး။ ဘာဂျာလေးတော့ရှိတယ်။ ကျွန်တော့် အစ်ကိုမှာ ဂစ်တာရှိတယ်။ အစ်ကိုက ကျွန်တော့်ကို ပေးမတီးဘူး။ ကျွန်တော် ရှစ်တန်းမှာ ၁၅ ကျပ်တန် ဂစ်တာလေးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရပြီ။ အစ်ကိုက “အဘိုးကြီးအိုစာကုန်းကုန်း”နဲ့ စပြီး ဂစ်တာတီးသင်ပေးတယ်။
အိမ်မှာ ရေဒီယိုလေးတစ်လုံးရှိတယ်။ ရေဒီယိုကို နားနဲ့ကပ်ပြီး နားထောင်တယ်။ မြန်မာ့အသံကလွှင့်တဲ့ အင်္ဂလိပ်ပိုင်းအစီ အစဉ်ကို ကျွန်တော်ကြိုက်တယ်။
အိမ်မှာက ဓာတ်စက်မရှိဘူး။ ဓာတ် စက်ရှိတဲ့အိမ်မှာ သွားပြီး သီချင်းနားထောင် တယ်။ နောက်တော့ တိတ်ရကော်ဒါရှိတဲ့ အိမ်မှာ သီချင်းတွေ နားထောင်တယ်။ အိမ်က အင်းစိန်ကိုရောက်လာတယ်။ ဂစ်တာအ၀န်းအ၀ိုင်းနဲ့ နီးကပ်သွားတယ်။ ကျွန်တော် အထက်တန်းကျောင်းသားဘ၀ မှာ ကျော်ဟိန်းနဲ့အတူ ဂစ်တာတီးတယ်။ ခင်ဝမ်းနဲ့လည်း ခင်နေပြီ။ ကျောင်းနေ ဘက်သူငယ်ချင်းတွေပေါ့။ မြန်မာ့အသံ အင်္ဂလိပ်ပိုင်းအစီအစဉ်ကနေ ကျွန်တော် သီချင်းလွှင့်ခွင့်ရဖို့ ပြိုင်ပွဲဝင်ရာကစပြီး မြန်မာ့အသံက ဂစ်တာသမားတွေနဲ့ ခင်မင်သွားတယ်။
ကျွန်တော်ဆယ်တန်းအောင်တော့ စက်မှုတက္ကသိုလ်တက်ခွင့်ရသွားတယ်။ ၁၉၇၄ မှာ အီးမရှင်း (E machine မှာ ဘေ့စ်ဂစ်တာသမားဖြစ်ပြီ။ စိုးပိုင်ခေတ် စိုးပိုင်က အီးမရှင်းမှာ သီချင်းဆိုတယ်။ အဲဒီအချိန်မှာ Dream Makers တီးဝိုင်းက တော်တော်လေးကောင်းနေပြီ။ တက္ကသိုလ် အေးမောင်ပါတယ်။ သန်းနိုင်က အဲဒီမှာ ဒရမ်မာ သန်းနိုင်ရဲ့ ဒရမ်ရိုက်ချက်တွေလှ တယ်။
ကျွန်တော့်အိမ်က အင်းစိန်မှာ ကျွန်တော်က ကြို့ကုန်းက ဒေါ်ကြည်ကြည် ရဲ့ အဆောင်မှာ သူငယ်ချင်းတွေရှိလို့ သွားနေတယ်။ ပိုက်ဆံကုန်မှ အင်းစိန်အိမ် ပြန်ပြီးပိုက်ဆံတောင်းတယ်။ ကြို့ကုန်းက အဆောင်ဆီရိက်္ခာတွေ သယ်ဆောင်လာ တယ်။
ကြို့ကုန်း အိမ်ကို The House of the rising sun လို့ ကျွန်တော်တို့က အနုပညာဆန်ဆန်နာမည်ပေးထားတယ်။
ကျောင်းမှာ သင်္ချာသင်ရတော့ Problem တဲ့။ ခေတ်ကလည်း ပြဿနာ ခေတ်စားတယ်။ ပြဿနာပဲကွာလို့ အပြောများတယ်။
ကြို့ကုန်းက ဒေါ်ကြည်ကြည်ရဲ့ အိမ်က အိမ်းမည်းကြီး။ အိမ်မည်းကြီးမှာ ကျွန်တော်တို့ “ပြဿနာအုပ်စု” နေထိုင် ကြတယ်။ ခင်မောင်တိုး၊ ကိုနေ၀င်း၊ ကိုမောင်မောင် (အဉ္စလီ)၊ ကျွန်တော်ပေါ့။ ကျွန်တော်က တတိယနှစ်ကိုဆက်တိုက် ကျတယ်။ ပြင်ပဖြေဖြစ်သွားတယ်။ ခင်မောင်တိုးလည်း စက်မှုတက်္ကသိုလ်မှာ ကျတယ်။ ကိုမောင်မောင်လည်းကျတယ်။ ကျွန်တော်တို့ အာလုံးပြင်ပဖြေပေါ့။
ကိုနေ၀င်းကို ကိုကျော်နိုင်က မိတ်ဆက်ပေးတာ။ အီးမရှင်း ကိုကျော်နိုင် ပါ။ ကိုနေ၀င်းက လားရှိုးကနေ လာတာ။ ရန်ကုန်မှာ “အားလုံးကိုကျော်ဖြတ်ရမယ်” လာ သွင်းတာ ကျွန်တော်နဲ့ စတွေ့တဲ့ ညမှာပဲ “ကိုနေ၀င်း ကျွန်တော်နဲ့ လိုက် အိပ်မလား”ဆိုတော့ သူက “လိုက်မယ်”ဆို ပြီး လိုက်လာတာ။
မပြန်တော့ဘူးဗျာ။
ဒေါ်ကြည်ကြည်ရဲ့ အိမ်မည်းကြီး အဆောင်မှာ ခင်မောင်တိုး၊ ကိုမောင်မောင်၊ ကျွန်တော်ကိုရဲလွင်၊ လေးယောက်တွဲ မိကြပြီ။ ကိုနေ၀င်းက ကလပ်စီကပ်ဂစ်တာ တီးတာ အရမ်းကောင်းတယ်။
ကျွန်တော်တို့က ညမှာ ဂျီဟောလ် မှာ တီးတယ်။ တစ်ခါတစ်ရံ သမိုင်းက သဇင်ဆောင်မှ တီးတယ်။ လှည့်တီးနေ တာပါပဲ။ ပြည်လမ်းပေါ်က မလာဆောင် လည်း ရောက်တာပါပဲ။ မနက် လေးနာရီ အထိ ဆိုတာတီးကလည်းရှိတယ်။ အဆောင်သူတွေ စားစရာတွေ သစ်သီး တွေ ပစ်ပေးကြတယ်။
သဇင်ညမှာ နှင်းတွေကျလည်း ကျွန်တော်တို့သီချင်းဆိုနေကြတာပါပဲ။
အဆောင်မှာ ဂျင်ဝိုင်းရှိတတ်တယ်။ ဂျင်ဝိုင်းလာရင် ကျွန်တော်တို့အခန်းကို ပေးငှားလိုက်တယ်။ ပိုက်ဆံရတာပေါ့။ အပြင်ကလူတွေလာကစားကြတာ။
ပြဿနာအုပ်စုဟာ ပြဿနာကတော့ အမြဲရှိတာပေါ့။ ပိုက်ဆံမရှိတာ ပြဿနာ လေ။ ဆာလောင်တော့လည်း ဂစ်တာတီး ကြတာပေါ့။
တစ်ခါတစ်လေ ကြုံမယ်
အဆိုးလည်း တွေ့ရတယ်
စိတ်မလျှောနဲ့လေ
အားလုံးကို ကျော်ဖြစ်ရမယ်
ဒီအမှောင် ဒီလိုမှောင်လည်း
တစ်နေ့တော့ လင်းရမယ်
ကိုနေ၀င်းက အားလုံးကို ကျော်ဖြစ် ရမယ် သီချင်းကို အဆောင်မှာအမြဲဆို တယ်။ ကျွန်တော်တို့လည်း လိုက်ဆိုတယ်။ သီချင်းက အင်အားတွေပေးတာပေါ့။
“မောင့်လပြည့်ဝန်း” သီချင်းကို ကိုနေ၀င်းဆိုချိန်မှာ ကိုနေ၀င်းဟာ တုန်ရီ ကြေကွဲလို့အဆောင်တွေက အခန်းတွေ လည်း မီးတွေပိတ်ပစ်လိုက်ပြီ။ အားလုံး ဟာ ငြိမ်သက်နေတယ်။
ဒီတစ်ညမှာ သာလွန်းတဲ့
မောင့် လပြည့်ဝန်း
ချစ်၍ စွန့်သွားတဲ့ မင်းကို
စွန့်၍ ချစ်သွားမယ်လေ
ကျွန်တော့်တို့လည်း မောင့်လပြည့် ၀န်းထဲမှာ အရည်ပျော်မတတ်ပါပဲဗျာ။ အဲဒီလို တက္ကသိုလ်ညတွေကို ဖြတ်သန်း ရတာဟာ စက်မှုတက္ကသိုလ်စာသင်ခန်း ထက် အဓိပ္ပာယ်ရှိနေသလိုပါပဲဗျာ။
ကိုနေ၀င်းက ကလပ်စစ်ကယ်လ်ဂစ် တာမှာ ကျွမ်းကျင်တဲ့အပြင် စာတွေတ အားဖတ်ထားတာ။ အင်္ဂလိပ်၊ မြန်မာဖတ် ထားတာ။ ကိုမောင်မောင် (အဉ္စလီ) လည် စာတွေ တအားဖတ်တယ်။
ကျွန်တော်က သူတို့နဲ့ မတွေ့ခင်က မြန်မာစာအုပ်သိပ်မဖတ်ခဲ့ဘူး။ သူတို့နဲ့ အခေတ်မှာအတူတူနေမှ သူတို့ ဖတ်တဲ့ စာအုပ်တွေကို ကောက်ဖက်ရင်းမြန်မာ ကဗျာတွေကို စိတ်ဝင်စားသွားတာပါ။
ကိုမောင်မောင်ဆီက ကြည်အောင် ရဲ့ ကဗျာစာအုပ်၊ တင်မိုးရဲ့ ကဗျာစာအုပ် တွေ ယူဖတ်တာ ကြိုက်လာတယ်။
The Last Leaf ဆိုတဲ့ အင်္ဂလိပ် စာသားနဲ့ သီချင်းလေးကို ကျွန်တော်ရေး တယ်။ Melody လည်း ကျွန်တော်ရှာ တယ်။ ကိုနေ၀င်းက အဲဒီသီချင်းကို “နောက်ဆုံးအိပ်မက်”ဆိုပြီး မြန်မာလိုပြန် ရေးတယ်။ ကိုနေ၀င်းက မြန်မာစာသား သွင်းတာ၊ စကားလုံးရွေးတာ သိပ်ကဗျာ ဆန်တယ်။ စကားလုံးလည်း လှတယ်။ ခံစားမှုလည်း အပြည့်ပါဝင်တယ်။
ကျွန်တော်တို့ အတူနေထိုင်ခြင်းဟာ ပျော်စရာကောင်းခဲ့ပါတယ်။
ရာဇ၀င်တွင်မယ် အဖြစ်အပျက်တစ် ခုကိုတော့ ကျွန်တော်မှတ်မိနေပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ပေါ့။ ဥက္ကဋ္ဌဘယ်သူ၊ အတွင်းရေးမှူး ဘယ်သူဆိုတာ ခင်ဗျားတို့လည်း သိပါ တယ်။
တစ်ညမှာ အင်းယားလိတ်ဟိုတယ် မှာ ကျွန်တော်တို့ အီးမရှင်းအဖွဲ့ဟာ ဂစ် တာတီးပြီး ဖျော်ဖြေရပါတယ်။ ပီမော်ဂန် လည်းပါတယ်။ စိုင်းထီးဆိုင်က ဧည့်သည် အဆိုတော်ပေါ့ဗျာ။ စိုင်းထီးဆိုင်ကလည်း ဆိုတယ်ဗျာ။ မောင်လပြည့်ဝန်းလည်း ဆို တယ်။ မန်္တလေးရောက်ရှမ်းတစ်ယောက် လည်းဆိုတယ်။ ကျွန်တော်တို့ကလည်း ဂစ်တာတီးရင်းသီချင်းထဲမှာ မျောပါနေ ကြတာပေါ့ဗျာ။
အဲဒီအချိန်မှာ စင်ပေါ်ကိုဘောင်းဘီ ရှည်နဲ့ လူကြီးတစ်ယောက်က ၀ုန်းဒိုင်းတို တက်လာတယ်ဗျ။
ဟာ ဥက္ကဋ္ဌကြီး
ကျွန်တော်တို့အရမ်းအံ့သြသွားတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိဘူး။ ဂစ်တာကို ဆက်တီးနေမိတယ်။
သူနောက်က ကပ်ပါလာတာက ပုဆိုးနဲ့လူကြီး။
ဟာ အတွင်းရေးမှူးကြီး ဘောင်းဘီ နဲ့ ဥက်္ကဋ္ဌကြီးက ဂစ်တာတီးနေတဲ့လူတွေ နဲ့ ရင်ဘတ်ကိုဆွဲ လက်သီးနဲ့ထိုးတယ်။ ဒရမ်တွေကိုလည်း ဖောက်ခွဲပစ်တယ်။ ဂစ်တာသမားတွေကလည်း ချက်ချင်းလဲ ကျသွားရတာပေါ့။ တစ်ချက်တည်း ထိုး တာနဲ့ လဲကျပစ်လိုက်တာ။ သူဆက်မထိုး အောင်ပေါ့ဗျာ။ အဲဒီလို လဲကျသွားတဲ့ လူကို ပုဆိုးနဲ့ အတွင်းရေးမှူးကြီးကခြေ ထောက်နဲ့ ပိတ်ကန်တယ်။
စင်ပေါ်မှာ တက်ကြမ်းနေကြတဲ့ လူကြီးနှစ်ယောက်ပေါ့ဗျာ။
ဥက်္ကဋ္ဌကြီးက ကျွန်တော့်ရှေ့ကို ရောက်လာတယ်။ သူကပင်ပန်းနေပြီ။ သူကဒေါသလည်းထွက်နေတဲ့။
““လူကြီးတွေ အလုပ်လုပ်နေချိန်မှာ မင်းတို့ကောင်တွေ ဆူညံနေရလား””တဲ့။
သူက ခြေကုန်လက်ပန်းကျသွားပြီ။
ကျွန်တော်လည်း ဥက်္ကဋ္ဌကြီးကို ဒီတစ်ခါပဲ မျက်နှာရင်းဆိုင်အနီးကပ်မြင် ဘူးတာ။ ကျွန်တော်ကလည်း ဂစ်တာကြီး ကို တီးလို့ပေါ့။
ဥက်္ကဋ္ဌကြီးက ကျွန်တော့်ကိုတော့ လက်သီးနဲ့ မထိုးဘူးဗျ။ မျက်နှာကို သေချာကြည့်ပြီး ပြန်လှည့်သွားတယ်။
ဒရမ်မာသမားလည်း ထွက်ပြေးသွား ပြီ။
စိုင်းထီးဆိုင်လည်း စင်ပေါ်က ခုန် ချပြီး ထွက်ပြေးတယ်။
ကျွန်တော်နဲ့ ပီမော်ဂန်က ဂစ်တာ တွေကိုင်ပြီး ပေပြီးရပ်လို့ အင်ပလီဖာရာ ကို ဥက်္ကဋ္ဌကြီးက ကန်ချပစ်လိုက်တယ်။
သူတို့ နှစ်ယောက်လည်း စင်မြင့်ပေါ် မှာ အားရအောင်ကန်ကျောက်ဖောက်ခွဲ ဖျက်ဆီးပြီးတော့မှ စင်ပေါ်က ဆင်းသွား ကြတယ်။ အဲဒီခေတ်က အာဏာရှင်ခေတ် အာဏာရှင်စနစ်မဟုတ်လားဗျာ။ ဒီခေတ် လို အစိုးရသစ်ခေတ်မဟုတ်ဘူး။ ပွင့်လင်း လူ့အဖွဲ့အစည်းခေတ်ကြီး မဟုတ်ဘူး။ မဟုတ်လား။ အာဏာရှင်ဆိုတာကိုယ့် စိတ်ထဲရှိတဲ့အတိုင်း ထင်တိုင်းကြဲတာပေါ့။
ကျွန်တော်တို့လည်း ခပ်ကြောင် ကြောင်၊ ခပ်ငေါင်ငေါင်နဲ့ တီးဝိုင်းကို သိမ်းတယ်။ စိုင်းထီးဆိုင်။ စိုင်းထီးဆိုင်။ စိုင်းထီးဆိုင်ဘယ်မှာလဲ။
စိုင်းထီးဆိုင်ကိုရှာမတွေ့တော့ဘူး။
ကျွန်တော်တို့ တီးဝိုင်းအဖွဲ့ဟာ ကားနဲ့ ပြန်လာကြတယ်။ စကားလည်း မပြောနိုင်ဘူး။ အားလုံးဟာငေါင်နေကြ တယ်။ အိပ်မက်လိုပဲဖြစ်နေတယ်။
ကျွန်တော်တို့ ကားက လမ်းမကြီး ပေါ်မှာ မောင်းနေတာ တော်တော်လေး ရောက်နေပြီ။
ဟာ ရှေ့မှာ စိုင်းထီးဆိုင် စိုင်းထီးဆိုင် က လမ်းမကြီးပေါ်မှာ ပြေးနေတုန်းဗျ။ ဟောဟဲလိုက်လို့။ စိုင်းထီးဆိုင်။ စိုင်းထီးဆိုင် အော်ခေါ်ရတယ်။ ထီးဆိုင်ကို ကားပေါ် ခေါ်တင်ပြီး ကားကို ဆက်မောင်းခဲ့ကြ တာပေါ့။
မောင်ကိုကို (အမရပူရ)

No comments:
Post a Comment