ဗီဒီယို
နေရာတော်တော်များမှာ ဗီဒီယိုဆိုတာကြီး ပေါ်နေတာကြာပြီ ဖြစ်ပေမယ့် ၊ သာဂရကို ဗီဒီယို ရောက်လာတာ မကြာသေးဘူး ။ သာဂရမှာသာ ဗီဒီယို မရှိသေးတာပါ။ သာဂရထက် ဆင်းရဲတဲ့ ဂုံမင်းကုန်းမှာ ရှိတယ်။ ၀က်တဲမှာ ရှိတယ်။ ပေါက်ကုန်းမှာ ရှိတယ်။ ဟိုးတောင်ဖျားက ပွေးကုန်းမှာ ရှိတယ်။ ယုတ်စွအဆုံး သာဂရနဲ့ ကပ်နေတဲ့ ညောင်ကြပ်ပင်မှာတောင် ရှိတယ်။ ဗီဒီယို မရှိခင်ကတော့ သာဂရကလူတွေ ညောင်ကြပ်ပင်သွားကြည့်တာ များတယ်။ မြွေမကြောက် ၊ ကင်းမကြောက် ။ လက်နှိပ်ဓာတ်မီး တ၀င်းဝင်းနဲ့ သွားကြရတာပေမယ့် ကြာတော့လည်း ဗီဒီယိုလေး တစ်ကားကြည့်ဖို့ ညောင်ကြပ်ပင်သွားရတဲ့ကိစ္စ သိပ်မလုပ်ချင်ကြတော့ သာဂရမှာ ဘယ်သူဗီဒီယိုရုံထောင်ပါ့မလဲဘဲ မျှော်နေကြရတယ်။
သည်ကွက်လပ်ကို ဖြည့်တာ ကိုဘစီပဲ။ ကိုဘစီက စုထားဆောင်းထားတဲ့ ပိုက်ဆံလေးနဲ့ သပ်သပ်ခပ်ခပ် တဲလေးတလုံးဆောက်တယ်။ သုံးဖက်သုံးတန်အသေ ပိတ်ကာထားပြီး ရှေ့ဘက်က လူတစ်ကိုယ်စာ အပေါက်ကလေးတစ်ပေါက် ဖွင့်ထားတယ်။ လိုက်ကာမည်းမည်းကြီးက ရုံပေါက်မှာကာပြီး ရုံပေါက်ထိပ်မှာ ဗီဒီယိုနံမည်ကို သင်္ဘောဆေးနဲ့ ရေးကပ်ထားတယ်။ ''မေတ္တာမွန်'' တဲ့။
ဗီဒီယိုစက်ဝယ်တော့လည်း ကြည့်ဦး။ သူဝယ်တက်တာ မဟုတ်ဘူး။ အနားက ၊ ညောင်ကြပ်ပင်က ကိုထွန်းအံ့ဆီကို နီးနီးနားနား အကူအညီ သွားတောင်းတာလည်း မဟုတ်ဘူး။ ဟိုး တောင်ဖျား ပွေးကုန်းက သာဌေး အကူအညီနဲ့ မြို့တက်ဝယ်တာ။ ဗီဒီယို ပြဖို့ ပစ္စည်းပစ္စယတွေအပြင် ဘတ်ထရီအိုးကြီးနှစ်လုံးလည်း ၀ယ်ရတာဆိုတော့ မြို့က လှည်းနဲ့တိုက်လာတဲ့ နေ့က သာဂရက လူတွေဆိုတာ ၀မ်းတွေသာလို့။ ဗီဒီယိုစက် မရောက်ခင်ကတည်းက မေတ္တာမွန်ရုံဆိုတာကြီးကို စိတ်ဝင်စားနေတဲ့ သာဂရသူ ၊ သာဂရသားတွေက ကိုဘစီကို သည်တခါတော့ ကျေးဇူးတင်ကြသည်။
''ဘယ့်နှယ့်ဗျာ ၀က်တဲ့တို့ ၊ ပေါက်ကုန်းတို့ ၊ ဂုံးမင်းကုန်းတို့မှာတောင်ရှိတဲ့ ဗီဒီယို ကျုပ်တို့ရွာမှာ မရှိရမယ်လို့....ကိုင်း...ကျုပ်တို့ရွာကို ကျော်ရဲအောင် လာလို့ရပြီ ၊ ထက်ထက်မိုးဦး လာလို့ရပြီ ၊ ရှိုင်းအောင် လာလို့ရပြီ ၊ ရဲကိုကို လာလို့ရပြီ ''
သာဂရကို ဗီဒီယို ရောက်လာတာကို ကြားကတည်းက မုဒိတာပွားနိုင်တဲ့ လူတွေက ဗီဒီယို ပရိတ်သတ်ပေါ့လေ။ကိုဘစီကို မေတ္တာမရှိကြပေမယ့် သူတို့ရွာအတွက် ကံကောင်းခြင်းလက်ဆောင်ကို ဆောင်ကြဉ်းလာသူမဟုတ်လား။ ရွာက ကျေးဇူးတင်ကြတယ် ၊ ၀မ်းသာကြတယ်။ ကိုဘစီ အိမ်ရှေ့သွားစုကြပြီး ဘာလုပ်ပေးရမလဲ ၊ ဘာကိုင်ပေးရမလဲ မေးကြတယ်။
''ဘာမှလုပ်ပေးစရာ မလိုပါဘူး ၊ ကျုပ်က အားလုံး လုပ်ပြီးသား ၊ဘယ်သူ့အကူအညီမှ မလိုဘူး ''
ကိုဘစီကတော့ ထုံးစံအတိုင်း မြို့မေတ္တာကိုး။ ရွာက လူတွေကတော့ သည်းခံကြတာပါပဲ။ ပိုက်ဆံလေး နည်းနည်းရှိတာရော ၊ ငွေတိုးကလေးချတာရော ၊ စပါးပေးလေးချတာရော ဆိုတော့ သောင်သောင်သာသာ ရှိတဲ့ ကိုဘစီကိုလည်း မကင်းနိုင်ကြဘူးကိုး။
သည်လိုနဲ့ သာဂရမှာ ဘယ်သူကမှ မေတ္တာမရှိတဲ့ မေတ္တာမွန် ရုံတော်ကြီးမှာ ဗီဒီယိုစပြတယ်။ တခြားရွာမှာ သုံးကျပ် ၊ လေးကျပ်ပဲပေးရတဲ့ ရုံဝင်ခကို သူက ငါးကျပ်စယူတယ်။ရွာသူရွာသားများကလည်း ကြည့်ချင်မှတော့ ပေးရတော့တာပေါ့။ ငါးကျပ်ဆိုလည်း ငါးကျပ်ပေါ့ ၊ ဘာတက်နိုင်မှတ်လို့။
'' လောဘကလည်း ကြီးလွန်းကိုးဗျနော်....''
''ကိုဘစီကိုးဗျ''
ရွာမှ မှတ်ချက်ကတော့ သည်လောက်ပါပဲ။ ကိုဘစီကတော့ သာဂရကို ပထမဆုံး ဗီဒီယို သယ်ဆောင်လာသူ ၊ သာဂရရဲ့ ပထမဆုံးဗီဒီယို ပိုင်ရှင်ဆိုတော့ ခါတိုင်း ရှုတင်းတင်း မျက်နှာက အခုတော့ ဘီလူးသဘက်ရုပ်ကို ပေါက်နေတော့တာလေ။သူ့မေတ္တာမွန်ရုံမှာ ကြည့်ရဖို့ အရေး စည်းကမ်းချက်တွေကလည်း များသားကိုး။
'' အရက်သောက်မလာရ''
''စကားမများရ''
''ကွမ်းသွေးမထွေးရ ၊ ကွမ်းစားသူ ရုံထဲမ၀င်ရ ''
''အကြွေးသည်းခံပါ''
''လေးနှစ်အထက်ကလေး ကလေးလတ်မှတ် ၀ယ်ရန်''
တချို့ကတော့လည်း စောဒကတက်တယ်။ ကျန်တဲ့စည်းကမ်းတွေက ထားပါတော့။ အရက်မူးလာတာ မကြိုက်လို့ ၊ စကားများတာ မကြိုက်လို့ ၊ ကွမ်းသွေးထွေးရင် ညစ်ပတ်လို့ထားပါတော့။ အသက်ခြောက်နှစ်အထက် လူကြီးလတ်မှတ်ဆိုတာကိုတော့ အများစုက မပေးနိုင်ကြဘူး။
''ကိုဘစီရယ်...ခြောက်နှစ်ဆိုတာလည်း ကလေးပါဗျာ။ ထားပါ ၊ ၁၀နှစ် ၊ ၁၂နှစ် လူကြီးလက်မှတ် ၀ယ်ရတယ်ဆိုရင်''
''ခြောက်နှစ်ဆိုရင် ဇာတ်လမ်းကို နားလည်နေပြီဗျ ၊ ခင်ဗျားမယုံရင် အိမ်ရောက်ရင် ဇာတ်လမ်းပြန်ပြောခိုင်းကြည့်။ မလျှော့နိုင်ဘူး''
ကိုဘစီကလည်း သူ့ဆင်ခြေနဲ့သူပါ။ မတက်နိုင်တဲ့သူက မကြည့်နဲ့ပေါ့။ ပြန်ပေါ့။ တက်နိုင်တဲ့သူကလည်း ကြည့်ပေါ့။ ကိုဘစီမိန်းမ မသောင်းငွေက ရုံပေါက်ဝမှာ မရွေးလေး ၊ ငှက်ပျောသီးလေး ၊ မြို့က ၀ယ်ထားတဲ့ ကွာစေ့လေး ၊ နေကြာစေ့လေး ရောင်းတယ်။
ဗီဒီယိုရုံက နေ့လယ်ဘက် ပြတာ ငွေသိပ်မ၀င်ဘူး။ ညနေစာ မှောင်မှောင်လေးကို အားကိုးပြရတာဆိုတော့ ရုံထဲ လူတွေ ကျပ်ညပ်နေမှ ပြတာကလည်း ခဏခဏ ပြသာနာ ဖြစ်တက်တယ်။
''ကိုဘစီ လူတွေ ဘယ်လောက်တောင် ထည့်ဦးမှာလည်းဗျာ ၊ တစ်ယောက်ဖင် တစ်ယောက်ခေါင်း ထိနေပြီဗျ ။ တော်ပါတော့ '' ဆိုလို့ကတော့ ကိုဘစီက စကားတောင် ပြန်မပြောဘူး။ လာသမျှလူ ထည့်တော့တာပဲ။ ခုံရယ် ဘာရယ်လည်း ရုံထဲ ရှိတာမဟုတ်တော့ ခင်းထားတဲ့ ကျူဖျာတွေပေါ် သောကောရောကော ထိုင်ပဲ။
''ရှေ့တိုးပါဦး..ရှေ့တိုးပါဦး''
''တိုးလို့မရတော့ဘူး ဘကြီးရေ ၊ ရှေ့မှာ ဗီဒီယိုစက်ထဲ ၀င်ဖို့ပဲရှိတော့တယ်''
''ဟေ့ကောင်...မတိုးနိုင်ရင် ပြန်ထွက် ၊ ငါးကျပ်ပြန်ယူသွား။ ဒါစီးပွားရှာနေတာ ၊ အလှူအိမ် ဘိုင်စကုတ်ပြနေတာ မဟုတ်ဘူး''
ကိုဘစီကလည်း အဲဒါမျိုးကျတော့ ချက်ချင်းပြန်ပက်တာ ။ နောက်တခုက သူ့ရုံက အချိန်နဲ့ကန့်သတ်ပြီး ပြတာမဟုတ်ဘူး ၊ လူပြည့်မှ ပြတာဆိုတော့ ရုံပြည့်ပါစေကြောင်း ကိုဘစီကတင် ဆုတောင်းနေတာ မဟုတ်ဘူး။ ရုံထဲက လူတွေကပါ ဆုတောင်းနေရတော့တာ။
ကိုဘစီကလည်း ပါးတယ်။ ရုံပေါက်ဝကနေပြီး ပိုက်ဆံသိမ်းရင်းက လူတွေရဲ့မျက်နှာကို ကြည့်နေတာ။ ရွာလယ်က ပိုက်ဆံချမ်းသာတဲ့သူတွေ ၊ သူတို့ရဲ့သားသမီးတွေလား၊ ငါ ဟောက်လို့ရမယ့်သူတွေလား ၊ ငါရှေ့တိုးခိုင်းလို့ တိုးမယ့်ကောင်တွေလား ၊ ကွမ်းစားလာတဲ့ကောင်လား ၊ ကြည့်သေးတာကလား။
''ဟော....ကိုကြီးသောင်း လာကြည့်သလား ၊ ရှေ့ကိုကြွပါ ၊ရှေ့ကိုကြွပါ ။ ဟဲ့....သောင်းငွေ သင်ဖြူးသေးသေးကလေးကော၊ ပေးစမ်း ၊ ဥက္ကဌကြီးြ့ကွလာတယ်'' လုပ်ချင်လုပ်တာ။
ကွမ်းစားလာတဲ့ လူလည်းဖြစ်မယ်၊ သူပြောရင် ရမယ့်လူလည်း ဖြစ်မယ်ဆိုရင်တော့ -
'' အံမာ...ငါ့ကောင်ရာ ကွမ်းပလုပ်ကြီးနဲ့ ကျုပ်ရုံထဲ မ၀င်ပါနဲ့ကွာ။ ကြိုက်တက်၇င် အပြင်မှာ တစ်ဝစားခဲ့ပါ။ ရုံထဲတော့ ကွမ်းမစားပါနဲ့''
'' ရုံထဲ ကွမ်းသွေး မထွေး ပြီးတာပဲ ဦးလေးရ''
'' အောင်မာကွာ.....မင်းပါးစပ်ကြီးကို ကျူပ်က အာမခံပေးရဦးမှာလား ငါ့ကောင်ရ။ မလုပ်ပါနဲ့ မောင်ရာ ၊ ထွက်ပါ....ထွက်ပါ''
လုပ်တက်တယ်။
လူတွေကတော့ တစ်ရွာလုံးမှ သည်တစ်ရုံတည်း မဟုတ်လား။ နီးနီးနားနား မဟုတ်လား။ သူတို့တစ်သက် လျှပ်စစ်မီးမ၇ှိ ၊ ဘာမရှိ မှောင်ကြီးပိန်းပိန်းထဲ လူဖြစ်လာရတဲ့သူတွေ။ သည် ဗီဒီယိုဆိုတာကြီး ပေါ်လာမှ အပန်းကလေးဖြေရတာဆိုတော့ ဘာမှပြောမနေကြတော့ပါဘူး။ မေတ္တာမွန်ရုံတော်ြ့ကီးရဲ့ စည်းကမ်းအတိုင်းပေါ့။
ရုံဝက ကျောက်သင်ပုန်းမှာတော့ ကိုဘစီက ပုံသေရေးထားတဲ့ စာတန်းသုံးကြောင်း ရှိတယ်။
'' အဆန်းတွင် ထိပ်ခေါင်....''
'' အကြမ်းတွင် ထိပ်ခေါင်...''
'' အလွမ်းတွင် ထိပ်ခေါင်...ဇာတ်ကားကြီး''
အဲသည် သုံးကြောင်းပြီးတော့မှ ဇာတ်ကားနာမည် မြေဖြူနဲ့ မညီမညာရေးတယ်။ပြီးမှ မင်းသားမင်းသမီး နာမည် ရေးတယ်။
'' ဟာ...ဘကြီးစီကလည်း ဘယ်ဇာတ်ကားလာလာ အဆန်းတွင် ထိပ်ခေါင် ၊ အကြမ်းတွင် ထိပ်ခေါင်၊ အလွမ်းတွင် ထိပ်ခေါင် ချည်းပဲလား။ နည်းနည်းပါးပါး ပြင်ပါဦးဗျ''
တချို့ကလည်း ဝေဖန်တာပေါ့လေ။ ဒါမျိုးဆိုရင် သူများကွမ်းစားတာ မကြိုက်ပေမယ့် သူကတော့ ကွမ်းတွေ တစ်ယာပြီးတစ်ယာ ၀ါးရင်းက မျက်ထောင့်နီကြီးနဲ့ -
''ဘာရယ်...ဟေ့ကောင် ၊ ငါ့ရုံကြည့်ရင် အေးအေးကြည့် ၊ မဝေဖန်နဲ့။သည်သုံးချက်က လွဲတဲ့ကား ငါ့ကို ပြောစမ်း ဟေ့ကောင်။ ဆန်းရင်ဆန်း၊ မဆန်းရင် ကြမ်း ၊ မကြမ်းရင် လွမ်း မဟုတ်လို့ မင်း အမေ့လင်လား''
ကိုဘစီပြောတာလည်း မှန်သင့်သလောက် မှန်တော့ ဘာမှတော့ ပြောလို့မရဘူးလေ။ ပြလိုက်တဲ့ဇာတ်ကားတွေကလည်း သည်သုံးမျိုးနဲ့ တော်တော်လွဲခဲတော့ ကိုဘစီပြောတာပဲ ဟုတ်သလိုလိုကိုး။
ထားပါတော့။သာဂရက ကိုဘစီရုံမှာ သည်လိုနဲ့ ဆန်းတဲ့ကား ၊ ကြမ်းတဲ့ကား ၊ လွမ်းတဲ့ကားတွေ ပြလာတာ ရက်သားလေးတော်တော် ကျလာတော့ လူတွေကလည်း အလိုက်သင့် နေတက်နေတာပါပဲ ။ ကြည့်တက်နေတာပါပဲ။ မေတ္တာမရှိတာ အပထား ၊ မေတ္တာမွန်ဆိုတဲ့ ရုံထဲ နေ၀င်ရီတရောဆို လာစုကြရတာ မဟုတ်လား။
သာဂရမှာ ဗီဒီယိုရောက်တာ တော်တော်နောက်ကျတယ် ဆိုပေမယ့် ၊ သာဂရသူ သာဂရသားတွေက ကျော်ဟိန်းကြိုက်တာတော့ တစ်ပြည်လုံးက ဗီဒီယိုကြည့် ပရိသတ်လိုပါပဲ။ အဲသည့်အချက်မှာတော့ မြန်မြန်ကြီးသွားတူတယ်ပြောပါတော့။
တစ်နေ့ကိုဘစီရုံမှာ ကျော်ဟိန်းကား ပြတော့ မိုးမှမချုပ်သေးဘူး ၊ လူတွေက ပြည့်နေပြီ။ တော်တော်ကြီးတဲ့ ပိုစတာကြီးလည်း ကပ်ထားလိုက်လို့။ ထုံးစံအတိုင်းပဲ ကိုဘစီဆောင်ပုဒ်ဖြစ်တဲ့ အဆန်းတွင် ထိပ်ခေါင် ၊ အကြမ်းတွင် ထိပ်ခေါင် ၊ အလွမ်းတွင် ထိပ်ခေါင် စာတန်းတွေအောက်မှာ အဲသည်ပိုစတာကြီးကို ကပ်ထားတာ။ လူတွေကတော့ ရုံထဲကို ၀င်ချင်လှပြီ။ '' မောင်ရင်ငတေ မိုက်ကန်းသည် ''ဆိုတဲ့ ပိုစတာကြီးကို ဘယ်မောင်ရင်နဲ့ဘယ်ငတေက ဘယ်လိုမိုက်ကန်းမှာလဲ သိချင်တာနဲ့ကို ရုံပေါက်ဝမှာ ကျွတ်စီကျွတ်စီ ဖြစ်နေပြီ။
ခက်တာက တစ်နေ့နှစ်ပွဲ ပြတယ်ဆိုပေမယ့် မနက်ပွဲက တောသူတောင်သားဆိုတော့ အလုပ်ပစ်ပြီး လာမကြည့်နိုင်ကြဘူး။ သည်တော့ သည်ပွဲကို သူသူကိုယ်ကိုယ် အားခဲကြတာ ဆိုတော့ ရုံဝမှာ လူတွေဆိုတာ မြင်မကောင်ဘူး။
'' မြန်မြန်ဝင်ကြပါ ၊ မြန်မြန်ဝင်ကြပါ ၊ မြန်မြန်ပြည့်မှ မြန်မြန်ပြရတာပေါ့''
ကိုဘစီက ကျော်ဟိန်းကား ပြတဲ့နေ့ဆို မျက်နှာက အစွမ်းကုန်ပြုံးထားတက်တယ်။ လူတွေကိုလည်း လူတွေလို့ မမြင်ဘူး ၊ ငါးကျပ်တန်တွေလို့ မြင်နေတာ မဟုတ်လား။ လူတွေရဲ့ မျက်နှာကို တစ်ယောက်စီ ကြည့်ရင်း အပေါက်ဝကနေ စစ်သွင်းနေတာ ဆိုတော့ ယောင်မှားပြီး တစ်ယောက်တစ်လေများ မှားဝင်သွားဖို့ကတော့ စိတ်တောင် ကူးလို့ရတာမဟုတ်ဘူး။
လူတွေက ငါးကျပ်တန်ကလေးတွေ ၊ ကျပ်တန်အနွမ်းကလေးတွေ ကိုင်ရင်းက ကိုဘစီရဲ့ အစစ်အဆေးခံရင်း ရုံထဲဝင်လိုက်ကြတာ ခဏလေးနဲ့ ပြည့်ရော။ ဒါပေမဲ့ အပြင်မှာ လူတွေကျန်သေးတယ်ဆိုတာ ကိုဘစီသိတယ်။ အဲသည်လူတွေကိုလည်း ကိုဘစိ သွင်းချင်တယ်။ ဒါပေမယ့် ရုံထဲမှာလည်း ပြည့်နေပြီ ၊ ညပ်နေပြီ။ ပြပါတော့ဗျို့ ၊ နမူနာ ထိုးပါတော့ဗျို့ အော်တဲ့သူက အော်နေပြီ။
''မသောင်ငွေ ၊ ဟိုအုပ်စုကြီး ဘယ်ထဲသွင်းမလဲ ''
ကိုဘစီ ကွာစေ့ ရောင်းနေတဲ့ သူ့မိန်းမ မသောင်းငွေကို မေးတယ်။ မသောင်းငွေက လူအုပ်စုကို ကြည့်တယ်။ ရွာထဲက တချို့ ဟိုစုစု သည်စုစု မ၀င်သေးပဲ ရစ်သီရစ်သီလုပ်နေတာ တွေ့တယ်။ သည်ဘက်ထောင့်က လူတွေကကော....။
ကိုဘစီမိန်းမ မသောင်းငွေက လူတွေကို တစ်ယောက်စီ လိုက်ကြည့်ရင်းက မျက်စီမျက်နှာ ပျက်သွားတယ်။သူယောက်ျားကိုဘစိကိုလည်း ထိတ်လန့်တကြားပြောတယ်။
''ကိုဘစီ သည်ဘက်ထောင့်က လူတွေကို မသွင်းနဲ့ ''
''ဟေ...ဘာဖြစ်လို့တုန်း ''
''သင်္ချိုန်းကုန်းက ဟာတွေ''
''ဟေ..''
သာဂရ သင်္ချိုန်းက ရွာအနောက်ဘက် လယ်ကွင်းစပ်တွေမှာ ရှိတာပါ။ ရွာအနောက်ဘက်စွန်က မည်းမှောင်ပြီး အင်မတန်ချောက်ချားစရာကောင်းတဲ့ နေရာ။ ညောင်မုတ်ဆိတ်ကြီး လေးပင်နဲ့ မန်ကျည်းပင်တွေ အုပ်ဆိုင်းပြီး နေ့ခင်းကြောင်တောင် တောင် အသွားအလာမရှိတဲ့နေရာ ဆိုပါတော့။
အုတ်ဂူဟောင်း လေးငါးဆယ်လုံးနဲ့ မြေကမူတွေ ပွထနေတဲ့ နေရာကိုကျော်လိုက်ရင် သင်္ချိုန်းစပ်တွေ လယ်ကွက်တွေကြားမှာ တဲကလေးတွေရှိတယ်။ အရပ်တကာ အရပ်က သာဂရကို ရောက်လာပြီး ရရာလုပ်စားရင်း ဖြစ်သလို ရပ်တည်နေကြတဲ့ မိသားစုတွေဟာ သင်္ချိုန်းကုန်းထဲမှာ တော်တော်များတယ်။
အိမ်ခြေ..အဲ တဲခြေ နှစ်ဆယ်လောက်တောင် ရှိရော့မယ်။ လူတွေက ကြွက်ထိုးစားသူတွေ ၊ ငါးပက်စားသူတွေ ၊ မြေတူးစားသူတွေ ၊ မြောင်းပေါက်စားသူတွေ။ ဘောက်လုပ်စားသူတွေဆိုတော့ ဆင်းရဲလိုက်တာလည်း ၀ီခေါ်လို့ ဆိုတဲ့ လူတွေကိုး။ သင်္ချိုန်းထဲမှာသူတို့ဘ၀နဲ့ သူတို့ ကမ္ဘာလေးလို့ ဆိုရလောက်အောင် တခြားလူတွေနဲ့ အဆက်အဆံမရှိဘဲ ကိုယ့်ဝမ်း ကိုယ်တောင် မနည်းကျောင်းနေရတဲ့ လူတွေဆိုတော့ နွမ်းပါးလိုက်တာလဲ မပြောနဲ့တော့ဆိုတဲ့ လူတွေ မဟုတ်လား။
ကိုဘစီက အဲသည်လူတွေကို အကဲခတ်တယ်။ သည်လူတွေ ခါတိုင်းမလာဖူးဘူး။ သည်ကနေ့မှ ဘာစိတ်ကူးပေါက်ပြီး လာကြတာလဲ။ မိန်းမ ၊ ယောက်ျား ၊ ကလေးတွေဟာ တချို့ အင်္ကျီမပါဘူး ၊ တချို့ ဖိနပ်မပါဘူး ။ မိန်းမတချို့ကလည်း ရင်လျားကြိးတွေနဲ့ ၊ မည်းမည်းပြောင်ပြောင်အသားတွေနဲ့။ ရုံဝက ပိုစတာကို ကြည့်လိုက် ၊ ကိုဘစီတို့ လင်မယားကို ကြည့်လိုက် လုပ်နေကြတယ်။
ကိုယ်စီ ကိုယ်စိ လက်ထဲမှာ ပိုက်ဆံနွမ်းနွမ်းလေးတွေကို ကိုင်၇င်း၊ ရုံပေါက်ကို ငေးနေကြတယ်။ အဲသည်ထဲကမှ နည်းနည်းကလေးမူးနေတဲ့ လူခပ်ရွယ်ရွယ် တစ်ယောက်က ကိုဘစီရှိရာ ရုံဝကို လာတယ်။ အင်္ကျီဟကို ဆွဲစေ့ရင်းက...
''ကျုပ်တို့ မိသားစုတွေ ကြည့်ချင်လို့ဗျ ၊ အဲဒါ...''
'' ခင်ဗျားတို့ ဘယ်ကတုန်း ''
ကိုဘစီက သိလျက်နဲ့မေးတာပါ။ သူ့မိန်းမ မသောင်းငွေကလည်း သူ့ယောက်ျား ဘာလုပ်မလဲကြည့်နေတယ်။
''သင်္ချိုန်းထဲကပါ''
''မရဘူး''
''ဗျာ..''
''ခင်ဗျားတို့ကို ရုံထဲအ၀င်မခံဘူး ၊ ဒါပြောတာ''
အင်္ကျီဟပြဲနဲ့လူက မျက်နှာပျက်သွားတယ်။
ခပ်လှမ်းလှမ်းက သူ့အုပ်စုကြီးကလည်း ကိုဘစီနဲ့ သူ့ကိုယ်စားလှယ် မဟန်ဘူးဆိုတာ အကဲခတ်မိတယ်နဲ့ တူပါတယ်။ မျက်နှာလေးတွေ ငယ်လို့။
''ကျုပ်တို့ အရင်က မကြည့်ဖြစ်ပါဘူးဗျာ ၊ သည်ကားကို မိသားစုတွေ ကြည့်ချင်လို့ ။ အဲဒါ...''
''ဟုတ်ပြီ ၊ခင်ဗျားတို့ ကြည့်ချင်တာ ဟုတ်ပြီ။ ကျုပ်က ကျုပ်ရုံထဲ အ၀င်မခံနိုင်ဘူးလေ''
''ဘာဖြစ်လို့လဲဗျာ ''
''သင်္ချိုန်းထဲနေလို့''
''.......''
အင်္ကျီ ကိုဟပြဲက နည်းနည်းလေးလည်း ထွေနေတာရော၊ ရုံထဲကို မ၀င်ရဘူးဆိုတဲ့ စကားရော ကြားတော့ ကိုဘစီကို မျက်လုံးပြူးကြီးနဲ့ ကြည့်တယ်။ ကိုဘစီ ရှေ့တည့်တည့်ရပ်တယ်။
'' သင်္ချိုန်းထဲမှာ နေပေမဲ့ ကျုပ်တို့က သေနေတဲ့သူတွေ မဟုတ်ဘူးဗျ။ လူတွေ....လူတွေ ။ ခင်ဗျားဗီဒီယိုကို ကျူပ်တို့လည်း ပိုက်ဆံပေးကြည့်မှာဗျ ''
ကိုဘစီက ဘာမှ ပြောမနေတော့ဘူး။ လိုက်ကာစ အမည်းကြီးကို ချလိုက်တယ်။ ရုံဝက တံခါးကို ဆွဲစေ့လိုက်တယ်။ အထဲမှာလည်း လူတွေက အော်နေပြီဆိုတော့ ဗီဒီယိုစစက်ရှိရာကို သွားတယ်။ ရုံဝက ကြည့်ရနိုးနိုး ဖြစ်နေတဲ့ သင်္ချိုန်းကုန်းက လူတွေဟာ ရုံဝက ခေါင်းတုံးပြောင်ကြီးနဲ့ လောင်းကုတ်ကြီးဝတ်ထားတဲ့ ပိုစတာထဲက ကျော်ဟိန်းကိုပဲ ကြည့်ရင်းက အမှောင်ထဲမှာ ရပ်နေကြတုန်း။
ခဏနေတော့မှ ယောက်ျားတွေရော ၊ မိန်းမတွေရော ၊ ကလေးတွေရော ရွာလယ်လမ်းအတိုင်း ရွာအနောက်ဘက်ကို လျှောက်လာကြတယ်။ စကားတစ်ခွန်းမှ မပြောကြဘူး။ လေကလေးတစ်ချက်တောင် မချွန်ကြဘူး။ ဗီဒီယိုဆီက သေနတ်ပစ်သံတွေ ကြားနေရပေမယ့် သေနတ်သံတွေနဲ့ ဝေးရာကို တိတ်တဆိတ်ပဲ လျှောက်လာကြတယ်။
တော်တော့်ကို လျှောက်မိတော့မှ သာဂရ သင်္ချိုန်းထဲကို ရောက်ကြတယ်။
သည်လိုနဲ့ နှစ်နှစ်လောက်ကြာတဲ့အခါ သာဂရက ကိုဘစီ သွေးတိုးရောဂါနဲ့ သေတယ်။ အလောင်းကို ရပ်ဝေးရပ်နီး မိတ်ဆွေတွေ ၊ ဆွေမျိုးတွေ စောင့်ရင်း ငါးရက်ထားမယ်ဆိုတဲ့ သတင်းဟာ သာဂရရွာ အနောက်ဘက် ခပ်ဝေးဝေးက သင်္ချိုန်းထဲ ရောက်လာတယ်။ သည်မှာတင် သာဂရ သင်္ချိုန်းထဲက လူတွေက သင်္ချိုန်းထဲက ဇရပ်ထဲ စုကြတယ်။
အင်္ကျီဟပြဲကြီးနဲ့ အရက်ကလေးခပ်ထွေထွေ သောက်ထားတဲ့သူက ရောက်လာတဲ့ လူကြီး လူငယ် ၊ မိန်းမကြီး မိန်းမငယ်နဲ့ ကလေးတွေကို အစီအစဉ်တခု ချပြတယ်။ သင်္ချိုန်းဇရပ်ပေါ်မှာ အခြေအတင် ညှိုနှိုင်းကြပြီးတော့ လူစုခွဲကြတယ်။
'' ကိုင်း...မှတ်မိကြတယ်နော်၊ ကနေ့ ကိုဘစီသေတာ နှစ်ရက်ရှိပြီ။ နောက်သုံးရက်ဆိုရင် သင်္ချိုန်းထဲကို ကိုဘစီရောက်လာတော့မယ်။ သည်တော့ သုံးရက်အတွင်း ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်ကြဖို့ပါပဲ။ ပိုက်ဆံစုထည့်ဖို့က ဦးလေးပန်းမောင်ဆီမှာ အပ်ကြပါ ၊ ကျန်တာ ကျွန်တော်တို့ လုပ်ပါ့မယ်''
သာဂရသင်္ချိုန်းထဲမှာ ကိုဘစီကို ဂူသွင်းတာ မဟုတ်ဘူး။ သူ့မိန်းမ မသောင်းငွေက လူမှ သေပြီဆိုမှတော့ အုတ်ဂူတွေ ဘာတွေ မလိုပါဘူး။ မြေမြုပ်တာ ကောင်းပါတယ်ဆိုပြီး မြေမြုပ်သင်္ဂြိဟ်တယ်။
ကိုဘစီကို နေ့လယ် ၁နာရီလောက် သင်္ဂြီဟ်ပြီး သင်္ချိုန်းထဲ လူရှင်းသွားတော့မှ သင်္ချိုန်းထဲကို ဗီဒီယို ပြစက် တင်လာတဲ့ မြင်းလှည်း ၀င်လာတယ်။သာဂရက ကိုဘစီစက် မဟုတ်ဘူး။ ညောင်ကြပ်ပင်ရွာက ကိုထွန်းအံ့စက်။ တစ်ညပြ ခြောက်ရာနဲ့ လိုက်လာတာ။ ဗီဒီယိုစက်လည်း ရောက်ရော နေရာထိုင်ခင်း စီစဉ်သူက စီစဉ်တယ်။ ဘောသေးသေးတစ်ချပ်မှာ မြေဖြူနဲ့ ဇတ်ကားနာမည်တွေ ရေးပြီး ဂူဟောင်းတစ်လုံးပေါ်မှာ ထောင်သူက ထောင်တယ်။ ထိပ်ဆုံးက ရေးလိုက်တဲ့ ကားနာမည်က '' မောင်၇င်ငတေ မိုက်ကန်းသည်"တဲ့။
ညနေမိုးချုပ်လို့ နွားရိုင်းသွင်းချိန်လည်း ရောက်ရော သာဂရသင်္ချိုန်းထဲက နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ဗီဒီယိုပြပွဲကြီးကို စတင်ကျင်းပတယ်။ ဗီဒီယိုစက်ရှေ့မှာ ကြည့်တဲ့သူတွေ သိပ်မရှိဘူး။ အင်္ကျီမပါတဲ့လူတွေ ၊ ဖိနပ်မပါတဲ့ လူတွေ ၊ ကျောပြောင်ကြီးနဲ့ လူတွေ ၊ ရင်လျားထားတဲ့မိန်းမတွေဟာ ဖျာစုတ်တွေ ခင်းပြီး ဗီဒီယိုစက်ကို မျက်တောင်မခတ်ဘဲ ကြည့်နေကြတယ်။ ကလေးတွေကတော့ ပထမဆုံး ကြည့်ချင်ပွဲဆိုတော့ ကျွမ်းထိုးတဲ့ ကောင်က ထိုးလို့ ။ ဂူတွေကြား ၊ မြေပုံတွေကြား ပြေးတဲ့ကောင်က ပြေးလို့။
အဲသည်မှာတင် အင်္ကျီဟပြဲနဲ့လူက သစ်ကိုင်းလေး တစ်ကိုင်းကို ချိုးတယ်။ ကနေ့မှ လောလောလတ်လတ် ရောက်လာတဲ့ ကိုဘစီရဲ့မြေပုံဆီကို သွားတယ်။မြေပုံကို သစ်ကိုင်းနဲ့ ရိုက်ရင်းက.....
'' ကိုင်း....ကိုဘစီ...လာဗျို့ ၊ ဗီဒီယို ကြည့်ရအောင် ၊ ထ...ထ..ကြွပါဗျာ ။ ဖိတ်ပါတယ် ''
ဗီဒီယိုစက်ရှေ့က ခုံကလေးပေါ်ကို သစ်ကိုင်းကလေးတင်တယ်။ရှေ့မှာ ကိုဘစီကြိုက်တဲ့ ကွမ်းယာကလေးငါးယာကို တင်ထားတယ်။
"ကျုပ်တို့ သင်္ချိုန်းထဲတော့ ကွမ်းစားလို့လဲ ရတယ် ၊ ကွမ်းသွေးထွေးချင်ရင်လည်း ထွေးနိုင်ပါ့ဗျာ ''
ပြီးတော့ ဗီဒီယိုပြစက်ရှေ့မှာ မတ်တပ်ရပ်ရင်းက ဗီဒီယိုစက်က မိုက်ခရိုဖုန်းလေးတောင်းတယ်။ ဖူးဖူးလို့မှုတ်တယ်။ ပြီးတော့မှ အင်္ကျီဟပြဲနဲ့ လူက စကားစပြောဖို့ အားယူတယ်။ အဲသည်အချိန်မှာ သာဂရသင်္ချိုန်းထဲမှာ တိတ်ဆိတ်နေတယ် ။ ညောင်မုတ်ဆိတ်ပင်ကြီိးတွေကို လေတိုက်သံ တ၀ူးဝူးကလွဲရင် တိတ်ဆိတ်နေတယ်။
''ကျုပ်တို့ သင်္ချိုန်းလေးထဲကို ကနေ့ရောက်လာတဲ့ ကိုဘစီကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျုပ်တို့ ထ စီစဉ်ရတာကို ရှင်းပြပါရစေ ။ ဒီဗီဒီယိုပြစက် ငှားဖို့ ကျုပ်တို့မှာ ပိုက်ဆံရှိတာ မဟုတ်ဘူး ။ သည်သင်္ချိုန်းထဲနေတဲ့ လူတွေက အင်မတန်ဆင်းရဲတယ် ကိုဘစီ ။ စားဖို့တောင် အနိုင်နိုင်ရယ် ၊ နေကုန်နေခမ်း ပင်ပန်းတကြီး ရှာဖွေ စားသောက်ရတာ''
အင်္ကျီဟပြဲနဲ့လူက စကားကို ခဏရပ်တယ် ။ ခုံပေါ်က သစ်ကိုင်းကလေးကို ကြည့်တယ် ။သစ်ကိုင်းကလေးက ငြိမ်လို့ ။ လူတွေလည်း ငြိမ်လို့။
'' ကျုပ်တို့ စုလို့ ရတဲ့ပိုက်ဆံကလေးက မပြည့်တော့ တချို့ကို အကြွေးယူရတယ် ။ ပြီးတော့ ကျုပ်တို့ ပထမဦးဆုံးပြချင်တဲ့ '' မောင်ရင်ငတေ မိုက်ကန်းသည်" ဇာတ်ထုပ်ရဖို့ မြို့ကို ပြေးရတယ်''။
'' ကျုပ်တို့ သင်္ချိုန်းလေးထဲမှာ ပထမဆုံးပြတဲ့ပွဲဟာ ကျုပ်တို့အားလုံးကြည့်ချင်လို့ မဟုတ်ပါဘူး ကိုဘစီ ၊ ခင်ဗျားကို ပြချင်လို့ ။ ခင်ဗျား ကျွန်တော်တို့ဆီကို မလာချင်ပေမယ့် လာခဲ့ရပြီမဟုတ်လား ။ခင်ဗျားသင်္ချိုန်းထဲကို ရောက်လာပြီ မဟုတ်လား ။ ကျုပ်တို့ကတော့ ခင်ဗျားလို မဟုတ်ပါဘူး။ ကြိုဆိုပါတယ် ၊ ပြီးတော့ ဂုဏ်ပြုပါတယ်။ သင်္ချိုန်းထဲက ကျုပ်တို့မိသားစုတွေနဲ့အတူ ခင်ဗျား ဗီဒီယို ကြည့်နိုင်ပါပြီ ။ ကိုင်း...ပြလို့ရပါပြီ''
ညောင်ကြပ်ပင်ရွာက ကိုထွန်းအံ့ ဘတ်ထရီခလုတ်တွေကို စစ်တယ်။ ကြိုးတွေကို စစ်တယ် ။ ပထမဆုံး ''မောင်ရင်ငတေ မိုက်ကန်းသည်" ခွေကို ကောက်ယူလိုက်တယ်။ ခလုတ်နှိပ်လိုက်တဲ့အခါ အလိုက်သင့်ပွင့်သွားတဲ့ နေရာကလေးမှာ ဗီဒီယိုတိတ်ခွေကို ထိုးထည့်လိုက်တယ် ။
အဲသည်ညက သာဂရသင်္ချိုန်းထဲမှာ လူတွေကလည်း ဗီဒီယိုကြည့်တယ်။ ကိုဘစီလို့ ယူဆနိုင်တဲ့ သစ်ကိုင်းကလေးကလည်း ဗီဒီယိုကြည့်တယ်။
နေ၀င်းမြင့်
No comments:
Post a Comment