Saturday, November 10, 2012

ခရမ်းပြာရောင်စဉ်တန်းရဲ့
ဒုတိယမြောက်နံနက်





“ရူးအောင်လွမ်းတယ်၊ ဘယ်ဆီ မှန်းဆ.. …
အရွယ်တော်လန်းစ ရွက်နုတစ်ရွက်လို
တို့ ရဲ့… စွယ်တော်နန်းက စက်မှုတက္ကသိုလ်….”
ကိုသျှား

(၈၀ ပြည့်လွန် ကျောင်းသားတစ်ယောက်ရဲ့ နှလုံးသားခံစားမှုစစ်စစ်နဲ့ ရေးသားမိပါတယ်။ Campus Life လို့ ခေါ်တဲ့ ယဉ်ကျေးမှုကို အခုခေတ် လူငယ်တွေ သိရှိ လက်ဆင့်ကမ်းနိုင်စေဖို့ရယ်၊ တန်ဘိုးထားတတ်စေဖို့ရယ်၊ တက္ကသိုလ်ကျောင်းသားဆိုတာ ခေတ်မီတယ်၊ သရုပ်မပျက် ဘူး၊ ပျော်တတ်ကြတယ်၊ မရိုင်းဘူး၊ ဖြူစင်ရိုးသားကြတယ်၊ မှားတာကိုလက်မခံတတ်ကြဘူး၊ ဒီအစဉ်အလာတွေကို ဖော်ကြူးဖို့ သက်သက်ပါပဲ။)



နှင်း...တွေ ရက်ရက်စက်စက်ကျနေပုံက ကျွန်တော့်ကို အလိုလိုနေရင်း အလွမ်းတွေထဲ ဆွဲခေါ်သွားသလိုမျိုး၊ အတိတ်ဆိုတဲ့ တွင်းနက်နက် တစ်ခုထဲကို ဆွဲချသွားသလိုမျိုး၊ မနက်ဖြန်မှာ လုံးဝမပွင့်နိုင်တော့မယ့် ပန်းတွေကို အိပ်မက်မက်မိသလိုမျိုး၊ အမြင်တွေကိုယ်၌ကလည်း မှုန်ဝါးဝါးနိုင်နေခဲ့ပါတယ်။

ဒီနေရာ ဒီဒေသတွေကို မရောက်ဖြစ်တာ နှစ်ပေါင်း (၂၀) နီးပါးရှိခဲ့မှန်း သိသိကြီးနဲ့ မနေ့ကပဲ ရောက်ခဲ့သလိုလို၊ အခုပဲ ရင်းနှီးခဲ့သလိုလိုနဲ့ သူစိမ်းပြင်ပြင်သာ ဖြစ်ခဲ့ပါတယ်။ အရိပ်တွေ ခြေရာတွေ ရယ်သံတွေကို ထမင်းလုံးတစ္ဆေခြောက်သလို အရူးအမူးလိုက် ဖမ်းကြည့်မိတယ်။ တကယ့်ကို ဘာဆို ဘာမှ.............။

အဲသည်အချိန်က တိမ်တွေကို တွေ့ရင်လည်း ကြည်နူးတတ် တယ်။ နေရောင်ခြည်ကိုတွေ့ရင်လည်း ပျော်ရွှင်တတ်တယ်။ မိုးစက်တွေကို တွေ့ရင်လည်း နှစ်သက်တတ်တယ်။ နှင်းခိုးတွေ ဝေ့လာခဲ့ရင်လည်း လွမ်းတတ်တယ်။ တွေ့သမျှ မြင်သမျှ ကြားသမျှ အသစ်တွေချည်း ဖြစ်ခဲ့ရတာကို။

ပထမနှစ် သစ်လွင်ဆိုတဲ့ခံစားမှုပေါ်မှာ T-shirt အဖြူလေးတစ်ထည်၊ ဂျင်းဘောင်းဘီလေးတစ်ထည်နဲ့ အင်မတန်မှ လွတ်လပ်ပျော်ပါးခဲ့ရပါတယ်။ ကျွန်တော်တက်တဲ့ တက္ကသိုလ်ကြီးရဲ့တိုင်လုံးကြီးတွေကို ကြည့်ပြီး၊ အဲသည်တက္ကသိုလ်ပေါ်မှာ ဂုဏ်ယူစိတ်၊ ညွှတ်နှုးစိတ်၊ ချစ်ခင်စိတ်တွေ ဖြစ်လာခဲ့ပါတယ်။ ကျောင်းတိုင်လုံးကြီးက (၁၈) လုံးတိတိ၊ သူ့ရင်ခွင်မှာ ခိုဝင်လို့ရမယ့် အချိန်ကို အတိအကျ သတ်မှတ်ပေးထားသလိုပေါ့။

အဲသည်နေရာကနေ၀င်လာခဲ့ရင် လမ်းကလေးရှိတယ်။ ဖြတ်တဲ့သူကို လက်ခုပ်ဝိုင်းတီးတယ်။ တခါတလေ ဆရာတွေစာသင်နေတဲ့ကြားထဲကနေတောင် အခန်းအပြင်ထွက်ပြီး လက်ခုပ်တီးတယ်။ သြဘာလမ်းတဲ့။ မော်ကွန်းထိန်းသိမ်းရေးအခန်းရဲ့ လှေကားအောက်မှာတော့ တယ်လီဖုန်းရုံအဟောင်းလေးတစ်လုံးရှိတယ်။ ကျောင်းတော်သူ ကျောင်းတော်သားတွေ လက်စွမ်းပြလို့ ရခဲ့တဲ့ Cartoon Box လို့ ခေါ်တယ်တဲ့။ ကျွန်တော်တို့ ကျောင်းကို ခြေချတဲ့အချိန်မှာတော့ သူတို့ ခဏသိမ်းထား တယ်။ ခဏဆိုတဲ့ အတိုင်းအတာဟာ ဘယ်လောက်အထိ ရှည်ကြာရ သလဲဆိုတာတော့ ကျွန်တော့်ကို ဆရာတွေ ဂဃဏန မသင်ပေးခဲ့လို့ ကျွန်တော်သေသေချာချာမသိပါဘူး။

ဆက်ပြောရရင် အဲသည်ဟာတွေက ပင်မအဆောင် (၁) မှာ ရှိတာ၊ အဆောင် (၁) နဲ့ ကျန်တဲ့အဆောင်တွေက ၁၊၂၊၃၊၄ ဆက်တိုက်ရှိတာပေါ့။ အဲသည်အဆောင်တွေနဲ့ကြားမှာ မကြာခင် ကမှ ဆောက်ထားတဲ့ လက်ချာသီရေတာ L1၊L2၊ L3၊ L4 တို့ရှိပါ တယ်။ အောက်တစ်ဆင့်မှာတော့ အဆောင် ၅၊၆၊၇၊၈ ရှိပါတယ်။ အဆောင် ၅ ကိုတော့ ဗိသုကာဌာနမူပိုင်ဖြစ်ပြီး ၆၊၇၊၈ ကတော့ စက်မှုအင်ဂျင်နီယာကျောင်းဆောင်တွေပါပဲ။

လူနေကျောင်းဆောင်တွေအကြောင်းပြောရရင်တော့ ပထမနှစ်ကနေ စတုတ္ထနှစ်အထိ ပုပ္ပါး၊ဒူးယား၊ စဥ့်ကူ၊ဇီဝက၊ အင်းလေး ဆိုတဲ့ယောင်္ကျားလေးအဆောင်တွေနဲ့ မိန်းကလေးတွေအတွက် သဇင်ဆောင်ဆိုတာရှိပါတယ်။ အခု သမိုင်းဝင်းလို့ ခေါ်တဲ့ ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေထဲမှာပေါ့။

ပုပ္ပါးဆောင်နဲ့ နှင်းဆီဆောင်ရဲ့ကြား ကွက်လပ်ထဲမှာ ကျွန်တော်တို့ အားကိုးအားထားပြုရာ အလယ်ကင်တန်း ဆိုတာ ရှိပါတယ်။စိုးမြင့်ကျော်ဆိုတဲ့ ထမင်းကြော်တစ်မျိုးကို လွမ်းမိပါရဲ့ဗျာ။ ပဉ္စမနှစ်နဲ့ ဆဌမနှစ်တွေမှာတော့ ကျွန်တော်တို့အခေါ် Blockထဲရောက်ပြီပေါ့ဗျာ။

ယောင်္ကျားလေးအဆောင်တွေကတော့ A၊ B၊ C၊ D၊ E၊ F (၆) ဆောင်ရှိတယ်။ F ဆောင်က တစ်ယောက်ခန်းတွေဖြစ်ပြီး ရေချိုးခန်းအိမ်သာတွဲလျှက်ပါတယ်။ မိန်းကလေးတွေအတွက်ကတော့ G Hall လို့ခေါ်တဲ့ G ဆောင်။ မတတ်နိုင်ဘူး အဲသည်နံပါတ်ကျတာကိုးဗျ၊ ဂျီကျတဲ့အပျိုကြီးတွေနေတဲ့ အဆောင်လိုလို၊ ကြားတဲ့လူတွေက ထင်ကြတာ.... ဒါပေမယ့် အဆိုပါ ဂျီဟောသူများကတော့ ကျောင်းပြီးခါနီးအထိ မာန်မချပေါင်..ဗျာ။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျောင်းပြီးခါနီးမှာ အနှီ ဂျီဟောသူများတစ်ယောက်ပြီးတစ်ယောက်အတွဲရသွားလို့ပါဘဲ။ ဖိုင်နယ်ရောက်ရင်ဖြင့် မောင်မင်းကြီးသားတွေရှောင်နိုင်မှ လွတ်ပါလိမ့်မယ်.....။

အဆောင် canteen လို့ခေါ်တဲ့ RIT ပင်မစားသောက်တန်း ကတော့ နှစ်ဘက်နှစ်ချက် နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ မော်လမြိုင်၊ အောင်သိပ္ပံ၊ ကျားပျံမောင်ကောင်း၊ နွေးအေးမေတ္တာပေါင်းကူးဆိုတဲ့ ဆိုင်တွေရှိတယ်။ အောင်သိပ္ပံ ဆိုင်ကတော့ ကျွန်တော်တို့ ချစ်ခင်မြတ်နိုးရတဲ့ ဆရာကြီးဦးညီလှငယ် ပါမောက္ခမဖြစ်ခင်အထိ စားတဲ့ဆိုင်ပေါ့။ နွေးအေးမှာတော့ ထိုင်တဲ့သူစုံတယ်။ ဗိသုကာအတန်းတွေက တခါတရံနွေးအေးမှာပဲ စာသင်တယ်။ ရဲထွန်းနောင်တို့လို ဖိုင်နယ်မှာ တစ်ယောက်ထဲရှိခဲ့ သလိုပေါ့။ ပေါင်းကူးမှာတော့ အငြိမ်သမားတွေ ထိုင်တယ်။

အားကစားကွင်းတွေအနေနဲ့ကလည်း ဘောလုံးကွင်း (၂) ကွင်း၊ ရေကူးကန်၊ တင်းနစ်ကွင်း စုံလှပါတယ်။ သြော်.. ကြားဖြတ်ပြီးပြောရရင် RIT အဆောင်တွေမှာ နှစ်စဉ်စစ်တုရင်ပြိုင်ပွဲရှိသလို လက်ထောက်ခုံပြိုင်ပွဲကိုလည်း ခြိမ့်ခြိမ့်သဲကျင်းပပါတယ်။

RIT ရဲ့ ဘောလုံးပွဲတွေဟာ အင်မတန်စည်ကားပြီး ချစ်စရာကောင်းပါတယ်။ ဗမာ့ လက်ရွေးစင်ဖြစ်နေတဲ့ ကိုသန်းတိုးအောင်က ဘောလုံးကို ဂိုးသွင်းနိုင်အောင်ပဲ လုပ်ပေးပါတယ်။ ကိုယ်တိုင် သွင်းလို့ရလျှက်နဲ့ မသွင်းဘူး။ ချစ်စရာကောင်းတဲ့အမူအကျင့်လေးတွေပေါ့။

ကျွန်တော်နဲ့ ဇာနည်အောင် ကတော့ ပေါင်းကူးတံတားအောက်မှာ တစ်ပတ် (၃) ရက် ကရာတေးသင်ပေးတယ်။ ရတနာဗလလို့ ကျွန်တော်တို့က နာမည်ပေးထားတဲ့ ကိုဝင်းထူးကတော့ “သူရလေးရယ် ငါ့ကို ညနေခင်းလေးတစ်ခု ၀ယ်ပေးပါ” လို့ ကဗျာဆန်ဆန်ပြောရင်း ကျွန်တော်ကစားပြီးသည်အထိ စောင့်ပါတယ်။ ပြီးတော့ သူ့တောင်းဆိုချက်အတိုင်း အဖြူကောင်းကောင်းလေးရတဲ့ သဇင်မင်းဆီကို ခြေဦးလှည့်ကြပါလေရော။

ကျွန်တော်တို့ တက္ကသိုလ်တက်တဲ့အချိန်အထိ တက္ကသိုလ်တစ်ခုနဲ့ တစ်ခုကူးလူးဆက်နွယ်မှု၊ အနုပညာဖလှယ်မှု၊ အားကစားလှုပ်ရှားမှုစသည် စသည် မထပ်ရအောင် ငြိတွယ်နေတတ်ကြတယ်။ ပထမနှစ်စတက်ကတည်းက ‘ပကတိမြား’ ဆိုတဲ့ ၀တ္ထုရှင် ဒေါ်ငြိမ်းခက်ခက် (မေငြိမ်း) နဲ့ က ခင်နေပြီးသားဆိုတော့ တစ်နေ့မှာ တောင်ငူကင်တန်း ထိုင်နေရင်းနဲ့ ထဖောက်ကြရာကနေ အခံတွေကလည်းရှိတော့ ကဗျာစာအုပ်လေးတစ်အုပ် လုပ်မိကြတယ်။

“တစ်မိုးထဲအောက်မှာ” ဆိုတဲ့ ပထမဆုံး graphic design နဲ့ဆင်ယင်ထားတဲ့၊ အဲသည့်ခေတ်ကာလရဲ့ ပထမဆုံး offset ပုံနှိပ်ကဗျာစာအုပ်ကလေးပါ။ အသံလွှင့်ဌာနတစ်ခုမှာ တာဝန်ယူနေတဲ့ ကိုသန်းဝင်းထွဋ်တို့၊ မမေငြိမ်းတို့၊ အဖွဲ့အစည်းတစ်ခုမှာလုပ်နေတဲ့ တာရာမင်းဝေလို့ခေါ်တဲ့ ရွှေဘုန်းရဲ့အစ်ကိုကို ဒတ္တတို့၊ အခုဧည့်လမ်းညွှန်အဖြစ်ရော စာနယ်ဇင်းလောကမှာပါ နာမည်ရနေတဲ့ ကိုညီ သရ၀ဏ်(ပြည်)တို့ ပါကြတယ်လေ။ အနှောင့်အယှက်မျိုးစုံ ရင်ဆိုင် ခဲ့ရပေမယ့် အဲသည်စာအုပ်ကလေးဟာ တက္ကသိုလ်လောကမှာရော ၊ စာပေအသိုင်းအ၀ိုင်းမှာ ပါ ရောင်းမလောက် ဖြစ်ခဲ့ပါတယ်။

နောက်ပြီး လူငယ်တွေချည်းပဲ ပူးပေါင်းပြီး တက္ကသိုလ်အစုံက အရောင်အသွေးစုံစီချယ်ထားတဲ့ ရာစုသစ်မြစ်ကျဉ်းဆိုတဲ့ အုပ်စုကလည်းထိုးထွက်လာပါတယ်။ ဒါက တက္ကသိုလ်ရပ်ဝန်းရဲ့ စာပေနယ်ကွက်ကွက် ကလေးပါ။

ကျွန်တော်တို့ လေးစားချစ်ခင်ရတဲ့အစ်ကိုတစ်ယောက်ဖြစ်တဲ့ ကိုအောင်ဇော်မင်း (ချိုတူးဇော်) က အဲသည်အချိန်မှာ မမမာနကြီးသလား၊ ပန်းကောက်သူကလေးများ၊ စတုတ္ထနှစ်မြို့ပြကျောင်းသူ စတဲ့ ဇာတ်ကား ကောင်းတွေကို ရိုက်ကူးခဲ့ပြီး ရုပ်ရှင်နယ်ပယ်မှာ လေးစားရတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။

မှတ်မှတ်ရရ ကျွန်တော် Final Year မှာ RIT ရဲ့ fun fair လုပ်ဖို့ လှုပ်ရှားမှုလေးတွေ လုပ်ကြတယ်။ မင်းသမီးတွေနဲ့ အငြိမ့်ထွက်ချင်ကြလို့၊ ကျွန်တော့်ကို ခိုင်းကြတယ်။ ထုံးစံအတိုင်းပေါ့.. မင်းသမီး (၂) လက်က ရှိပြီးသား။ လှိုင်မ (လှိုင်သီရိ) ရယ်၊ မိုးချုပ်( မူမူဆန်း) ရယ်ပေါ့။

ကျွန်တော်က ရင်းနှီးတဲ့အစ်ကိုတွေဖြစ်တဲ့ ကိုပိန်ပိန်နဲ့ ကိုတက်တူတို့ကို အကူအညီတောင်းပြီး ကျောင်းရဲ့ ½ - 5 လို့ခေါ်တဲ့ သီရေတာထဲမှာ လူရွှင်တော်ရွေးပွဲလုပ်တယ်။ တော်တော်ထူးခြားတယ်။ တစ်ယောက် ချင်း၊ နှစ်ယောက်ချင်းကနေ ငါးယောက်အုပ်စုအထိ မိမိရဲ့ performance တွေကို ပြကြတယ်။ အဲသည်တော့မှ RIT မှာလူပြက် (လူရွှင်တော်) တော်တော်ပေါမှန်းသိရတော့တယ်။ ဒါပေမယ့် မကခဲ့ရဘူး။

ပြောမယ့်ပြော ကျွန်တော်စုံအောင်ပြောမှ ရတော့မယ်နဲ့တူတယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်ဘူးဗျ။ ဆောင်းဦးလှိုင်တို့ နေ၀င်းသန်းတို့ ဆေးကျောင်းသားတစ်သိုက်ကလည်း ဘောလုံးလည်းကန် သီချင်းလည်းဆိုပေါ့။ သူ့သီချင်းလေးတွေက ချိုတော့ တော်တော်ကြိုက်ကြတယ်ဗျ။ ထားထားလင်း (လွန်းထားထား)၊ ခင်သန္တာထွန်း (မိုမို) တို့ကလည်း လုံးချင်းတွေထွက်ပြီး နာမည်ရနေကြပြီလေ။

မိုးနီလွင်က လူသေးသေးပေးမယ့် လက်မသေးဘူး။ သူ့ရဲ့ အရေးအသားလေးတွေကလည်း
တော်တော်ညက်ညောတယ်။ ပြောနေရင်းနဲ့ တစ်ခုသတိရလာတယ်။ ကျွန်တော်တို့ RIT မှာ မြို့ပြအသင်းက ဘောလုံးမှာ နာမည်ကြီးဗျ။

အဲသည်တော့ ဟိုစပ်စပ် ဒီစပ်စပ်လုပ်တတ်တဲ့ ကျွန်တော့် ကောင်းမှုကြောင့် ဆောင်းဦးလှိုင်တို့ အသင်းနဲ့ သထုံကွင်းမှာ ဘောလုံးချိန်းကန်တာတွေ ဘာတွေတောင်ရှိခဲ့တယ်။ ဘောလုံးမကန်တတ်တဲ့ ကျွန်တော်ကတော့ ဖာဂူဆန် အိုက်တင်ပေးပြီး ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားနဲ့ အတော်ပျော်ဖို့ကောင်းခဲ့ပါတယ်။
ဟုတ်ခဲ့ပါတယ်။ တက္ကသိုလ်ဘ၀ဆိုတာ ပြန်ပြီးထပ်ခါတလဲလဲ မက်ချင်တဲ့ အိပ်မက်တွေမဟုတ်လား။

အခု အဲသည် ခေတ်နဲ့ နှစ်ပေါင်း (၂၀)လောက်ဝေးကွာနေခဲ့ရပေမယ့်၊ အဲသည်ခေတ်က ကျောင်းသားတွေဟာ အခုလဲပဲ ခေတ်တခေတ်ကပေးတဲ့ တာဝန်တွေကို နိုင်သလောက် ထမ်းရွက်နေကြပါပြီ။ ကျွန်တော့်အတွေးတွေ ယောက်ယတ်ခတ်နေပေမယ့် ကျွန်တော်တို့ရဲ့နှလုံးသားတွေဟာ ဘယ်တော့မှာ ယိမ်းယိုင်မလွယ်ကြမှန်း ကျွန်တော်သိပါတယ်။

ဘယ်လောက်ပဲဝေးနေကြပါစေ။ ဘယ်အချိန်မှာ ဘယ်သူက ဘာလုပ်နေမယ်ဆိုတာ အချင်းချင်းသိနေကြပါတယ်။ ခရမ်းရောင်ဆိုတာကို ဘယ်သူတွေက ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဖွင့် ကျွန်တော်ကတော့ ကျွန်တော့်အဓိပ္ပါယ်နဲ့ ကျွန်တော် “လေးနက်ခြင်း၊ ခိုင်ကျည်ခြင်း၊ အလှတရား” ရယ်လို့ဘဲ ရိုးရိုးလေးတွေးချင်မိပါတယ်။ အဲသည် ခရမ်းရောင်ရောင်စဉ်တန်းတွေကို မကြာခင်ရောက်လာတော့မယ့် နံနက်မှာ ဒုတိယအကြိမ် ပြန်မြင်ချင်တာကတော့ ကျွန်တော်တစ်ယောက်ထဲတော့ ဟုတ်မယ်မထင်ပါဘူး။

“မြကျွန်းညိုညို၊ ကွန်းခိုရာ တက္ကသိုလ်မှာဆုံ၊ စာပေဂီတနဲ့သာ အနုပညာ ၊အစစမှာလည်းစုံ... “ တေးသွားလေးကို တိုးတိုးလေး ညည်းရင်းနဲ့သာ.............

ကိုရ

သမုဒယကျောင်း


(ကိုလင်းမြတ်ဦး လုပ်ထားတဲ့ ဗီဒီယိုဖိုင်လေးပါ။ ပျောက်ပျက်မှာ စိုးတဲ့အတွက်
ပြန်လည်ကူးယူပြီး ကိုယ်ပိုင် channel မှာပြန်တင်ထားခြင်းဖြစ်ပါတယ်။)







မြစ်အစင်းစင်းကတော့
မြစ်ကြောင်းကျဉ်းကျဉ်းကို
ရေစီးနက်နက် ထွင်းဖေါက်
ပင်လယ်ဆီရောက်အောင် သွားခဲ့ကြတာပဲ…
သမိုင်းဆိုတာ ရှိတယ်…
ပန်းပွင့်တွေကမှ မလှပစေခဲ့တဲ့သစ်ပင်အတွက်
သစ်ရွက်တွေနဲ့ စိမ်းလန်းခွင့်
မျှော်လင့်ကြရအောင်” တဲ့
ကျောင်းအိုကြီးကို နှုတ်ဆက်
စွယ်တော်ပင်အိုကြီးကို နှုတ်ဆက်
မြက်ခြောက်တောကြီးကို ကျော်ဖြတ်လို့ 
ရေညှိခြောက်တွေပေါ်ဖြတ်နင်းရင်း
ကျောင်းဝန်းထဲက ထွက်ခဲ့တယ်…
လူ့ ဘ၀ဆိုတာ အတွက်
ထပ်မံရှာဖွေစရာများ
တွေ့ လို တွေ့ ငြားနဲ့ ပေါ့…………………။

ကိုသျှား

No comments:

Post a Comment